← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈)

လင်းယန်က ဤမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ မှေးကျဉ်းသွားလေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ လက်တွဲဖော်မှာ ဆရာဟယ် ဖြစ်နေပြီး ဟန်ရှင်းချန် ကဲ့သို့သော လူမျိုး မဟုတ်ပေ။ သို့မဟုတ်ပါက အခြားသူအား မည်သို့ ပြုမူနေထိုင်ရမည်ကို သူ သင်ပြပေးရမည်မှာ အသေအချာပင်။

အခြေခံကျသော လေးစားမှုကိုပင် နားမလည်သူတစ်ယောက်က မည်သို့များ ပွဲဦးထွက်လာခဲ့သနည်း။

သူတို့ နောက်ကွယ်က ကုမ္ပဏီကြောင့်လော။ သို့မဟုတ် သူတို့၏။ ရုပ်ရည်ကြောင့်များလော။

ရိုးရိုးသားသား ပြောရလျှင် လင်းယန်သည် ဖျော်ဖြေရေးလောကမှလူများနှင့် အဆက်အဆံ မရှိခဲ့ဖူးသော်လည်း တရုတ်ပြည်ရှိ ထိုကဲ့သို့ မိန်းမဆန်သော အမျိုးသားများကိုမူ အမှန်တကယ်ပင် သဘောမကျပေ။

သို့တိုင်အောင် ဤမိန်းမဆန်သော အမျိုးသားများသည် အမျိုးသမီးပရိသတ် အမြောက်အမြားကို အမြဲတစေ ဆွဲဆောင်နိုင်စွမ်း ရှိကြလေသည်။

သူတို့၏ ပရိသတ်များကို ရက်စက်စွာ အမြတ်ထုတ်နေကြခြင်းပင်။

ထိုအမျိုးသမီး ပရိသတ်များမှာလည်း မယုံနိုင်လောက်အောင် ပြင်းထန်သော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ လူအများစုမှာ သူတို့နှင့် ငြင်းခုံရန်ပင် မဝံ့ရဲကြပေ။

ဟန်ရှင်းချန်သည်လည်း ထိုကဲ့သို့ပင် ဖြစ်တန်ရာသည်။

သူက လီထင်ကို သနားကြင်နာသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ လီထင်သည်လည်း အတော်လေး အပြစ်ကင်းစင်သူဖြစ်ကြောင်း သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။

ထိုကဲ့သို့သော လက်တွဲဖော်မျိုးနှင့်ဆိုလျှင် သူမအနေဖြင့် လာမည့်လဝက်အတွင်း ပြိုလဲသွားမည်မဟုတ်လော။

ဆရာကျိုးကမူ ဟန်ရှင်းချန်၏ မျက်နှာအမူအရာကို ဂရုမစိုက်ပေ။

“ဇီယီတို့ကကော ဘာဟင်းတွေ ချက်ထားလဲ”

ဝမ်ဇီယီက ချိုသာစွာ ပြုံးလိုက်ပြီး အဖုံးကို ဖွင့်ပြလိုက်၏။

“ကျွန်မ ချက်တာ မဟုတ်ဘူး၊ အစ်ကိုဝူ ချက်တာပါ”

“အစ်ကိုဝူက ကျောင်းပြီးတော့ ဟိုတယ်မှာ မီးဖိုချောင် အကူအဖြစ် အလုပ်လုပ်ခဲ့ဖူးတယ်လို့ ပြောလို့ ဟင်းချက်တဲ့ တာဝန်ကို သူ့ကို လွှဲပေးလိုက်တာပါ”

သူမက ဟွမ်လဲ့နှင့် ဆရာဟယ်တို့ကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်သည်။

“ဆရာဟွမ်၊ ဒီတစ်ကြိမ်မှာတော့ ကျွန်မတို့အဖွဲ့ ချန်ပီယံ ဖြစ်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ထင်တယ်နော်”

ဟွမ်လဲ့က စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်သည်။

“အရင်က ဟိုတယ်မှာ မီးဖိုချောင် အကူအဖြစ် အလုပ်လုပ်ခဲ့တယ်လို့ တစ်ခါမှ မကြားမိပါဘူး”

