အခန်း ၁၉၃
Vol. 20 Ch. 193
🍅 Chapter 193
ထိုမြင်ကွင်းများကို မြင်တွေ့ရသောအခါ လီရှို့ယွင်အပေါ်ထားရှိသော ရွာသူရွာသားများ၏အကြည့်များမှာ လုံးဝ ပြောင်းလဲသွားကြလေတော့၏။
“ဒါက ရှို့ယွင်ရဲ့ မိဘဆွေမျိုးတွေလား၊ အို ဘုရားရေ၊ ဒီမြင်းလှည်းကြီးက ငါတို့ရွာက သူဌေးကြီးရဲ့မြင်းလှည်းထက်တောင် ပိုပြီးကြီးကျယ်ခမ်းနားနေပါလား”
“ဟုတ်ပါရဲ့ ရှို့ယွင်က ဒီလောက်ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ”
“အဒေါ်ဝူတို့ မိသားစုကတော့ ဒီလောက်ကောင်းတဲ့ဆွေမျိုးတွေနဲ့ ချိတ်ဆက်မိသွားပြီဆိုတော့ တကယ်ကို ကြီးပွားတော့မှာပဲ”
“နင်တို့က ဘာတွေလျှောက်ပြောနေတာလဲ၊ အဒေါ်ဝူက အခုချိန်မှာ တော်တော်လေးကိုအရည်အချင်းရှိနေပြီလေ၊ ဘယ်သူ့ကို အားကိုးနေစရာလိုသေးလို့လဲ”
“ဟုတ်တယ်လေ”
“အဒေါ်ဝူ ငွေရှာနိုင်တာမှန်ပေမယ့် သူတို့ရဲ့သား ကျစ်ခန်းကတော့ ရှို့ယွင်နဲ့ လိုက်ဖက်မှာမဟုတ်ဘူးလို့ ထင်တယ်”
“ဟဲ့၊ နင် မသိဘူးလား၊ စုန့်ကျစ်ခန်းက အခု နယ်စပ်မှာ နာမည်ကောင်းရနေပြီ၊ ရာထူးတောင် ရထားသေးတယ်လို့ကြားတယ်”
“ဪ၊ ဒါဆိုရင်တော့ သူတို့က အရမ်းလိုက်ဖက်တဲ့စုံတွဲပဲပေါ့”
ရွာသူရွာသားများ၏ဆွေးနွေးပြောဆိုနေမှုများကို ကြားလိုက်ရသောအခါ မုရူရွှယ် မျက်ခုံးများမှာ အနည်းငယ်ကြုံ့ဝင်သွား၏။
ရွာသူရွာသားများက သူမအား အဆက်မပြတ်ခိုးကြည့်နေကြသည်ကို သတိထားမိသောအခါ သူမမှာ ပိုနေရခက်လာပြီး ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်တော့သည်။
“ကျွန်မ ဒီမှာ မနေချင်ဘူး”
လီလော့ကျူး နူးညံ့စွာဖြောင်းဖျလိုက်၏။
“အရင်ဆုံး ထမင်းစားလိုက်ကြရအောင်၊ ပြီးမှ ပြောကြတာပေါ့၊ ညီမလေးရဲ့ယောင်းမ ချက်တဲ့ ဟင်းတွေက အရမ်းအရသာရှိတယ်လို့ အမေက ပြောတယ်လေ”
“ဒါက ရိုးရိုး ကျေးလက်ဟင်းလျာတွေပါ၊ ဘယ်လောက်တောင် ကောင်းနိုင်မှာမို့လို့လဲ”
ထို့အပြင် ထိုရွာသူရွာသားများ၏လက်ချောင်းများမှာ ညစ်ပတ်နေပြီး လက်သည်းခွံများကြားတွင်လည်း ရွှံ့များကပ်ငြိနေသည်မဟုတ်ပါလား။
ဤလူများ ချက်ပြုတ်ထားသော မည်သည့်အရာကိုမှ သူမ လုံးဝ စားသောက်မည်မဟုတ်ချေ။
မုရူရွှယ် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ကြက်ခြေခတ်ထားကာ နေရာမှ တစ်လှမ်းမျှမရွေ့တော့ချေ။
ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းချင်းဟန် တင်းမာသောအကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်၏။
“ရူရွှယ် နင် ထပ်ပြီး ကလန်ကဆန် လုပ်နေပြန်ပြီလား”
ယောက္ခမဖြစ်သူ ဒေါသထွက်နေကြောင်း မြင်သောအခါ မုရူရွှယ် ပါးစပ်စူကာ အားလုံးနှင့်အတူ အိမ်တွင်းသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်ဝင်သွားလေ တော့သည်။
