အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆)
အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ဝက်သုံးထပ်သား နောက်တစ်တုံးကို အလျင်အမြန် ပို့ဆောင်ပေးခဲ့ပြီး လင်းယန်၏ လက်ထဲမှ အမှတ်များကိုလည်း သိမ်းယူသွားလေ၏။
သူ့ကို အမှတ်သုံးမှတ် ဆုံးရှုံးသွားစေခဲ့သော တရားခံမှာ ဟန်နီဘက်ဂျာဖြစ်ကြောင်း တွေးမိသည်နှင့် တစ်ပြိုင်နက် လင်းယန်သည် ခုနက သူရိုက်လိုက်သော ပါးတစ်ချက်မှာ ပေါ့လွန်းသေးသည်ဟု ခံစားလိုက်ရသည်။
‘တစ်ဖက်လူက နိုင်ငံတော်အဆင့် နှစ် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန် ဖြစ်နေအောင် ဘယ်သူကများ ဖန်တီးခဲ့တာလဲ။
သူတို့က အချိန်မရွေး လိုသလို ရိုက်ပုတ်လို့ ရတာမှ မဟုတ်တာ'
“သူက ဝက်သုံးထပ်သား ချက်ဖို့ ပြင်နေတာလား”
“ငါ ဝက်သုံးထပ်သားချက်ကို အရမ်း ကြိုက်တာ၊ အထူးသဖြင့် ချိုပေမဲ့ မအီတဲ့ ပုံစံမျိုးကိုပေါ့”
“စကားမစပ်... အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က အရမ်း ကပ်စေးနှဲတာပဲ၊ ဒီပါဝင်ပစ္စည်း နည်းနည်းလေးနဲ့ ဘာချက်လို့ရမှာလဲ”
“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ကသာ ပြဿနာမရှာရင် သူတို့ကို အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့လို့ ဘယ်ခေါ်တော့မလဲ”
လင်းယန် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေစဉ် မာရူကိုသည် သူ၏ ခြေထောက်နားသို့ ရုတ်တရက် ပြေးလာလေ၏။
၎င်းသည် ပါးစပ်ထဲတွင် ဝါးမျှစ်နုလေး တစ်ခုကို ကိုက်ချီထားဆဲပင်။
ဤဝါးမျှစ်ကို မနေ့က ယန်အာဟူ တောင်ပေါ်မှ ခုတ်လာခဲ့ခြင်းဖြစ်ရမည်။
“အောဝ်”
မာရူကိုသည် ဝါးမျှစ်ကို မြေကြီးပေါ်တွင် ချထားလိုက်ပြီး ၎င်း၏ ခြေသည်းများဖြင့် လင်းယန်ကို အဆက်မပြတ် ကုတ်ခြစ်နေလေ၏။
“ဒီဝါးမျှစ်ကို ချက်ပေးဖို့ မင်းက ပြောချင်နေတာလား”
လင်းယန်မှာ ထိုစကားများကြောင့် အံ့အားသင့်သွားပြီး
“ဒါကို ချက်စရာမလိုပါဘူး၊ ဒီအတိုင်း စားလို့ရတယ်လေ”
မာရူကိုသည် လင်းယန်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး အနည်းငယ် နှမြောတသဖြစ်ဟန်ဖြင့် ၎င်း၏ နှုတ်ခမ်းကို သပ်လိုက်လေ၏။
