← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀)

လင်းယန်က ပြုံးလိုက်၏။

“ကျွန်တော့်မှာ တရားဝင် ယာယီမွေးမြူခွင့် လက်မှတ်တွေ ရှိပါတယ်”

ဝမ်ဇီယီမှာ အလွန်ပင် ထူးဆန်းနေသဖြင့် ထပ်မံရေရွတ်လိုက်ပြန်သည်။

“ရိုးရိုးသားသား ပြောရရင် လူတစ်ယောက်ရဲ့ အိမ်မှာ တောရိုင်းတိရစ္ဆာန်တွေကို ဒီလောက်အများကြီး တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ”

“ဒီအစီအစဉ်မှာ အနိုင်ရဖို့ စည်းကမ်းချက်က ဘယ်သူ ငွေပိုရှာနိုင်လဲဆိုတာအပေါ် မူတည်တယ်လို့ ကြားတယ်၊ ရှင်က တိရစ္ဆာန်ရုံ ဖွင့်ထားတာလား”

လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။

“ကျွန်တော်က ယာတောအိမ်လေး ဖွင့်ထားတာပါ၊ ဒါပေမဲ့ တရားဝင် မဖွင့်ရသေးလို့ အွန်လိုင်းကနေ စိုက်ပျိုးရေးထွက်ကုန် တချို့တလေကိုပဲ ရောင်းချနိုင်ပါသေးတယ်”

ဝမ်ဇီယီက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဆို ရှင့်ရဲ့ ယာတောအိမ်ကို တရားဝင် ဖွင့်လှစ်တဲ့အခါ ကျွန်မ လာပြီး အနားယူခံစားလို့ ရမလား”

လင်းယန်၏ ခြံဝင်းငယ်လေးကဲ့သို့သော ကျေးလက်ဒေသတွင် နေထိုင်ရခြင်းမှာ အလွန်ပင် သာယာကြည်နူးဖွယ် ကောင်းမည်ဟု သူမ ခံစားနေမိသည်။

ထို့အပြင် ဤတောရိုင်းတိရစ္ဆာန်များမှာလည်း အလွန် သိမ်မွေ့ယဉ်ကျေးပုံပေါ်လေသည်။ သူတို့က လူများကို အန္တရာယ်ပြုမည့် ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိပုံမပေါ်ပေ။

လင်းယန်က အလွန်တက်ကြွစွာဖြင့် တုံ့ပြန်လိုက်သည်။

“သေချာပေါက် ရတာပေါ့၊ ခင်ဗျား လာမယ်ဆိုရင် တစ်ဝက်ဈေးနဲ့ ပေးမယ်”

လူတိုင်းက လင်းယန်၏ အနီးတွင် စုဝေးနေကြသည်ကို မြင်သောအခါ လီထင်နှင့် ဝမ်တာ့လီတို့မှာ အလိုမကျဆုံး ဖြစ်နေကြလေ၏။

ကင်မရာများက သူမ၏ ရှေ့တွင် ရှိနေသေးသောကြောင့်သာ လီထင်သည် အပြုံးရိပ်လေးတစ်ခုကို မနည်းထိန်းသိမ်းထားရလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် လင်းယန်၏ ခြံဝင်းအတွင်း၌ အချိန်ကြာမြင့်စွာ မနေထိုင်ခဲ့ကြပေ။ ဆယ်မိနစ်ခန့် အကြာတွင် လူတိုင်း မိမိတို့၏ အိမ်များဆီသို့ အသီးသီး ပြန်သွားခဲ့ကြလေသည်။

ဟယ်လင်က အကြောဆန့်ရင်း သမ်းဝေလိုက်၏။

“ဒီနေ့ အရမ်းစောစောထထားရတော့ နည်းနည်း အိပ်ချင်နေပြီ၊ အခုက နေ့လယ်စာစားချိန်ဆိုတော့ ခဏလောက် အနားယူချင်လား”

“ခဏလောက် အိပ်လိုက်မယ်၊ အိပ်တာထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး”

