အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁)
လင်းယန်၏ မျက်နှာအမူအရာမှာ လေးနက်သွားပြီး ပြင်းထန်သောသဘောထားဖြင့် ပြောလိုက်လေ၏။
“ဒီလည်ပြာ ပျားစားငှက်ပေါ်က ငှက်လှေးတွေကို ချက်ချင်း ဖယ်ရှားပစ်ရမယ်၊ ဒီထက်ပိုပြီး အချိန်ဆွဲနေရင် သူ သွေးကုန်ပြီး သေသွားနိုင်တယ်”
ဆရာဟယ်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသည့် အမူအရာ ပေါ်လွင်နေလေ၏။
“ဒါပေမဲ့ ငါတို့ နှစ်ယောက်လုံးက တိရစ္ဆာန်ဆရာဝန်မှ မဟုတ်တာ၊ ဘယ်လိုလုပ်ကြမလဲ”
လင်းယန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဆရာဝန်ချင်ထံသို့ ဖုန်းဆက်ကာ ဤနေရာရှိ အခြေအနေများကို ရှင်းပြလိုက်လေ၏။
“သူ့ကို အရင်ဖမ်းထားလို့ရမလား ကြည့်ပေးပါ၊ ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်”
ဆရာဝန်ချင်နှင့် ဖုန်းပြောပြီးနောက် လင်းယန်သည် စမ်းချောင်းဘေးရှိ လည်ပြာ ပျားစားငှက်ကို မည်သို့ ဖမ်းရမည်နည်းဆိုသည်ကို စတင် တွေးတောနေလေ၏။
“အားလုံးပဲ စိတ်မပူပါနဲ့၊ သစ်တောဦးစီးဌာနက တိရစ္ဆာန်ဆရာဝန်က ချက်ချင်း လာခဲ့မယ်လို့ ပြောပါတယ်၊ သူက မြို့နယ်ထဲမှာ ရှိနေတာဆိုတော့ ဒီကိုရောက်ဖို့ အချိန် သိပ်မကြာလောက်ပါဘူး”
ဟယ်လင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။
“ဒါဆိုရင် ငါတို့ လူနည်းနည်းလေးနဲ့ ဖမ်းဖို့က မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား”
‘ငှက်ငယ်လေးတွေက အသွက်လက်ဆုံး သတ္တဝါတွေပဲလေ'
လင်းယန်သည် သူ၏ ရေသန့်ဘူးကို တိတ်တဆိတ် ဖွင့်လိုက်လေ၏။ အထဲတွင် နတ်ရေစင်ရေအနည်းငယ်သာ ကျန်ရှိတော့သော်လည်း ဤအရသာက လည်ပြာ ပျားစားငှက်ကို သွေးဆောင်ရန် လုံလောက်သင့်ပေသည်။
သူသည် ရေသန့်ဘူးအား လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ အပေါ်အင်္ကျီကို ချွတ်ကာ လက်မောင်းတွင် ရစ်ပတ်ထားလိုက်လေ၏။
ဟယ်လင်၏ နားမလည်နိုင်သော မျက်နှာအမူအရာကို မြင်သောအခါ သူ စတင်ရှင်းပြလိုက်လေ၏။
“ငှက်လှေးတွေက အရမ်းမြန်မြန် ပျံ့နှံ့တတ်တယ်၊ တကယ်လို့ ခင်ဗျားက ဒီလည်ပြာ ပျားစားငှက်ကို တိုက်ရိုက် သွားကိုင်လိုက်ရင် အဲဒီလှေးတွေက သူ့အရေပြားကနေ လူရဲ့ ခန္ဓာကိုယ်ပေါ်ကို ကူးစက်လာနိုင်ခြေ အရမ်းများတယ်၊
ငှက်လှေး ကူးစက်ခံရပြီဆိုရင် ပြင်းထန်တဲ့ ယားယံမှုတွေ၊ အရေပြား ရောင်ရမ်းမှု အမျိုးမျိုးအပြင် နီရဲပြီး အရမ်းယားယံတဲ့ အနီစက်လေးတွေ ထွက်လာတတ်တယ်”
“ဒါကြောင့် သေချာပေါက် သတိထားပါ၊ သူ့ကို တိုက်ရိုက်မထိနဲ့”
