အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း (၁၇၃)
ဟန်ရှင်းချန်သည် တောသလဲသီးများ ဤမျှလောက် တန်ဖိုးရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
တကယ်တန်းတွင် သလဲသီးများက တန်ဖိုးရှိခြင်း မဟုတ်ဘဲ ၎င်းတို့၏ အလေးချိန်ကြောင့်သာ ဖြစ်သည်။ အကြီးတစ်လုံးဆိုလျှင် တစ်ပေါင်နီးပါးခန့်ပင် ရှိလေသည်။
ဟန်ရှင်းချန်ကဲ့သို့ နာမည်ကြီး အနုပညာရှင် တစ်ဦးအနေဖြင့် နေ့စဉ်ဘဝနှင့် ပတ်သက်သော အခြေခံ ဗဟုသုတများ နည်းပါးလှသည်ဟုသာ ဆိုရမည် ဖြစ်ပြီး၊ ယင်းကြောင့်ပင် လက်တွေ့ဘဝက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခြင်း ဖြစ်သည်။
လီထင်၏ မျက်နှာအမူအရာမှာလည်း သိပ်မကောင်းလှဘဲ “အစတုန်းက ငါတို့ နှစ်ယောက်လည်း သလဲသီး သွားခူးမလို့ပါပဲ” ဟု တီးတိုးရေရွတ်လိုက်လေ၏။
တင်ဆက်သူက ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။
“ဒီတစ်ခါတော့ ခင်ဗျားတို့ နှစ်ယောက်က နောက်ဆုံးအဆင့် ဖြစ်သွားပြီထင်တယ်၊ ပထမအဆင့်က ဘယ်သူလဲဆိုတာ မဆုံးဖြတ်ရသေးပေမဲ့၊ နောက်ဆုံးအဆင့်ကတော့ ထွက်သွားပါပြီ”
“ဒါပေမဲ့ ရပါတယ်။ ဒီပထမဆုံး တာဝန်က အားလုံးအတွက် အသားကျဖို့ အချိန်ပေးတာပါ၊ ဒုတိယ တာဝန်အတွက်တော့ ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ထုတ်သုံးရပါမယ်”
ဟန်ရှင်းချန်သည် ပါတနာပြောင်းလဲပေးရန် တောင်းဆိုချင်သောဆန္ဒကို မြိုသိပ်ထားလိုက်ပြီး ဘာမျှဆက်မပြောတော့ပေ။
ဝမ်ဇီယီက ချိုသာစွာ ပြုံးလိုက်လေ၏။
“ကျွန်မတို့က သစ်စေးမှိုတွေ အများကြီး ခူးလာတယ်။ ဝူအန်းကျေးဇူးကြောင့် ဒါတွေကို ရှာတွေ့ခဲ့တာပါ၊ သစ်စေးမှိုတွေက တော်တော်လေး တန်ဖိုးရှိတာကို ကျွန်မ မှတ်မိနေတယ်နော်”
တင်ဆက်သူသည် သူ၏ ဖုန်းဖြင့် သစ်စေးမှိုများ၏ ဈေးကွက်ပေါက်ဈေးကို ချက်ချင်း စစ်ဆေးကြည့်လိုက်လေသည်။
“ခင်ဗျားတို့ နှစ်ယောက်က ပစ္စည်းရှာတဲ့ နေရာမှာ တော်တော်လေးတော်တာပဲ၊ သစ်စေးမှိုတွေက တကယ်ပဲ တန်ဖိုးရှိပါတယ်၊ လက်ရှိ ပေါက်ဈေးက တစ်ကျင်းကို ၃၂ ယွမ်ပါ”
ဝမ်ဇီယီနှင့် ဝူအန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးလုံး အလွန်ဝမ်းသာသွားကြလေ၏။
