← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

🍅 Chapter 195

ဝူယွီလန် စကားပြောရင်း လူတိုင်းကို ဂါရဝပြုရန် သူမ အရက်ခွက်ကို မြှောက်လိုက်၏။

ထိုမြင်ကွင်းကိုမြင်သောအခါ လူတိုင်း အလျင်စလိုပင် အပြန်အလှန်ခွက်မြှောက်ကာ တုံ့ပြန်လိုက်ကြသည်။

ဝူယွီလန်၏စကားကြောင့် လူတိုင်း လွတ်လွတ်လပ်လပ်စားသောက်ရဲသွားကြလေ၏။

ရွာတွင်ကျင်းပသော ပွဲများ၌ ဤကဲ့သို့သောဟင်းလျာမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။

အချိန်အတန်ကြာသည်အထိ လူတိုင်းမှာ သူတို့၏ပါးစပ်များ ဆီပြန်နေသည်အထိ စားသောက်နေကြပြီး တူလှုပ်ရှားမှုများမှာလည်း တစ်စထက်တစ်စ ပိုမြန်ဆန်လာကာ တစ်လှမ်းနောက်ကျသွားပါက စားပွဲပေါ်ရှိဟင်းများကုန်သွားမည်ကို စိုးရိမ်နေကြ၏။

သို့သော်လည်း ဝူယွီလန်ကမူ သူမ ပြောသည့်အတိုင်း အမှန်တကယ်လုပ်ဆောင်ခဲ့သည်။

ဟင်းများ ကုန်သွားသည်နှင့်တစ်ပြိုင်နက် နောက်ထပ်ဟင်းများကို ချက်ချင်းယူဆောင်လာခိုင်းရာ ရွာသူရွာသားများမှာ အလွန်ကျေနပ်အားရစွာဖြင့် ချီးမွမ်းနေကြတော့၏။

အချို့သော ရွာသူရွာသားများမှာမူ အလွန်လောဘကြီးကြရာ အားလုံးဗိုက်မဝသေးမီမှာပင် အသားများကို သူတို့၏အိတ်ကပ်များအတွင်းသို့ ခိုးဝှက်ထည့်သွင်းနေကြလေသည်။

သို့သော် ရွာသူရွာသားအများစုမှာ အကြောင်းအကျိုးကို နားလည်သူများဖြစ်ရာ ထိုအပြုအမူများအား မြင်သောအခါ တစ်ဦးပြီးတစ်ဦး ဝင်ရောက်တားဆီးကာ ဆူပူကြိမ်းမောင်းကြတော့၏။

ပွဲကြီးမှာ ဧည့်သည်များအားလုံး အလွန်ကျေနပ်အားရစွာဖြင့် အဆုံးသတ်သွားခဲ့လေသည်။

ရွာသူရွာသားများကို ပြန်လည်ပို့ဆောင်ပြီးနောက် အိမ်ထဲတွင် ဆွေမျိုးရင်းချာများသာ ကျန်ရစ်နေခဲ့တော့၏။

အဒေါ်လီ ခေတ္တမျှထိုင်ပြီးနောက် အချိန်သင့်ပြီဟု ယူဆကာ ပြန်ရန် စကားစလိုက်သည်။

“ခမည်းခမက်၊ ကျမတို့ ပြန်တော့မယ်နော်၊ အိမ်သစ်တက်ပွဲအတွက် ဂုဏ်ယူပါတယ်”

ထိုစကားကိုကြားသောအခါ ဝူယွီလန် ဝမ်ကွေ့ချင်အား အလျင်အမြန်ညွှန်ကြားလိုက်၏။

“ချွေးမအကြီး၊ မြန်မြန် မီးဖိုချောင်ထဲသွားပြီး နင့်အမေအတွက် ဖယ်ထားတဲ့ ဟင်းတစ်စားပွဲစာ သွားယူလိုက်၊ ပြီးတော့ ကြိုပြင်ထားတဲ့ ဆန်နဲ့ ဂျုံမှုန့်တွေကိုပါ တစ်ခါတည်းယူလာခဲ့”

“အို၊ ဒုက္ခမခံပါနဲ့တော့ ခမည်းခမက်ရယ်၊ ကျန်တဲ့ဟင်းတွေကို ခမည်းခမက်တို့မိသားစုပဲ ဖြည်းဖြည်းချင်းစားကြပါ”

“ဟုတ်တယ် အဒေါ်ဝူ၊ အဒေါ်ဝူတို့ပဲ ထားလိုက်ပါ”

ချန်မေ ဟင်းလျာများကိုပြန်လည်တွေးတောရင်း အံ့ဩချီးကျူးစွာ သက်ပြင်းချလိုက်၏။

ဤထမင်းတစ်နပ်ကိုစားပြီးပါက သူမအတွက် အချိန်အတော်ကြာအောင် ကြွားဝါစရာများ ရရှိသွားပြီဖြစ်သည်။

