အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉)
သူ ဤသို့ ပြောနေစဉ် ဟန်ရှင်းချန်၏ မျက်နှာမှာ အနည်းငယ် ပို၍ မည်းမှောင်သွားသည်ကိုမူ သူ လုံးဝ သတိမထားမိခဲ့ပေ။
ဆရာကျိုး၏ အကြည့်များက သူ ကြာမြင့်စွာကတည်းက တပ်မက်နေခဲ့သော ဝက်သားနီနှပ်ပေါ်သို့ ကျရောက်သွားလေသည်။
သူ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကတည်းက ထိုရနံ့က သူ့ကို အသိစိတ်လွတ်မတတ် ဖြစ်စေခဲ့သည်။ သို့သော်လည်း ရုပ်သံအစီအစဉ်အတွက် သူက ဤဟင်းပွဲကို နောက်ဆုံးမှ မြည်းစမ်းရန် ရွေးချယ်ခဲ့ခြင်းပင်။
“ဆရာဟယ်တို့အဖွဲ့က ဝက်သားနီနှပ်နဲ့ တောဟင်းမွှေးဥကြော် ချက်ထားတယ်၊ ပြောရရင် ငါက တောဟင်းမွှေးဥကို အရင်က တစ်ခါမှ မစားဖူးဘူး၊ တောဟင်းမွှေးဥနဲ့ သာမန်ဟင်းမွှေးဥတို့ရဲ့ အသားက ဘယ်လိုကွာခြားမလဲဆိုတာ သိချင်မိတယ်၊ ဒီနေ့တော့ စမ်းစားကြည့်ဖို့အခွင့်ကောင်းပဲ”
အင်တာနက်သုံးစွဲသူများမှာမူ အလွန်ပင် မနာလိုဖြစ်နေကြလေသည်။
“သူဌေးလင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတဲ့အချိန်တိုင်း အစားအသောက်ဘလော့ကို ကြည့်ရသလို ခံစားရတယ်”
“ငါ အစားချင်ဆုံးက သူဌေးလင်း ချက်ထားတဲ့ ဝက်သားနီနှပ် မဟုတ်ဘူး၊ သူ အရင်က ချက်ထားတဲ့ ဝက်ခြေထောက်နှပ်ပဲ”
“ဝမ်ဇီယီတို့က ဒီလောက် အမှတ်များများ ရထားပြီးပြီဆိုတော့ ဝက်သားနီနှပ်က အရသာရှိအောင် ချက်ထားရင်တောင် သူတို့ကို ကျော်တက်ဖို့က မဖြစ်နိုင်ဘူးလို့ထင်တာပဲနော်”
ဆရာကျိုးက တစ်ဖတ်စားကြည့်လိုက်ပြီး အချိန်အတော်ကြာသည်အထိ အသိစိတ် ပြန်မဝင်လာသေးပေ။
ထိုအခါ ဆရာဟယ်က မနေနိုင်တော့ဘဲ ၀င်ပြောလိုက်သည်။
“စားပဲစားနေပြီး စကားမပြောဘူးဆိုတာ ဘာသဘောလဲ၊ ရှောင်လင်းရဲ့ ဟင်းပွဲက အရမ်းကောင်းလွန်းလို့ ငါတောင် ပြောစရာစကားမရှိဘူး၊ ကြယ်ငါးပွင့်အဆင့် စားဖိုမှူးတွေတောင် သူ့စွမ်းရည်ကို မယှဉ်နိုင်ဘူး၊ မြန်မြန် အမှတ်ပေးလေ”
ဆရာကျိုးမှာ အားမရနိုင်သေးဘဲ တူဖြင့် နောက်တစ်ဖတ်ထပ်ယူစားလိုက်ပြီးမှ တူကို ချထားလိုက်သည်။
