← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း (၁၇၂)

ရွှီလီက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။

“ငှက်ကလေးကို ကယ်ဆယ်နေတယ် ဟုတ်လား၊ ဒါကလည်း နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်တစ်မျိုးမျိုးများ ဖြစ်နေမလား”

လင်းယန်၏အခန်းထဲရှိ တိရစ္ဆာန်များအားလုံး၊ အထူးသဖြင့် ထိုစပါးကြီးမြွေကြီးက သူမအပေါ် နက်ရှိုင်းသောအထင်အမြင်ကို ချန်ထားရစ်ခဲ့ဆဲပင်။

တင်ဆက်သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သည့်အမူအရာ ပေါ်လွင်လာပြီး ရယ်မောကာ ပြောလိုက်လေ၏။

“ရှောင်လင်းနဲ့ ဆရာဟယ်တို့ လည်ပြာ ပျားစားငှက်ကို တွေ့သွားတယ်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ”

“သူတို့ ပြန်လာနေပြီလို့ ကင်မရာမန်းက ပြောတယ်၊ မကြာခင် ရောက်တော့မှာပါ”

“သူတို့ရောက်တာနဲ့ ခင်ဗျားတို့ ရှာတွေ့ခဲ့တဲ့ ပါဝင်ပစ္စည်းတွေကို စတင်ရေတွက်ကြတာပေါ့”

လင်းယန်တို့ ကယ်ဆယ်ခဲ့သော ငှက်ကလေးနှင့်ပတ်သက်၍ လူတိုင်းမှာ အလွန်သိချင်နေကြလေ၏။

မိနစ်နှစ်ဆယ်ခန့် စောင့်ဆိုင်းပြီးနောက် လင်းယန်တို့သည် နောက်ဆုံးတွင် ရွာထိပ်သို့ ရောက်ရှိလာကြသည်။

ဟယ်လင်က အမောတကောဖြင့် ပြောလိုက်လေ၏။

“နောက်ဆုံးတော့ ရောက်လာပြီ၊ ဒီနေ့အတွက် လေ့ကျင့်ခန်းလုပ်တာ ပြီးပြီလို့ ငါ ကြေညာတယ်”

အားလုံး အားရပါးရ ရယ်မောလိုက်ကြလေ၏။

“ဆရာဟယ်၊ ခင်ဗျား ပုံမှန် လေ့ကျင့်ခန်းအလုံအလောက် မလုပ်ဘူးဆိုတာ သိသာတယ်”

ကောဇီဖေးက သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

“ငါ့အမြင်ကတော့ ဆရာဟယ် အိမ်မပြန်ခင် ဒီအနီးအနားမှာ နေ့တိုင်း လမ်းလျှောက်ခိုင်းသင့်တယ်”

ဟယ်လင်က ကောဇီဖေးကို ကန်တော့မည့်ဟန် ပြုလုပ်လိုက်လေ၏။

“မင်းက စကားအရမ်းများတယ်မလား”

လင်းယန်သည် လည်ပြာ ပျားစားငှက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ၏ ပခုံးပေါ်ရှိ ကျောပိုးခြင်းကို အခြားလက်တစ်ဖက်ဖြင့် မြေကြီးပေါ်သို့ ချထားလိုက်လေ၏။

“အားလုံးရဲ့ အချိန်တွေကို နှောင့်နှေးသွားစေတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်”

“ကျွန်တော်တို့ အပြန်လမ်းမှာ ဒီလည်ပြာ ပျားစားငှက်နဲ့ ကြုံခဲ့ရတာပါ၊ ဒီငှက်လေး တစ်ကိုယ်လုံးမှာ ငှက်လှေးတွေနဲ့ ပြည့်နေလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ထားခဲ့ဘူး”