သူ လိုက်ဖ်လွှင့်နေကြောင်းကို သတိရသွားသဖြင့် လင်းယန်သည် အွန်လိုင်းအသုံးပြုသူများကိုပါ သဘောကောင်းစွာဖြင့် သတိပေးလိုက်လေ၏။
“အခုခေတ်မှာ လူတော်တော်များများက အိမ်မှာ ကြက်တူရွေးတွေ မွေးရတာကို သဘောကျကြတယ်၊ ကြက်တူရွေး မွေးရတာကို သဘောကျတဲ့ အွန်လိုင်းအသုံးပြုသူတွေလည်း ဒီအချက်ကို သတိထားသင့်ပါတယ်၊
ငှက်လှေးတွေက တောရိုင်းငှက်တွေမှာ ပေါ်လာတတ်ရုံသာမကဘဲ အိမ်မှာမွေးထားတဲ့ ကြက်တူရွေးတွေဆီကို ကူးစက်ဖို့လည်း အရမ်း လွယ်ကူပါတယ်”
“အကယ်လို့ ခင်ဗျားတို့ အိမ်မှာ မွေးထားတဲ့ ငှက်ကလေးတွေက ထူးဆန်းစွာ ပြုမူနေတာကို တွေ့ရပြီး ငှက်လှေး ရှိမရှိဆိုတာကို ဘယ်လိုခွဲခြားရမလဲ မသိဘူးဆိုရင်၊ ညဘက်မှာ မီးတွေအကုန်ပိတ်ပြီး အလင်းရောင်အားကောင်းတဲ့ မီးနဲ့ သူ့ကို ထိုးကြည့်လို့ရတယ်၊
ငှက်ကလေးရဲ့ကိုယ်ပေါ်မှာ အနီစက်လေးတွေ တွေ့ရင် အဲဒါ လှေးတွေ ဖြစ်နိုင်ပါတယ်”
“ကျွန်တော်တို့ဆီမှာ ဘာဆေးမှ မပါလာတဲ့အတွက် ဒီလည်ပြာ ပျားစားငှက်ပေါ်က ငှက်လှေးတွေကို အခုလောလောဆယ် တိုက်ရိုက် ဖယ်ရှားပေးလို့ မရသေးပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ ဒီလို အခြေအနေမျိုး ကြုံလာရရင် မထိတ်လန့်ပါနဲ့၊
အထူးထုတ်လုပ်ထားတဲ့ သန်ချဆေးတွေကို ဝယ်လို့ ရပါတယ်၊
ဒါပေမဲ့ ငှက်ကလေးရဲ့ ကိုယ်ပေါ်က ပြင်ပကပ်ပါးကောင်တွေကို ဖယ်ရှားပေးရုံတင်မကဘဲ ငှက်ကလေးရဲ့ နေထိုင်တဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းခြောက်သွေ့အောင် ထားရှိဖို့လည်း လိုအပ်တယ်၊
ငှက်လှောင်အိမ်နဲ့ အသုံးအဆောင်တွေကိုလည်း သန်ချဆေးဖြန်းပေးသင့်ပါတယ်”
“အထူးသဖြင့် အက်ကွဲကြောင်းတွေနဲ့ မှောင်မိုက်တဲ့ နေရာတွေကို ပုံမှန် သန့်ရှင်းရေးလုပ်ပေးရပါမယ်၊ လှေးတွေ ပေါက်ဖွားတာကို ကာကွယ်ဖို့အတွက် ငှက်လှောင်အိမ်ကို စိုစွတ်မှုကင်းပြီး ခြောက်သွေ့အောင်ထားရှိရပါမယ်”
လင်းယန်၏အကြံဉာဏ်မှာ တကယ်ကို အချိန်ကိုက်ပင်ဖြစ်သည်။
“ကျွန်တော့်အိမ်မှာ ကြက်တူရွေးတွေ မွေးထားတယ်ဆိုတာကို ခင်ဗျား ဘယ်လိုသိတာလဲ၊ ကျွန်တော့် ကြက်တူရွေးလေးက အခုတလော နည်းနည်း ထူးဆန်းနေတယ်လို့ ကျွန်တော်လည်း ခံစားနေရတယ်၊
သူက အကြောင်းပြချက် မရှိဘဲ လှောင်အိမ်ကို ပွတ်တိုက်နေတတ်ပြီး ဂျုံစေ့တွေကိုတောင် သိပ်မစားတော့ဘူး၊ သူဌေးလင်း ပြောသလိုဆိုရင် သူ့မှာ လှေးတွေရှိနေဖို့ အလားအလာ အရမ်းများတယ်လို့ ကျွန်တော် ထင်တယ်”
“ကြက်သီးတွေတောင် ထလာပြီ၊ ဒီည သူဌေးလင်းရဲ့ နည်းလမ်းကိုသုံးပြီး သွားစစ်ဆေးကြည့်တော့မယ်”
“သူက တကယ်ကို တာဝန်သိတဲ့ စထွင်းမာ တစ်ယောက်ပဲ၊ သူ့ရဲ့ လိုက်ဖ်လွှင့်မှုကို ကြည့်ရတိုင်း အသိပညာတွေ အများကြီးရတယ်”