ဝူယွီလန် မည်သည့်ငြင်းဆန်မှုကိုမျှ လက်မခံဘဲ ဝမ်ကွေ့ချင်အား ပစ္စည်းများအားလုံး လှည်းပေါ်သို့ တင်ခိုင်းလိုက်လေ၏။

အဒေါ်လီမှာ ငြင်းဆန်၍ မရတော့သဖြင့် နောက်ဆုံးတွင်တော့ အထုပ်အပိုးများ အပြည့်အမောက်ဖြင့် အိမ်သို့ပြန်ခဲ့ရလေတော့သည်။

အိမ်အပြန်လမ်းတွင် မိသားစုတစ်စုလုံးက ဝမ်ကွေ့ချင်တစ်ယောက် ဤမျှလောက်အသိဉာဏ်ရှိပြီး ရက်ရောသော ယောက္ခမမျိုးကို ရရှိထားသည့်အတွက် အလွန်ကံကောင်းကြောင်း သက်ပြင်းချကာ ပြောဆိုနေကြ၏။

ချွေးမအကြီး၏မိသားစုကို ပြန်လည်ပို့ဆောင်ပြီးနောက် ဝူယွီလန် ဧည့်ခန်းမကြီးဆီသို့ ပြန်လာခဲ့သည်။

ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက် ပွဲစကတည်းက ဘယ်ရောက်နေမှန်းမသိသော သခင်လေးမုချန်ကျွင်းကို သတိရသွား၏။

သူ ကျန်းချင်းဟန်တို့မိသားစုနှင့် မျက်နှာချင်းမဆိုင်မိစေရန် ရှောင်နေခြင်းဖြစ်မည်ဟု ဝူယွီလန်ကတွေးမိကာ စုန့်ကျစ်ချုံးအား ဟင်းတစ်ပွဲစာ ပြင်ဆင်ပြီး သူ့ဆီသို့ သွားပို့ခိုင်းလိုက်၏။

ထိုကိစ္စများ ပြီးစီးသွားသောအခါ ဝူယွီလန် နောက်ဖေးခြံဝင်းရှိ ပန်းခြံဧည့်ခန်းဆီသို့ နောက်ဆုံးတွင် သွားရောက်ခဲ့၏။

ထိုအချိန်တွင် ကျန်းချင်းဟန်နှင့် အခြားသူများမှာ ပန်းခြံဧည့်ခန်းတွင် ရေနွေးကြမ်းသောက်ကာ အနားယူနေကြသည်။

“ချင်းဟန်၊ ကျမ သေချာဧည့်မခံနိုင်တာကို ခွင့်လွှတ်ပါနော်”

“ဒီရက်ပိုင်း အိမ်မှာပဲနေပါလား၊ ရှို့ယွင်လည်း ရှင်နဲ့အတူတူ အချိန်ဖြုန်းလို့ရတာပေါ့”

ယခင်က စုန့်မိသားစု၏အိမ်မှာ သိပ်မကြီးသဖြင့် သူတို့ ညအိပ်ညနေ မနေခဲ့ကြချေ။

ယခုမူ ဝူယွီလန် ခြံဝင်းနှစ်ခုပါသော ဤအိမ်ကြီးကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ရာ အခန်းများ အများအပြားရှိနေပြီး ကျန်းချင်းဟန်ကိုယ်တိုင်လည်း သူမ သမီးလေးကို အဖော်ပြုရန်နေချင်စိတ်ရှိနေခဲ့၏။

“ယွီလန် ဒီလိုပြောနေမှတော့ ကျမလည်း မျက်နှာပြောင်တိုက်ပြီး နေလိုက်ပါ့မယ်”

မုရူရွှယ် ထိုစကားကိုကြားသောအခါ အနည်းငယ်တွန့်ဆုတ်သွား၏။

သူမ ခင်ပွန်းဖြစ်သူ၏အင်္ကျီလက်စကို ဆွဲလိုက်သည်။

“ကျွန်မ မြို့ထဲမှာပဲနေပြီး ထမင်းစားချိန်မှ လာလို့မရဘူးလား”

လီလော့ကျူးသည် သူ့ဇနီးသည်မှာ သန့်ရှင်းမှုကို အလွန်နှစ်သက်သူဖြစ်ကြောင်းသိထားပြီး ဤနေရာတွင်နေရန် တွန့်ဆုတ်နေခြင်းမှာ ဤနေရာရှိ အိမ်သာက မသန့်ရှင်းဘူးဟု ထင်နေသောကြောင့်ဖြစ်မည်ဟု ခန့်မှန်းမိလိုက်၏။

“အဖေနဲ့ အမေတောင် ဒီမှာနေနေတာပဲ၊ ငါတို့လည်း ဒီမှာနေတာ အကောင်းဆုံးပေါ့၊ ညီမလေးနဲ့ ရင်းနှီးအောင်လုပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲလေ”

