အခန်း ၁၉၁
Vol. 20 Ch. 191
🍅 Chapter 191
မကြာမီမှာပင် သပ်ရပ်လှပစွာ ထွင်းထုထားသော ပြတင်းပေါက်ပုံစံများဖြင့် အလှဆင်ထားသည့် မြင်းလှည်းတစ်စီးက အိမ်ရှေ့တွင်လာရပ်လေ၏။
ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
သူဌေးလျို မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် လိုက်ကာကိုလှန်ကာ ဇနီးဖြစ်သူကို တွဲ၍ ဆင်းစေလိုက်သည်။
ဝူယွီလန်ကို မြင်သောအခါ သူတို့နှစ်ဦး လက်ချင်းချိတ်ကာ လျှောက်လာကြ၏။
သူဌေးလျို လက်ချင်းယှက်ကာ ပြောလိုက်လေ၏။
“သမားတော်ဝူ၊ အိမ်သစ်တက်ပွဲအတွက် ဂုဏ်ယူပါတယ်၊ သမားတော်ဝူရဲ့ အိမ်သစ်ကြီး ပြီးစီးသွားတာနဲ့ အိမ်ပြောင်းတဲ့ကိစ္စကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့က သေးငယ်တဲ့လက်ဆောင်လေးတစ်ခု သီးသန့်ပြင်ဆင်လာခဲ့ပါတယ်”
ဘေးတွင်ရပ်နေသော သူဌေးကတော်လျိုလည်း ခေါင်းညိတ်ပြကာ ပြုံးရွှင်စွာဖြင့် ထောက်ခံလိုက်၏။
“ဂုဏ်ယူပါတယ် သမားတော်ဝူ”
အိမ်တော်ထိန်းလျိုကမူ လက်အောက်ငယ်သားများအား လက်ဆောင်ပစ္စည်းများ တစ်ခုချင်းစီ ယူဆောင်လာရန် အမိန့်ပေးလိုက်သည်။
အပြာနှင့်အဖြူရောင် ကြွေပန်းအိုး တစ်စုံ၊ ပန်းသီးပန်းအိုး နှစ်အိုး၊ အရည်အသွေးမြင့် ပိုးထည်နှစ်လိပ်နှင့် သီးသန့်လက်ဆောင် ငွေချောင်းငါးဆယ်တို့ဖြစ်သည်။
စုန့်ကျစ်ရှုမှာ လက်ဆောင်ဘူးပေါ်တွင် သေသပ်စွာ စီထားသော ငွေများကို ကြည့်ရင်း လုံးဝကို မှင်သက်သွားရလေတော့၏။
သမားတော်လီ သူ့မိခင်အား ဤမျှလောက် မျက်နှာသာပေးသည်မှာပင် လုံလောက်လှပြီဟု သူက တွေးထင်ထားခဲ့၏။
သို့သော် သူ၏အလုပ်ရှင်ဟောင်းဖြစ်သော သူဌေးလျိုကပါ သူ့မိခင်အား ဤမျှအထိ မျက်နှာသာပေးလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထို့အပြင် သူဌေးလျိုနှင့် သူ့ဇနီးတို့က သူ့မိခင်အပေါ် မည်မျှအထိ ရိုသေလေးစားကြောင်းကို မြင်တွေ့ရသောအခါ၊
ထို့ဖြစ်ရပ်နှင့်အတူ သူ့မိခင်က မည်မျှတည်ငြိမ်အေးဆေးစွာ တုံ့ပြန်နေသည်ကို မြင်တွေ့ရသောအခါ သူ့မိခင်မှာ အမှန်တကယ်ပင် သာမန်လူတစ်ယောက် မဟုတ်ကြောင်းကို သူ ကောင်းကောင်းကြီး သဘောပေါက်သွားလေတော့သည်။
ယခင်က သူ လျိုမိသားစုထံသို့ ရောင်းစားခံခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည်တွေးတောမိသောအခါ စုန့်ကျစ်ရှုက အရာတစ်ခုကို သဘောပေါက်သွား၏။
သို့သော် ထူးဆန်းသည်မှာ သူ့ရင်ထဲတွင် မည်သည့်နာကြည်းမှုမျှ မရှိနေခဲ့ခြင်းပင်။
ယင်းအစား ထိုအချိန်က မိခင်ဖြစ်သူ၏စကားကို နားထောင်ကာ လျိုအိမ်တော်တွင် သူ့စိတ်နေစိတ်ထားကို သေချာပြုပြင်ပြောင်းလဲနိုင်ခဲ့သည့်အတွက် အနည်းငယ်ကံကောင်းသည်ဟုပင် ခံစားနေမိ၏။