ဟယ်လင်က ဘေးမှနေ၍ ချက်ချင်း ဖြည့်စွက်ပြောဆိုလိုက်လေ၏။

“ဟုတ်တယ်၊ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ ငါတို့ ဒီအတိုင်းရပ်ကြည့်နေလို့ သေချာပေါက် မရဘူးလေ၊ သူက နိုင်ငံတော်အဆင့်နှစ် ကာကွယ်စောင့်ရှောက်ထားတဲ့တိရစ္ဆာန် ဖြစ်နေတာကို အသာထား၊

အဲဒီလို မဟုတ်ခဲ့ရင်တောင် ဂရုမစိုက်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ကောဇီဖေးက ဦးဆောင်၍ လက်ခုပ်တီးလိုက်လေ၏။

“ဆရာဟယ်၊ ဒါက ခင်ဗျားရဲ့အကြံတော့ မဟုတ်ဘူးမလား”

ဟယ်လင်က အနည်းငယ် နေရခက်စွာဖြင့် ပြုံးလိုက်လေ၏။

“မင်း ဘာတွေပြောနေတာလဲ၊ ငါ့မှာ စာနာစိတ်မရှိဘူးလို့ ထင်နေတာလား”

“ငါ ဆိုလိုတာက အဲဒါမဟုတ်ပါဘူး၊ ခင်ဗျားရဲ့ဉာဏ်ရည်နဲ့ဆိုရင် ဒါက လည်ပြာ ပျားစားငှက်ဆိုတာကို သေချာပေါက် ခွဲခြားသိနိုင်မှာမဟုတ်ဘူးလို့ ပြောတာပါ”

ဟယ်လင် လည်ချောင်းတစ်ချက် ရှင်းလိုက်လေ၏။

“အဲဒီစကားကို ငါ မကြားချင်ဘူးနော်”

“ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ငါ ရှာတွေ့ခဲ့တာမဟုတ်ပါဘူး၊ အဲဒီတုန်းက ဒီငှက်လေးက အရမ်းလှတယ်လို့ပဲ ငါထင်ခဲ့တာ၊

သူက နိုင်ငံတော်အဆင့်နှစ် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်ဆိုတာ ငါ မသိခဲ့ဘူး”

“ဒါက လည်ပြာ ပျားစားငှက်ဆိုတာ ရှောင်လင်းက ပြောပြတာပါ၊ ပြီးတော့ ဒီငှက်ပေါ်မှာ လှေးတွေ ရှိနေတယ်ဆိုတာကိုလည်း ရှောင်လင်းက ရှာတွေ့ခဲ့တာပါ”

စိုရွှဲနေသော ငှက်ကလေးကို မြင်သောအခါ လူတိုင်းက ဝိုင်းအုံလာကြပြီး ၎င်း၏လှပမှုအပေါ် အာမေဍိတ်သံများ ပြုလိုက်ကြလေ၏။

အပေါ်ယံတွင်မူ ဝမ်တာ့လီသည် ဤငှက်ကလေး၏လှပမှုအကြောင်း လူတိုင်းနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးနေခဲ့သော်လည်း တကယ်တမ်း သူ့ရင်ထဲတွင်မူ အလွန်အမင်း မကျေမနပ်ဖြစ်နေလေ၏။

‘လင်းယန်က တကယ်ကို ကံကောင်းတာပဲ၊

ကယ်ဆယ်ဖို့ လိုအပ်နေတဲ့ နိုင်ငံတော်အဆင့်နှစ် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်တစ်ကောင်ကို သူ တကယ်ရှာတွေ့ခဲ့တယ်ပေါ့'

‘ဒါက လူကြိုက်များမှုရဖို့ သေချာပေါက် အာမခံချက်ရှိတဲ့နည်းလမ်း မဟုတ်ဘူးလား'

‘ဘာလို့ ငါကျတော့ အဲဒီလိုအရာမျိုးနဲ့ မကြုံရတာလဲ'

အင်ဂျင်သံတစ်ချက်နှင့်အတူ ဆရာဝန်ချင်သည် သူ့ဆိုင်ကယ်ကို ရွာထိပ်တွင် တည်ငြိမ်စွာ ရပ်တန့်လိုက်လေ၏။