“ဒီသာမန်လူရဲ့ လိုက်ဖ်လွှင့်မှုကို အရင်က မကြည့်ဖူးပေမဲ့ သူ့ရဲ့ ဗဟုသုတတွေက တကယ်ကို ပရော်ဖက်ရှင်နယ်ဆန်တယ်”
“ ‘လေးစားပါတယ်’ ဆိုတဲ့ စကားလုံးကလွဲပြီး တခြားဘာပြောရမလဲတောင် မသိတော့ဘူး”
“ဒီတစ်ခါ ဆရာဟယ်က တကယ်ကို အားကိုးရတဲ့ပါတနာတစ်ယောက်ကို ရလိုက်တယ်လို့ ငါ ခံစားရတယ်”
“သူက ဒီလည်ပြာ ပျားစားငှက်ကို တကယ်ဖမ်းနိုင်ပါ့မလား”
လည်ပြာ ပျားစားငှက်သည် လင်းယန်ချဉ်းကပ်လာသည်ကို မြင်သောအခါ ကြောက်လန့်တကြား ထွက်ပြေးမသွားဘဲ ၎င်း၏မျက်လုံးများကို လှည့်ပတ်ကာ သူ့ကို ကြည့်ရင်း ထိုနေရာတွင်ပင် ရပ်နေလေ၏။
ကျောက်စိမ်းဆွဲကြိုးကြောင့် တိရစ္ဆာန် ကိုးဆယ်ရာခိုင်နှုန်းခန့်သည် လင်းယန်ကို မြင်သောအခါ သဘာဝကျကျ ရင်းနှီးမှုကို ခံစားရလေ့ရှိသည်။
သေချာပေါက်ပင် ဤလည်ပြာ ပျားစားငှက်သည်လည်း ထိုအထဲတွင် ပါဝင်လေသည်။
ရေသန့်ဘူးမှ ထွက်ပေါ်လာသော မွှေးပျံ့သည့် ရနံ့နှင့် ပေါင်းစပ်လိုက်သောအခါ လည်ပြာ ပျားစားငှက်သည် ခေတ္တမျှ ညှို့စားခံလိုက်ရလေ၏။
လင်းယန်သည် ဤကွက်လပ်ကို အခွင့်ကောင်းယူကာ အပေါ်အင်္ကျီ ရစ်ပတ်ထားသောလက်ဖြင့် တိုက်ရိုက် ဖမ်းဆုပ်လိုက်လေ၏။
သူသည် ငှက်ကလေးကို အင်္ကျီအတွင်း၌ သတိကြီးစွာ ထုပ်ပိုးလိုက်လေ၏။
“ငြိမ်ငြိမ်နေနော်၊ မင်း အခု အရမ်းနာကျင်နေမယ်ဆိုတာ ငါ သိပါတယ်”
“ဒါပေမဲ့ ငါ့ဆီမှာ သန်ချဆေး မရှိဘူး၊ ဆရာဝန်ချင် အခုချက်ချင်း ယူလာပေးလိမ့်မယ်၊ အဲဒီအခါကျရင် မင်း လွတ်လပ်သွားပြီပေါ့”
လင်းယန်၏ စကားများသည် ငြိမ်သက်စေသော အာနိသင် ရှိနေ၍လားတော့ မသိ၊ ပြင်းထန်စွာ ရုန်းကန်နေသော ငှက်ကလေးမှာ အမှန်တကယ်ပင် လှုပ်ရှားမှုကို ရပ်တန့်သွားခဲ့လေ၏။
ဆရာဟယ်သည် ဤမြင်ကွင်းကို ကြည့်ရင်း အာမေဍိတ်သံ မပြုဘဲ မနေနိုင်တော့ပေ။ တကယ်ကို အံ့သြစရာ ကောင်းလွန်းလှသည်။
“ဒီငှက်လေးက မင်းပြောတဲ့စကားကို တကယ် နားလည်နိုင်တာလား၊ ရှောင်လင်း… မင်းက တောင်ပေါ်မှာ ပုန်းနေတဲ့ လျှို့ဝှက် ကျွမ်းကျင်သူများလား”
လင်းယန် ဤစကားကို ကြားသောအခါ ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။
“ဆရာဟယ်၊ ခင်ဗျား အရမ်းတွေ ချဲ့ကားမနေပါနဲ့၊ သူ မရုန်းကန်တော့တာက အခုချိန်မှာ သူလည်း အရမ်းနာကျင်နေလို့ပါ၊
သူ့ရဲ့ ပင်ပန်းနေတဲ့ မျက်နှာအမူအရာကို ကြည့်ပါဦး၊ သူက ငှက်လှေးတွေရဲ့ နှိပ်စက်တာကို ခံနေရလို့ အားအင်တွေကုန်ခမ်းနေတာ သိသာတယ်”
ကင်မရာမန်းသည် ဤမြင်ကွင်းကို အနီးကပ် ရိုက်ကူးလိုက်လေ၏။
