← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅)

ယန်အာဟူသည် မီးဖိုပေါ်ရှိ ပိန်းဥများနှင့် ဝက်သုံးထပ်သားများကို ကြည့်ကာ မေးလိုက်၏။

“သူဌေး... ဒီနေ့ ဒါပဲစားရမှာလား”

“ဟိုတောင်းထဲမှာ ကျွန်တော် အခုလေးတင် အိမ်ကနေ ယူလာတဲ့ အမဲသားလတ်လတ်ဆတ်ဆတ်တွေ ရှိသေးတယ်လေ၊ အဲဒါပါ ချက်လိုက်ရင်ရော”

ယန်အာဟူသည် လင်းယန်၏ အိမ်တွင် နေထိုင်သော်လည်း တစ်ခါတစ်ရံတွင် သူ၏ အိမ်သို့ ပြန်ကာ “ဆောင်းဦးလေကို ရိုက်ခတ်ခြင်း (Beat the autumn wind - အခမဲ့ အစားအသောက် သို့မဟုတ် ပစ္စည်းများကို ယူဆောင်လာခြင်း)” ကို ပြုလုပ်လေ့ရှိ၏။

“မင်း ဘာသိလို့လဲ၊ အခုက အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ တာဝန်ကို လုပ်နေတာ၊ ဒီပါဝင်ပစ္စည်းနှစ်ခုကိုပဲ သုံးပြီး တစ်ခုခုလုပ်ရမှာ၊ မဟုတ်ရင် ဒီနေ့ နေ့လယ်စာကို မင်းအိမ် မင်းပြန်စား”

ယန်အာဟူသည် ကြံများကို ကိုက်စားရင်း ပြန်ဖြေလိုက်သည်။

“တူး... တူး... တူး... ဒါဆိုလည်း ထားလိုက်ပါတော့”

“မင်း ကြံတွေဘယ်ကရလာတာလဲ”

လင်းယန်သည် ယန်အာဟူ၏ ပါးစပ်မှာ တစ်ခါမှ ရပ်မနေသည်ကို သတိပြုမိသွားသည်။

သူ့ကို မြင်ရတိုင်း တစ်ခုခု စားနေလေ့ရှိသည်။

“ကျွန်တော့် ဦးလေး ပေးလိုက်တာ၊ စားချင်လို့လား၊ နည်းနည်းယူလာခဲ့တယ်”

လင်းယန်က ခေါင်းခါယမ်းလိုက်လေ၏။

“မင်းဘာသာမင်း စား၊ ငါ ဟင်းသွားချက်တော့မယ်”

ဟယ်လင်သည် ဇလုံထဲရှိ ဝက်သုံးထပ်သားကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်နေလေ၏။ ဟင်းသီးဟင်းရွက် ဆေးရန်မှာ မခက်ခဲသော်လည်း ပြဿနာမှာ ဝက်သုံးထပ်သားပေါ်ရှိ အမွေးများကို မည်သို့ ရှင်းလင်းရမည်နည်း။

သူသည် နှိမ့်ချသော သဘောထားဖြင့် လင်းယန်ကို မေးလိုက်လေ၏။

“ရှောင်လင်း… ဒီဝက်သုံးထပ်သားပေါ်က အမွေးတွေကို ဘယ်လိုရှင်းရမလဲဆိုတာ သင်ပေးလို့ ရမလား”

လင်းယန်က ခေါင်းညိတ်ပြလိုက်ပြီး ထင်းပုံထဲမှ မီးညှပ်ကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။

“ဒါက လွယ်ပါတယ်”

ဟယ်လင်၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။

“အဲဒါ မီးညှပ် မဟုတ်ဘူးလား”

“ဟုတ်တယ်လေ၊ ဒီမှာက ဝက်မွေးတွေကို ရှင်းဖို့ မီးညှပ်ကိုသုံးလေ့ရှိတယ်”

လင်းယန်က သူ့ကို သရုပ်ပြလိုက်သည်။ မီးညှပ်ကို မီးဖိုထဲသို့ တိုက်ရိုက်ထည့်လိုက်ပြီးနောက် မီးညှပ်မှာ နီရဲပူလောင်လာသောအခါ ဝက်မွေးများကို မီးမြှိုက်ရန် အသုံးပြုလိုက်လေ၏။