“အားလုံးက ဒီနေ့ ရွာထိပ်မှာချည်းပဲ၊ ဘာလို့ လူတွေ ဒီလောက်အများကြီး ရှိနေတာလဲ၊ အစည်းအဝေးရှိလို့လား”

ဆရာဝန်ချင်သည် ဆေးသေတ္တာတစ်လုံးကို ကိုင်ကာ ဆင်းလာပြီး လင်းယန်ရှိရာသို့ တိုက်ရိုက်ဦးတည်လာခဲ့လေ၏။

“ကယ်ဆယ်ဖို့လိုအပ်နေတဲ့ လည်ပြာ ပျားစားငှက်တစ်ကောင်ကို မင်းတွေ့ခဲ့တယ်လို့ ဒါရိုက်တာလီ ကြားတယ်၊

သူက ဒီကိစ္စကို အရမ်းအလေးထားတယ်၊ ကံကောင်းလို့ ဒီနေ့ ငါလည်း မြို့နယ်ထဲမှာ ရှိနေတာ၊ မဟုတ်ရင် ဒီကို ဒီလောက်မြန်မြန် ရောက်နိုင်မှာမဟုတ်ဘူး”

“မင်း... ဒီကောင်လေးက ဘာလို့ တိရစ္ဆာန်တွေကို ဒီလောက်တောင် ဆွဲဆောင်နိုင်ရတာလဲ”

လင်းယန်က သူ့ကို လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်လေ၏။

“သူက သစ်တောဦးစီးဌာနက ဆရာဝန်ချင်ပါ”

ထိုအခါမှသာ လူတိုင်းက ခေါင်းညိတ်ပြလိုက်ကြလေ၏။

တိရစ္ဆာန်ဆရာဝန်တစ်ယောက်က ဤကဲ့သို့ပုံစံမျိုး ဝတ်ဆင်ထားပြီး တိရစ္ဆာန်ဆရာဝန်နှင့် မတူဘဲ ရော့ခ်ဂီတသမားနှင့် ပိုတူနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

“ကျွန်တော်တို့ အခု တီဗီအစီအစဉ်တစ်ခု ရိုက်ကူးနေတာပါ”

ဆရာဝန်ချင်မှာ ရုတ်တရက် သဘောပေါက်သွားလေ၏။

“ဒါဆို ငါလည်း ကင်မရာထဲပါသွားပြီပေါ့၊ အဲဒါက နည်းနည်းတော့ နေရခက်တယ်နော်”

သူသည် လက်အိတ်များကို ကျွမ်းကျင်စွာ စွပ်လိုက်ပြီး လည်ပြာ ပျားစားငှက်၏ အမွေးများကို ဖယ်ရှားကာ စတင်စစ်ဆေးလေ၏။

“သူ့ကိုယ်ပေါ်မှာ လှေးတွေ တော်တော်လေးများတယ်၊ အင်းဆက်နှိမ်နင်းဆေး တစ်ခါဖြန်းရုံနဲ့တော့ သေချာပေါက် လုံလောက်မှာ မဟုတ်ဘူး၊

ဒီလိုလုပ်ကြတာပေါ့၊ နောက်မှ ငါ အင်းဆက်နှိမ်နင်းဆေး ပေးခဲ့မယ်၊ မင်း တစ်နေ့ကို သုံးကြိမ်ဖြန်းပေးလိုက်၊ ဖြန်းလို့ပြီးရင် မင်း သူ့ကို လွှတ်ပေးလိုက်လို့ရပြီ”

လင်းယန်၏ မျက်လုံးများတွင် အံ့အားသင့်သွားသည့်အမူအရာ ပေါ်လွင်လာလေ၏။

“နေပါဦး... ဘာလို့ ကျွန်တော်လဲ၊ ဒါက သစ်တောဦးစီးဌာနရဲ့ တိရစ္ဆာန်ဆရာဝန်ဖြစ်တဲ့ ခင်ဗျားရဲ့တာဝန် မဟုတ်ဘူးလား”

