← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

🍅 Chapter 197

သူတို့အားလုံးကို သူမ ရှင်းလင်းပြီးဖြစ်သည်မဟုတ်ပါလား။

‘ဒါဆို ဘယ်သူများ ဖြစ်နေမလဲ'

ဝူယွီလန် လက်ဆေးလိုက်ပြီး ခြံတံခါးဖွင့်ရန် အပြင်သို့ထွက်လာခဲ့၏။

‘အို၊ အချောင်ခိုမယ့်သူတွေ ရောက်လာပါပေါ့လား’

ဝူကျားဝမ်မှာ နှုတ်ဆက်ရန် အပြုံးတစ်ခုကို ဖန်တီးလိုက်ရုံသာ ရှိသေးသော်လည်း သူ့မျက်နှာတည့်တည့်သို့ ဆောင့်ပိတ်ချလိုက်သော တံခါးနှင့်သာ ရင်ဆိုင်လိုက်ရလေသည်။

သူ ထိုနေရာတွင်ပင် ဒေါသပေါက်ကွဲချင်သွားသော်လည်း သူ လာရောက်ရသည့် အကြောင်းရင်းကို ပြန်လည်သတိရသွားကာ မနည်းအောင့်အည်း သည်းခံလိုက်၏။

သူ အတင်းအဓမ္မ ပြုံးယောင်သမ်းလိုက်ပြီး သူ့အသံကို တမင်တကာ နူးညံ့အောင် ထိန်းထားလိုက်သည်။

“ယွီလန်၊ အစ်ကိုကြီးလေ၊ လနည်းနည်းလေးပဲ ကြာသေးတာကို အစ်ကိုကြီးကို မမှတ်မိတော့ဘူးလား၊ ငါ့အတွက် တံခါးမြန်မြန်ဖွင့်ပေးစမ်းပါ”

ဝူယွီလန် သူ့အား မည်သို့ မမှတ်မိဘဲနေမည်နည်း။

သူမ သေချာပေါက် မှတ်မိနေသေး၏။

ဝူကျားဝမ်မှာ မူလပိုင်ရှင်၏ မိဘဆွေမျိုးများဘက်မှ အစ်ကိုအရင်းဖြစ်ကြောင်းကို သိထားပြီး သူ့မိသားစုမှာ မည်မျှလောက် သည်းခံနိုင်စရာမရှိအောင် ဆိုးရွားကြောင်းကိုလည်း သူမ ကောင်းကောင်းကြီး သိရှိထားပေသည်။

ထို့ကြောင့်ပင် သူမ တံခါးကို ပြတ်သားစွာ ဆောင့်ပိတ်ပစ်လိုက်ခြင်းဖြစ်၏။

ဤမိသားစုမှာ သွေးစုပ်ကောင်များသာ ဖြစ်ကြပြီး မူလပိုင်ရှင်အပေါ်တွယ်ကပ်ကာ ဆယ်စုနှစ်များစွာတိုင်အောင် သွေးစုပ်ခြယ်လှယ်နေခဲ့ကြခြင်းဖြစ်သည်။

မူလပိုင်ရှင်မှာလည်း အလွန်မိုက်မဲလွန်းလှရာ သူမတွင်ရှိသော ပစ္စည်းကောင်းမှန်သမျှကို မိဘဆွေမျိုးများထံသို့ အကုန်အစင် ပုံအောပေးပစ်ခဲ့လေသည်။

စုန့်ကျစ်ရှု အရွယ်ရောက်လာပြီး သူ့ပညာရေးအတွက် လိုအပ်သော ငွေကြေးပမာဏ များပြားလာချိန်မှသာ သူတို့က အနည်းငယ် ဆင်ခြင်ထိန်းသိမ်းသွား ခဲ့ကြခြင်းဖြစ်၏။

“ဘာ အစ်ကိုကြီးလဲ၊ ငါ့အစ်ကိုက သေသွားတာကြာပြီ၊ လူမှားနေတာနေမယ်”

သူမ သေချာမြင်တွေ့လိုက်ရသည်။ ဤလူစုက အထုပ်အပိုးများကိုပါ ယူဆောင်လာခဲ့ကြသည်မဟုတ်ပါလား။

သူတို့၏ရည်ရွယ်ချက်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ အလွန်ပင်ထင်ရှားလို့နေ၏။

အကယ်၍ သူမသာ သူတို့ကို အိမ်ထဲသို့ ပေးဝင်လိုက်ပါက ပြန်မထွက်ဘဲ နေမည်လားဆိုသည်ကို မည်သူမျှ ပြောနိုင်မည်မဟုတ်ချေ။

ဝူယွီလန်၏စကားကိုကြားလိုက်ရသောအခါ ဝူကျားဝမ်မှာ အပြင်းအထန် ဒေါသထွက်သွားလေတော့သည်။

“ကောင်းပြီလေ၊ ဝူယွီလန်၊ နင်က ချမ်းသာလာပြီဆိုတော့ ကိုယ့် အစ်ကိုအရင်းကိုတောင် မမှတ်မိတော့ဘူးပေါ့လေ”