“သွား... သွား... မင်းအမေဆီ သွားကစားချေ”
‘ဒီသားအမိနှစ်ကောင် ဘာဖြစ်နေလဲဆိုတာကိုလည်း ငါ မသိတော့ဘူး၊ တက်ကြွနေတဲ့ မာရူကိုနဲ့ ယှဉ်ရင် ထွမ်ဇီက ဝါးအိမ်ထဲမှာ တစ်နေကုန်နီးပါး အိပ်နေတတ်တာ'
‘ထမင်းစားချိန် ရောက်မှသာ နည်းနည်းလေး တက်ကြွလာတတ်တာ
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ထွမ်ဇီ ကိုယ်ဝန်ရှိနေလို့လည်း ဖြစ်နိုင်တယ်'
“ထားလိုက်ပါတော့၊ မင်းအမေဆီ သွားမရှာတာ ပိုကောင်းမယ်၊ မင်းအမေက အခု အနားယူဖို့လိုနေတယ်၊ အစ်ကိုဟွမ်မောင်ဆီ သွားကစားရင်ရော”
ဘေးရှိ ဟယ်လင်မှာ ရယ်မောခြင်းကို မထိန်းနိုင်တော့ဘဲ ပြောလာသည်။
“မင်း သူ့ကို ဟွမ်မောင်... ဟွမ်မောင်... လို့ ခေါ်တာကို ကြားရတာတောင် ဒီနာမည်က အရမ်းရယ်စရာကောင်းတယ်လို့ ငါထင်နေတုန်းပဲ”
“ဘာလို့ အရှေ့မြောက်ကျားတစ်ကောင်ကို ဒီနာမည်မျိုး ပေးရတာလဲ”
“နည်းနည်းလေးမှတောင် ခန့်ညားထည်ဝါမှုမရှိဘူး၊ အဲဒီအစား တစ္ဆေမီးဆိုင်ကယ်စီးနေတဲ့ ဘေးအိမ်ကလူငယ်လေးနဲ့ ပိုတူနေတယ်”
လင်းယန်က အပြစ်ကင်းစင်သောမျက်နှာထားဖြင့် ပြန်ပြောလေ၏။
“ဒီနာမည်က အရမ်း ရှင်းလင်းတယ်လို့ ခင်ဗျားမထင်ဘူးလား၊ သူ့အမွေးက ဘာအရောင်လဲဆိုတာကို ချက်ချင်း သိနိုင်တာပဲလေ”
ဟယ်လင်မှာ အားရပါးရ ရယ်မောလိုက်လေ၏။
“မင်းက တိရစ္ဆာန်လေးတွေကို သူတို့ရဲ့ အမွေးအရောင်ပေါ် မူတည်ပြီး နာမည်ပေးတာလား၊ အဲဒါက နည်းနည်း ပေါ့ပေါ့ဆဆနိုင်မနေဘူးလား”
“ဟားဟားဟားဟား၊ နောက်ဆုံးတော့ ဆရာဟယ်ကလည်း ဒီနာမည်နဲ့ ပတ်သက်ပြီး စတင် ဝေဖန်လာပြီ”
“ဟွမ်မောင်ဆိုတဲ့ နာမည်က တကယ်ကို နားထောင်ရတာ အဆင်မပြေဘူးဆိုတာကို ငါပြောချင်နေတာ ကြာပြီ”
“သူဌေးလင်းက ဘက်ပေါင်းစုံကနေ ကောင်းပါတယ်၊ သူ့ရဲ့ နာမည်ပေးတဲ့ စွမ်းရည်လေးက နည်းနည်း အရမ်း လွန်ကဲနေတာကလွဲရင်ပေါ့”
“ယာတောအိမ်ပိုင်ရှင်ရဲ့ အတွေးက မှန်တယ်လို့ ငါထင်တယ်၊ ကြောင်ဝါလေးကို ဘာလို့ ဟွမ်မောင်လို့ ခေါ်လို့ မရမှာလဲ”
“ဒါဆို မင်းက ဆံပင်အမည်းရောင် ရှိတယ်ဆိုတော့ မင်းကို ခေါင်းမည်းလို့ ခေါ်လို့ရမလား”
“ဟားဟားဟားဟား၊ ဒီတစ်ခါ အွန်လိုင်းအသုံးပြုသူတွေက တကယ်ကို ရယ်စရာကောင်းတာပဲ”
လင်းယန်က လက်ကာပြကာ ဟွမ်မောင်ကို လှမ်းခေါ်လိုက်လေ၏။