သူတို့နှစ်ဦးစလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားကြလေသည်။

သို့သော် သူတို့၏ နောက်ကျောဘက်ရှိ တောင်တန်းများပေါ်တွင်မူ အမျိုးသားလုံခြုံရေးဌာနက လျှို့ဝှက်စွာ လှုပ်ရှားနေခဲ့လေသည်။ ဤစစ်ဆင်ရေးကို ရှောင်ကျန်းယွမ်က ဦးဆောင်နေခြင်းပင် ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က လင်းယန်၏ ကျေးလက်ခြံဝင်းအတွင်း၌ သိမ်းငှက်အဖြစ် အသွင်ယူထားသော ဒရုန်းတစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သူတို့သည် သူလျှိုများကို ဖမ်းဆီးရန် အပြည့်အဝ စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ကြလေသည်။

သတင်းကောင်းမှာ သူတို့ကို အချိန်အတော်ကြာ လိုက်လံရှာဖွေပြီးနောက် နောက်ဆုံးတွင် သူလျှိုများ၏ ခြေရာများကို တွေ့ရှိခဲ့ရခြင်းပင်။

သို့သော်လည်း ထိုသူလျှိုများသည် ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်ကို အလွန် ရင်းနှီးကျွမ်းဝင်နေပုံ ရလေသည်။

ရှောင်ကျန်းယွမ်က အဖွဲ့ငယ်လေးတစ်ခုကို ဦးဆောင်ကာ အလျှော့မပေးဘဲ လိုက်လံဖမ်းဆီးနေသော်လည်း ရန်သူများမှာ ဤတောင်တန်းများအတွင်း၌ ပုန်းအောင်းနေဆဲပင် ဖြစ်သည်။

ရန်သူများ၏ ရည်ရွယ်ချက်မှာလည်း ထင်ရှားလှပေသည်၊ သူတို့သည် ဤတောင်တန်းများကို ဖြတ်ကျော်ကာ နိုင်ငံနယ်နိမိတ်အတွင်းမှ ထွက်ခွာသွားရန် ရည်ရွယ်ထားကြခြင်းဖြစ်လေသည်။

သို့သော် အမျိုးသားလုံခြုံရေးဌာန၏ အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ကပ္ပတိန်ရှောင်က သူတို့ကို မည်သို့များ အလိုလိုက် ခွင့်ပြုနိုင်မည်နည်း။

“ဒီဖမ်းဆီးရေး စစ်ဆင်ရေးက သေချာပေါက် အောင်မြင်ရမယ်၊ မကျရှုံးစေရဘူး”

“ဟုတ်ကဲ့ပါ ကပ္ပတိန်ရှောင်”

ကောင်းကင်ယံတွင် သူတို့ကို အနီးကပ်စောင့်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေကြောင်းကိုမူ သူတို့ သတိမထားမိခဲ့ကြပေ။ ဤမျက်လုံးများသည် ရွှေလင်းယုန်တစ်ကောင်၏ မျက်လုံးများပင် ဖြစ်လေသည်။

ယင်းသည် ဘဲငန်းဖြူကြီးနှင့်အတူ ဟန်နီဘက်ဂျာကို လမ်းလျှောက်ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဟန်နီဘက်ဂျာမှာ တောင်တန်းများအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားခဲ့လေသည်။

ဘဲငန်းဖြူကြီးမှာ အလျှော့မပေးဘဲ လိုက်လံဖမ်းဆီးခဲ့သော်လည်း နောက်ဆုံးတွင် မမီနိုင်တော့သည့်အခါမှသာ ဟန်နီဘက်ဂျာကို ကောင်းကင်ယံမှနေ၍ စောင့်ကြည့်ပေးရန် ၎င်း၏အစ်ကိုကြီးကို အကူအညီ တောင်းခံခဲ့ရလေသည်။

မူလက လင်းယန်၏ ခြံဝင်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဟန်နီဘက်ဂျာမှာ ထွက်ပြေးရန် တွေးတောခဲ့ဖူးလေသည်။ သို့သော် ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် ထွက်ပြေးရခြင်းမှာ သူ၏ကိုယ်ရည်ကိုယ်သွေးနှင့် မကိုက်ညီဟုလည်း ခံစားနေခဲ့ရသည်။

ထို့ကြောင့် ၎င်းသည် မထွက်ခွာမီ ကလဲ့စားချေရန် အလိုရှိခဲ့သည်။ လင်းယန်ကို မယှဉ်နိုင်သောကြောင့် တိတ်တဆိတ် ကောက်ကျစ်သော လှည့်ကွက်အချို့ကိုသာ အသုံးပြုနိုင်ခဲ့လေသည်။