“ဒီဝက်သားနီနှပ်က တော်တော်လေးကို ထူးခြားတယ်၊ အဆီပါတယ်ဆိုပေမယ့် အီမနေဘူး၊ ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်သွားတယ်၊ နူးညံ့ပြီးအရည်ရွှမ်းနေတာပဲ”
“လောလောဆယ်တော့ ငါ အမှတ်မပေးချင်သေးဘူး၊ ဘယ်လိုချက်ထားလဲဆိုတာကို အရင်မေးချင်တယ်”
“အင်တာနက်သုံးစွဲသူတွေလည်း ဒီမေးခွန်းကို တော်တော်လေး သိချင်နေကြမယ်လို့ ငါယုံကြည်တယ်နော်”
ဖန်သားပြင်ရှေ့မှ ကြည့်ရှုနေကြသော အင်တာနက်သုံးစွဲသူများမှာ တံတွေးများပင် မြိုချနေရလေသည်။
“မေးချင်နေတာ ကြာပြီ၊ သူ ဘယ်လိုချက်လဲဆိုတာကို ကိုယ်တိုင်ကြည့်ခဲ့ရပေမယ့် အသေးစိတ်ချက်နည်းကိုတော့ လိုချင်သေးတာပဲ”
“အားလုံးပဲ မှတ်စုကူးကြဟေ့”
လင်းယန် : “တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ အိမ်မှာလည်း ချက်စားလို့ ရပါတယ်၊ အသားဝယ်တဲ့အခါ အဆီနဲ့ အသား အချိုးအစား ညီမျှပြီး အသားနူးညံ့တဲ့ ဝက်သားသုံးထပ်သားကို ရွေးဖို့ သတိရပါ၊
ဝက်သားသုံးထပ်သားရဲ့ အဆီနဲ့ အသား အချိုးအစားက အကြမ်းဖျင်းအားဖြင့် အဆီ သုံးဆ၊ အသား နှစ်ဆပါ၊
ဒီအချိုးအစားက ချက်ပြုတ်တဲ့အချိန်မှာ အနံ့အရသာတွေကို အပြည့်အဝ စုပ်ယူနိုင်စေပြီး အသားကို နူးညံ့ပြီး အရည်ရွှမ်းနေစေပါတယ်”
“ပြီးတော့ ဝက်သားသုံးထပ်သားကို မချက်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုပါတယ်၊ ကျွန်တော်ကတော့ များသောအားဖြင့် ရေအေးထဲမှာ နာရီဝက်လောက် စိမ်ထားလေ့ရှိတယ်၊ ဒါက ဝက်သားရဲ့ ညှီနံ့ကို ဖယ်ရှားပေးနိုင်ပြီး အရသာကို ပိုကောင်းစေတယ်”
“ဒါမှမဟုတ် ရေနွေးဖျောတာ ဒါမှမဟုတ် ရေအေးနဲ့ ဆေးချတာကိုလည်း ရွေးချယ်နိုင်ပါတယ်”
“ဝက်သားနီနှပ် ချက်တဲ့နေရာမှာ အရေးအကြီးဆုံးက အနံ့အရသာ ထည့်သွင်းခြင်းပါပဲ၊ ဒါက ဟင်းတစ်ခွက်လုံးရဲ့ ဝိညာဉ်လည်း ဖြစ်တယ်၊
ကျွန်တော်ကတော့ များသောအားဖြင့် ပဲငံပြာရည်အကြည် နှစ်ဇွန်း၊ ပဲငံပြာရည်အနောက် တစ်ဇွန်း၊ သကြားဖြူ ဇွန်းဝက်၊ ဆား နှစ်ဇွန်းနဲ့ ကြက်သားမှုန့် တစ်ဇွန်းကို အသုံးပြုလေ့ရှိတယ်”
“ဒီအခြေခံ ဟင်းခတ်အမွှေးအကြိုင်တွေအပြင် အနံ့ပိုမွှေးလာအောင် နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်နဲ့ ကရဝေးရွက်လို ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း ထည့်နိုင်တယ်”
“ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အချိုးအစားက ဝက်သားနီနှပ် အောင်မြင်ဖို့အတွက် သော့ချက်ပါပဲ၊ အပေါ်က ကျွန်တော် ပြောခဲ့တဲ့ အချိုးအစားတွေက ဒီနေ့ ကျွန်တော် သုံးခဲ့တာတွေပါ၊
လက်တွေ့ အခြေအနေပေါ် မူတည်ပြီး ချိန်ညှိနိုင်တယ်၊ ပဲငံပြာရည်အကြည်နဲ့ ပဲငံပြာရည်အနောက် အချိုးအစားက ၂ အချိုး ၁ ပါ”
ဤမေးခွန်းကို ဆရာကျိုးက မေးမြန်းခဲ့ခြင်းဖြစ်သောကြောင့် လင်းယန်က အသေးစိတ်ဖြေကြားပေးခဲ့လေသည်။
အင်တာနက်သုံးစွဲသူ အများအပြားက ဤအဆင့်များကို သူတို့၏ မှတ်စုစာအုပ်များထဲတွင် မှတ်တမ်းတင်ထားကြလေသည်။
“နောက်ဆုံးတော့ ဝက်သားနီနှပ်ရဲ့ လျှို့ဝှက်ချက်နည်းကို ရပြီ၊ ဆရာကျိုးက တခြားဟင်းတွေရဲ့ လျှို့ဝှက်ချက်နည်းတွေကိုပါ ရအောင်ကူညီတောင်းပေးရင် သိပ်ကောင်းမှာပဲ”
“အလေ့အကျင့်က စုံလင်မှုကို ဖြစ်စေတာပဲ၊ ဒီည ဒီချက်နည်းအတိုင်း ဝက်သားနီနှပ် ချက်စားကြည့်ဦးမယ်”
ဆရာကျိုးမှာ လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။
“အသေးစိတ်ချက်နည်းအတွက် ကျေးဇူးတင်ပါတယ် ရှောင်လင်း၊ အိမ်ပြန်ရောက်ရင် ငါ့မိန်းမကိုလည်း စမ်းချက်ကြည့်ခိုင်းဦးမယ်”
“ဒီတောဟင်းမွှေးဥရဲ့ အရသာကလည်း တော်တော်လေး ကောင်းတယ်၊ သာမန်ဟင်းမွှေးဥထက် ပိုပြီးတော့ ကြွပ်ရွပြီး ချိုတယ်”
“ရိုးရိုးသားသား ပြောရရင် ရှောင်လင်းရဲ့ ဟင်းချက်စွမ်းရည်က ငါ့ကို အကြိမ်ကြိမ် အံ့သြသဘောကျစေခဲ့တာ အမှန်ပါပဲ၊ ၁၀ မှတ်ပေးဖို့တောင် နည်းနေသေးသလို ခံစားရတယ်”
“ဒါပေမဲ့ အမှတ်ပြည့်က ၁၀ မှတ်ဆိုတော့ ငါ ၁၀ မှတ်ပဲ ပေးဖို့ ရွေးချယ်လိုက်တယ်”
ဤအမှတ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆရာဟယ်နှင့် လင်းယန်တို့မှအပ လူအများစုမှာ အံ့အားသင့်သွားကြလေသည်။
ဟွမ်လဲ့၏ မျက်နှာမှာ မချိုမချဉ် ဖြစ်သွားသည်။
“ဒီလောက် အရသာရှိတဲ့ အရာကို ငါလည်း မြည်းကြည့်ရမယ်”
ပါးစပ်ထဲတွင် ဝက်သားနီနှပ် တစ်တုံးနှင့်အတူ ဟွမ်လဲ့မှာ ရုတ်တရက် အစားမြန်လာပြီး မပီမသ ရေရွတ်လိုက်၏။
“အရမ်းကောင်းတယ်... အရမ်းကောင်းတယ်...”