ဝက်အရေခွံမှ ရှဲရှဲမြည်သံများ ချက်ချင်း ထွက်ပေါ်လာသည်။

လင်းယန်က မီးညှပ်ကို ဖယ်လိုက်သောအခါ ဝက်မွေးများမှာ ပူပြင်းသော အပူချိန်ကြောင့် မည်းတူးသွားလေပြီ။

သူသည် ဘေးမှ ဓားမကြီးတစ်လက်ကို ယူကာ ဝက်အရေခွံပေါ်တွင် ညင်သာစွာ ခြစ်ပြလိုက်လေ၏။

“အခု ဒီအမည်းရောင် အစိတ်အပိုင်းတွေကို ခြစ်ထုတ်လိုက်ရုံပဲ”

ဟယ်လင်က လက်မထောင်ပြလိုက်လေ၏။

“အသိပညာအသစ်တစ်ခု ထပ်ရပြန်ပြီ”

“အာဟူက ကြံတွေယူလာတယ်၊ ဆရာဟယ်... ခင်ဗျားလည်း နည်းနည်းစားကြည့်ပါလား”

“ကျန်တာကို ကျွန်တော့်ကိုသာ လွှဲထားလိုက်”

လင်းယန်သည် ဝက်သုံးထပ်သားကို အတုံးများပိုင်းဖြတ်နေရင်း တစ်ခုခုကို မေ့နေသလားဟု တွေးတောနေမိသည်။

‘ငါ အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို မေ့နေသလို အမြဲတမ်း ခံစားနေရတယ်၊

ဒါပေမဲ့ ဘယ်လိုပဲ စဉ်းစားစဉ်းစား အဲဒါက ဘာလဲဆိုတာကို မှတ်မိမလာဘူး'

သူ အိမ်ထဲသို့ ဝင်ကာ ပစ္စည်းတစ်ခု သွားယူပြီးနောက် မီးဖိုပေါ်တွင် ပြင်ဆင်ထားသော ဝက်သုံးထပ်သား နှစ်တုံး၊ သုံးတုံးခန့်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရမှသာ။

ထို့အပြင် မီးဖိုပေါ်ရှိ ခြေရာများကို မြင်လိုက်ရသောအခါ ရုတ်တရက် သူ သဘောပေါက်သွားလေ၏။

“ဟန်နီဘက်ဂျာ”

မနေ့က တိရစ္ဆာန်ကာကွယ်ရေးစင်တာမှ သူ ခေါ်လာခဲ့သော ဟန်နီဘက်ဂျာကို သူမေ့နေခဲ့ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားလေပြီ။

မနေ့က သူ ပြန်လာပြီး ဆရာဟယ်ကို တွေ့လိုက်ရသောအခါ ဟန်နီဘက်ဂျာကို ခြံဝင်းထဲတွင် တိုက်ရိုက် ပစ်ထားခဲ့သည်။

မူလက ၎င်းကို ထည့်ထားရန် လှောင်အိမ်တစ်ခု ရှာရန် စီစဉ်ထားခဲ့သော်လည်း သူတို့ စကားပြောနေရင်းဖြင့် မေ့သွားခဲ့သည်။

‘ဒီကောင်က တကယ် ထွက်မပြေးသွားဘူးပေါ့လေ၊

ပြီးတော့ ငါပြင်ဆင်ထားတဲ့ ဝက်သုံးထပ်သားကိုတောင် ခိုးသွားသေးတယ်'

လင်းယန်၏ မျက်နှာပေါ်တွင် အမည်းရောင်မျဉ်းကြောင်းများဖြင့် ဖုံးလွှမ်းသွားလေ၏။

အွန်လိုင်းအသုံးပြုသူများမှာ နားမလည်နိုင်အောင် ဖြစ်သွားကြလေသည်။

“ဘာလို့ သူဌေးလင်းရဲ့ မျက်နှာက ရုတ်တရက်ကြီး ဒီလောက် ကြည့်ရဆိုးသွားတာလဲ”

