အခန်း ၅၁၀
Vol. 51 Ch. 510
အခန်း(၅၁၀) ဖန်ထျန်းနှင့် တုရှန်ယွဲ့
ထိုဘုန်းကြီးမှာ ဆရာတော်ဖန်ယဲ့ မဟုတ်ပေ။ သို့သော် သူက ဖန်ယဲ့ထက် ပို၍စွမ်းအားကြီးမားသည်။
အဆင့်တစ်ခုတည်းထက် ပို၍ပင် သာလွန်လှ၏။
ဘုန်းကြီးက နောက်ဆုံးတွင် ချန်ဟွိုက်အန်၏အရှေ့တွင် ရပ်တန့်လိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် လက်အုပ်ချီလိုက်သည်။
"အော်မီတော်ဖော်။ ဒကာကြီးက မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်မယ်ထင်တယ်။"
ချန်ဟွိုက်အန်က ထိုဘုန်းကြီးကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။ "ခင်ဗျားက နောက်နေတာပဲ။ ဒီဘိုးဘေးကြီးက မိစ္ဆာကျင့်ကြံသူတစ်ဦး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခင်ဗျားရဲ့ခံစားချက်ထဲမှာ ကျုပ်ဆီကနေ မိစ္ဆာစွမ်းအင်အစအန ခံစားမိလို့လား။"
ဘုန်းကြီးက ချန်ဟွိုက်အန်ကို ခဏတ စိုက်ကြည့်နေပြီးနောက် ပြုံးလိုက်သည်။
"မှန်ပါတယ်။ ဘယ်လိုမှ မိစ္ဆာစွမ်းအင်ကို မခံစားမိပါဘူး။ ဒါပေမယ့်လည်း... မင်းက မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်ရှိနေပြီ။ တကယ်လို့ တစ်စုံတစ်ယောက်အနေဖြင့် မိစ္ဆာအတတ်တစ်ခုကို အထွတ်အထိပ်အထိကျင့်ကြံခဲ့မယ်ဆိုရင် သရုပ်မှန်ကို ဖုံးကွယ်ဖို့ဆိုတာ အလွန်တရာလွယ်ကူပါတယ်။"
"မိစ္ဆာကျင့်ကြံသူပဲဖြစ်ဖြစ် အခြားကျင့်ကြံသူပဲဖြစ်ဖြစ် အားလုံးက သူတို့ရဲ့ကိုယ်ပိုင်လမ်းစဉ်ကို လိုက်ရှာဖို့အတွက် ကောင်းကင်တာအိုကို ဆန့်ကျင်ကြတာချည်းပါပဲ။ အဆင့်မြင့်မိစ္ဆာကျင့်ကြံသူတွေနဲ့ သာမန်ကျင့်ကြံသူတွေကြားမှာ သိပ်ပြီးတော့ ကြီးမားတဲ့ကွာခြားချက် မရှိပါဘူး။"
ထိုဘုန်းကြီးမှာ အံ့ဩစရာကောင်းလောက်အောင် အကြောင်းအကျိုး ချင့်ချိန်တတ်ပေသည်။
ချန်ဟွိုက်အန်က စိတ်ထဲမှ ခေါင်းညိတ်လိုက်သော်လည်း မည်သည့်အရာကိုမျှဝန်မခံပေ။
"တကယ်လို့ ခင်ဗျားက ဒီလိုပဲတွေးတယ်ဆိုရင် ဘာလို့မေးနေသေးတာလဲ။"
"ဘာလို့လဲဆိုတော့ မိစ္ဆာကျင့်ကြံသူတွေက မတည်ငြိမ်တဲ့အစိတ်အပိုင်းတွေ ဖြစ်လို့ပဲ။" ဘုန်းကြီးသည် နောက်တစ်လှမ်း ရှေ့သို့တိုးလာရာ ၎င်းတို့နှစ်ဦးကြားတွင် လက်တစ်ပြင်စာမျှသာ ကွာဝေးတော့သည်။ "ဖြူစင်တဲ့ ကျင့်ကြံသူတွေအနေနဲ့ ဘယ်လိုအခက်အခဲမျိုးနဲ့ ကြုံတွေ့ရပါစေ အဆိုးဆုံးအနေနဲ့ သူတို့ရဲ့ကျင့်စဉ်တွေ ရပ်တန့်သွားတာ ဒါမှမဟုတ် ဆုတ်ယုတ်သွားတာမျိုးပဲ ရှိတယ်။ အတွင်းနတ်ဆိုးတွေနဲ့ ကြုံတွေ့ရရင်တောင်မှ သူတို့တွေ ထိန်းချုပ်မှုလွတ်သွားတာ ရှားတယ်။ ဒါပေမယ့် မိစ္ဆာကျင့်ကြံသူတွေက မတူဘူး။ သူတို့က စိတ်ကို မကျင့်ကြံကြဘဲ ဆန္ဒနောက်ကို လွတ်လွတ်လပ်လပ်လိုက်ကြလို့ ထိန်းချုပ်မှုလွတ်သွားဖို့ အတော်လွယ်ကူတယ်။ အဲဒီလိုဖြစ်သွားပြီဆိုရင် မိစ္ဆာကျင့်ကြံသူတစ်ဦးက ကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်လာတော့တာပဲ။"