ဝူအန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရင်း ဖြေလိုက်လေသည်။

“ကျွန်တော်က စားဖိုမှူးကြီး မဟုတ်တော့ ထုတ်ပြောဖို့ ရှက်နေတာပါ၊ ဒါပေမဲ့ ဆရာဟွမ်ရဲ့ ဟင်းချက်စွမ်းရည်ကိုတော့ သေချာပေါက် မယှဉ်နိုင်ပါဘူး”

လင်းယန်လည်း အနည်းငယ် အံ့အားသင့်သွားပြီး ဤအကြောင်းကို သူ မကြားခဲ့ဖူးပေ။ ရုပ်သံအစီအစဉ်အဖွဲ့မှ အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့သော သာမန်လူအနည်းငယ်မှာ သာမန်လူများ မဟုတ်ကြောင်း သိသာလှပေသည်။

ဝမ်တာ့လီ၏ လက်ရေးလှရေးသားခြင်းကို ယခင်က သူ မြင်ဖူးခဲ့ပြီး တကယ်ကို ကောင်းမွန်လှပေသည်။

ဝမ်ဇီယီနှင့် ဝူအန်းတို့ကို ခရမ်းသီးတစ်လုံးသာ ပေးထားသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူတို့၏ဟင်းပွဲများမှာလည်း ခရမ်းသီးနှပ်နှင့် မှိုကြော်ဟူ၍ အလွန်ပင် ရိုးရှင်းလှပေသည်။

အဖုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းက မှို၏ လတ်ဆတ်သော ရနံ့နှင့် ခရမ်းသီး၏ ထူးခြားသော ရနံ့ကို ရရှိလိုက်ကြလေသည်။

ဆရာကျိုးက အာမေဍိတ်သံဖြင့် ပြောလိုက်၏။

“ဒီဟင်းနှစ်ခွက်ရဲ့ အရသာအကြောင်းကို အခုလောလောဆယ် မပြောသေးဘူး၊ ဒါပေမဲ့ ပြင်ဆင်ထားပုံလေးကတင် လှပနေပြီ၊ ဟိုတယ်မှာ မီးဖိုချောင် အကူအဖြစ် အလုပ်လုပ်ဖူးသူဆိုတဲ့အတိုင်းပါပဲ”

“အရင်ဆုံး ခရမ်းသီးနှပ်ကို မြည်းကြည့်မယ်”

ဝူအန်းနှင့် ဝမ်ဇီယီတို့က ဆရာကျိုးကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေကြလေသည်။

ခဏအကြာတွင် ဆရာကျိုးက : “ခရမ်းသီးက ပြည့်ဝပြီး ချိုမြိန်တဲ့ အရသာရှိတယ်၊ အသားကလည်း နူးညံ့ပြီး ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်သွားတာပဲ၊ အနံ့အရသာ ထည့်တဲ့နေရာမှာ တော်တော်လေး စဉ်းစားထားပုံရတယ်၊ ငရုတ်သီး ထည့်ထားပေမယ့် ငရုတ်သီးရဲ့ အရသာက ခရမ်းသီးရဲ့ မူလအရသာကို ဖုံးလွှမ်းမသွားဘူး”

“ဒီခရမ်းသီးဟင်းနဲ့ ပတ်သက်ပြီး ငါ့ရဲ့ အကဲဖြတ်ချက်ကတော့ အရမ်းကောင်းတယ်”

မည်သည့်အမှတ်မျှ မပေးရသေးသော်လည်း ဤမျှမြင့်မားသော အကဲဖြတ်ချက်က ဝူအန်းနှင့် ဝမ်ဇီယီတို့ကို သက်ပြင်းချနိုင်စေခဲ့ပြီဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ယင်းက ဆရာဟယ်နှင့် လင်းယန်တို့မှအပ အခြားအဖွဲ့နှစ်ဖွဲ့ကို စိုးရိမ်ပူပန်စေခဲ့လေသည်။

လင်းယန်သည် သူ၏ ဟင်းချက်စွမ်းရည်အပေါ် လုံလောက်သော ယုံကြည်မှုရှိပြီး ဝက်သားနီနှပ်က ခရမ်းသီးနှပ်ကို ရှုံးနိမ့်မည်ဟု မထင်မှတ်ထားပေ။ ဆရာဟယ်ကလည်း လင်းယန် ချက်ပြုတ်ထားသည်များကို စားဖူးပြီးဖြစ်ရာ ဤကိစ္စအတွက် စိုးရိမ်နေရန် မလိုအပ်ပေ။