“သူဌေးလင်းရဲ့ မျက်နှာအမူအရာက မူမမှန်ဘူးနော်”

“နေဦး၊ မီးဖိုပေါ်က ဝက်သုံးထပ်သားတွေ ပျောက်သွားတာကို မင်းတို့ သတိမထားမိကြဘူးလား”

“ဟုတ်သားပဲ၊ သူဌေးလင်းက ဝက်သုံးထပ်သားတွေကို ပြင်ဆင်ပြီးတော့ မီးဖိုပေါ် တင်ထားခဲ့တာ မဟုတ်ဘူးလား”

“တစ်ကောင်ကောင်ကများ ခိုးသွားတာ ဖြစ်နိုင်မလား”

“ဒါဆိုရင် ဟွမ်မောင်ခိုးသွားတာ သေချာတယ်လို့ ငါ လောင်းရဲတယ်”

“ဘဲငန်းဖြူကြီးတော့ မဖြစ်နိုင်ဘူးမလား၊ ဘဲငန်းဖြူကြီးက ဒီလို ခိုးကြောင်ခိုးဝှက် အလုပ်မျိုး လုပ်ရတာကို သဘောကျတယ်လေ”

“ဘဲငန်းဖြူကြီးက သက်သတ်လွတ်စားတာပါနော်”

လင်းယန်၏ မျက်နှာအမူအရာ မမှန်သည်ကို မြင်သောအခါ ဟယ်လင်က အလျင်အမြန် လျှောက်လာလေ၏။

“ရှောင်လင်း၊ ဘာဖြစ်လို့လဲ”

“ကျွန်တော်တို့ရဲ့ ပါဝင်ပစ္စည်းတွေ အခိုးခံလိုက်ရပြီ”

လင်းယန်က အံကြိတ်ကာ ပြောလိုက်လေ၏။

ဟယ်လင် ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိုးရိမ်ပူပန်သွားလေ၏။

မီးဖိုပေါ်တွင် ဝက်သုံးထပ်သား နှစ်တုံး၊ သုံးတုံးခန့်သာ ကျန်ရှိတော့သည်ကို မြင်သောအခါ အခိုးခံလိုက်ရသည့် အရာမှာ ဝက်သုံးထပ်သားဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

‘ဒါက ဒီနေ့အတွက် ငါတို့ရဲ့ အဖိုးတန်ဆုံး ပါဝင်ပစ္စည်းပဲလေ'

“မီးဖိုပေါ် တင်ထားတာတောင် အခိုးခံရတာလား”

လင်းယန်က သူ့ကို စိတ်အေးအေးထားရန် အကြည့်ဖြင့် အချက်ပြလိုက်လေ၏။

“ဆရာဟယ်... စိတ်မပူပါနဲ့၊ ဘယ်သူခိုးသွားလဲဆိုတာ ကျွန်တော်သိပြီ”

မီးဖိုအောက်ရှိ ခြေရာများကို လိုက်ကြည့်ရာ ဟန်နီဘက်ဂျာတူးထားသော တွင်းကို သူ တွေ့ရှိသွားလေသည်။

တွင်းအပြင်ဘက်တွင် အသားတစ်တုံးလည်း ကျနေသေးသည်။

လင်းယန်သည် ထိုတွင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။

တွင်းထဲမှ လက်တစ်ဖက် ထွက်လာပြီး ထိုအသားတုံးကိုပါ တိုက်ရိုက် ဆွဲသွင်းသွားလေ၏။

လျင်မြန်သော မျက်လုံးနှင့် လက်များဖြင့် လင်းယန်သည် ထိုလက်ကို တိုက်ရိုက်ဖမ်းဆုပ်ကာ ဟန်နီဘက်ဂျာကို တွင်းထဲမှ ဆွဲထုတ်လိုက်လေတော့သည်။

ဤကဲ့သို့ ဖော်ထုတ်ခံရလိမ့်မည်ဟု ဟန်နီဘက်ဂျာ လုံးဝထင်မှတ်မထားခဲ့ပေ။ ၎င်းသည် လင်းယန်ကို စိုက်ကြည့်နေပြီး အခြေအနေကို အနည်းငယ် အသားမကျသလို ခံစားနေရသည်။