မဟုတ်ပါက ယခုအချိန်အထိ တစ်နေကုန် အပျော်အပါးလိုက်စားရုံသာသိသော လူမိုက်တစ်ယောက်အဖြစ် ဆက်လက်ရှိနေမည်သာ ဖြစ်သည်။
ထိုကဲ့သို့သော ဘဝမျိုးဖြင့် ဆက်လက်ရှင်သန်နေမည်ဆိုပါက မည်သို့သောအကျိုးဆက်များအား ရင်ဆိုင်ရမည်ဆိုသည်ကိုလည်း တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။
ထိုအချိန်က သူ့အပေါ် မိခင်ဖြစ်သူ၏ပြုမူဆက်ဆံပုံကို ပြန်လည်တွေးတောမိသောအခါ စုန့်ကျစ်ရှုရင်ထဲတွင် ရုတ်တရက် ထိတ်လန့်သွား၏။
အကယ်၍ သူသာ ပြောင်းလဲခြင်းမရှိခဲ့ပါက သူ့မိခင် သူ့အား တကယ်ပင် စွန့်ပစ်သွားလိမ့်မည်ဖြစ်ကြောင်းကို သူ ခံစားသိရှိနိုင်ပေသည်။
ထိုအချက်ကို သဘောပေါက်သွားသောအခါ စုန့်ကျစ်ရှုမှာ အနည်းငယ်ပင် ကြောက်ရွံ့သွားမိ၏။
သူ မိခင်၏စကားကို သေချာနားထောင်ခဲ့သောကြောင့်သာ မိခင်ဖြစ်သူက သူ့ကို ပြန်လည်လက်ခံခဲ့ခြင်းဖြစ်နိုင်သည်ဟု တွေးကာ အလွန်ပင် ကျေးဇူးတင်နေမိသည်။
သူ လက်ထဲရှိ စာရေးစုတ်တံကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး နောင်တွင် မိခင်ဖြစ်သူအပေါ် ယခင်ကထက် နှစ်ဆပိုကျေးဇူးဆပ်ကာ မိခင်ဖြစ်သူက သူ့ကို ပိုချစ်ခင်လာစေရန် ကြိုးစားမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်လေ၏။
ဝူယွီလန်မှာတော့ စုန့်ကျစ်ရှု၏ တ်တွင်းအပြောင်းအလဲများကို လုံးဝသိရှိမနေခဲ့ချေ။
အကယ်၍ သူမသာ သိရှိခဲ့ပါက “နင် တကယ်ကို လိမ္မာတဲ့ ကလေးပဲ” ဟု သေချာပေါက် ရေရွတ်မိမည်သာ။
ဧည့်သည်များမှာ တစ်ဖွဲဖွဲရောက်ရှိလာကြ၏။
မကြာမီမှာပင် သခင်လေးမုချန်ကျွင်းက ချင်းဖုန်း၊ ချင်းယွီတို့နှင့်အတူ ရောက်ရှိလာသည်။
သူက မည်သည့်အိမ်သစ်တက်လက်ဆောင်မှ ယူဆောင်လာခြင်း မရှိဘဲ ရိုးရှင်းသော သေတ္တာလေးတစ်လုံးကိုသာ ကိုင်ဆောင်လာခဲ့၏။
“အဒေါ်ဝူ၊ အိမ်သစ်တက်ပွဲအတွက် ဂုဏ်ယူပါတယ်၊ ကျွန်တော်က နည်းနည်းတုံးတော့ ဘာလက်ဆောင် ရွေးရမလဲဆိုတာ မသိတာနဲ့ လက်ဆောင်ငွေကိုပဲ ပြင်ဆင်လာခဲ့ပါတယ်၊ အဒေါ်ဝူ ကြိုက်နှစ်သက်ရာကိုသာ ကိုယ်တိုင် သွားဝယ်လိုက်ပါ”
သခင်လေးမုချန်ကျွင်းက စကားပြောရင်း ချင်းယွီအား ရှေ့သို့တက်လာရန် အချက်ပြလိုက်သည်။
ချင်းယွီ သေတ္တာလေးကို ကိုင်ကာ ရှေ့သို့တက်လာပြီးနောက် လူအုပ်ကြီး၏အကြည့်များကို သူ့ခန္ဓာကိုယ်ဖြင့် ကွယ်ထားကာ လက်ထဲရှိသေတ္တာကို ဖွင့်ပြလိုက်၏။
သေတ္တာအတွင်း၌ သေသပ်စွာ စီထားသော ရွှေတုံးများရှိနေပြီး စုစုပေါင်း ဆယ်တုံးတိတိဖြစ်သည်။
ဤကဲ့သို့သော လက်ဆောင်မျိုးကို မည်သူက မနှစ်သက်ဘဲနေမည်နည်း။
“ရောက်လာတာနဲ့တင် ရပါပြီ၊ ဘာလို့ လက်ဆောင်တွေ ယူလာရသေးတာလဲ”
ဝူယွီလန် သေတ္တာကို အလျင်အမြန်ပင် ယူဆောင်လိုက်ပြီး သူမ နှုတ်ခမ်းထောင့်များကမူ ဖုံးကွယ်၍မရနိုင်သော အပြုံးများဖြင့် ကွေးညွတ်သွားလေ၏။
