အခန်း ၁၉၂
Vol. 20 Ch. 192
🍅 Chapter 192
သူ့အပြုံးမှာ တည်ငြိမ်အေးချမ်းနေပြီး နန်းတော်တွင်း၌ ပြောစမှတ်ပြုနေကြသော အာဏာစက်ကြီးမားလှသည့် အသွင်အပြင်မျိုး လုံးဝမရှိဘဲ သာမန်ဖခင်တစ်ဦးကဲ့သို့ ကြင်နာယုယမှုများသာ အပြည့်အဝဖုံးလွှမ်းနေ၏။
ထိုအမျိုးသားကိုကြည့်ရင်း လီရှို့ယွင်မှာ ရုတ်တရက် အတိတ်ကိုပြန်လည်မြင်ယောင်လာကာ လူငယ်လေးတစ်ဦးက မိန်းကလေးငယ်လေးအား ပွေ့ချီပြီး လှည့်ပတ်နေသည့် မြင်ကွင်းလေးကိုပင် ဝိုးတဝါး မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူမ မျက်ဝန်းများမှာ အလိုအလျောက် နီရဲလာပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။
“အဖေ”
သမီးဖြစ်သူ၏ခေါ်သံကို ကြားလိုက်ရချိန်တွင် အမတ်ကြီးလီချန်ကျုံးမှာ ရင်ထဲတွင် ဆို့နင့်သွားပြီး အချိန်အတော်ကြာမှသာ နူးညံ့သောအသံဖြင့် ပြန်လည်တုံ့ပြန်နိုင်ခဲ့တော့သည်။
“ဝေ”
“အဖေ့ရဲ့ရို့ယွင်လေး၊ သမီးလေး ဒုက္ခတွေအများကြီး ရောက်ခဲ့ရရှာပြီ”
အမတ်ကြီးလီချန်ကျုံး၏စိတ်ထဲတွင် ပြောစရာစကားလုံးများ ထောင်သောင်းချီ၍ ရှိနေ၏။
သို့သော်ငြား လည်ချောင်းတွင် တစ်ဆို့နေသဖြင့် နောက်ဆုံးတွင်တော့ ထိုစကားလုံးများအားလုံးကို သမီးဖြစ်သူ၏ပခုံးပေါ်သို့ တင်ထားသော သူ့လက်တစ်ဖက်မှတဆင့်သာ ဖော်ပြနိုင်ခဲ့တော့၏။
“သမီးလိမ္မာလေး၊ အခုကစပြီး အဖေရှိနေပြီဆိုတော့ သမီးလေးကို ဘာပူပင်သောကမှမရှိစေဘဲ ဒုက္ခတွေလည်း ထပ်မရောက်စေရတော့ဘူးလို့ အဖေ အာမခံပါတယ်”
ဖခင်ဖြစ်သူ၏ကျယ်ပြန့်သော လက်ဝါးပြင်ကို ခံစားလိုက်ရသောအခါ လီရှို့ယွင် ပခုံးလေးများမှာ အနည်းငယ် တုန်ယင်သွား၏။
သို့သော် ယခုတစ်ကြိမ်မှာ ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ အချိန်ကြာမြင့်စွာ ကင်းကွာနေခဲ့သော လုံခြုံနွေးထွေးမှုများကို ပြန်လည်ခံစားလိုက်ရသောကြောင့်သာ ဖြစ်လေသည်။
အမတ်ကြီးလီချန်ကျုံး၏လက်ဝါးက သူမ ပခုံးပေါ်တွင် ညင်သာစွာတင်းကျပ်သွားရာ ကွဲကွာနေခဲ့ရသော နှစ်ကာလများအတွက် လစ်ဟာမှုများအားလုံးအား တစ်ကြိမ်တည်းနှင့် ပြန်လည်ဖြည့်ဆည်းပေးလိုက်သကဲ့သို့ ရှိပေသည်။
သူ့အသံမှာ အနည်းငယ် ဩရှရှဖြစ်နေသော်လည်း နူးညံ့မှုတို့ အပြည့်ပါဝင်နေ၏။
“သမီးရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့လည်း လာကြတယ်”
သူ စကားပြောရင်း ဘေးသို့ အနည်းငယ်ဖယ်ပေးလိုက်သည်။
ပထမဆုံး ခပ်သုတ်သုတ်ခြေလှမ်းများဖြင့် ရှေ့သို့ တက်လာသူမှာ လီလော့စုန့်ဖြစ်သည်။
သူ အပြာရင့်ရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားချိတ်ဆွဲထားဆဲဖြစ်ကာ ပခုံးပေါ်တွင်လည်း ခရီးပန်းလာသော ဖုန်မှုန့်များ ကပ်ငြိနေဆဲဖြစ်၏။
“ညီမလေး”