လင်းယန်က အနီးသို့သွားကာ ဖြန်းခနဲ မြည်အောင် ပါးတစ်ချက် ရိုက်လိုက်လေ၏။

ထိုအင်အားသည် ၎င်းကို မိန်းမောသွားစေရန် လုံလောက်သော်လည်း ဦးနှောက်ကိုတော့ မထိခိုက်စေပေ။

“မင်းရဲ့ သတ္တိတွေက တကယ်ကိုကြီးလာတာပဲ၊ အခု မင်း ဘယ်သူ့အိမ်မှာ ရောက်နေလဲဆိုတာ မေ့သွားပြီလား၊ ဘာကိုမဆို မင်းက ခိုးရဲတယ်ပေါ့လေ”

ပါးရိုက်ခံရပြီးနောက် ဟန်နီဘက်ဂျာ၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့်အမူအရာများ သိသိသာသာ ပေါ်လွင်လာလေ၏။

လင်းယန်က အနီးသို့သွားကာ နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

“ပြီးခဲ့တဲ့တစ်ခါက သင်ခန်းစာကို မင်း မမှတ်သေးဘူးထင်တယ်”

မြေကြီးပေါ်ရှိ နောက်ဆုံးကျန်နေသော ဝက်သုံးထပ်သားတုံးကို ကြည့်ကာ သူ အလွန်အမင်း နှမြောတသ ဖြစ်နေမိသည်။

‘ဒီလောက်ကောင်းတဲ့ ပါဝင်ပစ္စည်းတွေက ဒီလိုပဲ အလကား ဖြစ်သွားရပြီ'

“မင်းက နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန် ဖြစ်တာနဲ့ပဲ ငါ့ရဲ့ ပိုင်နက်ထဲမှာ မင်းလုပ်ချင်ရာ လုပ်လို့ရတယ်လို့ မထင်နဲ့နော်”

ဟန်နီဘက်ဂျာ၏ တည်ရှိမှုက လင်းယန်အား ပြင်းထန်သော ခေါင်းကိုက်မှုများကို ပေးစွမ်းနေလေ၏။

လူနှင့် တိရစ္ဆာန် အပြန်အလှန် အကဲခတ်ပြီးနောက် ဟန်နီဘက်ဂျာကို စီမံခန့်ခွဲရန် တာဝန်ကို ဘဲငန်းဖြူကြီးထံသို့ လွှဲပြောင်းပေးရန် လင်းယန် ဆုံးဖြတ်လိုက်လေသည်။

ဤဘဝတွင် လင်းယန်ထံမှ ဤမျှ အရေးကြီးသော တာဝန်ကို ပေးအပ်ခံရလိမ့်မည်ဟု ဘဲငန်းဖြူကြီး လုံးဝထင်မှတ်မထားခဲ့ပေ။

“ကွပ်... ကွပ်... ကွပ်”

(ဝူး... ဝူး... ဝူး... သခင်၊ ငါ အရမ်း စိတ်လှုပ်ရှားသွားပြီ၊ မင်းရဲ့ ရင်ထဲမှာ မိသားစုတစ်ခုလုံးမှာ ငါက အသုံးအဝင်ဆုံးလို့ ထင်နေမယ်မှန်း မသိခဲ့ဘူး)

ဤစကားကို ကြားသောအခါ လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။

‘ဒီလောက်ကြီး ပြဇာတ်မဆန်ပါနဲ့လား’ ဟုသာ သူ ပြောချင်တော့သည်။

“မင်းနဲ့ ရွှေလင်းယုန်တို့က ဒီဟန်နီဘက်ဂျာကို စောင့်ကြည့်ဖို့ တာဝန်ယူရမယ်၊ သူ့ကို အပြင်ခေါ်သွားပြီး လမ်းလျှောက်ခိုင်း၊ နေမဝင်ခင် သေချာပေါက်ပြန်ရောက်ရမယ်”

ဘဲငန်းဖြူကြီးက နားလည်ကြောင်း ပြသသည့်အနေဖြင့် ကွပ်ခနဲ အော်လိုက်လေ၏။

လင်းယန်သည် ဟန်နီဘက်ဂျာကို တစ်ချက်ကြည့်လိုက်လေ၏။

“သွား... ပျားအုံတူးဖို့ ဘဲငန်းဖြူကြီးက မင်းကို တောင်ပေါ် ခေါ်သွားလိမ့်မယ်”