“ဒီအကဲဖြတ်ချက်က ငါတို့ရဲ့ ဇီယီလည်း ဒီနေ့ ပထမဆုရနိုင်တယ်လို့ ဆိုလိုတာလား”

“ဇီယီက ဟင်းချက်တဲ့နေရာမှာ သိပ်မကူညီနိုင်ခဲ့ပေမယ့် ခုတ်ထစ်ဆေးကြောတဲ့နေရာမှာတော့ လစ်လျူမရှုခဲ့ပါဘူး၊ လက်တစ်ချောင်းတောင် မလှုပ်တဲ့ တချို့လူတွေနဲ့ မတူဘဲ သူက ဒီအလုပ်တာဝန်တွေကို တကယ် အလေးအနက်ထား လုပ်ဆောင်နေတယ်ဆိုတာ တွေ့နိုင်တယ်”

“သဘောတူတယ်၊ ဇီယီက ပထမဆုရဖို့ ထိုက်တန်တယ်လို့ ထင်တယ်”

“ကဲပါ၊ ပထမဆုရရ၊ နောက်ဆုံးဆုရရ အရေးမကြီးပါဘူး၊ ငါတို့က ရုပ်သံအစီအစဉ်တွေကို ပျော်ဖို့အတွက် ကြည့်နေကြတာ မဟုတ်ဘူးလား၊ အဆင့်သတ်မှတ်ချက်ကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ”

ဆရာကျိုးက အခြားဟင်းတစ်ခွက်ဖြစ်သော မှိုကြော်ကို မြည်းစမ်းကြည့်ပြီး နောက်ဆုံးတွင် အမှတ်ပေးလိုက်လေသည်။

“ဒီဟင်းနှစ်ခွက်အတွက် ငါ့ရဲ့ အမှတ်ကတော့ ၈ မှတ်ပါ”

ဝမ်ဇီယီနှင့် ဝူအန်းတို့မှာ မအောင့်နိုင်ဘဲ အာမေဍိတ်သံဖြင့် ပြိုင်တူပြောလိုက်ကြ၏။

“၈ မှတ်တောင်!!!”

သူတို့က အစအဦးမှာပင် ဤမျှမြင့်မားသော အမှတ်ကို ရရှိခဲ့ကြလေပြီ။

နောက်ပိုင်းတွင် ကျော်တက်ခံရမည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။ နောက်ပိုင်းတွင် အခြားတစ်ယောက်က ၁၀ မှတ်ရရန်ဆိုသည်မှာ မဖြစ်နိုင်ဘူး မဟုတ်ပါလော။ ဝမ်ဇီယီသည် ဤအချီတွင် သူမ ပထမရပြီဖြစ်ကြောင်း အပြည့်အဝနီးပါး သေချာနေပြီဖြစ်လေသည်။

ကောဇီဖေး၏ အဖွဲ့ကမူ ရိုးရှင်းပြီး ဟန်မဆောင်သော ဟင်းတစ်ခွက်ဖြစ်သည့် ငရုတ်သီး ကြက်ဥမွှေကြော်ကို ချက်ပြုတ်ခဲ့ကြလေသည်။

သူတို့နှစ်ဦးက တောသလဲသီးများကိုသာ ခူးဆွတ်ခဲ့ကြသောကြောင့် အခြားမည်သည့်အရာကိုမျှ မကြော်နိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် ငရုတ်သီးကြက်ဥမွှေကြော်ကိုသာ ချက်ပြုတ်နိုင်ခဲ့ကြလေသည်။

အရသာမှာလည်း အတော်အသင့် ကောင်းမွန်လေသည်။

“ငရုတ်သီး ကြက်ဥမွှေကြော်၊ ၅ မှတ်”

အင်တာနက်သုံးစွဲသူများမှာ ရယ်မောလုမတတ် ဖြစ်သွားကြလေသည်။

“ဒီလောက် ရိုးရှင်းတဲ့ ငရုတ်သီး ကြက်ဥမွှေကြော်တောင် ဟန်ရှင်းချန်ရဲ့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်ထက် အမှတ်ပိုများနေသေးတယ်”