ဤမြင်ကွင်းကို မြင်သောအခါ ကောဇီဖေးက သူ့တူကို မည်သို့ ဆက်လက်၍ ထိန်းချုပ်ထားနိုင်ပါမည်နည်း။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်တာ့လီပင် တူဖြင့် တစ်တုံးကို စမ်းသပ် ယူစားကြည့်လေသည်။
လင်းယန်မှာ ဝက်သားနီနှပ်အိုးကြီးတစ်လုံး ချက်ပြုတ်ရန် အလွန် ကြိုးစားခဲ့ရပြီး သူကိုယ်တိုင် တစ်လုတ်သာ စားလိုက်ရလေသည်။ ဤလူများက ပန်းကန်ပြောင်သည်အထိ လျှာဖြင့်လျက်ချင်နေကြသည်။
လင်းယန်က ဟာသလုပ်၍ ပြောလိုက်၏။
“ခင်ဗျားတို့ စားနေပုံနဲ့ဆိုရင် ကျွန်တော့်ကို ပန်းကန်ဆေးခွင့်ပေးဖို့ အစီအစဉ်မရှိဘူးမဟုတ်လား”
ကောဇီဖေးက ညည်းတွားလိုက်လေသည်။
“ခင်ဗျားတို့က ဘာလို့ လုနေကြတာလဲ၊ ကျွန်တော် အများကြီးတောင် မစားလိုက်ရဘူး”
“လူကြီးသူမတွေကို လေးစားပြီး ကလေးသူငယ်တွေကို ချစ်ခင်ကြင်နာရမယ်လေ၊ ဒီမှာ ကျွန်တော်က အငယ်ဆုံးပဲ၊ ကျွန်တော့်ကို နည်းနည်းလောက် စားခွင့်မပေးနိုင်ဘူးလား”
အရေးကြီးသော အချိန်တွင် သူက ကိုယ်ကျင့်တရားအရ ဖိအားပေးမှုကို အသုံးပြုလိုက်လေသည်။
ဟွမ်လဲ့က သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်ယ
“ယောင်လို့တောင် မစမ်းနဲ့ သကောင့်သားလေး၊ မင်းက အကြံအစည်အများဆုံးဆိုတာ ငါမသိဘူးမထင်နဲ့”
ကောဇီဖေးက နှုတ်ခမ်းကို သပ်လိုက်ရင်း ထပ်လိုချင်သေးသည့်ပုံစံဖြင့် ရေရွတ်လိုက်သည်။
“အစ်ကိုလင်း၊ အစ်ကိုက ဒီလောက် အရသာရှိအောင် ချက်တတ်မှန်းသိရင် အစ်ကို့အဖွဲ့ထဲ ထည့်ပေးဖို့ ဒါရိုက်တာကို ကျွန်တော်တောင်းဆိုခဲ့မှာပဲ”
အခြားသူများက ဆရာဟယ်ကို မနာလိုစွာ ကြည့်လိုက်ကြလေသည်။
“ဆရာဟယ်၊ ဘယ်လိုလုပ်ပြီး ဒီလောက်ကံကောင်းရတာလဲ”
“ပထမအလုပ်တာဝန်ကို လွယ်လွယ်ကူကူ အနိုင်ရခဲ့သလို ဒုတိယအလုပ်တာဝန်ကိုလည်း လွယ်လွယ်ကူကူ ဆက်ပြီးအနိုင်ရနိုင်တာပဲ”
“ဒါရိုက်တာ၊ ဆရာဟယ်ကို ဒီလောက်အစွမ်းထက်တဲ့ လက်တွဲဖော် ပေးလိုက်တာ ကျွန်တော်တို့အတွက် မတရားဘူးနော်”
ဆရာကျိုးကမူ ဝင်မပါဘဲနေလိုက်သည်ယ
“အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး၊ မင်းတို့ရဲ့ လက်တွဲဖော်တွေကို မဲနှိုက်ပြီး ရွေးချယ်ခဲ့ကြတာလေ၊ သာမန်လူငါးယောက်က ဘာတွေကျွမ်းကျင်လဲဆိုတာ ငါတို့ အစီအစဉ်အဖွဲ့လည်း မသိခဲ့ဘူး”
“ကဲပါ၊ အခု အဆင့်သတ်မှတ်ချက်တွေကို ငါကြေညာမယ်”