“မင်းက ပျားစားရတာကို အကြိုက်ဆုံးမဟုတ်ဘူးလား”

အွန်လိုင်းအသုံးပြုသူများ အားလုံးမှာ သူတို့၏ နားများ တစ်ခုခု မှားနေသလားဟု သံသယဖြစ်သွားကြလေ၏။

“ဒါက တကယ် စိတ်ဝင်စားစရာပဲ၊ တခြားသူတွေက ပျားရည်သွားတူးကြတာ၊ ဒီမှာကျတော့ ဘာလို့ ပျားကို သွားတူးနေရတာလဲ”

“ပျားတွေ - ကျေးဇူးတင်ပါတယ်၊ အသက်ရှင်လျက် ငရဲမင်းကြီးရယ်”

“ဟန်နီဘက်ဂျာရဲ့ နားမလည်နိုင်ဖြစ်နေတဲ့ မျက်နှာအမူအရာလေးကလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်”

ဟန်နီဘက်ဂျာသည် လင်းယန်၏ စကားများကြောင့် အမှန်တကယ်ပင် မိန်းမောသွားခဲ့လေ၏။

‘ဒီလူသားက ဘာကို ဆိုလိုတာလဲ၊

ငါ့ကို ဒီတိုင်း လွှတ်ပေးလိုက်တာလား၊

ငါ့ကို လှောင်ပိတ်ထားဖို့ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား'

မနေ့က လင်းယန် သတိမထားမိချိန်တွင် ၎င်း ခိုးမပြေးခဲ့သည့် အကြောင်းရင်းမှာ ၎င်းတွင် အငြိုးအတေး ရှိနေသောကြောင့်ပင်။

‘အသက်ရှင်လာခဲ့တဲ့ တစ်လျှောက်လုံး ငါ့ကို ဂရုမစိုက်ရဲတဲ့ လူသားဆိုတာ ဒါ ပထမဆုံးအကြိမ်ပဲ၊

သူ စိတ်အေးချမ်းသာစွာနဲ့ ထွက်မသွားခင် လက်စားချေရမယ်လေ။၊

ငါ ဆုံးဖြတ်ချက်ချပြီးပြီ၊ ဒီလူကို ငါ မနာကျင်စေနိုင်ဘူးဆိုရင်တောင် သူ့အတွက် ပြဿနာတွေ ဖြစ်လာအောင် နည်းလမ်းရှာမယ်၊

ဒီလူသားက ငါ့ကို လွှတ်ပေးဖို့ ကိုယ်တိုင် ကမ်းလှမ်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊

ဒါက ‘စစ်ရေးဗျူဟာ သုံးဆယ့်ခြောက်သွယ်’ ထဲက ဘယ်ဗျူဟာများလဲ’

ဘဲငန်းဖြူကြီးသည် အချိန်ဆွဲနေသော ဟန်နီဘက်ဂျာကို ကြည့်ကာ

“ကွပ်... ကွပ်... ကွပ်”

(ငါ ပြောမယ် သူငယ်ချင်း၊ မင်း သွားမှာလား မသွားဘူးလား၊ ဘာကို အချိန်ဆွဲနေတာလဲ)

(မြန်မြန်လုပ်၊ ပျားအုံတွေ ဘယ်မှာရှိလဲဆိုတာ ငါသိတယ်၊ အခု မင်းကိုသွားတူးခိုင်းမယ်၊ မဟုတ်ရင် ငါတို့ အချိန်မီမှာမဟုတ်ဘူး)

ဟယ်လင်သည် တစ်ယောက်နောက် တစ်ယောက်လိုက်ရင်း ထွက်ခွာသွားသော အရိပ်နှစ်ခုကို ကြည့်ကာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေလေ၏။

အထူးသဖြင့် လင်းယန်က ထိုနှစ်ကောင်နှင့် ဘာအခက်အခဲမှမရှိဘဲ ဆက်သွယ်နိုင်သည်ကို သူ ခုလေးတင် မြင်တွေ့လိုက်ရသောအခါ…..