“ဒီငှက်က မင်းနဲ့ တော်တော်လေး ရင်းနှီးပုံရတယ်လို့ ငါထင်တယ်၊ ဒါကြောင့် သူ့ကို နှစ်ရက်လောက် မွေးထားလိုက်ရင် မကောင်းဘူးလား၊ သူ့ကိုယ်ပေါ်ကလှေးတွေ အကုန်လုံး ပျောက်သွားပြီးရင် မင်း သူ့ကို လွှတ်ပေးလိုက်လို့ရပြီလေ”

“မဟုတ်ရင် သစ်တောဦးစီးဌာနက လူတွေက နောက်ကျရင် သူ့ကို လွှတ်ပေးဖို့ အထူးတလည်လာနေရဦးမယ်”

လင်းယန် ဤစကားကို ကြားသောအခါ မတတ်သာဘဲ ခေါင်းညိတ်လိုက်လေ၏။

“ကောင်းပါပြီ၊ ခင်ဗျားက ပျင်းချင်ယောင်ဆောင်ပြီး အကုန်လုံးကို ကျွန်တော့်အပေါ် ပုံချဖို့ ကြိုးစားနေတာကို ကျွန်တော်မသိဘူးလို့ မထင်နဲ့နော်”

အွန်လိုင်းအသုံးပြုသူများမှာ အားရပါးရ ရယ်မောလိုက်ကြလေ၏။

“ယာတောအိမ်ပိုင်ရှင်က မကျေမနပ်ဖြစ်မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို ခံစားလို့ရတယ်”

“သေချာတာပေါ့၊ သူ့မှာ တိရစ္ဆာန်တွေနဲ့ ပြည့်နေတဲ့ ခြံဝင်းကြီးတစ်ခု ရှိနေပြီလေ၊ အဲဒါတွေ အကုန်လုံးကလည်း သစ်တောဦးစီးဌာနက သူ့အပေါ် အတင်းအကျပ် ပုံချထားတာချည်းပဲ”

“ရယ်ရလွန်းလို့သေတော့မယ်၊ သူ နောက်ထပ်ငှက်တစ်ကောင်ကို အတင်းအကျပ်မွေးရပြန်ပြီ”

“ကံကောင်းလို့ နှစ်ရက်ပဲမွေးရမှာမို့လို့”

ဆရာဝန်ချင်သည် သူ့ဆိုင်ကယ်ပေါ်မှ နောက်ထပ်လှောင်အိမ်တစ်လုံးကို ယူလာလေ၏။

“ဒီမှာ... ဒီငှက်လှောင်အိမ်ကလည်း မင်းအတွက်ပဲ၊ အခုလေးတင် မြို့နယ်ထဲကနေ ဝယ်လာတာ”

လင်းယန်က သူ့ကို သံသယဖြင့် ကြည့်လိုက်လေ၏။

“ကောင်းပြီ... ခင်ဗျားက အစကတည်းက ဒါကို စီစဉ်ထားတာမလား”

ဆရာဝန်ချင်က ခပ်ဖြီးဖြီးလေး ပြုံးလိုက်ပြီး ဆိုင်ကယ်ပေါ်တက်ကာ ကင်မရာကို လက်ပြနှုတ်ဆက်လိုက်လေ၏။

“ ခင်ဗျားတို့ရဲ့ ရိုက်ကူးရေးကို ကျွန်တော် ဆက်ပြီးမနှောင့်ယှက်တော့ပါဘူး၊ တစ်ခုခုရှိရင် အချိန်မရွေး ဖုန်းဆက်လိုက်ပါ”