“ဒီလောက်တောင် တန်ဖိုးရှိတာလား၊ အဲဒီနားမှာရှိတဲ့ သစ်စေးမှိုတွေအားလုံးကို ငါတို့ ခူးမလာခဲ့မိတာ တော်တော်လေး နှမြောစရာပဲ၊ နည်းနည်းလောက် ပိုခူးလာခဲ့လို့ ရသေးတယ်”
ဝူအန်းမှာ အတော်လေး ကျေနပ်နေပုံရလေ၏။
“ရပါတယ် အစ်မဇီယီ၊ နှစ်တောင်းအပြည့်ခူးလာနိုင်တာကိုက တော်တော်လေးကောင်းနေပါပြီ”
သူသည် အစက သူတို့ နောက်ဆုံးအဆင့်ရမည်ဟု ထင်ထားခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ ပထမအဆင့်ကိုပင် ယှဉ်ပြိုင်နိုင်မည့်ပုံပေါ်နေလေသည်။
တင်ဆက်သူက ပြုံးလျက်ပြောလိုက်လေ၏။
“ဒါက တန်ဖိုးရှိပေမဲ့ အလေးချိန်သိပ်မစီးဘူးလေ”
သူတို့ ချိန်တွယ်ကြည့်လိုက်သောအခါ အမှန်တကယ်ပင် သစ်စေးမှိုနှစ်တောင်းမှာ နှစ်ကျင်းကျော်ခန့်သာ အလေးချိန် ရှိလေ၏။
“အဲဒါဆိုရင် ၆၈ ယွမ် ရမယ်၊ ဒီတစ်ခါ ခင်ဗျားတို့က ဒုတိယလား၊ တတိယလား ဆိုတာကတော့ ဆရာဟယ်နဲ့ သူ့ပါတနာ ဘာတွေရှာတွေ့ခဲ့လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်”
ဟယ်လင်၏ အမူအရာမှာ မာနထောင်လွှားနေပြီး သူတို့ကို အလွန် ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်လေ၏။
“ဒါဆို ဒီတစ်ခါ ငါတို့ သေချာပေါက် ပထမအဆင့် ဖြစ်သင့်တယ်”
အခြားလူများ အားလုံးကလည်း ဟယ်လင် အဘယ်ကြောင့် ဤမျှလောက် ယုံကြည်မှုရှိနေရသနည်း ဆိုသည်ကို သိချင်နေကြလေ၏။
“ဆရာဟယ်၊ ခင်ဗျားတို့ ဘာတွေရှာတွေ့ခဲ့လို့လဲ”
“အဲဒီ တောင်းထဲက ဟာတွေက ပိန်းဥတွေလား၊ ခင်ဗျားတို့ နှစ်ယောက် တောင်ပေါ်မှာ အမဲလိုက် သွားတယ်လို့ ကျုပ်ထင်နေတာ၊ ပိန်းဥ သွားတူးမယ်လို့ မထင်ထားခဲ့ဘူး”
လင်းယန်က ကိုယ်တိုင်ကိုယ်ကျ ပိန်းဥများကို ချိန်ခွင်ပေါ် လောင်းချလိုက်လေ၏။
“၄၉.၈ ကျင်း?”
“ဒီတစ်ခါ ငါတို့ရဲ့ ရိတ်သိမ်းမှုက တော်တော်လေးများတဲ့ပုံပဲ”
တင်ဆက်သူ၏ မျက်နှာအမူအရာမှာလည်း ချဲ့ကားလွန်းသည့်ပုံစံ ဖြစ်သွားလေ၏။
“ဝိုး... နှစ်နာရီအတွင်းမှာ ပိန်းဥတွေ ဒီလောက်အများကြီး တူးနိုင်ခဲ့တာလား”
ဟယ်လင်က သူတစ်ပါး၏ စွမ်းဆောင်ရည်အား လုမယူပေ။
“ဒါတွေ အများစုကို ရှောင်လင်းတူးခဲ့တာပါ။ သူသာ မပါရင် ငါ ပိန်းဥဘယ်လိုတူးရမလဲဆိုတာတောင် သိမှာမဟုတ်ဘူး”
“ခင်ဗျားတို့ဆီမှာ ဘာလို့ သစ်အယ်သီးတွေလည်း ရှိနေတာလဲ။ ပိန်းဥတူးပြီးတာနဲ့ သစ်အယ်သီး သွားခူးတယ်လို့တော့ မပြောနဲ့နော်”