ရန်သူ၏ အစားအစာများကို စားသောက်ပြစ်ခြင်းက ကလဲ့စားချေရန် နည်းလမ်းကောင်းတစ်ခုဟု ၎င်းက ယူဆခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရန်သူကလည်း ၎င်းကို ထွက်ပြေးရန် အခွင့်အရေးပေးခဲ့သဖြင့် တွင်းတူးရန် ဦးနှောက်ခြောက်ခံနေစရာ မလိုတော့ပေ။

အခုမှ မပြေးရင် ဘယ်တော့ ပြေးရတော့မည်နည်း။

ငပိန်းဘဲငန်းဖြူကြီးကိုမူ ၎င်းက အမြင်အာရုံထဲပင် ထည့်မထားခဲ့ပေ။ ဘဲငန်းဖြူကြီး တစ်ကောင်အနေဖြင့် ၎င်းကို မည်သို့လုပ်၍ လိုက်မီနိုင်မည်နည်း။ ဟန်နီဘက်ဂျာကြီး ပြန်လည် လွတ်လပ်သွားခဲ့လေပြီ။

ယနေ့ ဤတောင်တန်းများမှာ အထူးတလည် စည်ကားနေလေသည်။ အမျိုးသားလုံခြုံရေးဌာနအပြင် အခြားသော အဖွဲ့တစ်ဖွဲ့လည်း ရှိနေသေးလေသည်။

လူငါးဦးပါဝင်သော ဤအဖွဲ့ငယ်လေးမှာ အလျင်စလို ပြေးလွှားနေကြပြီး ရံဖန်ရံခါတွင် ထိတ်လန့်နေသော အမူအရာများဖြင့် နောက်သို့ လှည့်ကြည့်နေကြလေသည်။ သူတို့သည် တစ်စုံတစ်ခုက သူတို့ကို လိုက်လံဖမ်းဆီးနေမည်ကို ကြောက်ရွံ့နေသည့်ပုံ ပေါက်နေလေသည်။

“ကျစ်၊ သူတို့ ငါတို့ကို ဘယ်လိုများ ရှာတွေ့သွားလဲဆိုတာ တကယ် နားမလည်နိုင်တော့ဘူး”

“ညည်းတွားမနေဘဲ မြန်မြန်လုပ်စမ်းပါ၊ အဲ့ဒီလူတွေက အရမ်းပါးနပ်တယ်၊ သူတို့သာ ငါတို့ကို ဖမ်းမိသွားရင် တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး”

“ငါ တကယ်ကို ဆက်မလျှောက်နိုင်တော့ဘူး၊ ခဏလောက် အနားယူလို့ရမလား”

“မင်း သေနတ်ပစ်ခံရချင်ရင် ဒီမှာ ကျန်ခဲ့လို့ရတယ်”

သူတို့အနည်းငယ်မှာ ပင်ပန်းနွမ်းနယ်လွန်းသဖြင့် ချွေးများ ရွှဲရွှဲစိုနေသော်လည်း ရပ်တန့်ရန် မဝံ့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သာ ရပ်တန့်လိုက်ပါက တစ်ဘဝလုံး ဤနေရာတွင်သာ အဆုံးသတ်သွားရမည်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ ဤတောင်တန်းများကို ဖြတ်ကျော်သွားနိုင်သရွေ့ တစ်ဖက်တွင် သူတို့ကို လာရောက်ကြိုဆိုမည့်သူ ရှိနေမည် ဖြစ်လေသည်။ ဤကဲ့သို့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော ဘဝမျိုးတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။

“နေဦး၊ ငါ တစ်ခုခုကို တက်နင်းမိသွားသလိုပဲ”

အရှေ့ဆုံးမှ လျှောက်နေသူက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခြေထောက်အောက်သို့ ငုံ့ကြည့်လိုက်လေသည်။

သစ်ရွက်များကြားတွင် ပုန်းကွယ်နေသော ဟန်နီဘက်ဂျာကို သူ တိုက်ဆိုင်စွာပင် မြင်တွေ့လိုက်ရလေသည်။ ဟန်နီဘက်ဂျာမှာမူ သူ၏ လွတ်လပ်ရေးခရီးလမ်းတွင်ပင် လူတစ်ယောက်က ပြဿနာလာရှာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဒေါသတကြီး ဖြစ်နေလေသည်။