ထိုအမျိုးသား၏မျက်ခုံးများကြားတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး သဘာဝအတိုင်း တည်ကြည်ခက်ထန်သော မျက်နှာသွင်ပြင် ရှိသော်လည်း ယခုအချိန်တွင်မူ အလွန်နူးညံ့ကြင်နာနေပုံရသည်။
လီရှို့ယွင် ခပ်တိုးတိုးလေးခေါ်လိုက်၏။
“အစ်ကိုကြီး”
လီလော့စုန့် လက်ကိုဆန့်ထုတ်ကာ လီရှို့ယွင်၏ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“ဒီနှစ်တွေအတွင်းမှာ ညီမလေး တော်တော်လေးဒုက္ခရောက်ခဲ့ရမှာပဲ”
လီရှို့ယွင် ခေါင်းခါယမ်းပြလိုက်ပြီး လီလော့စုန့်ဘေးရှိ အမျိုးသမီးကို သတိထားမိသွားကာ ယဉ်ကျေးစွာပြုံးပြလိုက်၏။
ရှားလန် အပြုံးဖြင့် ရှေ့သို့တက်လာကာ နှုတ်ဆက်လိုက်သည်။
“ညီမလေး၊ အစ်မက မင်းအစ်ကိုကြီးရဲ့ဇနီး ရှားလန်ပါ၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့တွေ ညီမလေးကို အမြဲလိုက်ရှာနေခဲ့ကြတာ၊ အခုလို ပြန်တွေ့ရတာ တကယ် ဝမ်းသာစရာကောင်းတဲ့ ကိစ္စပဲ”
လီရှို့ယွင်၏ရင်ခွင်ထဲရှိ ကလေးလေးကို မြင်သောအခါ သူမ ကြိုတင်ပြင်ဆင်လာသော လက်ဆောင်များကို ထုတ်ယူလိုက်၏။
“ဒါ အားနန်လေးလား၊ သူက တကယ်ကို လိမ္မာပြီး ချစ်စရာကောင်းတာပဲ”
“ငါတို့က အလျင်စလိုထွက်လာရလို့ ဒီငြိမ်းချမ်းရေးလည်ဆွဲလေးနဲ့ ကျောက်စိမ်းဆံထိုးလေးပဲ ပါလာတယ်၊ အားနန်လေးကို အရင်ဆင်ပေးထားလိုက်ပါလား၊ ကျန်တာတွေကို နောက်မှ ထပ်ဖြည့်ပေးပါ့မယ်”
“ပြီးတော့ ဒီရွှေလက်ကောက်လေးတစ်စုံက ချွန်းနီလေးအတွက်၊ အာနန်လေး၊ အစ်မအတွက် သေချာကိုင်ထားပေးနော်”
ရှားလန် စကားပြောရင်း ပစ္စည်းများကို ကလေးအနှီးထုပ်လေးထဲသို့ ထည့်ပေးလိုက်ပြီးနောက် လက်တဆုပ်စာမျှသာရှိသော လက်လေးများအား ဝှေ့ယမ်းနေသည့် ကောင်မလေးကို ညင်သာစွာ စနောက်လိုက်၏။
“ဒီကောင်မလေးက ဖောင်းဖောင်းအစ်အစ်လေးနဲ့ တကယ် ချစ်စရာကောင်းတာပဲ၊ ယောင်းမကို ပွေ့ချီခွင့်ပြုမလား”
သူမက မိမိ၏သမီးလေးကို အမှန်တကယ်ပင် ချစ်ခင်မြတ်နိုးကြောင်း မြင်တွေ့ရသောအခါ လီရှို့ယွင် အားနန်လေးကို ပွေ့ချီရန်ကမ်းပေးလိုက်သည်။
ဘေးနားရှိ အမျိုးသမီးတစ်ဦးကမူ မနာလိုသောအကြည့်များဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကို လျင်မြန်စွာပြန်လွှဲသွား၏။
အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လီလော့ကျူးက ရှေ့သို့ တက်လာကာ နူးညံ့စွာပြောလိုက်သည်။
“ညီမလေး၊ ငါ့ကို မှတ်မိသေးရဲ့လား၊ ငါက မင်းရဲ့ဒုတိယအစ်ကိုလေ”
သူ ဘေးရှိ အမျိုးသမီးကို လှမ်းကြည့်လိုက်၏။
“ဒါကတော့ မင်းရဲ့ဒုတိယယောင်းမ မုရူရွှယ်ပါ”
ထိုစကားကို ကြားသောအခါ လီရှို့ယွင် နှုတ်ဆက်လိုက်သည်။
“ဒုတိယအစ်ကို၊ ဒုတိယယောင်းမ”
မုရူရွှယ် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