တင်ဆက်သူက နားမလည်သည့် ပုံစံဖြင့် ကြည့်လိုက်လေ၏။ သူတို့က တာဝန်ချိန်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခြင်းဖြစ်သည်။
ဤမျှ ပိန်းဥများစွာ တူးပြီးနောက် သစ်အယ်သီး သွားခူးရန် အချိန်ပို ရှိမနေသင့်ပေ။
ဤအကြောင်းကို ပြောလာသောအခါ ဟယ်လင်မှာ စိတ်ဝင်စားသွားလေ၏။
“ခင်ဗျား ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမဲ့ ဒီသစ်အယ်သီးတွေကို ငါတို့ ခူးခဲ့တာ မဟုတ်ဘူး။ တောင်ပေါ်က ရှဉ့်လေးတစ်ကောင်က ရှောင်လင်းကို ပေးလိုက်တာ”
တင်ဆက်သူ : “ပေးလိုက်တာတဲ့လား။ ရှောင်လင်းက တိရစ္ဆာန်တွေ ကြားမှာ ဒီလောက်တောင် လူကြိုက်များမှန်း ငါ မသိခဲ့ဘူး”
ဟယ်လင် : “ဒီသစ်အယ်သီးတွေလည်း ငါတို့ရဲ့ ဝင်ငွေထဲမှာ ထည့်တွက်ပေးသင့်တယ် မလား”
တင်ဆက်သူ : “သေချာတာပေါ့။ ကျွန်တော် စစ်ဆေးကြည့်ပြီးပြီ။ လက်ရှိ ပိန်းဥပေါက်ဈေးက တစ်ကျင်းကို ၁၅ ယွမ် ဆိုတော့ ခင်ဗျားတို့အတွက် ၇၄၇ ယွမ် ရမယ်။ သစ်အယ်သီးက တစ်ကျင်းကို ၂၀ ယွမ် ဆိုတော့ ခင်ဗျားတို့အတွက် ၄၅ ယွမ် ရမယ်။ အားလုံးပေါင်း ၇၉၂ ယွမ် ပါ”
“ကျွန်တော် ခုနက တစ်ဝက်ဈေးပဲ ပေးမယ်လို့ ပြောထားတယ်ဆိုတော့ ခင်ဗျားတို့ရဲ့ နောက်ဆုံး ရမယ့်ငွေက ၃၉၆ ယွမ် ပါ”
ဟယ်လင်၏ ပါးစပ်မှာ ပြုံးနေလွန်းသဖြင့် ပိတ်၍တောင် မရတော့ပေ။ သူ့မျက်နှာအမူအရာကလည်း ကြွားဝါချင်သည့် ပုံစံ အပြည့်ဖြစ်နေလေ၏။
“အို... တစ်ဝက်ဈေးနဲ့တောင် မင်းတို့ထက် ပိုများနေသေးတယ်”
“ဒါပေမဲ့ အရမ်း ဝမ်းနည်းမနေပါနဲ့။ မင်းတို့ဆီမှာ ငါ့လောက်တော်တဲ့ ပါတနာမရှိတာ ငါ့အပြစ်မှ မဟုတ်တာ”
ဟယ်လင်၏ စိတ်လှုပ်ရှား တက်ကြွနေမှုနှင့် ယှဉ်လျှင် လင်းယန်ကတော့ ကြိုသိနေခဲ့သည့်အတိုင်း ခပ်ဖွဖွလေးသာ ပြုံးနေလေ၏။
သူ အစကတည်းက တောပိန်းဥတူးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ တောပိန်းဥများက တစ်ကျင်းလျှင် ၁၈ ယွမ်ခန့်တန်ကြောင်း သူ အရင်ကတည်းက လေ့လာသိရှိထားသောကြောင့်ပင် ဖြစ်သည်။
အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က တစ်ကျင်းကို ၁၅ ယွမ် ပေးသည်ဖြစ်ရာ ဈေးနှုန်း အတက်အကျမှာ သိပ်မကွာခြားလှပေ။
အဓိကမှာ မြေကြီးထဲမှ ယခုလေးတင် တူးဖော်ထားသော ပိန်းဥများက အလေးချိန် စီးသောကြောင့်ပင်တည်း။
ကောဇီဖေးက သူ၏ မာနထောင်လွှားနေသော ပုံကို မြင်သောအခါ စတင် လှောင်ပြောင်တော့လေ၏။