ထိုလူသားမှလွဲ၍ မည်သူကမျှ ၎င်းကို ဤကဲ့သို့ ပြုမူရန် မဝံ့ရဲခဲ့ပေ။ ထိုအမျိုးသားမှာ ခဏတာမျှ တုံ့ပြန်မှုမပေးနိုင်ဘဲ တစ်စုံတစ်ခုကို တိုက်ရိုက်ပင် နင်းထားမိလျက် ရေရွတ်လိုက်၏။

“ဒီကောင်က ဘာလို့ ဒီလောက် ရုပ်ဆိုးနေရတာလဲ”

ဤစကားကို ကြားပြီးနောက် ဟန်နီဘက်ဂျာ၏ဒေါသမီးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ သူ့ကို တက်နင်းမိသည်က တစ်ပိုင်း၊ ထို့အပြင် ရုပ်ဆိုးသည်ဟုပါ ခေါ်ဆိုလိုက်သေးသည်မဟုတ်လော။

လူသားများက ‘ပညာရှိတစ်ယောက်ကို သတ်သာသတ်လိုက်ပါ၊ စော်ကားမှုတော့ မခံနိုင်ဘူး’ ဟု ပြောလေ့ရှိကြသည် မဟုတ်လော။ ဤသည်မှာ ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင်။

သူ့နောက်မှ ခေါင်းနှစ်လုံးက ငုံ့ကြည့်လာကြပြီး မေးလိုက်လေသည်။

“ဒါက တောရိုင်းတိရစ္ဆာန် တစ်မျိုးမျိုးများ ဖြစ်နေမလား”

ဟန်နီဘက်ဂျာကို တက်နင်းထားသော အရပ်ရှည်ရှည် အမျိုးသားက သူ့ခြေထောက်ကို ဖယ်ရှားလိုက်ကာ

“ထားလိုက်ပါ၊ တောရိုင်းတိရစ္ဆာန်ပဲဖြစ်ဖြစ် ‌အူ‌ကြောင်ကြောင်တိရစ္ဆာန်ပဲဖြစ်ဖြစ် ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ အခုချိန်မှာ ထွက်ပြေးဖို့က အဓိကပဲ”

ဟန်နီဘက်ဂျာမှာ အကြီးအကျယ် ဒေါသထွက်သွားလေပြီ။

‘သူ့ကို တက်နင်း စော်ကားခဲ့ပြီးမှ ဒီအတိုင်း လှည့်ထွက်သွားချင်နေသေးတယ်ပေါ့လေ'

‘လောကကြီးမှာ ဒီလောက်လွယ်ကူတဲ့ ကိစ္စမျိုး ဘယ်မှာရှိပါ့မလဲ’

ဟန်နီဘက်ဂျာက ခုန်တက်လိုက်ပြီး အရပ်ရှည်ရှည် အမျိုးသား၏ ခြေထောက်ကို အပြင်းအထန် ကိုက်ချလိုက်လေသည်။

“အား”

ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ အော်ဟစ်သံကြီးက တောတောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေခဲ့သည်။ ဤအသံကို ကြားသောအခါ သူ့နောက်ရှိ အမျိုးသားနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြလေသည်။

နှစ်ဦးစလုံးက အရပ်ရှည်ရှည် အမျိုးသား၏ပါးစပ်ကို အမြန်ပိတ်ဆို့ရန် ပြေးသွားကြလေသည်။

“မအော်နဲ့လေ ညီအစ်ကိုရာ”

“မင်းအော်ရင် သူတို့ ရောက်လာလိမ့်မယ်၊ ငါတို့ရဲ့ တည်နေရာကို ဖော်ပြနေသလို ဖြစ်မနေဘူးလား”

အရပ်ရှည်ရှည် အမျိုးသားမှာ နာကျင်လွန်းသဖြင့် သတိလစ်မတတ် ဖြစ်နေလေသည်။ သူတို့၏ စကားကို ကြားသောအခါ အသံမထွက်စေရန် သူ၏ အောက်နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားလိုက်လေသည်။

သို့သော် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ဟန်နီဘက်ဂျာက သူ၏ အသားတစ်တစ်ကို ကိုက်ဖြတ်သွားခဲ့ကြောင်း တွေ့လိုက်ရလေသည်။ နေရာတွင်ပင် သတိလစ်မေ့မြောသွားရန်သာ သူ ဆန္ဒရှိနေမိတော့သည်။