သူမသည် လောကတွင် မည်သည့်အရာကိုမျှမကြောက်ရွံ့သော်လည်း အနည်းငယ် အမှားအယွင်းရှိသည်နှင့် သူမအား ပန်းထိုးအပ်ကိုင်ခိုင်းမည့် ဤယောက္ခမကြီးကိုတော့ လုံးဝကြောက်ရွံ့ရိုသေရပေသည်။
“ကျွန်မ နေလို့တော့ရပါတယ်၊ ဒါပေမဲ့ ဒီကဟင်းတွေကို ကျွန်မ မစားတတ်ဘူး၊ အဲဒါကိုတော့ ကျွန်မကို အတင်းအကျပ်စားခိုင်းလို့မရဘူးနော်”
“မစားချင်ရင်လည်း နေပေါ့၊ ဗိုက်ဆာခံနေလိုက်”
ကျန်းချင်းဟန် သူမကို အလိုလိုက်မနေခဲ့ချေ။
ထမင်းတစ်နပ်လောက် မစားရုံဖြင့် ဘာမှဖြစ်သွားမည်မဟုတ်သည်ကို သိထားသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤကောင်မလေးမှာ အစားအသောက် အလွန်မက်မောသူဖြစ်ရာ အချိန်အကြာကြီး တောင့်ခံနိုင်မည်ဟု သူမ လုံးဝမယုံကြည်ပေ။
ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် လွင့်ပျံလာသော မွှေးပျံ့လှသည့်ဟင်းရနံ့များကို ရှူရှိုက်လိုက်ရသောအခါ မုရူရွှယ်မှာ အနည်းငယ် နောင်တရသွားသလို ခံစားလိုက်ရ၏။
သို့သော်လည်း ဤကျေးလက်ဟင်းလျာများက မည်မျှပင် ကောင်းမွန်နေပါစေ၊ သူမတို့အိမ်ရှိ နန်းတွင်းစားဖိုမှူးကြီးများချက်ပြုတ်သော ဟင်းလျာများထက် ပိုကောင်းမွန်နိုင်မည်လားဟု သူမ ထပ်မံတွေးတောလိုက်သည်။
ထိုသို့တွေးတောပြီးနောက် မုရူရွှယ်က ခေါင်းမာစွာဖြင့် ခဏနေလျှင် တစ်လုပ်မှမစားဘဲနေမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။
ဧည့်သည်များအားလုံး စုံလင်သွားသောအခါ ဟင်းလျာများကို တစ်ပွဲပြီးတစ်ပွဲ ခင်းကျင်းပြင်ဆင်ကြလေတော့သည်။
ခါးဖုံးများကို ဝတ်ဆင်ထားပြီး မျက်နှာတွင် အဖြူရောင်ဇာပဝါများ ဖုံးအုပ်ထားသော အမျိုးသမီးငယ်များနှင့် အိမ်ရှင်မများက ဟင်းလျာများအား သယ်ဆောင် လာကြသည်ကို မုရူရွှယ် မြင်တွေ့လိုက်ရ၏။
သူမ မျှော်လင့်ထားသကဲ့သို့ ထိုအမျိုးသမီးများ၏လက်ချောင်းများတွင် အမည်းရောင်ရွှံ့များ ကပ်ငြိမနေဘဲ သန့်ရှင်းသပ်ရပ်နေကာ လက်သည်းများကိုလည်း သေသပ်စွာညှပ်ထားကြသည်ကို သတိထားမိလိုက်၏။
“အနည်းဆုံးတော့ သူတို့က သန့်ရှင်းရေးကိုဂရုစိုက်သားပဲ”
မုရူရွှယ် ခပ်တိုးတိုးရေရွတ်လိုက်ပြီး စားပွဲပေါ်ရှိ ဟင်းလျာများဆီသို့ အကြည့်မရောက်သွားစေရန် အတတ်နိုင်ဆုံး ထိန်းချုပ်နေလိုက်သည်။
သို့သော်လည်း စားပွဲပေါ်ရှိ ဟင်းလျာများ၏ရနံ့မှာ အမှန်တကယ်ပင် မွှေးပျံ့လွန်းလှသဖြင့် သူမမှာ တံတွေးများကို ခိုး၍ မျိုချနေရတော့၏။
အချိန်အတော်ကြာအောင် အောင့်အည်းသည်းခံပြီးနောက်တွင်တော့ သူမမှာ မနေနိုင်တော့ဘဲ စားပွဲဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်မိတော့သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် စားပွဲပေါ်ရှိ အရောင်အသွေး စုံလင်လှသော ဟင်းလျာများက သူမ၏အမြင်အာရုံကို ဖမ်းစားသွားလေတော့သည်။