“ရိုးရိုးသားသား ပြောရရင် ဒီနှစ်ခုစလုံးက ရိုးရှင်းတဲ့ အိမ်စားဟင်းလျာတွေပါ၊ နှစ်ခုစလုံးက ကြက်ဥသုံးထားတာပဲ၊ ဟန်ရှင်းချန်တို့ အဖွဲ့က ခရမ်းချဉ်သီးတောင် ပါသေးတာကို ဘာလို့ အဲ့ဒီလိုဖြစ်သွားရတာလဲ”

“ကျေးဇူးပြုပြီး သူတို့ ဟင်းပွဲထဲမှာ ကြက်ဥတချို့တလေများ တွေ့မိသေးလားလို့ မေးပါရစေ၊ အားလုံးက ခရမ်းချဉ်သီးတွေချည်းပဲ မဟုတ်ဘူးလား”

“နင်တို့ အတိုက်အခံပရိသတ်တွေ အကန်းယုံပြီး ဝေဖန်နေတာကို ရပ်လို့ရမလား၊ ငါတို့ရဲ့ ရှင်းချန်က ဟင်းချက်နေတာမှ မဟုတ်တာ”

“ဟုတ်ပါ့၊ ဒီလောက် အမှတ်နည်းနည်းရတာ အဲ့ဒီမိန်းမ အပြစ်တွေချည်းပဲ”

“ကဲပါ၊ နင်တို့ရဲ့ ‘ကောကော’ ကရော ပိုဆိုးအောင် လုပ်ခဲ့တာ မဟုတ်ဘူးလား၊ သူသာ မပါရင် ခရမ်းချဉ်သီး ကြက်ဥမွှေကြော်က ဘယ်လိုလုပ်ပြီး ခရမ်းချဉ်သီး ခရမ်းချဉ်သီးမွှေကြော် ဖြစ်သွားမှာလဲ”

ရွှီလီမှာ အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။

ကောဇီဖေးကမူ အလွန်အကောင်းမြင်နေဆဲပင်။

“ရပါတယ်၊ ဟင်းချက်တာက ငါတို့ရဲ့ အားသာချက်မှ မဟုတ်တာ၊ နောက်ကျရင် သေချာပေါက် ပြန်လိုက်မီနိုင်မှာပါ”

ကောဇီဖေး၏ အားပေးစကားကို ကြားသောအခါ ရွှီလီ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး အပြုံးတစ်ခု ပြန်လည်ပေါ်ပေါက်လာသည်။

“အိုကေ”

ယခုအချိန်သည် လူတိုင်း မျှော်လင့်တကြီး စောင့်စားနေကြသော ဟွမ်လဲ့၏ ဟင်းပွဲများ အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။

“တာ့ဒါ၊ ငါတို့အဖွဲ့က ပဲတောင့်ကြော်နဲ့ ငါးနှပ်ချက်ထားတယ်”

ဆရာကျိုးက ကြည့်လိုက်ရင်း

“တော်တော်လေး ကောင်းမယ့်ပုံပဲ၊ မြည်းကြည့်လိုက်ဦးမယ်”

“ဒီပဲတောင့်တွေက နည်းနည်း ရင့်နေသလားလို့”

ဆရာကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး ပဲတောင့်ကို ပြန်ထွေးထုတ်လိုက်လေ၏။

“ဆရာဟွမ်၊ ဒီပဲတောင့်တွေက မကျက်သေးဘူးလား”

ဟွမ်လဲ့က ကျယ်လောင်စွာဖြင့်

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီပဲတောင့်တွေကို ကျွန်တော် မိနစ်နှစ်ဆယ် အပြည့် ပြုတ်ထားတာ၊ မကျက်ဘဲ နေပါ့မလား”

ဆရာကျိုးက မယုံကြည်ဘဲ နောက်တစ်တူ ညှပ်ယူလိုက်ပြီး အတန်ကြာ ဝါးနေလိုက်ရင်း ပြောလိုက်သည်။

“အွမ်း... ငါးနှပ်ကို ထပ်မြည်းကြည့်လိုက်ဦးမယ်”

“ဒီငါးနှပ်ရဲ့ အရသာက တော်တော်လေး ကောင်းတယ်၊ ဒါပေမဲ့ ပဲတောင့်ကတော့ ပြောရနည်းနည်း ခက်တယ်”