အခြား အမျိုးသားနှစ်ဦးသည်လည်း ဤမြင်ကွင်းကို မြင်သောအခါ ကြက်သီးမွေးညင်းများ ထသွားကြပြီး အကိုက်ခံရသူမှာ သူတို့မဟုတ်သည့်အတွက် စိတ်ထဲမှ ကြိတ်၍ ကံကောင်းသည်ဟု မှတ်ယူလိုက်ကြလေသည်။

“ဒါ ဘာအကောင်လဲဆိုတာ ငါသိပြီ ထင်တယ်၊ ဒါ ဟန်နီဘက်ဂျာ မဟုတ်ဘူးလား၊ ဟန်နီဘက်ဂျာ ဆိုတာ ‘မြက်ခင်းပြင် အရှင်သခင်’ လို့လည်း ခေါ်ကြတယ်လေ၊ သူက ဘာလို့ ဒီမှာ ရောက်နေရတာလဲ၊ ငါမှတ်မိသလောက် တရုတ်ပြည်မှာ ဒီလိုအကောင်မျိုး မရှိပါဘူးနော်”

အရပ်ရှည်ရှည် အမျိုးသားက မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။

“သူလည်း နယ်စပ်ဖြတ်ကျော်လာတာ နေမှာပေါ့”

“မင်းတို့ နှစ်ယောက် ဒီလိုအချိန်မျိုးမှာ ဒါကို ဆွေးနွေးမနေလို့ ရမလား၊ ငါ့ခြေထောက် လှုပ်လို့မရတော့ဘူး၊ ငါ့ကို တွဲထူပေးကြပါဦး”

သူ၏ ညာဘက်ခြေထောက်မှာ ယခုအချိန်မှစ၍ ဒုက္ခိတဖြစ်သွားနိုင်ခြေရှိကြောင်း သူ အပြင်းအထန် ကြိုတင်ခံစားနေရလေသည်။ မထင်မှတ်ဘဲ အရင်က ထောက်လှမ်းရေးသတင်းများ ခိုးယူစဉ်က ဘာမှမဖြစ်ခဲ့ဘဲ ယခုမှ ဟန်နီဘက်ဂျာ၏ အကိုက်ခံလိုက်ရသည်။

ဟန်နီဘက်ဂျာမှာ ၎င်း၏ ပါးစပ်ထဲမှ သွေးအရသာကို ခံစားလိုက်ရသော်လည်း သူ့ရင်ထဲမှ ဒေါသမီးကိုမူ မငြိမ်းသတ်နိုင်သေးပေ။

အရပ်ရှည်ရှည် အမျိုးသားအား အခြားနှစ်ဦးက တွဲကာ ထော့နင်းထော့နင်းဖြင့် ပြေးလွှားသွားသည်ကို ကြည့်ရင်း ဟန်နီဘက်ဂျာက နောက်မှနေ၍ အလျှော့မပေးဘဲ လိုက်လံနှောင့်ယှက်လေတော့သည်။

အရပ်ရှည်ရှည် အမျိုးသားမှာ ငိုချင်သော်ငြာူ မျက်ရည်မထွက်ဖြစ်နေသည်။

“မင်းက ဘာလို့ ငါ့တစ်ယောက်တည်းကိုပဲ လိုက်နေရတာလဲ”

သူ၏ အပေါင်းအပါက ကြင်နာစွာဖြင့် သတိပေးလာသည်။

“ငါ အရင်က သက်ဆိုင်ရာ မှတ်တမ်းတစ်ခုကို ဖတ်ဖူးတယ် ထင်တယ်၊ ဟန်နီဘက်ဂျာတွေက အထူးသဖြင့် ကလဲ့စားချေတတ်ကြတယ်တဲ့၊

မင်း ခုနက သူ့ကို တက်နင်းခဲ့တယ်လေ၊ သူက မင်းကို တစ်သက်တာ ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ ထင်တယ်”

ဤစကားကို ကြားသောအခါ အရပ်ရှည်ရှည် အမျိုးသား၏ မျက်လုံးများမှာ ပြာဝေသွားလေတော့သည်။

“ငါ တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး၊ ငါ မင်းကို တောင်းပန်ပါတယ်လို့ ပြောလို့မရဘူးလား၊ ဘိုးဘေးကြီးရာ ကျေးဇူးပြုပြီး ငါ့ကို ဆက်မလိုက်ပါနဲ့တော့၊