တစ်ဆယ်သား ရွှေတုံး ဆယ်တုံးဆိုသည်မှာ ငွေချောင်းတစ်ထောင်နှင့် ညီမျှသည်မဟုတ်ပါလား။
‘ငွေချောင်းတစ်ထောင်၊ ဒီကောင်လေးက တကယ်ရက်ရောတာပဲ၊ တကယ် ရက်ရောတာပဲ'
“အထဲကိုဝင်ပါဦး၊ ဒီနေ့ အဒေါ်ဝူ မင်းအတွက် အရက်ကောင်းတွေ ပြင်ဆင်ထားတယ်၊ သေချာပေါက် အများကြီးသောက်ရမယ်နော်”
“ကျေးဇူးတင်ပါတယ် အဒေါ်၊ ကျွန်တော် သေချာပေါက် မမူးမချင်းသောက်ပါ့မယ်”
သခင်လေးမုချန်ကျွင်း အိမ်ထဲသို့ဝင်ရန် ပြင်လိုက်ချိန်တွင် မျက်လုံးထောင့်မှနေ၍ ကျန်းချင်းဟန်၏မြင်းလှည်း ရောက်ရှိလာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။
သူမ၏အနောက်တွင် မြင်းလှည်းအစီးရေ အတော်များများပါဝင်လာသည်ကို မြင်သောအခါ သူ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်၏။
“ရှို့ယွင်၊ နင့်အမေ ရောက်လာပြီ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လီရှို့ယွင် အားနန်လေးကို အမြန်ပွေ့ချီကာ အပြင်သို့ သွားရောက်ကြိုဆိုလိုက်၏။
ကျန်းချင်းဟန် စန္ဒကူးသစ်သားထိုင်ခုံလေးကိုနင်းကာ မြင်းလှည်းပေါ်မှ ဆင်းလာသည်။
လီရှို့ယွင် အားနန်လေးအား ပွေ့ချီကာ ထွက်လာသည်ကိုမြင်သောအခါ သူမ အထိန်းတော်ကွေ့ကို ဝတ်ရုံတစ်ထည် ယူဆောင်လာရန် အမြန်အမိန့်ပေးလိုက်၏။
“အပြင်မှာ ရာသီဥတုက အေးနေပြီ၊ ဒီကောင်မလေး အအေးမိသွားအုံးမယ်၊ သတိထားဦး”
“အမေ၊ သူ အအေးမမိပါဘူး၊ ဒီကလေးမလေးရဲ့အနှီးထုပ်ထဲမှာ ယောက္ခမပေးထားတဲ့ ရေနွေးအိတ်လေး ထည့်ထားတယ်၊ အရမ်းကိုနွေးနေတာပဲ”
ကလေးလေး၏မျက်နှာလေးမှာ နီရဲကာ ကျန်းမာနေသည်ကို မြင်သောအခါ ကျန်းချင်းဟန် ဘာမျှဆက်မပြောတော့ချေ။
ထိုအချိန်တွင် အခြားမြင်းလှည်းများပေါ်မှ လူများကလည်း တစ်ဦးပြီးတစ်ဦး ဆင်းလာကြ၏။
ကျန်းချင်းဟန် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ရိုယွင်၊ ဘယ်သူရောက်လာလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါဦး”
အရပ်ရှည်ရှည် လူရိပ်များကိုကြည့်ရင်း လီရှို့ယွင်၏စိတ်ထဲတွင် အဖြေတစ်ခုက ဝိုးတဝါးပေါ်လာခဲ့၏။
“ဒါ... အဖေများလား”
“ငါ အမတ်ကြီးလီချန်ကျုံးရဲ့သမီးလေးက တကယ်လိမ္မာတာပဲ”
နက်ရှိုင်းသည့် အသံဩဩ ယောက်ျားသံကြီးတစ်ခု ထွက်ပေါ်လာသည်။
လီရှို့ယွင် ခေါင်းလှည့်ကြည့်လိုက်ရာ ရိုးရှင်းသောအရောင်ရှိသည့် ဝတ်ရုံရှည် ဝတ်ဆင်ထားသူတစ်ဦး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။
ထိုဝတ်ရုံမှာ ကျယ်ပြန့်ပြီး အသားနူးညံ့ကာ ခါးတွင် အရောင်ရင့်ရင့် ပိုးသားခါးပတ်တစ်ခုကိုသာ စည်းနှောင်ထားသည်။
ဆံပင်များကိုမူ ကျောက်စိမ်းဆံထိုးတစ်ခုဖြင့်သာ စည်းနှောင်ထားလေ၏။