"အဟမ်း။ ခင်ဗျားရဲ့စကားတွေက တော်တော်လေး ကျိုးကြောင်းဆီလျော်ပါတယ်။" ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်ပြီး သူ၏ဒဏ်ရာများကို ဆက်လက် ကုသနေသည်။
ထိုဘုန်းကြီးအိုကြီး၏အမည်မှာ ဖန်ထျန်း ဖြစ်ပြီး မဟာတက်လှမ်းခြင်းအဆင့် တတိယအကြိမ်မြောက် အတိဒုက္ခ၏အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်သည်။ သူ့ကို အင်မော်တယ်တစ်ပိုင်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ သူ၏အမည်ကို ကြည့်ရုံဖြင့်ပင် ဖန်ကျင်းမြင့်မြတ်နယ်မြေနှင့် ဆက်စပ်နေကြောင်း ထင်ရှားပေသည်။
အစပိုင်းတွင် ချန်ဟွိုက်အန်က ဤဘုန်းကြီးအိုကြီးမှာ စာရင်းရှင်းရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း မြေပုံအရဆိုလျှင် ဖန်ထျန်းမှာ အဝါရောင် ကြားနေယူနစ်တစ်ခုအဖြစ် အမှတ်အသား ပြုလုပ်ထားသည်။
အကယ်၍ သူသာ လက်စားချေရန်လာခဲ့ခြင်းဖြစ်ပါက ယခုအချိန်တွင် အနီရောင်ဖြင့် အမှတ်အသား ပြုလုပ်ထားပြီး ဖြစ်ပေလိမ့်မည်။
အဝါရောင်ဆိုသည်မှာ ရန်ငြိုးဖွဲ့လိုသည့်စိတ် မရှိကြောင်းကို ဆိုလိုသည်။
"တကယ်လို့ ဒကာကြီးက ဒီစကားကို လက်ခံတယ်ဆိုရင် ခဏလောက် လိုက်ခဲ့ပေးပါလား။" ဖန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
"မိုင်တစ်ထောင် အကွာအဝေးအတွင်းမှာ မင်းတစ်ယောက်တည်း အတိဒုက္ခခံယူခဲ့တာလေ။ တခြား ဘယ်နေရာမှာမှ မိစ္ဆာကျင့်ကြံသူရဲ့စွမ်းအင် အငွေ့အသက် အစအနလေးတောင် မရှိဘူး။"
"အဲဒါကြောင့် မင်းဆီမှာ မိစ္ဆာစွမ်းအင် မရှိဘူးဆိုရင်တောင်မှ ဒီဘုန်းကြီးအနေနဲ့ မင်း အဲဒါကို ဖုံးကွယ်ထားတယ်လို့ သံသယဝင်ရလိမ့်မယ်။"
"မင်းက မိစ္ဆာကျင့်ကြံသူမဟုတ်ဘူးဆိုတာကို ဒီဘုန်းကြီး အတည်ပြုနိုင်တာနဲ့ သဘာဝကျကျပဲ မင်းကို ပြန်လွှတ်ပေးမှာပါ။"
ဘုန်းကြီးအိုကြီး၏စကားများမှာ ကျိုးကြောင်းဆီလျော်မှုရှိပြီး ယုတ္တိတန်ပေသည်။ သူ၏သံသယမှာ မှန်ကန်နေသဖြင့် ပြန်ပြောစရာ မရှိပေ။
သို့သော် ချန်ဟွိုက်အန်အနေဖြင့် သူ့နောက်သို့ မည်သို့လိုက်သွားနိုင်မည်နည်း။