ဤလည်ပြာ ပျားစားငှက်သည် အလွန် လှပသော်လည်း ၎င်း၏ အမွေးများမှာ ကျဲပါးနေပြီး တောက်ပမှု ကင်းမဲ့နေကြောင်းကို အွန်လိုင်းအသုံးပြုသူများ ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။
“အို... ဘုရားရေ၊ ငှက်လှေးတွေက တကယ်ပဲ အဲဒီလောက် အန္တရာယ်များတာလား”
“ကံကောင်းလို့ ဒီအခြေအနေကို အချိန်မီ တွေ့ရှိသွားလို့ပေါ့၊ မဟုတ်ရင် ဒီအလှပဆုံး ငှက်ကလေးက ဘယ်သူမှမသိလိုက်ဘဲ တကယ်သေသွားနိုင်တယ်”
“အခုကစပြီး ငါက ဒီစထရင်းမာရဲ့ သစ္စာအရှိဆုံးပရိသတ် ဖြစ်သွားပြီ”
လင်းယန်သည် သူ၏ကျောပိုးခြင်းကို ပြန်လွယ်လိုက်လေ၏。
“သွားကြစို့ဆရာဟယ်၊ ငါတို့ နောက်ကျနေပြီထင်တယ်”
ဟယ်လင် အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ဆယ့်တစ်နာရီထိုးရန် ဆယ်မိနစ်ပင် မလိုတော့ပေ။
ဤဆယ်မိနစ်အတွင်း သူတို့ ရွာထိပ်သို့ ရောက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သူတို့သည် ပိန်းဥများကို ခက်ခက်ခဲခဲ တူးဖော်နိုင်ခဲ့ပြီး သစ်အယ်သီး တစ်ပုံကြီးကိုပါ ရရှိထားရာ အခြားအဖွဲ့များအနေဖြင့် သူတို့၏တန်ဖိုးကို ကျော်လွန်ရန် ခက်ခဲမည်ဖြစ်သည်။
သို့သော် အကယ်၍ သူတို့သာ ဆယ့်တစ်နာရီတွင် ရွာထိပ်သို့ မရောက်ရှိပါက သူတို့တွင် ပါဝင်ပစ္စည်း မည်မျှပင် ရှိနေစေကာမူ နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် ဤမနက်ခင်း သူတို့၏ ကြိုးစားအားထုတ်မှု အားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
“အထူးအခြေအနေကို ဒါရိုက်တာကို သွားပြောလို့ မရဘူးလား၊ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က အဲဒီလောက်ကြီး အကျိုးအကြောင်း မသင့်ဘူး မဖြစ်နိုင်ပါဘူးလေ၊
ပြီးတော့ သူဌေးလင်းက လည်ပြာ ပျားစားငှက်ကို ကယ်နေတာကို၊ ဒီငှက်ကလေးက နိုင်ငံတော်အဆင့် နှစ် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်လေ၊ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သူက သူရဲကောင်းပဲ၊ သူ့ကို ဒီလိုမျိုးမဆက်ဆံသင့်ဘူး”
“ဟုတ်တယ်၊ ဒါက တကယ်ကို မတရားဘူးလို့ ငါလည်းထင်တယ်”
“ဟူး... သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးကတော့ အလကား ဖြစ်သွားပြီပေါ့”
ဤအချိန်တွင် ကင်မရာမန်းက ဝင်ရောက်ပြောဆိုလိုက်လေ၏။
“ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး၊ ခင်ဗျားတို့ ဒီငှက်လေးကို ကယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်တုန်းက တင်ဆက်သူဆီကို အခြေအနေတွေ ရှင်းပြပြီး မက်ဆေ့ချ် ပို့လိုက်ပြီးပါပြီ၊
သူက အချိန်ကို နာရီဝက်လောက်တိုးပေးမယ်လို့ ပြောပြီး တခြားအဖွဲ့တွေကိုလည်း အကြောင်းကြားလိုက်ပါပြီ”