“ဆရာဟယ်၊ ဒါက ခင်ဗျားရဲ့ စွမ်းဆောင်ရည်မလို့လား၊ ဘာလို့ အဲဒီလောက်တောင် ကော့လန်နေရတာလဲ”
“ငါတို့ မသိဘူးလို့ မထင်နဲ့နော်၊ ဒါက တကယ်တော့ လင်းယန်ရဲ့ အစွမ်းသက်သက်ပဲ”
“လင်းယန်နဲ့ ပါတနာလုပ်ရတဲ့သူ ဘယ်သူမဆို ဒီလိုရလဒ်မျိုး ရနိုင်တာပဲ”
ဟယ်လင်က လက်ပိုက်ကာ ကောဇီဖေးထံ လျှောက်သွားလေ၏။
“အင်း... ငါက ရှောင်လင်းနဲ့ တွဲရလောက်အောင် ကံကောင်းခဲ့တယ်လေ။ မင်း အဲဒီလိုဖြစ်နိုင်လို့လား”
ကောဇီဖေးက တိုးတိုးလေး ပြန်ပြောလေ၏။
“ကျွန်တော်လည်း ရွှီလီနဲ့ ပါတနာလုပ်ရတာ အဆင်ပြေနေတာပါပဲ”
ဝမ်ဇီယီက ချက်ချင်း ပြောလိုက်လေ၏။
“ဆရာဟယ်၊ ကြွားတာကို ရပ်လိုက်ပါတော့။ ရှင် ပထမအဆင့်ရရင် လူမသိသူမသိပဲ နေသင့်တယ်၊ ရှင်က ဒီမှာ ရန်ငြိုးတွေ ဖန်တီးနေတာပဲ၊
သတိထားနော်၊ နောက်တာဝန်ကျရင် ရှင့်ကို ကျွန်မတို့ သင်ခန်းစာ ကောင်းကောင်းပေးလိမ့်မယ်”
အွန်လိုင်းအသုံးပြုသူများကလည်း သူတို့၏ မှတ်ချက်များကို ဖြည့်စွက်လာကြလေ၏။
“ရယ်ရလွန်းလို့ သေတော့မယ်။ ဆရာဟယ်ရဲ့မျက်နှာက တကယ်ကို အရိုက်ခံချင်နေပုံပဲ၊ သူတို့က ဆရာဟယ်ကို မရိုက်ဘဲ ဘယ်လို သည်းခံနေနိုင်ကြတာလဲဆိုတာ ငါ မယုံနိုင်ဘူး”
“ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ဒါက တကယ်ကို သူဌေးလင်းရဲ့ စွမ်းဆောင်ရည်ပံ”
“ဆရာဟယ်က အရည်အချင်းရှိတဲ့ သူတစ်ယောက်နဲ့ တွဲရလို့ ကံကောင်းသွားတာပါ”
“နောက်တာဝန်က ဘာဖြစ်မလဲဆိုတာ ငါ သိချင်နေပြီ”
“အဲဒါထက် ပထမအဆင့်အတွက် ဆုကြေးနဲ့ နောက်ဆုံးအဆင့်အတွက် ပြစ်ဒဏ်က ဘာဖြစ်မလဲဆိုတာ ပိုသိချင်တယ်”
“ဟန်ရှင်းချန်ကို အဲဒီနေရာမှာတင် ဖားခုန် ခုန်ခိုင်းဖို့ ပြင်းပြင်းထန်ထန် အကြံပြုပါတယ်”
“ပြီးခဲ့တဲ့ အပိုင်းတုန်းက ဆရာဟွမ် ဖားခုန် ခုန်ခဲ့ရတဲ့အချိန်ကို ပြန်ရောက်သွားသလိုပဲ”
တင်ဆက်သူက လက်ခုပ်တီးလိုက်လေ၏။
“ဒီပထမဆုံး တာဝန်က တချို့အတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးပြီး တချို့အတွက် ဝမ်းနည်းမှုတွေ ဖြစ်စေတယ်ဆိုတာ ရှင်းပါတယ်၊ ငါတို့ရဲ့ အဆင့်သတ်မှတ်ချက်ကလည်း တော်တော်လေး ရှင်းလင်းနေပါပြီ။ ပထမအဆင့်က ငါတို့ရဲ့ ဆရာဟယ်နဲ့ လင်းယန်ပါ”
“ဒုတိယအဆင့်၊ သလဲသီးအတွဲ၊ ကောဇီဖေးနဲ့ ရွှီလီပါ”
ကောဇီဖေးက တိတ်တဆိတ် လက်မြှောက်လိုက်လေ၏။