သူက မိစ္ဆာကျင့်ကြံသူ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် ထိုဘုန်းကြီးက မည်သည့် ကောက်ကျစ်သော နည်းလမ်းများကို အသုံးပြုမည်ကို မည်သူသိနိုင်မည်နည်း။
ထို့အပြင် သူနှင့်လီချင်းရန်တို့ကြားတွင် ခံစားချက်ကောင်းများ ဖလှယ်ရန် အချိန်များစွာ ရှိသေးသည်။ ဤကဲ့သို့ နံ့စော်သောဘုန်းကြီးတစ်ပါးနှင့် အချိန်ဖြုန်းရန် သူ ဘာကြောင့် လုပ်ရမည်နည်း။
"တောင်းပန်ပါတယ်။ ကျုပ်က မိစ္ဆာကျင့်ကြံသူတစ်ဦး မဟုတ်ဘဲ လရိပ်ဂိုဏ်းရဲ့ဘိုးဘေးကြီးပါ။ စစ်မှန်တဲ့ ဓားကျင့်ကြံသူတစ်ဦး ဖြစ်ပါတယ်။ ဂိုဏ်းကိုပြန်ပြီးတော့ အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိနေသေးလို့ ဘယ်မှ လိုက်သွားစရာအချိန် မရှိပါဘူး။" သူက ဖန်ထျန်းအား ပြသရန်အတွက် ဓားချီစွမ်းအင်အမျှင်လေး တစ်မျှင်ကိုပင် ဖန်တီးလိုက်သည်။ "ကြည့်ပါဦး။ ကျုပ်ရဲ့ ဓားချီစွမ်းအင်က ဘယ်လောက်တောင် ဓားဆန်နေလဲဆိုတာကို။"
"တကယ်ကို ဓားဆန်သားပဲ။" ဖန်ထျန်းက ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သော်လည်း တုန်လှုပ်ခြင်းမရှိပေ။
"မင်းက စစ်မှန်တဲ့ဓားကျင့်ကြံသူတစ်ဦး ဖြစ်နေရင်တောင်မှ မိစ္ဆာသရုပ်မှန်ကို ဖုံးကွယ်ထားနေတုန်း ဖြစ်နိုင်တယ်။ ဒါကြောင့် မင်း ဒီဘုန်းကြီးနဲ့ လိုက်ကိုလိုက်ခဲ့ရမယ်။"
ချန်ဟွိုက်အန် မျက်လုံးကျဉ်းမြောင်းသွားသည်။ "တကယ်လို့ ကျုပ်က ငြင်းဆိုမယ်ဆိုရင်ကော။"
ဖန်ထျန်းက ပြုံးလိုက်သည်။ "မင်း လိုက်လာမလားဆိုတာက မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့…"
သူက ချန်ဟွိုက်အန်ကို ဖမ်းဆုပ်ရန်အတွက် လက်ကိုဆန့်ထုတ်လိုက်ရာ သူ၏လက်ချောင်းများမှာ ချိတ်များကဲ့သို့ဖြစ်နေပြီး လက်ဝါးလေပြင်းများ တဟုန်ထိုး တိုက်ခတ်လာသည်။
ထိုစဉ် ရုတ်တရက် မွှေးကြိုင်သောရနံ့သင်းသင်းလေးတစ်ခု လေထဲတွင် ပျံ့နှံ့လာသည်။ လက်ဝါးလေပြင်း ပစ်မှတ်ထံသို့ မရောက်ခင် နူးညံ့သော်လည်း ခိုင်မာတောင့်တင်းသောစွမ်းအားတစ်ခုကြောင့် ပျက်ပြယ်သွားခဲ့၏။
အဖြူရောင်ပုံရိပ်တစ်ခု တဖျပ်ဖျပ်ပေါ်လာပြီး ယခုအခါ ချန်ဟွိုက်အန်၏ရှေ့တွင် အကာအကွယ် ပေးသည့်အနေဖြင့် မတ်တပ်ရပ်နေပြီ ဖြစ်သည်။
အသစ်ရောက်ရှိလာသူမှာ နီရဲသောပိုးသစ်စိမ်းကြိုးဖြင့် ချည်နှောင်ထားသော ရိုးရိုးရှင်းရှင်း အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ငွေရောင်ဆံပင်များမှာ ရေတံခွန်တစ်ခုကဲ့သို့ စီးကျနေကာ မိတ်ကပ် လိမ်းထားခြင်း မရှိသော်လည်း သူ၏အလှအပမှာ တုနှိုင်းစရာမရှိပေ။