မင်း ငါ့ရဲ့ ခြေသလုံးသား တစ်ဖတ်ကိုတောင် ကိုက်ဖြတ်ပြီးသွားပြီလေ၊ ဘာတွေများ လိုချင်နေသေးလို့လဲ”

မကြာမီတွင်ပင် ဟန်နီဘက်ဂျာက သူဘာလိုချင်သလဲဆိုသည်ကို လုပ်ရပ်များဖြင့် ပြသလိုက်လေသည်။ ထိုအမျိုးသားမှာ သူ၏ တင်ပါးကို ဖုံးအုပ်ကာ အောိဟစ်လိုက်ရလေတော့သည်။

ဤတစ်ကြိမ်တွင်မူ သူ့အပေါင်းအပါများက သူ၏ပါးစပ်ကို ပိတ်ဆို့ရန်ပင် အချိန်မရလိုက်ပေ။ ထိုလူငါးဦး၏ အနောက်တွင် ကျန်ရစ်နေခဲ့သော အမျိုးသားလုံခြုံရေးဌာနမှ လူများကလည်း ထိုဆူညံသံကို ကြားလိုက်ကြလေသည်။

ရှောင်ကျန်းယွမ်က သူ၏ လက်ကို မြှောက်လိုက်ကာ ပြောလာ၏။

“ခဏနေဦး၊ ထူးဆန်းတဲ့ အသံတစ်ခု ကြားလိုက်ကြလား”

“အော်ဟစ်သံနဲ့ တူတယ် ကပ္ပတိန်”

ရှောင်ကျန်းယွမ် : “ဘယ်ဘက်ကို သွားမယ်၊ အသံက ဘယ်ဘက်က လာနေတာ”

အမျိုးသားလုံခြုံရေးအဖွဲ့သည် အသံထွက်ပေါ်ရာဆီသို့ လျင်မြန်စွာ ပြေးသွားကြလေသည်။

ခြေထောက်နှင့် တင်ပါးကိုအကိုက်ခံထားရသော အရပ်ရှည်ရှည် အမျိုးသားမှာ လုံးဝကို သွားလာနိုင်စွမ်း ဆုံးရှုံးသွားခဲ့လေပြီ။

သူ၏ အခြားသော အပေါင်းအပါလေးဦးမှာ သူ့ကို ထိုနေရာတွင်သာ ထားရစ်ခဲ့ရန် စဉ်းစားနေကြလေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ ဒဏ်ရာရနေသူတစ်ဦးကို သယ်ဆောင်သွားပါက နောက်မှလိုက်နေသော သူများကို သူတို့ သေချာပေါက် ဖယ်ရှားနိုင်မည် မဟုတ်ပေ။

အရပ်ရှည်ရှည် အမျိုးသားကလည်း သူတို့ ဘာတွေးနေကြသလဲဆိုတာကို သိရှိလေသည်။ သူက အမျိုးသားတစ်ဦး၏ ခြေထောက်ကို အသည်းအသန်ဖက်ထားပြီး လွှတ်မပေးရန် ငြင်းဆန်နေလေသည်။

“ငါတို့ ဒီတာဝန်ကို အတူတူ ထွက်လာခဲ့ကြတာ၊ မင်းတို့ ငါ့ကို ဒီမှာ ထားခဲ့ရဲရင် မင်းတို့နောင်တရအောင် လုပ်ပြမယ်”

ရှောင်ကျန်းယွမ် ရောက်ရှိလာချိန်တွင် ဤမြင်ကွင်းကို တိုက်ဆိုင်စွာပင် မြင်တွေ့လိုက်ရသည်။

“ဘယ်သူက ဘယ်သူ့ကို နောင်တရအောင် လုပ်ပြမှာလဲ”

“အားလုံးကို ဖမ်းချုပ်လိုက်”

အရပ်ရှည်ရှည်အမျိုးသား၏ အပေါင်းအပါက သူ့မျက်နှာကို ကန်ကျောက်ကာ ထွက်ပြေးလေတော့သည်။ အခြားသုံးဦးသည်လည်း ထိုနည်းတူပင် ပြုလုပ်ခဲ့ကြသည်။

သို့သော် သူတို့အားလုံးမှာ အမျိုးသားလုံခြုံရေးဌာနမှ ဝန်ထမ်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေတော့၏။

All Chapters