“ဘယ်သူကမှ ကန့်ကွက်စရာ မရှိကြပါဘူး၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ကလည်း တိရစ္ဆာန်တစ်ကောင်ကို ကယ်တင်နေတာပဲလေ”
ဟယ်လင်၏ မူလက စိတ်ဓာတ်ကျနေသော မျက်နှာအမူအရာမှာ ရုတ်တရက် စိတ်လှုပ်ရှားလာလေ၏။
“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က အကျိုးအကြောင်းမသင့်ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ငါ သိသားပဲ၊ ငါတို့မှာ နောက်ထပ် နာရီဝက် အချိန်ရသေးတယ်ဆိုတော့ ရွာထိပ်ကို လမ်းလျှောက်သွားဖို့ လုံလောက်တယ်”
အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့မှာ သေချာပေါက် အကျိုးအကြောင်း မသင့်သူများ မဟုတ်ပေ၊ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ဤလူကြိုက်များမှုကို အခွင့်ကောင်းယူရန် အလွန်ကျွမ်းကျင်ကြလေသည်။
သူတို့၏ လိုက်ဖ်လွှင့်မှု ကြည့်ရှုသူအရေအတွက်မှာ လင်းယန်က လည်ပြာ ပျားစားငှက်ကို ကယ်ဆယ်သည့် မြင်ကွင်းကြောင့် ရှစ်သန်းကျော်အထိ တိုက်ရိုက်မြင့်တက်သွားခဲ့သည်။
အစီအစဉ် စတင်ကတည်းက သူတို့သည် ဤမျှမြင့်မားသော လူကြိုက်များမှုမျိုးကို တစ်ခါမျှမရရှိခဲ့ဖူးပေ။
အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့မှ ဒါရိုက်တာနှင့် တွဲဖက်ဒါရိုက်တာအချို့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မေ့လဲမတတ်ပင် ဖြစ်နေကြလေ၏။
အကယ်၍ ဤအချိန်တွင် သူတို့ အချိန်မတိုးပေးပါက သူတို့၏ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့မှာ အကျိုးအကြောင်း မသင့်သူများဟု ထင်မြင်သွားစေမည်မဟုတ်လော။
တစ်ချိန်တည်းမှာပင်။
‘Who Can Laugh Last’ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့တွင်လည်း အချေအတင် ဆွေးနွေးမှုများ ဖြစ်ပေါ်နေလေ၏။
ဒါရိုက်တာက လင်းယန် လည်ပြာ ပျားစားငှက်ကို ကယ်ဆယ်သည့် မြင်ကွင်းကို ချက်ချင်းတည်းဖြတ်ပြီး တရားဝင်အကောင့်တွင် တင်ရန် ညွှန်ကြားလိုက်လေ၏။
ဤကြီးမားလှသော လူကြိုက်များမှုသည် နောက်ဆုံးတွင် သူတို့အတွက် ဖြစ်သွားလေပြီ။
လင်းယန်သည် အစီအစဉ်အတွက် အံ့အားသင့်စရာများကို အချိန်မရွေး၊ နေရာမရွေး တကယ်ယူဆောင်လာပေးနိုင်သူ ဖြစ်သည်။
ရွာထိပ်တွင်။
ကောဇီဖေးနှင့် ရွှီလီတို့သည် ဆယ်နာရီခွဲကတည်းက ရွာထိပ်သို့ ရောက်ရှိနေကြလေပြီ။
သူတို့သည် တောသလဲသီးများကိုသာ ခူးခဲ့ကြသဖြင့် သူတို့၏ ရည်မှန်းချက်မှာ အလွန် ရှင်းလင်းနေပြီး အချိန်ဖြုန်းတီးခြင်းမရှိခဲ့ပေ။