သူ၏မျက်ခုံးများမှာ ခရီးဝေးမှတောင်များကဲ့သို့ဖြစ်ပြီး မျက်လုံးက အေးစက်သောကြယ်ပွင့်များကဲ့သို့ ဖြစ်နေကာ နှုတ်ခမ်းများမှာ ဟင်္သာပြဒါးရိုင်းကဲ့သို့ နီရဲနေသည်။ သူ လှည့်လိုက်သည်နှင့် အင်္ကျီလက်များက လေထဲတွင်လွင့်ပျံသွားပြီး လှုပ်ရှားမှုတိုင်းတွင် ဖော်ပြမပြနိုင်သော ဆွဲဆောင်မှုတစ်ခု ပါဝင်နေ၏။
"ဘုန်းကြီးအို ဖန်ထျန်း၊ မတွေ့တာတောင် ကြာပြီနော်။"
တုရှန်ယွဲ့က မျက်ခုံးတစ်ဖက်ကို အနည်းငယ်ပင့်လိုက်ပြီး သူ၏လက်ချောင်းထိပ်များကို မြှောက်လိုက်ရာ လက်ဝါးအတွင်းတွင် နီရဲသော လင်းတန်းများ လှည့်ပတ်သွားကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။
သူ၏ကျောဘက်တွင် ဖျော့တော့သောအမြီးကိုးချောင်း၏ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်။ နှင်းကဲ့သို့ ဖြူစင်ပြီး ဖျော့တော့စွာတောက်ပနေကာ၊ အသက်ရှူသံနှင့်အမျှ အသက်သွေးကြော ရှိနေသကဲ့သို့ ညင်သာစွာ ယိမ်းနွဲ့နေကြသည်။
"တုရှန်ယွဲ့။" ဖန်ထျန်း၏မျက်နှာပေါ်မှ ပြုံးရိပ်များ ပျောက်ကွယ်သွားသော်လည်း တည်ငြိမ်နေဆဲပင်။
"မင်းက ဘာဖြစ်လို့ ဟင်းလင်းပြင်ချောက်နက်ကနေ ထွက်လာတာလဲ။ ထာဝရအသက်ရှင်ခြင်းကို လက်လွှတ်လိုက်ပြီး ကောင်းကင်အတိဒုက္ခကြောင့် အပိုင်းပိုင်းမကွဲခင် နောက်ဆုံးတစ်ကြိမ် ကမောက်ကမလုပ်ဖို့ ဆုံးဖြတ်လိုက်တာလား။"
တုရှန်ယွဲ့ကို မြင်လိုက်ရသဖြင့် ချန်ဟွိုက်အန်၏နှလုံးသားမှာ ပို၍ပင် ပြင်းထန်စွာ ခုန်လှုပ်လာသည်။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ။
နောက်ထပ် အဝါရောင်အမှတ်အသားပါတဲ့ မဟာတက်လှမ်းခြင်း တတိယအကြိမ်မြောက် အတိဒုက္ခ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက်လား။
သူက အနီးနားတွင် ပုန်းကွယ်နေသော မိစ္ဆာမဟာပဏ္ဍိတငါးပါးကိုလည်း ခံစားမိသည်။ တုရှန်ယွဲ့နှင့် မတူဘဲ ဤငါးဦးမှာ တောက်ပသောအနီရောင်ဖြင့် အမှတ်အသား ပြုလုပ်ထားပြီး သူ့အပေါ်တွင် ပြင်းထန်သော ရန်ငြိုးဖွဲ့မှုကို ကိုင်စွဲထားကြသည်။
ဤအရာက ကိစ္စရပ်များကို ပို၍ပင် ရှုပ်ထွေးသွားစေ၏။
တုရှန်ယွဲ့၏စွမ်းအားမှာ မိစ္ဆာမဟာပဏ္ဍိတငါးပါး၏ စွမ်းအားထက် အဆပေါင်းများစွာ သာလွန်ပေသည်။
တင်းကျပ်သော အထက်အောက်အဆင့်အတန်းရှိသည့် မိစ္ဆာမျိုးနွယ်အဖွဲ့အစည်းတွင် တုရှန်ယွဲ့က ၎င်းတို့၏ တိုက်ရိုက်အထက်လူကြီး ဖြစ်ရပေမည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့၏ခေါင်းဆောင်နှင့် သူ၏ လက်အောက်ငယ်သား ငါးဦးတို့မှာ အမြင်ချင်း မတူကြပေ...