“ပထမနေရာကတော့ ဆရာဟယ်နဲ့ လင်းယန်တို့ အဖွဲ့ဖြစ်ပြီး ၁၀ မှတ် ရပါတယ်”
“ဒုတိယနေရာကတော့ ဝမ်ဇီယီနဲ့ ဝူအန်းတို့ အဖွဲ့ဖြစ်ပြီး ၈ မှတ် ရပါတယ်”
“သလဲသီးအဖွဲ့နဲ့ ဆရာဟွမ်တို့ အဖွဲ့က တတိယနေရာမှာ ပူးတွဲရပ်တည်နေပြီး ၅ မှတ်စီ ရပါတယ်”
“ကြယ်ပွင့်အဖွဲ့ကတော့ ပိုကြိုးစားဖို့ လိုပါမယ်၊ ဒီတစ်ကြိမ်မှာလည်း သူတို့က နောက်ဆုံးနေရာမှာပဲ ရှိနေပြီး ၃ မှတ် ရပါတယ်”
“ခုနက ငါကြေညာခဲ့တဲ့ အမှတ်တွေက မင်းတို့ရဲ့ အဆင့်သတ်မှတ်ချက်တွေဖြစ်သလို မင်းတို့ ရရှိမယ့် အမှတ်တွေလည်း ဖြစ်ပါတယ်”
“ကြယ်ပွင့်အဖွဲ့က ငါ့ဆီကနေ အမှတ်နှစ်မှတ်ကို ကြိုတင်ယူထားပြီးဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာ တစ်မှတ်ပဲ ရပါလိမ့်မယ်”
လီထင်က ဤစကားကို ကြားသောအခါ သူမ၏ကမ္ဘာကြီး ပြိုလဲသွားသလို ခံစားလိုက်ရလေသည်။
သူတို့မှာ အချိန်အတော်ကြာအောင် အလုပ်များနေခဲ့သော်လည်း နောက်ဆုံးတွင် တစ်မှတ်သာ ရရှိခဲ့လေသည်။ လင်းယန်သည်လည်း ဒုတိယအလုပ်တာဝန်မှ ၁၀ မှတ် တိုက်ရိုက်ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဆရာဟယ်မှာ အလွန်ပျော်ရွှင်နေသဖြင့် ထိုနေရာတွင်ပင် သီချင်းတစ်ပုဒ် ဆိုချင်စိတ်ပေါက်သွားလေသည်။
“ငါတို့အဖွဲ့ ဒီကနေ့ ဒီလိုအောင်မြင်မှုမျိုး ရရှိခဲ့တာ ပထမဆုံးနဲ့ အရေးအကြီးဆုံးအနေနဲ့ ရှောင်လင်းကို ကျေးဇူးတင်ရမယ်”
“အခြေအနေကသာ ခွင့်မပြုလို့၊ မဟုတ်ရင် ငါ ရှောင်လင်းအတွက် ဗြောက်အိုးတွေတောင် ဖောက်ပေးလိုက်ဦးမယ်”
လင်းယန်မှာ ရယ်ရခက် ငိုရခက်ဖြစ်သွား၏။
“အဲ့ဒါက အရမ်းပိုလွန်းနေပြီ ဆရာဟယ်”
“ကျွန်တော်တို့တွေ နည်းနည်း ပိုပြီး နှိမ့်ချနေသင့်တယ်”
တစ်ချိန်တည်းမှာပင် သူက ဆရာကျိုးကို ကြည့်လိုက်လေသည်။
“ဒီနေ့ ကျွန်တော်တို့အတွက် တခြားအလုပ်တာဝန်တွေ ရှိသေးလား”
ဆရာကျိုးက ခေါင်းယမ်းလိုက်လေ၏။
“ဒီနေ့အတွက် အလုပ်တာဝန်တွေက ဒီနှစ်ခုပါပဲ၊ ကောင်းကောင်း အနားယူပြီး မနက်ဖြန် အလုပ်တာဝန်တွေအတွက် ပြင်ဆင်ကြပါ”
“သတိပေးချင်တာလေးတစ်ခုက မနက်ဖြန် အလုပ်တာဝန်တွေက တော်တော်လေး ပင်ပန်းလိမ့်မယ်၊ ဒါကြောင့် ဒီည စောစောအိပ်ဖို့ ကြိုးစားကြပါ”
“အခုချိန်ကစပြီး မင်းတို့ ကြိုက်တာလုပ်လို့ရပါပြီ၊ အစီအစဉ်အဖွဲ့က ဝင်မစွက်ဖက်ပါဘူး”
ဆရာကျိုးက စကားပြောဆိုပြီးနောက် ကင်မရာမန်းနှင့်အတူ ထွက်ခွာသွားလေသည်။