ဆရာကျိုး၏ ဆိုလိုရင်းကို မည်သူမဆို နားလည်နိုင်ပေသည်။

“ဟားဟားဟားဟားဟား၊ ဆရာကျိုးက ဆရာဟွမ် စိတ်ဆိုးသွားမှာကြောက်လို့ သိမ်သိမ်မွေ့မွေ့လေး ပြောနေတာလား”

“ဆရာဟွမ်ရဲ့ မျှော်လင့်တကြီးကြည့်နေတဲ့ မျက်နှာလေးကို ကြည့်ပါဦး”

“ဆရာဟွမ် ဟင်းချက်နေတုန်းက သူပြုတ်ထားတဲ့ ပဲတောင့်က အကောင်းဆုံးပဲလို့ ယုံကြည်မှုရှိရှိပြောခဲ့တာ၊ ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်တာ မဟုတ်ဘူးလား”

ဟွမ်လဲ့မှာ မျက်နှာပျက်ယွင်းသွားပြီး ဆရာကျိုးက ဤကဲ့သို့ အကဲဖြတ်မည်ဟု မယုံကြည်နိုင်ဖြစ်နေကာ သူကိုယ်တိုင် တစ်ဖတ် ယူစားလိုက်သည်။

“မဖြစ်နိုင်ပါဘူး၊ ငါမြည်းကြည့်မယ်”

“ဒါက တော်တော်လေး အရသာရှိတယ် မဟုတ်ဘူးလား”

သူက ဆရာဟယ်အတွက်ပင် အထူးတလည် တစ်ဖတ် ရွေးချယ်ပေးလိုက်၏။

“လာ၊ လာ၊ မင်း မြည်းကြည့်လိုက်စမ်းပါ”

စားပြီးသောအခါ ဆရာဟယ်၏မျက်နှာအမူအရာမှာ အနည်းငယ် ရှုံ့မဲ့သွားသော်လည်း ဟွမ်လဲ့၏အကြည့်အောက်တွင် အံကြိတ်ကာ ပြောလိုက်ရသည်။

“ဒီပဲတွေက ရင့်နေတယ်လို့ ဘယ်သူပြောလဲ၊ ဒီပဲတွေက အရမ်းကောင်းတယ်”

လင်းယန်က ဤမြင်ကွင်းကို မြင်သောအခါ ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။

ဆရာဟယ်၏ မျက်နှာပေါ်တွင် ဤကဲ့သို့ အတင်းအကျပ်ဟန်ဆောင်ထားသော အမူအရာမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင် ဖြစ်သည်။

ဆရာဟယ်သည် ဟွမ်လဲ့နှင့် သူ၏ခင်မင်ရင်းနှီးမှုကို အလွန်တန်ဖိုးထားဆဲဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဟွမ်လဲ့မှာမူ သတိမထားမိဘဲ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လာ၏။

“ဆရာဟယ်တောင် တော်တော်လေး ကောင်းတယ်လို့ ပြောတယ်လေ”

ဆရာကျိုးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“ဒါဆို ငါ့ရဲ့ အကဲဖြတ်ချက်က မမျှတဘူးလို့ ဘယ်သူမှ မပြောရအောင် အားလုံးပဲ မြည်းကြည့်ကြပါ”

လူတိုင်းက တစ်တူစာစီ မြည်းစမ်းကြည့်ပြီးနောက် ဟွမ်လဲ့ကို ကြည့်ရာတွင် သူတို့၏ မျက်နှာအမူအရာများမှာ အသီးသီးကွဲပြားသွားကြလေသည်။

ကောဇီဖေးက တိုက်ရိုက်ပင် ပြန်အန်ထုတ်လိုက်ကာ

“ဝေါ့”

“ဆရာဟွမ်၊ ဒီပဲတောင့်တွေက ဘာလို့ ဒီလောက်ထူးဆန်းနေရတာလဲ...”