“မင်း ပုံမှန်အားဖြင့် တိရစ္ဆာန်လေးတွေနဲ့ ဒီလိုပဲ ဆက်သွယ်လေ့ရှိတာလား”

လင်းယန်က ခေါင်းညိတ်ပြလိုက်လေ၏။

“ငါ မှားမနေဘူးဆိုရင် ခုနက အကောင်က ဟန်နီဘက်ဂျာ ဖြစ်ရမယ် မလား၊ ဒီကောင်က မြက်ခင်းပြင်ရဲ့ မာဖီးယားခေါင်းဆောင်လို့ အမြဲတမ်း ခေါ်ကြတာလေ၊

သူ့ကို ထားဖို့ လှောင်အိမ် မရှာတော့ဘူးလား၊ သူ့ကို ဒီတိုင်း လွှတ်ထားလိုက်ရင် တစ်ခုခု ဖြစ်မသွားဘူးလား”

ဝက်သုံးထပ်သားများ ပျောက်ဆုံးသွားသဖြင့် ဘာလုပ်ရမည်နည်းဟု လင်းယန် စိုးရိမ်ပူပန်နေလေ၏။ တစ်ဖက်လူ ပြောသည်ကို ကြားသောအခါ သူ ပြန်ဖြေလိုက်သည်။

“ရပါတယ်၊ ဘဲငန်းဖြူကြီးက သူ့ကို စောင့်ကြည့်ထားလိမ့်မယ်”

“မင်းရဲ့ ဘဲငန်းဖြူကြီးက ကွန်ဖူးဘဲငန်း များလား၊ သူက ဟန်နီဘက်ဂျာကို နိုင်လို့လား”

လင်းယန်က ခေါင်းခါယမ်းလိုက်လေ၏။

“ချရင်တော့ သူ နိုင်လောက်မှာမဟုတ်ဘူး၊ ဒီကောင်က အကူအညီ ခေါ်တတ်တယ်လေ၊ စိတ်မပူပါနဲ့”

“ငါတို့ရဲ့ ဝက်သုံးထပ်သားတွေ ပျောက်သွားပြီဆိုတော့ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ကို နောက်ထပ်တစ်တုံး ထပ်တောင်းလို့ ရမလား”

ဤမေးခွန်းက ဟယ်လင်ကို အနည်းငယ် ခေါင်းကိုက်သွားစေလေ၏။

“ဖုန်းဆက်ပြီး မေးကြည့်ကြတာပေါ့”

ရလဒ်အနေဖြင့် တင်ဆက်သူထံမှ ပြင်းထန်သော ငြင်းဆိုမှုကို သူတို့ ရရှိခဲ့ကြလေ၏။

ပျက်စီးသွားသော ပါဝင်ပစ္စည်းများမှာ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့၏ ထည့်သွင်းစဉ်းစားမှုတွင် မပါဝင်ကြောင်း တင်ဆက်သူက ပြောသည်။

အကယ်၍ သူတို့တွင် ပါဝင်ပစ္စည်းများ မရှိတော့ပါက အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့နှင့် အမှတ်များအသုံးပြု၍ လဲလှယ်နိုင်ကြောင်း သူက ဆိုလေ၏။

လင်းယန်နှင့် ဟယ်လင်တို့ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် တင်ဆက်သူနှင့် အမှတ် သုံးမှတ်ကို အသုံးပြု၍ ဝက်သုံးထပ်သားတစ်တုံး လဲလှယ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

မည်သို့ပင်ဆိုစေ ဒုတိယ တာဝန်အတွက် ဆုကြေးက ပိုကြီးမားမည်ဟု တင်ဆက်သူက ပြောထားခဲ့သည် မဟုတ်ပါလော။

ပထမ တာဝန်က အမြည်းသက်သက်သာ ဖြစ်သည်။

‘သေးငယ်တဲ့ အမြတ်အစွန်းလေးအတွက်နဲ့ ကြီးမားတဲ့ ပုံရိပ်ကြီးကို ဆုံးရှုံးစေလို့မရဘူး’

All Chapters