ကျန်းချင်းဟန် ထိုကောင်မလေး၏တုံ့ပြန်မှုကို မြင်သောအခါ လူတိုင်းအား စတင်စားသောက်ရန် ဖိတ်ခေါ်လိုက်၏။
“လာ၊ အားလုံးပဲ မြည်းစမ်းကြည့်ကြပါဦး၊ သမီးရဲ့ယောင်းမက ကိုယ်တိုင်ချက်ထားတာ၊ အရသာက နန်းတွင်းစားဖိုမှူးတွေချက်တာထက် လုံးဝမညံ့ဘူးနော်”
မုရူရွှယ်ကတော့ ကျေးလက်ဟင်းလျာများက မည်မျှပင်အရသာရှိနေပါစေ၊ နန်းတွင်းစားဖိုမှူးများ၏လက်ရာနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ဘူးဟုသာ ယုံကြည်နေဆဲဖြစ်သည်။
“အမေကလည်း၊ ဒီဟင်းတွေက နည်းနည်းလေးမွှေးနေတာ မှန်ပေမယ့် အမေ သိပ်ပြီး အလွန်အကျွံ ချီးကျူးလွန်းနေပြီထင်တယ်၊ ကျေးလက်ဟင်းလျာတွေက နန်းတွင်းစားဖိုမှူးတွေရဲ့လက်ရာနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”
“တကယ်လို့ မယုံဘူးဆိုရင်လည်း ဘာလို့ မမြည်းစမ်းကြည့်ရမှာလဲ”
ကျန်းချင်းဟန် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းရင်း နူးညံ့စွာပြောလိုက်၏။
တစ်ချိန်တည်းမှာပင် သူမက တူဖြင့် ရွှေရောင်လွှမ်းကာ နီမြန်းနေသော ဆွဲဆောင်မှုအပြည့်ရှိသည့် ငါးပေါင်းတစ်ဖတ်ကို ညှပ်ယူလိုက်ပြီး မုရူရွှယ်ရှေ့ရှိ ပန်းကန်လုံးထဲသို့ ညင်သာစွာထည့်ပေးလိုက်သည်။
မုရူရွှယ် ထိုဟင်းဖတ်ကိုကြည့်ရင်း အနည်းငယ် သံသယဝင်နေမိ၏။
“ဒီကျေးလက်ဟင်းလျာတွေက ဒီလောက်ထိ အရသာရှိနိုင်မယ်ဆိုတာ ကျွန်မ မယုံဘူး”
သို့သော်လည်း သူမ ထိုငါးဖတ်လေးကို ပါးစပ်ထဲသို့ ထည့်ကာ ညင်သာစွာ ဝါးလိုက်ချိန်တွင်တော့...
သူမ မျက်နှာပေါ်ရှိ အထင်သေးနေသော အမူအရာများမှာ အစအနမကျန် ပျောက်ကွယ်သွားပြီး အလွန်အမင်း အံ့ဩမှင်တက်မှုနှင့် သာယာယစ်မူးသွားသော အမူအရာများဖြင့် အစားထိုးနေရာယူသွားလေတော့၏။
သူမ မျက်ဝန်းများမှာ အနည်းငယ် တောက်ပသွား၏။
သူမ မြည်းစမ်းလိုက်ရသော ငါးဟင်းမှာ ဤမျှလောက် အရသာရှိနေလိမ့်မည်ဟု သူမ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရလေသည်။
မုရူရွှယ်မှာ တူဖြင့် နောက်ထပ်ငါးဖတ်တစ်ခုကို ထပ်မံညှပ်ယူကာ ပါးစပ်ထဲသို့ထည့်ပြီး သေချာအရသာခံရန် ပြင်လိုက်၏။
ယခုတစ်ကြိမ်တွင်မူ ငါးအသား၏အမျှင်တိုင်းနှင့် အရသာတိုင်းကို သူမက ပိုသေချာခံစားကြည့်လိုက်၏။
ငါးအရေခွံမှာ ရွှေရောင်သန်းကာ ကြွပ်ရွနေအောင် ကြော်ထားပြီး ဆီပြန်နေသော ပဲငံပြာရည်ရောင်အပြင်လွှာက ဆီးနှင်းကဲ့သို့ ဖြူဖွေးနူးညံ့နေသော ငါးအသားများကို လွှမ်းခြုံထားသည်။
တစ်လုပ်ကိုက်လိုက်သည်နှင့် ပထမဆုံးအရေခွံ၏ ကြွပ်ရွမှုကို ခံစားလိုက်ရပြီး ထို့နောက်တွင်တော့ နူးညံ့ပြီး အရည်ရွှမ်းသောငါးအသားများ၏ အရသာက ခံတွင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ အဆုံးမရှိသောအရသာကို ကျန်ရစ်စေလေ၏။