သို့ဆိုလျှင် လရိပ်ဂိုဏ်းအပေါ် တိုက်ခိုက်နောက်ကွယ်တွင် တကယ်တမ်း ရှိနေသူက မည်သူနည်း။
ချန်ဟွိုက်အန်၏ဦးနှောက်များ ပူလောင်လာသလို ခံစားလိုက်ရ၏။
သို့သော် သူ ယခုတွင် လုပ်ရမည့်အရာကို သူ သိထားသည်။
တုရှန်ယွဲ့နှင့် ဖန်ထျန်းတို့ ထိပ်တိုက်ရင်ဆိုင်နေကြစဉ်တွင် သူက ဒဏ်ရာများကို ကုသရန်အတွက်သာ အာရုံစိုက်ရပေမည်။
တုရှန်ယွဲ့သည် ဖန်ထျန်း၏ကဲ့ရဲ့မှုကို ဒေါသမထွက်ပေ။ သူက လက်ချောင်းများကို ကစားနေရင်း ပျင်းရိစွာဖြင့် ပြောလိုက်သည်။ "ဘုန်းကြီးကို ဖန်ထျန်း၊ ပုံမှန်ဆိုရင် ဒီကိစ္စအတွက် ကျွန်မ ရှင်နဲ့ မတိုက်ခိုက်ပါဘူး။ ဒါပေမယ့် ဒီဓားကျင့်ကြံသူက ကျွန်မရဲ့သားကောင်ပဲ။ ရှင့်ကို မပေးနိုင်ဘူး။"
"လမ်းမှန်ကျင့်ကြံသူတစ်ဦးကို မိစ္ဆာမျိုးနွယ်တွေဆီ ဘယ်လိုလုပ်ပေးအပ်နိုင်မှာလဲ။"
ဖန်ထျန်း၏မျက်နှာ တင်းမာသွားပြီး အလျှော့မပေးဘဲ ငြင်းဆန်လိုက်သည်။
"ဒါဆိုရင် တိုက်ကြမလား။" တုရှန်ယွဲ့၏ ဆွဲဆောင်မှုရှိသောမျက်လုံးများထဲတွင် ရူးသွပ်မှုနှင့် သတ်ဖြတ်လိုသောအကြံအစည်များ ဖြတ်ပြေးသွားပြီး ခစ်ခစ်ရယ်လျက် ပြောလိုက်လေသည်။ "ကျွန်မတို့ နှစ်ယောက်လုံးက ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေနဲ့ အမှတ်အသား ပြုလုပ်ခံထားရပြီးသားပဲ။ ဘယ်သူ့ရဲ့ ကောင်းကင်အတိဒုက္ခက အရင်ရောက်လာမလဲဆိုတာကို စမ်းကြည့်လိုက်လေ။"
ဖန်ထျန်း တိတ်ဆိတ်သွားပြီး မျက်နှာ ပြာနှမ်းသွား၏။
သူက ချန်ဟွိုက်အန်ကို တစ်ချက်ကြည့်လိုက်ပြီး တရားထိုင်နေသည့်ပုံစံကို မြင်လိုက်ရသဖြင့် ထိုလူသည် ဆန္ဒအလျောက် လုံးဝလိုက်လာမည် မဟုတ်ကြောင်း သိလိုက်သည်။
သူက တုရှန်ယွဲ့၏ရည်ရွယ်ချက်များကို သံသယဝင်နေ၏။
နောက်ဆုံးတွင် မိစ္ဆာများနှင့် မိစ္ဆာကျင့်ကြံသူများမှာ ဆွေမျိုးရင်းချာများ ဖြစ်ကြသည်။
သူက လမ်းမှန်ကျင့်ကြံသူတစ်ဦးကို မိစ္ဆာများ၏လက်ထဲသို့ မကျရောက်စေနိုင်ပေ။
သို့သော် အကယ်၍ ချန်ဟွိုက်အန်သာ မိစ္ဆာကျင့်ကြံသူ ဖြစ်နေပါက သူသည် တုရှန်ယွဲ့နှင့် မဟာမိတ် ဖွဲ့ထားခြင်းပင် ဖြစ်ပေလိမ့်မည်။
ဤအရာက ပို၍ရှုပ်ထွေးလာနေပြီ ဖြစ်သည်။
ချန်ဟွိုက်အန်က သူတို့နှစ်ဦး အကျပ်အတည်း ရောက်နေသည်ကို ကြည့်နေသည်။