လျိုမန်မိန်၏လေသံမှာ အပြစ်တင်စကားများဖြင့် ပြည့်နှက်နေ၏။

“ယွီလန်၊ နင့်အစ်ကိုကြီးကို အဲဒီလိုပြောစရာလား၊ သူက အသက်အရွယ်လည်း ရနေပြီ၊ နင့်ကို လာတွေ့ဖို့ အဝေးကြီးကနေ ဒုက္ခခံပြီး လာရတာကို၊ မြန်မြန်တံခါးဖွင့်ပေးစမ်းပါ”

သူမ ဝူယွီလန်ကို ယခင်ကကဲ့သို့ လှည့်စားခြယ်လှယ်ရ လွယ်ကူနေဆဲဟု ထင်မှတ်နေသေးသည်မဟုတ်ပါလား။

“သူ အသက်ကြီးနေပြီဆိုတာသိရင်လည်း အိမ်မှာ ကောင်းကောင်းမနေဘဲ ဘာလို့ လျှောက်ပြီးဒုက္ခရှာနေရတာလဲ”

“လာရာလမ်းကို မြန်မြန်ပြန်သွားကြတော့၊ နင်တို့နဲ့ စကားပြောဖို့ ငါ့မှာ အချိန်မရှိဘူး”

ထိုသို့ပြောပြီးနောက် ဝူယွီလန် သူတို့ကို လုံးဝဂရုမစိုက်တော့ဘဲ မီးဖိုချောင်သို့သွားကာ သူမ၏အလုပ်များကိုသာ ဆက်လုပ်နေလိုက်၏။

လျိုမန်မိန် ခြံတံခါးကိုမှီကာ တဖြည်းဖြည်းတိတ်ဆိတ်သွားသော ခြေသံများကို နားစွင့်နေလိုက်သည်။ သူမ မျက်မှောင်ကြုတ်လိုက်၏။

“ယွီလန်က ဘာဖြစ်သွားတာလဲ၊ သူမက အတင့်ရဲလာတာလား၊ ဘာလား”

“သူမ အတင့်ရဲလာတာမဟုတ်ပါဘူး၊ သူမက ချမ်းသာလာတော့ ငါတို့လို ဆင်းရဲတဲ့ဆွေမျိုးတွေကို အထင်သေးသွားတာဖြစ်ရမယ်”

ဝူကျားဝမ်မှာ ဒေါသတကြီးဖြင့် ထွက်ခွာသွားချင်သော်လည်း သံဖြင့် ခိုင်ခံ့စွာတည်ဆောက်ထားသော မြင့်မားလှသည့်ခြံတံခါးကြီးကို မော့ကြည့်လိုက်မိချိန်တွင်တော့ သူ့ခြေလှမ်းများက ရှေ့သို့ လုံးဝမရွေ့နိုင်တော့ချေ။

ခြံတံခါးကိုပင် သံဖြင့် အားဖြည့်တည်ဆောက်ထားသည်လော။

သံစလေးတစ်စမှာပင် ငွေပြားရာနှင့်ချီ၍ တန်ကြေးရှိသည်မဟုတ်ပါလား။ စုန့်မိသားစုက မည်မျှအထိ ချမ်းသာကြွယ်ဝနေသနည်း။

‘အပြာရောင်အုတ်တွေ၊ အုတ်ကြွပ်မိုးများတွေနဲ့ တည်ဆောက်ထားသော ဒီအိမ်ကြီးကို ကြည့်စမ်းပါဦး၊ ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လိုက်သလဲ'

ပတ်ဝန်းကျင်ရှိ ရွာများအားလုံးတွင် မြေရှင်သူဌေးကြီး၏အိမ်တော်မှလွဲလျှင် စုန့်မိသားစု၏အိမ်မှာ အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သောနေရာမျိုးတွင် နေထိုင်ရခြင်းက ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦးအဖြစ် နေထိုင်ရခြင်းနှင့် လုံးဝတူညီနေမည်မဟုတ်ပါလား။

ချမ်းသာကြွယ်ဝသော မိသားစုခေါင်းဆောင်ကြီးတစ်ဦးအလား သစ်သားပန်းပုထွင်းထုထားသော ကုလားထိုင်ပေါ်တွင် ထည်ဝါစွာထိုင်နေရမည့် မိမိကိုယ်ကိုယ် စိတ်ကူးယဉ်ကြည့်လိုက်မိသောအခါ ဝူကျားဝမ်၏ရင်တွင်း၌ လှိုက်ဖိုလှုပ်ရှားသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးသွားရလေ၏။

သူ့ ကိုယ်ပိုင်ရည်မှန်းချက်များက ပြင်းပြစွာတောက်လောင်လာသည်။

သူ လုံးဝ ထွက်သွား၍မဖြစ်ပေ။

‘ငါ ဒီအိမ်ထဲကို မဖြစ်မနေ ဝင်ရောက်နေထိုင်ခွင့်ရရမယ်’