“ညီမလေး”
စောစောက ရှားလန်က ကလေးနှစ်ယောက်အတွက် လက်ဆောင်များပေးအပ်ခဲ့သည်ကို သတိရသွားကာ သူမ လက်ကောက်ဝတ်မှ အရည်အသွေးမြင့် ကျောက်စိမ်းလက်ကောက် နှစ်ကွင်းကိုချွတ်လိုက်၏။
“ကလေးအတွက်”
ထိုသို့ပြောပြီးနောက် သူမ လက်ကောက်များအား လီရှို့ယွင်၏လက်ထဲသို့ အတင်းထိုးထည့်ပေးကာ ဘေးသို့ထွက်သွားလေ၏။
ရှားလန် ခေါင်းလှည့်ကာ တီးတိုးပြောလိုက်သည်။
“ညီမလေးရဲ့ ဒုတိယယောင်းမ ပွင့်လင်းပြီး နည်းနည်းဆိုးပေမယ့် စိတ်သဘောထားကတော့ ကောင်းပါတယ်၊ သူမကို စိတ်ထဲမထားပါနဲ့နော်”
လီရှို့ယွင် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ မိခင်ဖြစ်သူက သူမကို မိတ်ဆက်ပေးထားပြီးဖြစ်ရာ ဤဒုတိယယောင်းမမှာ ခရိုင်မင်းသမီးတစ်ပါးဖြစ်ပြီး အနည်းငယ်ကြမ်းတမ်းသော်လည်း မကောင်းသောရည်ရွယ်ချက်မျိုး မရှိကြောင်းကို သူမ သိရှိထားပေသည်။
သူမမှာ စုစုပေါင်း အစ်ကိုသုံးယောက်ရှိကြောင်း မှတ်မိနေသဖြင့် မေးလိုက်၏။
“အမေ၊ တတိယအစ်ကိုရော ဘယ်မှာလဲ”
ကျန်းချင်းဟန် လီရှို့ယွင်၏လက်ဖမိုးလေးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“သမီးရဲ့ တတိယအစ်ကိုက တာဝန်တွေ ရှိနေသေးလို့၊ သူ အလုပ်ပြီးတာနဲ့ ချက်ချင်းလာခဲ့ပါလိမ့်မယ်”
မိတ်ဆက်ပေးခြင်းကိစ္စများ အများစုပြီးစီးသွားသည်ကို မြင်သောအခါ ဝူယွီလန် အနီးသို့လျှောက်လာကာ နှုတ်ဆက်လိုက်၏။
“အပြင်မှာပဲ ရပ်မနေကြပါနဲ့တော့၊ ရေနွေးကြမ်းတွေလည်း ပြင်ဆင်ထားပြီးပြီ၊ အားလုံးပဲ အိမ်ထဲကိုဝင်ကြပါဦး”
ကျန်းချင်းဟန် ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်၏။
“ဝူယွီလန်၊ အိမ်ပြောင်းတဲ့အတွက် ဂုဏ်ယူပါတယ်၊ ကျမတို့လည်း သေးငယ်တဲ့လက်ဆောင်လေးတွေ ပြင်ဆင်လာခဲ့ပါတယ်”
အထိန်းတော်ကွေ့ လက်ဝှေ့ယမ်းပြလိုက်ရာ အစေခံမိန်းကလေးများနှင့် အဘွားအိုများက လက်ဆောင်ဘူးများကို ကိုယ်စီကိုင်ဆောင်ကာ တစ်ဦးပြီးတစ်ဦး ရှေ့သို့တက်လာကြ၏။
ထိုအထဲတွင် တန်ဖိုးကြီးမားသော ကြွေထည်ပစ္စည်းများနှင့် သေသပ်လှပသော အလှဆင်ပစ္စည်းများ စုစုပေါင်းဆယ်မျိုးကျော်ပါဝင်သည်။
ထို့အပြင် ငွေချောင်းများ ထည့်ထားသော သေတ္တာတစ်လုံးလည်းပါဝင်ပြီး အထဲတွင် ငွေချောင်းတစ်ထောင်တိတိပါရှိလေသည်။
ဝူယွီလန် အားနာတကြီးဖြင့် ပြောလိုက်၏။
“အို၊ အများကြီး ကုန်ကျနေပြီပေါ့၊ အများကြီးကုန်ကျနေပြီ၊ အထဲကိုဝင်ပြီး ထိုင်ကြပါဦး”
ကျန်းချင်းဟန်ကမူ ဤအရာများအားလုံးကို သူမ၏သမီးဖြစ်သူအတွက် ရည်ရွယ်ကာ လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ဝူယွီလန် ကောင်းကောင်း နားလည်ထားသည်။
သူမက ဤငွေများကို နောက်ပိုင်းတွင် လီရှို့ယွင်ထံသို့ လွှဲပြောင်းပေးအပ်ရန် စိတ်ကူးထား၏။