“မင်း ပန်ဒါညီလေးနဲ့ ခဏလောက် သွားကစားလိုက်ဦး၊ ငါဟင်းချက်တော့မယ်”
ဟွမ်မောင်သည် ခြံဝင်းထဲတွင် ပျော်ရွှင်စွာ ကစားနေရင်း အကြောင်းပြချက် မရှိဘဲ ကလေးထိန်းရမည့် တာဝန်ကို ရရှိလိုက်သဖြင့် ကျားတစ်ကောင်လုံး ကြောင်အမ်းအမ်း ဖြစ်သွားလေ၏။
“ဂါး”
(မလုပ်လို့ မရဘူးလား)
လင်းယန်သည် အမဲသားတစ်တုံးကို ဟွမ်မောင်ထံသို့ ပစ်ပေးလိုက်လေ၏။
“မင်း ကောင်းကောင်းလုပ်ရင် ဆုချမယ်”
ဟွမ်မောင်သည် ချက်ချင်းပင် ခုန်တက်ကာ အမဲသားတုံးကို ဖမ်းကိုက်လိုက်ပြီး ကျေနပ်စွာစားသောက်ပြီးနောက် နှုတ်ခမ်းသပ်လိုက်သည်။
ထို့နောက် လင်းယန်၏ဘေးတွင် လူးလှိမ့်နေသော မာရူကိုကို တိုက်ရိုက် ပွေ့ချီသွားလေတော့သည်။
“မင်း ညီလေးကို အနိုင်မကျင့်နဲ့နော်”
ဟွမ်မောင်သည် မာရူးကိုအား ၎င်း၏အသိုက်ဆီသို့ သယ်ဆောင်သွားပြီး ကလေးသူငယ် တစ်ဦးကို ပထမဆုံးအကြိမ် ထိန်းကျောင်းရသဖြင့် အတွေ့အကြုံမရှိသည့်ပုံဖြင့် ဘာဆက်လုပ်ရမည်နည်းဟု တွေဝေစွာ တွေးတောနေလေ၏။
ဟယ်လင်သည် ဤတိရစ္ဆာန်လေးများ အပြန်အလှန်ဆက်ဆံပုံကို အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်မိလေ၏။
“လူတွေအများကြီး ဘာလို့ တိရစ္ဆာန်ရုံကိုသွားရတာ သဘောကျကြလဲဆိုတာ အံ့သြစရာမဟုတ်တော့ဘူး၊
အခု ကြည့်ရတာ တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ”
“ဒါပေမဲ့ ဘာလို့ မာရူကိုက ညီလေးဖြစ်ပြီး ဟွမ်မောင်က အစ်ကိုဖြစ်နေရတာလဲ”
မာရူကို၏အရွယ်အစားက ဟွမ်မောင်ထက် အများကြီး ပိုသေးငယ်နေပုံရသည်။
‘ဒါပေမဲ့ အရှေ့မြောက်ကျားရဲ့ အရွယ်အစားက နည်းနည်းပိုကြီးတယ်မလား'
လင်းယန်က ရှင်းပြလေ၏။
“ဟွမ်မောင်က ပြီးခဲ့တဲ့ အပတ်ကမှ အသက်သုံးလ ပြည့်သွားတာ၊ တိရစ္ဆာန်ကာကွယ်ရေးစင်တာက ပြောတာတော့ မာရူကိုက ဒီအပတ်မှ အသက် သုံးလပြည့်တာတဲ့”
“ဒါကြောင့် ဟွမ်မောင်က အစ်ကို ဖြစ်တာပေါ့”
ဟယ်လင်၏ မျက်နှာပေါ်တွင် ရုတ်တရက် သဘောပေါက်သွားသည့်အမူအရာ ပေါ်လွင်လာလေ၏။
“ဪ... အဲဒီလိုကိုး၊ ဟွမ်မောင်ကို ကြည့်ရတာ အရမ်းသန်မာတဲ့ ပုံပဲ”
လင်းယန်က ခေါင်းညိတ်ပြလိုက်လေ၏။
“ပြီးခဲ့တဲ့ တစ်ခါက ဆရာဝန်ချင် ဟွမ်မောင်ကို ကာကွယ်ဆေး လာထိုးပေးတုန်းက၊ ပုံမှန် သုံးလသားအရွယ် အရှေ့မြောက်ကျား တစ်ကောင်က အလေးချိန် နှစ်ဆယ့်ရှစ်ကတ်တီလောက် ရှိသင့်တယ်လို့ သူ ပြောခဲ့တယ်”