သို့သော် ဟွမ်လဲ့နှင့် ဝမ်တာ့လီတို့မှာ ပိုမိုမြန်ဆန်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
“ဆရာဟွမ်၊ ဘာလို့ ခင်ဗျားတို့အဖွဲ့က ဒီလောက်မြန်နေရတာလဲ”
ကောဇီဖေးက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
ဟွမ်လဲ့က သဘောထားကြီးစွာဖြင့် ဖြေကြားလိုက်လေ၏။
“ငါတို့ ငါးဖမ်းနေတုန်း မတော်တဆမှုလေး နည်းနည်းဖြစ်သွားလို့လေ၊ ငါ မတော်တဆ ခြေချော်ကျသွားလို့ အဝတ်အစားလဲဖို့ စောစော ပြန်သွားရတာ၊ ငါတို့ ငါးတစ်ကောင်ပဲ မိခဲ့တယ်၊ မင်းတို့ကတော့ ရိတ်သိမ်းမှု တော်တော်များတဲ့ ပုံပဲနော်”
ရွှီလီက ဖော်ရွေသော အပြုံးတစ်ခုကို ပြသလိုက်ပြီး ဘာမှ သိပ်မပြောခဲ့ပေ။
ကောဇီဖေးက တောက်ပစွာ ပြုံးလိုက်လေ၏။
“ကျွန်တော့်ရဲ့ ကောင်းမွန်တဲ့ ပါတနာကို ကျေးဇူးတင်ရမှာပေါ့၊ ကျွန်တော်တို့ တောသလဲသီးပင်ကို ရှာတွေ့ခဲ့ပြီး ဒီသလဲသီးတွေကိုခူးနိုင်ခဲ့တာပါ”
ဝူအန်းနှင့် ဝမ်ဇီယီတို့သည် တတိယမြောက် ရောက်ရှိလာသူများ ဖြစ်သည်။
သူတို့ ရှာဖွေတွေ့ရှိခဲ့သော အစားအစာမှာ သစ်ပင်များမှ သစ်စေးမှိုများ ဖြစ်ပြီး တန်ဖိုးကြီးမားသော အရာများ မဟုတ်သော်လည်း တစ်တောင်းအပြည့် ရရှိခဲ့ကြသည်။
ဟန်ရှင်းချန်နှင့် လီထင်တို့သည် ရွာထိပ်သို့ အချိန်ကိုက်ရောက်ရှိလာခဲ့ကြသည်။
သူတို့၏ ကျောပိုးခြင်းများမှာ အလွတ်ဖြစ်နေသဖြင့် နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အမူအရာများ ပေါ်လွင်နေလေ၏။
ဝမ်တာ့လီသည် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း လင်းယန်ကို မတွေ့ရပေ။
“ဆယ့်တစ်နာရီထိုးဖို့ မိနစ်အနည်းငယ်ပဲ လိုတော့တာကို၊ သူတို့ နောက်ကျတော့မှာလား”
ဤအချိန်တွင် တင်ဆက်သူက ရှေ့သို့ထွက်လာပြီး ပြောလိုက်လေ၏။
“ဆရာဟယ်တို့ အဖွဲ့မှာ အခြေအနေလေးတစ်ခု ဖြစ်သွားလို့ပါ၊ သူတို့က ငှက်ကလေးတစ်ကောင်ကို ကယ်ဆယ်နေရလို့ အချိန်နည်းနည်းလောက် နောက်ကျမှာပါ၊
ဒါကြောင့် ကျွန်တော်တို့ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ဆွေးနွေးပြီး တာဝန်ချိန်ကို ဆယ့်တစ်နာရီခွဲအထိ တိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်”
အားလုံးက ကန့်ကွက်စရာ မရှိကြပေ။
ဝမ်တာ့လီကတော့ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေလေ၏။
‘ဒါက လင်းယန်ကို အထူး အခွင့်အရေး ပေးနေတာ၊ သိသာနေတယ် မဟုတ်ဘူးလား'
‘ငှက်ကလေးကို ကယ်ဆယ်နေတယ် ဆိုတဲ့ အကြောင်းပြချက်က လုပ်ကြံဖန်တီးထားတာပဲ ဖြစ်နိုင်တယ်၊ တကယ်တမ်းက သူတို့ဘာသာ အချိန်မီ မရောက်နိုင်လို့ပဲ ဖြစ်ရမယ်'
မည်သို့ပင်ဆိုစေ ဝမ်တာ့လီကတော့ ဤအရာကို မယုံကြည်ပေ။