ဤသည်က သူ့ညီမအရင်း၏ အိမ်ပင်ဖြစ်သည်။ သူတို့ လာရောက်ပြီး ခဏတဖြုတ်နေထိုင်သည်က မည်သည့်နေရာတွင် မှားယွင်းနေသနည်း။

ထိုအချက်ကို တွေးမိသောအခါ ဝူကျားဝမ်၏ရင်တွင်း၌ ယုံကြည်မှုများ တစ်ရှိန်ထိုး မြင့်တက်လာလေတော့သည်။

သို့သော် ယခု ဝူယွီလန်က တံခါးဖွင့်မပေးပါက သူတို့ မည်သို့ဝင်ရောက်ရမည်နည်း။

ဝူယွီလန်၏ ဤကဲ့သို့သောအပြုအမူအတွက် အကြောင်းရင်းမှာ ယခင်က သူမ ပညာသင်စရိတ် လာရောက်ချေးငှားစဉ်က သူတို့က ငွေမချေးခဲ့သည့်အပြင် မြေးမလေးအား ရောင်းစားရန်ပင် သွေးထိုးပေးခဲ့သောကြောင့် ဖြစ်မည်ဟု သူက ခန့်မှန်းတွက်ချက်လိုက်၏။

သို့သော် ထိုအချိန်က သူမသည် သူတို့၏စကားကို နားထောင်ကာ မြေးမလေးအား ရောင်းစားခဲ့သည်မဟုတ်ပါလား။

အရာအားလုံး အတော်လေး အဆင်ပြေချောမွေ့ခဲ့သည်ပင်။

ယင်းမှာ နက်ရှိုင်းလှသော ရန်ညိုးရန်စတစ်ခုတော့ မဟုတ်ချေ။

သူ့လေသံကို အနည်းငယ် လျှော့ချကာ သူမကို ချော့မော့ပြောဆိုလိုက်မည်ဆိုပါက ထိုကောင်မလေး ဒေါသပြေသွားသည်နှင့်တစ်ပြိုင်နက် သူမ၏အစ်ကိုအရင်းဖြစ်သော သူ့ကို သေချာပေါက် ပြန်လည်ဂရုစိုက်ရမည်သာဖြစ်သည်။

“အဟမ်း၊ ယွီလန်၊ အရင်ဆုံး တံခါးလေးဖွင့်လိုက်ပါဦး၊ အရင်တုန်းက နင် ပညာသင်စရိတ်လာချေးတဲ့ကိစ္စက အစ်ကိုကြီးရဲ့ အမှားပါ၊ ဒါပေမဲ့ အစ်ကိုကြီးက နင့်ကို မကူညီချင်လို့ မဟုတ်ပါဘူး၊ အဲဒီအချိန်တုန်းက အစ်ကိုကြီးကိုယ်တိုင်လည်း အခက်အခဲဖြစ်နေလို့ပါ”

“အဲဒီလို ဒေါသထွက်ပြီး ထိုင်မနေပါနဲ့တော့၊ တံခါးဖွင့်ပြီး အစ်ကိုကြီးကို သေချာရှင်းပြခွင့်ပေးပါဦး”

စုန့်အာ့လန် မီးဖိုချောင်တွင်းသို့ ခပ်သုတ်သုတ် ပြေးဝင်လာကာ တိုင်တောလိုက်၏။

“အဘွား၊ အဲဒီအဘိုးကြီးက ခြံတံခါးအပြင်ဘက်မှာ အဆက်မပြတ် ပွစိပွစိလုပ်နေတယ်၊ သူက အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ”

“သူ ထွက်မသွားသေးဘူးလား”

ဝူယွီလန် ပေါက်စီများကို ပေါင်းအိုးအတွင်းသို့ထည့်လိုက်ပြီး ရေတစ်ဇလုံ ခပ်ယူလိုက်သည်။

သူမ အနီးတွင်ရပ်နေသော စုန့်ကျစ်ချုံးကို မြင်သောအခါ ညွှန်ကြားလိုက်၏။

“ဒုတိယကောင်၊ လှေကားကို ဒီဘက်ယူလာခဲ့စမ်း”

ဝူယွီလန်၏ခေါ်သံကို ကြားသောအခါ စုန့်ကျစ်ချုံး မီးဖိုချောင်ဆီသို့ အမြန်ပြေးလာခဲ့သည်။

လှေကားကို သေချာထောင်ပြီးနောက် သူ ဝူယွီလန်၏လက်ထဲမှ ရေဇလုံကို တက်ကြွစွာလှမ်းယူလိုက်၏။

“အမေ၊ အမေ နားလိုက်ပါ၊ သားကို ပေး၊ သားလုပ်လိုက်မယ်”

ထိုမြင်ကွင်းကို မြင်သောအခါ ဝူယွီလန် ရေဇလုံအား စုန့်ကျစ်ချုံးထံသို့ ကမ်းပေးလိုက်၏။

“ဟင်းသီးဟင်းရွက်တွေကို ရေဘယ်လိုလောင်းရမလဲဆိုတာ နင် သိတယ်မလား၊ နေရာအနှံ့ရောက်အောင် သေချာလောင်းချလိုက်စမ်း”

All Chapters