“ဘာလို့ ဆရာကျိုးက ကျွန်တော်တို့အဖွဲ့ကို ကျပန်းနာမည်ပေးနေရတာလဲ၊ ကျွန်တော်တို့အဖွဲ့ကို နာမည်ပေးမယ်ဆိုရင် ‘ပထမအဆင့်ရဖို့ ဆုံးဖြတ်ထားသူများ’ လို့ ခေါ်သင့်တာ”
တင်ဆက်သူက သူ့ကို သူ့ဘာသာသူ စဉ်းစားရန် အကြည့်တစ်ချက် ပေးလိုက်လေ၏။
“တတိယအဆင့်က ဝမ်ဇီယီနဲ့ ဝူအန်းပါ”
“စတုတ္ထအဆင့်၊ ဟွမ်လဲ့နဲ့ ဝမ်တာ့လီပါ”
“နောက်ဆုံးအဆင့်၊ လက်ဗလာနဲ့ ပြန်လာတဲ့ ဟန်ရှင်းချန်နဲ့ လီထင်ပါ”
တင်ဆက်သူက သူတို့ကို စာနာသည့်အကြည့်လေးဖြင့် ကြည့်လိုက်လေ၏။
“ခင်ဗျားတို့ ဆုကြေး အကြောင်းကို အရင် ကြားချင်လား၊ ဒါမှမဟုတ် နောက်ဆုံးအဆင့်အတွက် ပြစ်ဒဏ်အကြောင်းကို အရင်ကြားချင်လား”
ပွဲကြည့်နေသော ဟယ်လင်က ပြောလိုက်လေ၏။
“သေချာတာပေါ့၊ ပြစ်ဒဏ်ကို အရင် ကြေညာသင့်တယ်”
အွန်လိုင်းအသုံးပြုသူများကလည်း ထိုသို့ပင် ထင်မြင်ကြလေသည်။
တင်ဆက်သူက သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်လေ၏။
“ပြဿနာ မရှိပါဘူး၊ ရှောင်ရှီးရွာမှာ ရေပိုက်လိုင်းတွေ မရှိဘူးလေ၊ ဒါကြောင့် ရွာသားတွေ အားလုံး မြစ်ထဲကနေ ရေခပ်ရတယ်၊
နောက်ဆုံးအဆင့်အတွက် ပြစ်ဒဏ်က ရွာသူကြီးရဲ့ ရေအိုး အပြည့်ဖြစ်အောင် မြစ်ထဲကနေ ရေခပ်ပေးရမှာပါ”
ဟန်ရှင်းချန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ မျက်လုံးပြူးသွားလေ၏။
“ဆရာကျိုး၊ ခင်ဗျား နောက်နေတာ မဟုတ်ဘူးမလား၊ ကျွန်တော့်ကို ရေခပ်ခိုင်းနေတာလား”
ထိပ်တန်းအိုင်ဒေါတစ်ဦးအနေဖြင့် သူသည် ကျေးလက်တွင် ရေခပ်ရမည့်နေ့မျိုး ရောက်လာလိမ့်မည်ဟု တစ်ခါမျှမတွေးဖူးခဲ့ပေ။
လီထင်ကတော့ ယင်းကို အသားကျနေပြီဖြစ်သည်။ သူမ ရွာတွင် ရှိနေစဉ်ကလည်း မြစ်ထဲမှနေ၍ ရေကို ကိုယ်တိုင်ခပ်ခဲ့ရလေသည်။
တစ်ခါတစ်ရံ သဘောကောင်းသော ရွာသားများက သူမကို ရေခပ်ရန် ကူညီပေးတတ်ကြ၏။
သို့သော် အများအားဖြင့်တော့ သူမဘာသာသူမ လုပ်ခဲ့ရသည်က များလေ၏။
ဟန်ရှင်းချန်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီး ရေခပ်ရန် တော်တော်လေး ဆန္ဒမရှိသည့် ပုံပေါ်နေလေ၏။
“ဆရာကျိုး၊ ပြစ်ဒဏ်ကို ပြောင်းပေးလို့ မရဘူးလား။ ဖားခုန် ခုန်ခိုင်းတာမျိုး ဘာညာပေါ့”
ဘာပဲဖြစ်ဖြစ် သူ့ကို ရေခပ်ခိုင်းသည်ထက် ပိုကောင်းပေသည်။
တင်ဆက်သူက တရားမျှတစွာ ပြောလိုက်လေ၏။