သူ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
ကောင်းသည်။ အမှန်တကယ် ကောင်းပေသည်။
အကယ်၍ သူတို့သာ တိုက်ခိုက်ကြပြီး နှစ်ဦးစလုံးကို နှိမ်နှင်းရန်အတွက် ကောင်းကင်အတိဒုက္ခကို ဆွဲဆောင်မိမည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"ဒီလိုဆိုရင်ရော။"
တုရှန်ယွဲ့၏မျက်လုံးများတွင် စပ်စုလိုစိတ်များ တဖျပ်ဖျပ်လက်သွားပြီး ပြုံးလိုက်သည်။
"ကျွန်မ အလျှော့ပေးမယ်။ ရှင်လည်း အလျှော့ပေးလိုက်။ လူတွေမှာ ကောင်းကင်ဝိညာဉ်သုံးပါးနဲ့ မြေကြီးခန္ဓာဝိညာဉ်ခုနစ်ပါး ရှိတယ်။ ကျွန်မက ကောင်းကင်ဝိညာဉ်သုံးပါးကို ယူမယ်။ ရှင်က မြေကြီးခန္ဓာဝိညာဉ် ခုနစ်ပါးကို ယူလိုက်။ ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ဒီမှာ ထားခဲ့ကြမယ်။ အဲဒီလိုဆိုရင် ကျွန်မတို့ နှစ်ယောက်စလုံး တိုက်စရာမလိုတော့ဘူး။ ဘယ်လိုလဲ။"
ဖန်ထျန်းက ဤအရာကို စဉ်းစားကြည့်ပြီး အမှန်တကယ်ပင် စိတ်ဝင်စားသွားဟန်တူသည်။
ကိုယ်ခန္ဓာဝိညာဉ်ခုနစ်ပါးကို ယူခြင်းမှာ မဆိုးပေ။ ဤဓားကျင့်ကြံသူက မိစ္ဆာကျင့်ကြံသူ ဟုတ်မဟုတ်ကို သူ အတည်ပြုနိုင်ပေမည်။
အကယ်၍ ဟုတ်ခဲ့လျှင် သူ့ကို ကွပ်မျက်လိုက်မည်။
အကယ်၍ မဟုတ်ပါက ကောင်းကင်ဝိညာဉ်သုံးပါးကို နောက်ပိုင်းတွင် ပြန်လည်ရယူရန်အတွက် နည်းလမ်းရှာနိုင်ပေသည်။
ဤအရာက ယခုနေရာတွင် တိုက်ခိုက်နေရသည်ထက် အများကြီး ပိုကောင်းပေသည်။
ဤမိုးကြိုးကျောက်စွန်းတွင်းထဲရပ်နေရင်း ကောင်းကင်တာအို၏စည်းမျဉ်းများက သူ့ကို ပစ်မှတ်ထား လာနေသည်ကို သူ အနည်းငယ် ခံစားမိနေပြီ ဖြစ်သည်။
ဤနေရာက ဆက်လက်နေထိုင်ရမည့်နေရာ မဟုတ်ပေ။
သေသေချာချာ စဉ်းစားဆင်ခြင်ပြီးနောက် ပိုမိုကောင်းမွန်သောဖြေရှင်းချက် မတွေ့ရသဖြင့် ဖန်ထျန်းက ခေါင်းညိတ်လိုက်သည်။ "သဘောတူတယ်။"
တုရှန်ယွဲ့ ရယ်လိုက်ပြီး ချန်ဟွိုက်အန်ဘက်သို့လှည့်လာကာ မျက်လုံးများမှာ ဆွဲဆောင်မှုရှိနေသည်။
ချန်ဟွိုက်အန် - '...'
"နေပါဦး။ ခင်ဗျားတို့နှစ်ယောက်က ဒါကို ဒီအတိုင်း ဆုံးဖြတ်လိုက်ကြတာလား။။"
ချန်ဟွိုက်အန်က စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို လှန်ပြလိုက်သည်။
"ကျုပ်ရဲ့သဘောထားကိုရော ဘာလို့ ဘယ်သူမှမမေးတာလဲ။”
…