လင်းယန်က မည်သည့်မှတ်ချက်မျှမပေးဘဲ ပန်းကန်ထဲမှ ပဲတောင့်တစ်တူစာကို တိတ်တဆိတ် ညှပ်ယူလိုက်ပြီး ခွေးကြီး၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်လေသည်။

ခွေးကြီးက ၎င်း၏ နှာခေါင်းဖြင့် နမ်းရှူကြည့်လိုက်ပြီးနောက် ရွံရှာဖွယ်အမူအရာဖြင့် မျက်နှာလွှဲသွားကာ ခြေဖဝါးကို အသုံးပြု၍ ပန်းကန်လုံးထဲမှ ပဲတောင့်များကို တွန်းထုတ်လိုက်လေသည်။

ထိုခဏတွင် လူတိုင်းမှာ ရယ်မောသွားကြလေတော့သည်။

ကောဇီဖေး : “ဟားဟားဟားဟားဟား၊ ဆရာဟွမ်၊ ဒီပဲတောင့်တွေထဲမှာ ဘာတွေပါလဲဆိုတာ ကျွန်တော်တို့ ပြောစရာမလိုတော့ဘူး မဟုတ်လား”

အင်တာနက်သုံးစွဲသူများကလည်း တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်ပေးလာကြလေသည်။

“သူဌေးလင်းက အရမ်းဖျော်ဖြေမှုပေးနိုင်တာပဲ”

“သူဌေးလင်းရဲ့လုပ်ရပ်က အစီအစဉ်ကို တိုက်ရိုက်ကြီး ဖျော်ဖြေမှု အပြည့်ဖြစ်သွားစေတယ်”

“ရယ်ရလွန်းလို့ သေတော့မယ်၊ ခွေးတောင် မစားဘူးဆိုတော့ ဘယ်လိုများ အရသာရှိတဲ့ အရာဖြစ်နေမလဲ”

“ခွေးကြီး - ရွံစရာကောင်းတဲ့ ဘယ်အရာကိုမဆို ငါ့ပန်းကန်လုံးထဲ လာပစ်ထည့်လို့ မရဘူးနော်”

“အရမ်းကို ပီပြင်ပြီး သရုပ်ပေါ်တဲ့ သရုပ်ဖော်မှုပါပဲ”

“ဟွမ်လဲ့တော့ ဒေါသထွက်တော့မယ်ထင်တယ်”

“ဒါက ရုပ်သံအစီအစဉ်အတွက် သက်သက်ပါပဲ၊ ဒေါသထွက်စရာ ဘာရှိလို့လဲ”

ဟွမ်လဲ့သည် အမှန်တကယ် ဒေါသထွက်နေခြင်းမဟုတ်ဘဲ မယုံကြည်နိုင်ရုံသာ ဖြစ်လေသည်။

“ငါ ထပ်မြည်းကြည့်မယ်”

ထို့ကြောင့် သူက ပန်းကန်ထဲရှိ ပဲတောင့်အများစုကို တစ်ယောက်တည်း စားပစ်လိုက်လေသည်။

စားပြီးသောအခါ သူ အနည်းငယ် ပျို့အန်ချင်သလိုခံစားလာရပြီး တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားလေသည်။

“နည်းနည်းတော့ မကျက်သေးဘူးထင်တယ်၊ မီးအပူချိန် မလုံလောက်လို့နေမှာပါ”

ဆရာကျိုးက အမှတ်ပေးလိုက်လေသည်။

“ငါးနှပ်ကို ထည့်သွင်းစဉ်းစားပြီး ၅ မှတ် ပေးမယ်”

ကောဇီဖေးက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေလေ၏။

“ဒါက ငါတို့ရဲ့ ငရုတ်သီး ကြက်ဥမွှေကြော်နဲ့ အမှတ်အတူတူပဲ မဟုတ်လား”

ဟွမ်လဲ့မှာ ငိုချင်လျက်လက်တို့ ဖြစ်နေလေသည်။

“ငါ့ရဲ့ ငါးနှပ်က ငါးမှတ်ပဲ တန်တယ်ပေါ့လေ”

ဟင်းချက်ရာတွင် အမြဲတမ်းတော်ခဲ့သော သူသည် ဤရုပ်သံအစီအစဉ်အပိုင်းတွင် လုံးဝကို ဂုဏ်သိက္ခာကျဆင်းသွားခဲ့လေပြီ။

ကောဇီဖေးကမူ ယင်းကို အလွန်ကောင်းမွန်နေပြီဟု ခံစားနေရလေသည်။

“ဘာလို့ ၅ မှတ် ‘တည်း’ လို့ ပြောရတာလဲ၊ ရှင်းချန်ရဲ့ ၃ မှတ်ထက် ပိုကောင်းနေသေးတယ် မဟုတ်ဘူးလား”

All Chapters