လင်းယန်သည် လည်ပြာ ပျားစားငှက်ကို လှောင်အိမ်ထဲသို့ သတိကြီးစွာ ထည့်လိုက်လေ၏။

သူသည် တင်ဆက်သူကို နှုတ်ဆက်ပြီးနောက် အနီးအနားရှိ ရွာသားတစ်ဦး၏ အိမ်သို့ သွား၍ လက်ဆေးကာ သူ့အပေါ်အင်္ကျီကို ရွာသား၏ မီးဖိုထဲသို့ ပစ်ထည့်၍ ဖျက်ဆီးပစ်ပြီးမှ ပြန်လာခဲ့သည်။

ဝမ်ဇီယီနှင့် ရွှီလီတို့သည် ငှက်ကလေး၏ လှပမှုအပေါ် အံ့သြချီးကျူးနေကြဆဲပင်။

တင်ဆက်သူက လက်ခုပ်တီးလိုက်လေ၏။

“ကောင်းပါပြီ အားလုံးပဲ၊ ဒီနေ့အတွက် အားလုံးရဲ့ရလဒ်တွေကို တွက်ချက်ကြရအောင်”

“ကျွန်တော်တို့ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ တရားမျှတမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းမှုကို ပြသတဲ့အနေနဲ့…. ဆရာဟယ်တို့အဖွဲ့ရဲ့ တိရစ္ဆာန် ကယ်ဆယ်ရေးက အချိန်နာရီဝက်လောက် ပိုကြာသွားပေမဲ့… သူတို့ရှာတွေ့ခဲ့တဲ့ ပစ္စည်းတွေက ဘယ်လောက်ပဲ တန်ဖိုးရှိနေပါစေ၊ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က တန်ဖိုးရဲ့ တစ်ဝက်ကို လျှော့ချမှာပါ၊ ဆရာဟယ်... ခင်ဗျား သဘောတူလား”

ဟယ်လင် စကားမပြောဘဲ လင်းယန်ကို ကြည့်လိုက်လေ၏။

လင်းယန်က ခေါင်းညိတ်ပြလိုက်လေ၏။

“ကျွန်တော်တို့ ကန့်ကွက်စရာမရှိပါဘူး”

မည်သို့ပင်ဆိုစေ ဤသည်မှာ တီဗီအစီအစဉ်တစ်ခုဖြစ်သည်။ လူတိုင်းသာ ဤသို့လုပ်မည်ဆိုလျှင် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ချမှတ်ထားသော စည်းမျဉ်းများသည် အကျိုးသက်ရောက်မှု ရှိတော့မည်မဟုတ်ပေ။

ဝမ်တာ့လီသည် ဤစကားများကို ကြားပြီးနောက် သူ့ရင်ထဲတွင် အနည်းငယ် သက်သာရာရသွားခဲ့လေ၏။

“ဒါဆို ပထမဆုံး ရောက်လာတဲ့ ဆရာဟွမ်နဲ့ ဝမ်တာ့လီတို့အဖွဲ့ ဘာတွေ ရှာတွေ့ခဲ့လဲဆိုတာ အရင်ကြည့်ကြရအောင်”

ဝမ်တာ့လီသည် ဝါးခြင်းထဲမှ ငါးကို ဆွဲထုတ်လိုက်လေ၏။

“သေနေပြီထင်တယ်၊ ဒါက ဆရာဟွမ်နဲ့ ကျွန်တော် မြစ်ထဲကနေ ဖမ်းလာတဲ့ငါးပါ”

တင်ဆက်သူက တစ်ချက် ကြည့်လိုက်လေ၏။

“ဒါက ငါးသေးသေးလေး တစ်ကောင်ပဲ၊ လာ... ချိန်ကြည့်ရအောင်”

အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့မှာ ပြင်ဆင်မှု အပြည့်အဝ ရှိနေပြီး ချိန်ခွင်ပင် အသင့်ရှိနေလေ၏။