“ဒါပေမဲ့ ဟွမ်မောင်က အလေးချိန် နည်းနည်းပိုများနေတယ်၊ အခုတောင် အလေးချိန် လေးဆယ်ကတ်တီလောက် ရှိနေပြီ”
“မာရူးကိုကတော့ ဆယ့်နှစ်ကတ်တီလောက်ပဲ ရှိတာ”
“ကြောင်လေးတစ်ကောင်ရဲ့ အလေးချိန်နဲ့ ညီမျှတာပေါ့”
ဤရှင်းပြချက်ကို ကြားပြီးနောက် ဟယ်လင်က ပြုံးလျက်ပြောလိုက်လေ၏။
“ဒါကြောင့် ဟွမ်မောင်က မာရူကိုကို တစ်ချက်တည်းနဲ့ ပွေ့ချီနိုင်တာကိုး၊ ဟွမ်မောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဝလာရတာလဲ၊ သူ ပုံမှန်ဆို ဘာတွေစားလဲ”
“သူ့ရဲ့အလေးချိန် လွန်ကဲနေတာက ကျန်းမာရေးနဲ့ မညီညွတ်လို့ မဖြစ်နိုင်ဘူးလား”
မည်သို့ပင်ဆိုစေ ပုံမှန် ကျားပေါက်လေး တစ်ကောင်သည် သုံးလသားအရွယ်တွင် နှစ်ဆယ့်ရှစ်ကတ်တီသာ ရှိသော်လည်း ဟွမ်မောင်မှာ လေးဆယ်ကတ်တီပင် ရှိနေပြီ ဖြစ်သည်။
“ယာတောအိမ်ပိုင်ရှင်က ဟွမ်မောင်ကို အရမ်းကောင်းကောင်း မွေးထားတာ မဟုတ်ဘူးလား၊
အရင်က ဟွမ်မောင် နည်းနည်း ဝတုတ်တုတ် ဖြစ်နေတယ်လို့ ငါထင်ခဲ့ပေမဲ့ ငါ့ရဲ့ စိတ်ကူးယဉ်မှုလို့ပဲ ထင်ခဲ့တာ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ လေးဆယ်ကတ်တီ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“လေးဆယ်ကတ်တီဆိုတဲ့ သဘောက ဘာလဲ၊ ငါ့ရဲ့ အသက် ငါးနှစ်အရွယ် သားလေးကတောင် လေးဆယ်ကျင်းပဲ ရှိသေးတာ”
“အခုတလော သူဌေးလင်း ဟွမ်မောင်ကို ပွေ့ချီတာ သိပ်မတွေ့ရတာ မဆန်းတော့ဘူး၊ သူ မချီနိုင်တော့လို့ကိုး”
“ဟားဟားဟားဟား... သူ မချီနိုင်တာ မဟုတ်လောက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဟွမ်မောင်ရဲ့အလေးချိန်ကတော့ တကယ်ကို လေးနေပြီ”
ပြောဆိုခံနေရသော ဟွမ်မောင်မှာမူ လက်ရှိတွင် လိပ်ပြာများကို ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်လံ ဖမ်းဆီးနေပြီး ၎င်း၏ သွက်လက်မှုမှာ အလေးချိန်ကြောင့် အနည်းငယ်မျှပင် ထိခိုက်မှု မရှိပေ။
လင်းယန်က ရှင်းပြလေ၏။
“ဆရာဝန်ချင် ပြောတာတော့ သူ့ရဲ့ အလေးချိန်က ပြဿနာမဟုတ်ဘူးတဲ့၊ သူ့ခန္ဓာကိုယ်က အခု အရမ်းကျန်းမာနေတယ်၊