အခြားသူများမှာ လင်းယန်၏ ခြံဝင်းငယ်လေးထဲတွင်သာ ကျန်ရစ်ခဲ့ကြလေသည်။
ဆရာကျိုး၏ စကားများက သူတို့ကို မကောင်းသော ခံစားမှုတစ်ခု ပေးစွမ်းခဲ့လေသည်။
“အစီအစဉ်အဖွဲ့က ငါတို့ကို ကာယလုပ်အားတွေ လုပ်ခိုင်းမှာတော့မဟုတ်ပါဘူးနော်”
ဟန်ရှင်းချန်က အရင်ဆုံး မေးလိုက်လေသည်။
ဟွမ်လဲ့က ဂရုမစိုက်ဟန် အမူအရာဖြင့် ပြောလိုက်သည်။
“အဲ့ဒါက ဘာများ ဆိုးလို့လဲ၊ လွန်ခဲ့တဲ့ အချိန်အတော်ကြာက ငါနဲ့ ဆရာဟယ်ဆိုရင် အစီအစဉ်အဖွဲ့က ပေးတဲ့ အလုပ်တာဝန်တွေကို ပြီးမြောက်ဖို့ မိုးကာအင်္ကျီတွေ ဝတ်ပြီး မိုးထဲရေထဲမှာ သစ်သီးတွေ ခူးခဲ့ရတာ”
ဆရာဟယ်သည် တစ်ခုခုကို သတိရသွားပုံရကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ၀င်ပြောလာသည်။
“အဲ့ဒီမြင်ကွင်းကို မင်းတို့ လုံးဝ စိတ်ကူးကြည့်လို့ရမှာ မဟုတ်ဘူး၊ အဲ့ဒီအပိုင်းမှာဆိုရင် ငါတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေက သစ်သီးစိုက်တောင်သူတွေ ဖြစ်သွားသလိုပဲ”
အခြားသူများမှာ သိပ်နားမလည်နိုင်ကြပေ။
လင်းယန် တစ်ယောက်သာ ယင်းက မည်မျှပင်ပန်းကြောင်းကို သိရှိလေသည်။
“သစ်သီးစိုက်တောင်သူဖြစ်ရတာ အရမ်းပင်ပန်းတယ်၊ နေ့တိုင်း ခြံအပြင်ဘက်မှာ စောင့်နေရပြီး အမြဲတမ်း စိုးရိမ်ပူပန်နေရတယ်၊
ဒီနှစ် အထွက်နှုန်း ကောင်းပါ့မလား၊ မိုးရွာသွန်းမှု လုံလောက်ရဲ့လား၊ သစ်သီးတွေ မှည့်ရဲ့လား ဆိုတာတွေကိုတင် စိုးရိမ်နေရတာ မဟုတ်ဘူးနော်”
“တိုတိုပြောရရင် စိုးရိမ်စရာတွေ အများကြီးပဲ”
ဆရာဟယ်က လင်းယန်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ သူနှင့် ထပ်တူခံစားနိုင်သူတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ရေရွတ်နေလေသည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့ဒီမတိုင်ခင်ကဆို ဆရာဟွမ်နဲ့ ငါ သစ်သီးစိုက်တောင်သူတွေ ဒီလောက်ဖိအားကြီးကြီး ခံစားရတယ်လို့ တစ်ခါမှမတွေးဖူးဘူး”
ဝမ်ဇီယီက စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။
“ကျွန်မ ခုနက ဝင်လာကတည်းက ရှောင်လင်းက ဘာလို့နိုင်ငံတော်က ကာကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေကို အိမ်မှာ ဒီလောက်အများကြီး မွေးထားရတာလဲလို့ မေးချင်နေတာ”
“အဲဒါက တရားဝင်ရဲ့လား”