“ပြစ်ဒဏ်ကို အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသားပါ၊ ဒါက အစပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့က နတ်ဆိုးမုဒ်ထဲကို ဝင်တော့မှာဆိုတော့ လာမယ့်တာဝန်တွေမှာ နောက်ဆုံးအဆင့်မဖြစ်အောင် ကြိုးစားကြပါ၊ မဟုတ်ရင် ရေခပ်ရသလောက် ရိုးရှင်းမှာမဟုတ်ဘူး”
အားလုံးက တညီတညွတ်တည်း တုန်ယင်သွားကြလေ၏။ တင်ဆက်သူ၏အပြုံးက အနည်းငယ် ရက်စက်သည်ဟု သူတို့အားလုံး ခံစားလိုက်ရသည်။
ဟွမ်လဲ့က သက်ပြင်းတစ်ချက် ချလိုက်လေ၏။
“ကံကောင်းလို့ ငါတို့ နောက်ဆုံးအဆင့်မဖြစ်တာ”
မလာခင်က သူနှင့် ဝမ်တာ့လီတို့ သေချာပေါက် နောက်ဆုံးအဆင့်ဖြစ်မည်ဟု သူ တွေးထားခဲ့လေသည်။
အိပ်ပျော်နေသော နဂါးနှင့် ဖီးနစ်ငှက် သန္ဓေသား ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။
ဟယ်လင်က အကြံပေးလိုက်လေ၏။
“မင်းတို့ လောင်းကြေးရဲ့ အကျိုးဆက်တွေကို လက်ခံရမှာပေါ့၊ အများဆုံးလုပ်နိုင်တာက နောက်တာဝန်မှာ ပိုကြိုးစားဖို့ပဲ”
ဟန်ရှင်းချန်က မှုန်ကုပ်ကုပ်မျက်နှာဖြင့် မတတ်သာဘဲ သဘောတူလိုက်လေ၏။
သို့သော် သူ့သဘောထားက လမ်းကြုံဝင်လာသူများကို သူ့အပေါ် အမြင်မကြည် ဖြစ်သွားစေခဲ့သည်။
“ဟန်ရှင်းချန်က ဘယ်သူ့ကို အဲ့လိုမျက်နှာထား လာပြနေတာလဲ”
“ဒီဧည့်သည်တွေထဲမှာ ကောဇီဖေးကလွဲရင် ဘယ်သူက သူ့ရဲ့စီနီယာ မဟုတ်လို့လဲ၊ တခြားဘယ်သူမှ ဘာမှမပြောကြပေမဲ့ သူတစ်ယောက်တည်းက စည်းမျဉ်းတွေကို မလိုက်နာချင်ဘူးဖြစ်နေတယ်”
“ဟန်ရှင်းချန်ကို ဒီလို တီဗီအစီအစဉ်မျိုးတွေမှာ နောင်ကျရင်မပါဝင်ဖို့ ပြင်းပြင်းထန်ထန် အကြံပြုချင်တယ်၊
တကယ်ကို ကြည့်ရဆိုးတယ်၊ ‘Exchange Lives’ ဆိုတာ မတူညီတဲ့ ဘဝတွေကို ဖြတ်သန်းခံစားဖို့လေ၊ ဒီအပိုင်းက ကျေးလက်က လယ်သမားတွေရဲ့ နေ့စဉ်ဘဝကို ခံစားဖို့ပဲ၊
ဘာလို့ သူတစ်ယောက်တည်းက သခင်လေး လုပ်ချင်နေရတာလဲ”
“လိုက်ဖ်လွှင့်မှုထဲမှာ ငါတို့ရဲ့ ရှင်းချန်ကို မုန်းတဲ့သူတွေက တမင်သက်သက် ပြဿနာလာရှာနေကြတယ်လို့ ငါ သံသယရှိတယ်”
“ဟုတ်တယ်၊ ငါတို့ရဲ့ ရှင်းချန်က နင်တို့ကို ဘာလုပ်ထားလို့လဲ”
“အရူးပရိသတ်တွေ ကျေးဇူးပြုပြီး စကားမပြောဘဲ နေပေးလို့ရမလား၊ သူသာ အမဲလိုက်သွားမယ်လို့ အော်မနေခဲ့ရင် အဲဒီကောင်မလေးက သူ့ကြောင့် ဘယ်လိုလုပ် ဆွဲချခံရမှာလဲ”