အလေးချိန် အတက်အကျ ကတ်တီနှစ်ဆယ်လောက်က ပုံမှန်လို့ သတ်မှတ်လို့ ရသေးတယ်တဲ့၊ အဓိကကတော့ ဟွမ်မောင်က တိရစ္ဆာန်ရုံမှာ ကြီးပြင်းလာတာ မဟုတ်ဘဲ တစ်နေကုန် တောရိုင်းထဲမှာ ရှိနေတာကိုး၊
တောရိုင်းတိရစ္ဆာန်တွေရဲ့ အားသာချက်က သူတို့ လှုပ်ရှားသွားလာဖို့ နေရာအလုံအလောက် ရှိတာပဲ၊ ဒါကြောင့် ပုံမှန်ထက် နည်းနည်း ပိုစားရင်လည်း ကိစ္စမရှိပါဘူး”
“ဒီကောင်လေးက တစ်နေ့ကို သုံးနပ် စားတာတောင် မလောက်သေးဘူးလို့ ထင်နေတုန်းပဲ”
ဟယ်လင် ဤစကားကို ကြားသောအခါ ရယ်မောလိုက်လေ၏။
“ဟားဟား၊ ဟွမ်မောင်က ဒီလောက် အစားမက်မှန်း ငါမသိခဲ့ဘူး”
သူတို့နှစ်ဦး စကားပြောနေစဉ် လင်းယန်သည် ပိန်းဥများ အားလုံးကို လှီးဖြတ်၍ ပြီးစီးသွားလေပြီ။
“ရှောင်လင်း၊ ပိန်းဥလှီးတဲ့အခါ ဘာလို့ လက်အိတ်စွပ်ထားရတာလဲ”
လင်းယန်က နားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေ၏။
“ဆရာဟယ်၊ ခင်ဗျား မသိဘူးလား၊ ပိန်းဥရဲ့မျက်နှာပြင်ကို တိုက်ရိုက်သွားထိလို့ မရဘူးလေ၊ မဟုတ်ရင် ယားယံလိမ့်မယ်”
ဟယ်လင်၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း အနည်းငယ် နေရခက်လာလေ၏။
“အဲဒီလိုမျိုး ရှိတာလား”
‘စောစောကတည်းက သိခဲ့ရင် ဒီမေးခွန်းကို ငါ မေးခဲ့မှာ မဟုတ်ဘူး၊ ဒါက ငါ့ကို အသိပညာ မရှိတဲ့သူ တစ်ယောက်လို ဖြစ်သွားစေတယ်'
အွန်လိုင်းအသုံးပြုသူများကလည်း ဟယ်လင်၏ အနေရခက်မှုကို မြင်တွေ့လိုက်ကြလေ၏။
“ဟားဟားဟားဟား၊ ဆရာဟယ်ရဲ့ အခြေခံ ဗဟုသုတက ဒီအခိုက်အတန့်မှာ အပြည့်အဝ ပေါ်လွင်နေပြီ”
“ကောင်းပါပြီ... ကောင်းပါပြီ... အားလုံးပဲ၊ ဆရာဟယ်မှာ အခြေခံဗဟုသုတ မရှိဘူးဆိုပြီး ရယ်မနေကြပါနဲ့တော့”
“အဲဒီလို မဖြစ်သင့်ဘူးလေ၊ ယုတ္တိကျကျ စဉ်းစားကြည့်ရင် ဆရာဟယ်က အပိုင်းတွေ အများကြီးမှာ ပါဝင်ဖူးတာကို၊ ဒီလောက် အခြေခံဗဟုသုတလေးကိုတောင် သူ ဘယ်လိုလုပ် မသိနိုင်ရတာလဲ”
“ဘယ်လောက်တောင် ပုံမှန်ဖြစ်လွန်းလဲဆိုရင်၊ ငါမှတ်မိသေးတယ် အပိုင်းငါး တုန်းက ဆရာဟယ်က ဟင်းနုနွယ်ရွက်ကို ရေနွေးဖျောရမယ်ဆိုတာကိုတောင် မသိဘူးလေ”
“ဘာ... ဟင်းနုနွယ်ရွက်ကို ရေနွေးဖျောရမယ် ဟုတ်လား”
နာရီဝက်ခန့် အကြာတွင် လင်းယန်သည် အိုးထဲမှ ဝက်သုံးထပ်သားချက်ကို ခူးထုတ်လိုက်လေ၏။