မုရူရွှယ် နှုတ်ခမ်းကို ကိုက်လိုက်သည်။

“ဒါပေမဲ့... ရှင်လည်း ကျွန်မ အကြောင်းသိတာပဲ၊ ဒီမှာနေရင် ကျွန်မ အိမ်သာကို ဘယ်လိုသွားရမှာလဲ”

“အခန်းထဲက အိမ်သာကို အရင်သွားကြည့်လိုက်ပါလား၊ ညီမလေးအိမ်က အိမ်သာက ငါတို့အိမ်က အိမ်သာထက်တောင် အများကြီးပိုသန့်တယ်လို့ ငါထင်တယ်”

မုရူရွှယ် မျက်မှောင်ကြုတ်လိုက်၏။ တစ်ခါက သူမ၏ကိုယ်ပိုင်ခြံတွင် စပါးရိတ်သိမ်းမှုကို သွားရောက်ကြည့်ရှုခဲ့စဉ်က ရွာသားများ၏အိမ်များရှိ အိမ်သာများမှာ ပြောပြ၍ပင်မရနိုင်လောက်အောင် ဆိုးရွားလွန်းလှသည်မဟုတ်ပါလား။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီက ဟင်းတွေက အရသာရှိတာမှန်ပေမယ့် နောက်ဆုံးတော့လည်း ကျေးလက်ဒေသပဲလေ၊ ကျွန်မတို့ အိမ်တော်က သန့်ရှင်းသပ်ရပ်မှုနဲ့တော့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

ထိုအချိန်ကရရှိခဲ့သော စိတ်ဒဏ်ရာကြောင့် သူမ ကျေးလက်အိမ်သာများနှင့် ပတ်သက်၍ အမြဲတမ်းအဆိုးမြင်နေခဲ့ခြင်းဖြစ်သည်။

“တကယ် ဟုတ်၊ မဟုတ်ဆိုတာ ကိုယ်တိုင်သွားကြည့်လိုက်ရင် သိမှာပေါ့”

သူမ ခင်ပွန်းဖြစ်သူ၏စရိုက်ကို အသိဆုံးဖြစ်ရာ လီလော့ကျူးမှာ ဘယ်သောအခါမျှ လိမ်မပြောတတ်သူဖြစ်ကြောင်းကို သိထားပေသည်။

ထိုအချက်ကို တွေးမိသောအခါ မုရူရွှယ်မှာ ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် အခန်းတွင်းသို့ ဝင်ရောက်သွားပြီး အတွင်းခန်းထဲရှိ အိမ်သာဆိုသောနေရာကို ရှာဖွေလိုက်၏။

ခဏနေလျှင် တွေ့ရတော့မည့် ညစ်ပတ်နေသောမြင်ကွင်းကို ကြိုတင်မျှော်လင့်ကာ သူမ နှာခေါင်းကို အုပ်ထားလိုက်သည်။

သို့သော်လည်း အိမ်သာတံခါးကို တွန်းဖွင့်လိုက်ချိန်တွင်တော့ သူမ အလွန်အမင်း အံ့ဩမှင်တက်သွားရလေတော့သည်။

…….

အိမ်သာလေးမှာ သိပ်မကျယ်ဝန်းလှဘဲ အခန်းတစ်ခန်း၏တစ်ဝက်ခန့်သာရှိကာ စတုဂံပုံသဏ္ဌာန် ရှိလေသည်။

အိမ်သာအတွင်း၌ ရွံရှာဖွယ်ကောင်းသော ကျင်းဟောင်းကြီးမျိုး လုံးဝမရှိဘဲ ကြမ်းပြင်ပေါ်တွင် အဖြူရောင်ကြွေခွက်တစ်ခုနှင့် ရေပုံးတစ်ပုံးသာ ရှိပြီး အရာအားလုံး သန့်ရှင်းသပ်ရပ်နေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မုရူရွှယ်မှာ သံသယအချို့ကို မထိန်းချုပ်နိုင်တော့ချေ။

‘ဒီနေရာက တကယ်ပဲ အိမ်သာဟုတ်ရဲ့လား'

ထို့အပြင် သူမအတွက် ပိုထူးဆန်းနေသည်မှာ ဤအိမ်သာထဲတွင် အနံ့အသက်ဆိုးများ လုံးဝမရှိနေခြင်းဖြစ်သည်။

အနံ့ဆိုး ကင်းစင်နေရုံသာမက သင်းပျံ့သော ဆေးဘက်ဝင်အမွှေးနံ့သာများ၏ ရနံ့ကိုပင် ရနေသေး၏။

သူမ အိမ်သာအတွင်းသို့ ဟိုဟိုဒီဒီလိုက်လံကြည့်ရှုလိုက်ရာ နံရံခြေရင်းတွင် မည်သည့်အမျိုးအစားမှန်း မသိရသော အမွှေးတိုင်တစ်ခွက် ထွန်းညှိထားသည်ကို တွေ့ရှိလိုက်ရသည်။

သူမ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

“ဒါ တကယ်ပဲ အိမ်သာလား၊ အမွှေးတိုင်တောင် ထွန်းထားသေးတယ်”

All Chapters