ဝမ်တာ့လီတို့ ဖမ်းမိခဲ့သော ကျင်းတစ်ဝက်ခန့်သာ ရှိသည်။

“သုံးရာ့ခုနစ်ဆယ် ဂရမ်၊ ကျင်းတစ်ဝက်ကျော်ကျော်လေးပဲ၊ ဒီငါးရဲ့ ဈေးကွက်တန်ဖိုးက တစ်ကျင်းကို ရှစ်ယွမ်လောက် ရှိတယ်ဆိုတော့ ဒီငါးက ငါးယွမ်ရှစ်ပြားလောက် တန်တယ်”

ဟွမ်လဲ့က အနေရခက်စွာဖြင့် ပြုံးလိုက်လေ၏။

“ငါတို့ အချိန်အကြာကြီး ဒီလောက် အလုပ်ကြိုးစားခဲ့ရတာ၊ ငါးယွမ်နဲ့ ရှစ်ပြားပဲ ရတာလား၊ ဈေးနှုန်းလေး နည်းနည်းလောက် တိုးပေးလို့မရဘူးလား”

တင်ဆက်သူက သူ့ကို တစ်ချက်စောင်းကြည့်လိုက်လေ၏။

“ခင်ဗျား ဘယ်လိုထင်လဲ”

ဟွမ်လဲ့ သက်ပြင်းချလိုက်လေ၏။

“ငါးမဖမ်းသင့်ဘူးဆိုတာ ငါသိခဲ့သင့်တာ၊ တောဟင်းသီးဟင်းရွက် နည်းနည်းလောက် တူးတာက ငါးထက် ပိုတန်ဖိုးရှိလောက်တယ်”

ယင်းက အွန်လိုင်းအသုံးပြုသူများကို အားရပါးရ ရယ်မောသွားစေခဲ့သည်။

“သူတို့ ဒီလောက်ကြာကြာ အလုပ်လုပ်ပြီး ယွမ်ခြောက်ကျပ်တောင် မပြည့်ဘူးဆိုတာ ဘယ်သူမှ ထင်မှတ်ထားခဲ့မှာမဟုတ်ဘူး”

“ငါးက အရမ်းသေးနေတာကို အပြစ်တင်ရမှာပဲ”

“သူတို့က အကောင်ကြီးကြီးလည်း မဖမ်းနိုင်ခဲ့ဘူးလေ”

“ဆရာဟွမ်တို့ အဖွဲ့က ၅.၈ ရတယ်၊ ကောဇီဖေးတို့ဘက်ကို သွားကြည့်ကြရအောင်”

ရွှီလီနှင့် ကောဇီဖေးတို့က သလဲသီးများကို ချိန်ခွင်ပေါ်သို့ အလွန်တက်ကြွစွာ တင်လိုက်ကြလေ၏။

တင်ဆက်သူသည် ယင်းကို မြင်ပြီးနောက် အာမေဍိတ်သံမပြုဘဲ မနေနိုင်တော့ပေ။

“ခင်ဗျားတို့ နှစ်ယောက်က သလဲသီး သုံးဆယ့်နှစ်ကျင်းတောင် ခူးလာတာလား”

“မဆိုးဘူး၊ မဆိုးဘူး၊ တာဝန်ကို ပြီးမြောက်ဖို့ ခင်ဗျားတို့နှစ်ယောက် အရမ်းကြိုးစားခဲ့ပုံရတယ်”

ထိုသို့ပြောနေစဉ် ဟွမ်လဲ့နှင့် ဝမ်တာ့လီတို့ကို တမင်တကာ တစ်ချက် စောင်းကြည့်လိုက်လေ၏။

“ခင်ဗျားတို့ နှစ်ယောက်လည်း နောက်ထပ် တာဝန်တွေမှာ ပိုပြီး အားစိုက်ထုတ်ဖို့ လိုတယ်နော်၊ အကြိမ်တိုင်း နောက်ဆုံးအဆင့် ရနေလို့မဖြစ်ဘူးလေ”

ဟွမ်လဲ့၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ချထားသည့် အမူအရာ ပေါ်လွင်လာလေ၏။