ခေတ္တမျှအတွင်း ခြံဝင်းတစ်ခုလုံးမှာ ဝက်သုံးထပ်သားချက်၏ မွှေးပျံ့သော ရနံ့ဖြင့် ပြည့်နှက်သွားလေသည်။
မာရူကိုနှင့် ဟွမ်မောင်တို့ နှစ်ဦးလုံးက တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြလေ၏။
မူလက အိပ်နေသော ပိုင်မောင်သည်လည်း အနံ့ခံလိုက်ပြီး မျက်လုံးများ ဖွင့်လာလေသည်။
ဝါးအိမ်ထဲရှိ ထွမ်ဇီတစ်ကောင်သာလျှင် တုန်လှုပ်မှုမရှိဘဲ နေနေလေ၏။
ခွေးကြီးက အရင်ဆုံး ပြေးလာလေသည်။
ဆရာဟယ်က ပြုံးလျက် နောက်ပြောင်လိုက်လေ၏။
“မင်းရဲ့ ဟတ်စကီးခွေးက တော်တော် အနံ့ခံကောင်းတာပဲ၊ အနံ့ကောင်းရတာနဲ့ သူ့ဘာသာသူ ရောက်လာတော့တာပဲ”
လင်းယန်က မတတ်သာသည့်မျက်နှာထားဖြင့် ပြန်ပြောလိုက်လေ၏။
“ထွက်သွား... ဒီနေ့ မင်းအတွက် ဝက်သုံးထပ်သားချက်မပါဘူး”
ခွေးကြီးသည် လင်းယန်၏ အနောက်မှ တကောက်ကောက် လိုက်နေပြီး တစ်ခုခု မရမချင်း ထွက်မသွားမည့် ပုံစံမျိုးကို ပြသနေလေ၏။
ဤခွေးကြီးက ဤမျှအထိ ဇွဲကောင်းလိမ့်မည်ဟု ဟယ်လင် မထင်မှတ်ထားခဲ့သဖြင့် အလွန်ထူးဆန်းသည်ဟု ထင်မြင်မိလေ၏။
“မင်းရဲ့ ဟတ်စကီးက တကယ်စားချင်နေတဲ့ပုံပဲ၊ သူ့ကို တစ်တုံးလောက် ကျွေးလိုက်ရင်ရော”
“သူ စားချင်လို့မဟုတ်ဘူး၊ တခြားတစ်ယောက်အတွက် တောင်းပေးနေတာ”
“ဟင်”
ယခုအခါ ဟယ်လင်အလှည့် ရောက်သွားပြီး နားမလည်နိုင်သော မျက်နှာအမူအရာကို ပြသလိုက်ပြန်လေ၏။
အတွင်းရေးများကို သိရှိသော ကြည့်ရှုသူများမှာမူ ရယ်မောနေကြလေပြီ။
“ဟတ်စကီး တစ်ကောင်မှာတောင် နတ်သမီးလေးတစ်ပါး ရှိနေပြီ၊ မင်းမှာတော့ မရှိသေးဘူး”
“သူက မပိုးနိုင်သေးဘူးလား”
“ခွေးကြီး - ဇနီးသည်ကို လိုက်လံ ပိုးပန်းရတဲ့ လမ်းခရီးက ရှည်လျားပြီး အဆုံးမရှိဘူးလေ”
“ခွေးတစ်ကောင်ကတောင် မိန်းမတွေကို ဘယ်လိုအလိုလိုက်ရမလဲဆိုတာ သိနေပြီ၊
မင်းတို့တွေလည်း နည်းနည်းလောက် သင်ယူကြပါဦး၊ ဘာလို့ လူပျိုကြီး ဖြစ်နေရတာလဲဆိုပြီး အမြဲတမ်း လာမညည်းတွားကြနဲ့၊
အကြောင်းရင်းကို မသိရင် ခွေးကြီး ဘာလုပ်နေလဲဆိုတာကိုသာ သွားကြည့်လိုက်”
“အို... ဘုရားရေ၊ ဒါက တကယ့်ကို အချစ်ရူးစစ်စစ်ကြီး မဟုတ်ဘူးလား”
“ငါတို့ရဲ့ ကြီးမြတ်တဲ့ ခွေးဘုရင်ကြီးကို မင်းက ဘယ်လိုတောင် ပြောရဲတာလဲ”