“ဒီတစ်ခါက မတော်တဆ ဖြစ်သွားတာပါ၊ နောက်တစ်ခါကျရင် ငါတို့ သေချာပေါက် ပထမရစေရမယ်၊ ဟုတ်တယ်မလား... ဝမ်တာ့လီ”

ဝမ်တာ့လီက ပြုံး၍ ခေါင်းညိတ်ပြလိုက်လေ၏။

သို့သော် သူ့ရင်ထဲတွင်မူ နောက်တစ်ကြိမ်တာဝန်က အရမ်းမခက်ခဲဖို့ မျှော်လင့်နေလေ၏။ မဟုတ်လျှင် ဤတုံးအသော အသင်းဖော်နှင့်အတူ ပထမရရန် တကယ်ကို ခက်ခဲပေလိမ့်မည်။

“သလဲသီးရဲ့ ဈေးကွက်ပေါက်ဈေးကို ကျွန်တော် စစ်ကြည့်ပြီးပြီ၊ အခုလောလောဆယ် တစ်ကျင်းကို လေးယွမ်ဆိုတော့ ခင်ဗျားတို့ရဲ့ ၃၂ ကျင်းက ၁၂၈ ယွမ် ဖြစ်သွားပြီ”

“အခုလောလောဆယ်တော့ ခင်ဗျားတို့က ဦးဆောင်နေတဲ့ပုံပဲ”

ကောဇီဖေးမှာ ကျေနပ်ဂုဏ်ယူနေသည့် အမူအရာကို မထိန်းနိုင်တော့ဘဲ လက်နှစ်ဖက်ကို ယှက်ကာ နောက်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်လေ၏။

“စီနီယာကြီးတွေကို ဦးညွတ်လိုက်ပါတယ် အားလုံးပဲ”

ဟယ်လင်က ပြုံး၍ ခေါင်းခါယမ်းလိုက်လေ၏။

“အရမ်းစောပြီး အောင်ပွဲမခံဖို့ မင်းကို ငါအကြံပေးချင်တယ်”

တင်ဆက်သူက မေးလိုက်လေ၏။

“ဟင် ဟန်ရှင်းချန်၊ မင်းနဲ့ ထင်ထင်တို့ရဲ့ ပစ္စည်းတွေက ဘယ်မှာလဲ”

ဟန်ရှင်းချန်၏ မျက်နှာမှာ မှုန်ကုပ်ကုပ် ဖြစ်နေလေ၏။

“ကျွန်တော်တို့ ဘာအစားအသောက်မှ မတွေ့ခဲ့ဘူး”

တင်ဆက်သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့်အမူအရာ ပေါ်လွင်လာလေ၏။

“ဒါဆို လွန်ခဲ့တဲ့ နှစ်နာရီအတွင်း ခင်ဗျားတို့ နှစ်ယောက် ဘာတွေလုပ်နေခဲ့ကြတာလဲ”

အွန်လိုင်းအသုံးပြုသူများက သူတို့အတွက် ကိုယ်စား ဖြေကြားပေးလိုက်ကြလေ၏။

“သူတို့ ရန်သွားဖြစ်နေတာလေ၊ တခြားဘာလုပ်နိုင်ဦးမှာလဲ”

“သူတို့က ရန်ဖြစ်ရတာနဲ့ အလုပ်များနေတော့ ပစ္စည်းရှာဖို့ အချိန်မရဘူးလေ”

“ကောင်းပါပြီ... ဆရာဟွမ်က အပျော်ဆုံးလူဖြစ်လောက်မယ်လို့ ငါထင်တယ်၊ ဘာလို့လဲဆိုတော့ သူ နောက်ဆုံးအဆင့် မဖြစ်တော့ဘူးလေ”

“ရယ်ရလွန်းလို့သေတော့မယ်၊ သူတို့လည်း တောသလဲသီးသွားခူးလိုက်ရင် ကောင်းသားပဲ”

All Chapters