← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

🍅 Chapter 198

စုန့်ကျစ်ချုံး သူ့ရင်ဘတ်ကိုသူ ပုတ်ကာ အာမခံလိုက်၏။

“ဟင်းသီးဟင်းရွက် ရေလောင်းတာလား၊ အဲဒီကိစ္စမှာဆို သားက ဆရာတစ်ဆူပဲ”

ထိုသို့ပြောပြီးနောက် သူ လှေကားပေါ်သို့ တည်ငြိမ်စွာတက်သွားလေတော့သည်။

ခြံတံခါးအပြင်ဘက်တွင်မူ ဝူကျားဝမ်မှာ အဆက်မပြတ် ဆူပူအော်ဟစ်နေဆဲဖြစ်ပြီး ရုတ်တရက် သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဗွမ်းဟူသော အသံကြီးကို သူ ကြားလိုက်ရသည်။

ရေတစ်ဇလုံအပြည့် အပေါ်မှနေ၍ လောင်းချခံလိုက်ရရာ ရှေ့ဆုံးတွင် ရပ်နေသူများမှာ ရေစိုရွှဲသွားကြလေတော့သည်။

ယခုအချိန်က ဆယ်လပိုင်းကုန်ခါနီးဖြစ်ရာ လမ်းဘေးရှိမြက်ပင်များပေါ်တွင် နှင်းခဲများပင် ဖုံးလွှမ်းနေခဲ့ပြီဖြစ်သည်။

အေးစက်လှသော ရေများကြောင့် လူစုမှာ တဆတ်ဆတ် တုန်ယင်သွားကြပြီး မြေပြင်ပေါ်မှ ခုန်ပေါက်ကာ အော်ဟစ်ဆဲဆိုကြတော့၏။

“အား”

“အိုး”

လျိုမန်မိန်မှာ ခြံတံခါးကိုမှီကာ အတွင်းဘက်မှ လှုပ်ရှားမှုများကို နားစွင့်နေခဲ့ရာ သူမ ကိုယ်လုံးတစ်ခုလုံး ရေများဖြင့် ရွှဲရွှဲစိုသွားခဲ့လေပြီ။

“ကျစ်၊ သောက်ကျိုးနည်းပဲ၊ ဘယ်လို စိတ်ပုပ်စိတ်ယုတ်နဲ့ကောင်က လုပ်လိုက်တာလဲ”

စုန့်ကျစ်ချုံးမှာ အလျင်အမြန်ပင် ပြေးဆင်းသွားခဲ့ပြီဖြစ်သည်။

ခြံတံခါးအပြင်ဘက်မှ ကျိန်ဆဲသံများကို နားထောင်ရင်း သူ့ရင်တွင်း၌ အတိုင်းမသိ ကျေနပ်အားရမှုများကို ခံစားနေရ၏။

သူ ဤမိသားစုကို ရွံရှာမုန်းတီးနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ယခင်က သူ့မိခင် ထိုအိမ်သို့ သွားရောက်တိုင်း ပစ္စည်းများကို အပုံလိုက် အခါခါ သယ်ဆောင်သွားလေ့ရှိသည်မဟုတ်ပါလား။

နောက်ပိုင်းတွင် ပိုဆိုးရွားလာခဲ့သေးသည်။

သူမ ပြန်လာတိုင်း မြေးမလေး တစ်ယောက်စီကို ရောင်းစားလေ့ရှိ၏။

ဝူကျားဝမ်နှင့် သူ့အပေါင်းအပါများက သူ့မိခင်အား ထိုသို့လုပ်ဆောင်ရန် သွေးထိုးလှုံ့ဆော်ခဲ့ခြင်း မရှိဟု ပြောလာလျှင် သူ လုံးဝမယုံကြည်နိုင်ချေ။

“အာ့လန်၊ နင့်ရဲ့ ဒုတိယဦးလေးအတွက် ရေနောက်တစ်ဇလုံလောက် သွားခပ်ပေးစမ်း”

“ရပါပြီဗျာ”

စုန့်အာ့လန် ရေဇလုံကိုယူကာ ရေနောက်တစ်ဇလုံခပ်ရန် ခပ်သုတ်သုတ် ပြေးထွက်သွားလေ၏။

…….

စုန့်ကျစ်ချုံး ရေဇလုံကို မြှောက်ကိုင်လိုက်ပြီး အဝတ်အစားများ သပ်ရပ်အောင် ပြင်ဆင်နေကြသော ထိုလူစုထံသို့ ချိန်ရွယ်ကာ ရွှမ်းခနဲ အသံနှင့်အတူ ပက်ချလိုက်လေသည်။

ထိုအချိန်ကျမှသာ ရေပက်သူမှာ စုန့်ကျစ်ချုံးဖြစ်နေကြောင်း ထိုမိသားစုက သတိထားမိသွားကြ၏။

“ဟေ့၊ ဒီကောင်စုတ်လေး၊ နင့်ဦးလေးကိုတောင် ရေပက်ရဲတယ်ပေါ့လေ၊ သူက နင့်ထက် အသက်ကြီးတဲ့သူနော်၊ နင့်မှာ လူကြီးကို ရိုသေရကောင်းမှန်းသိတဲ့စိတ် လုံးဝမရှိဘူးလား”

လျိုမန်မိန်မှာ ရေစိုရွှဲသွားပြီး အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်ယင်နေကာ စုန့်ကျစ်ချုံးကို မြင်လိုက်သည်နှင့် သူမ ဒေါသများက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။

“ကျွန်တော်က လူကြီးသူမကို ရိုသေရကောင်းမှန်း မသိဘူးဟုတ်လား”

“ဒါဆို ခင်ဗျားတို့က သူများအိမ်ရှေ့လာပြီးတော့ ဆူပူအော်ဟစ်နေတာကရော ယဉ်ကျေးရာကျလို့လား”

“ခင်ဗျားတို့ ဘာကြံစည်နေလဲဆိုတာ ကျွန်တော် မသိဘူးလို့မထင်နဲ့ ကျွန်တော်တို့ မိသားစု ကောင်းကောင်းမွန်မွန် နေနိုင်လာတာကို မြင်တော့ အချောင်လာခိုချင်လို့မဟုတ်လား”

“ဟက်၊ သေချာမှတ်ထားလိုက်၊ အဲ့ဒီလို လုံးဝအဖြစ်မခံနိုင်ဘူး”

“အာ့လန်၊ ငါ့အတွက် နောက်ထပ်ရေတစ်ဇလုံလောက် သွားခပ်ပေးစမ်း၊ ဒီအရှက်မရှိတဲ့လူတွေကို သေအောင်ပက်ပစ်မယ်”

ဝူယွီလန်မှာ ထိုမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်အံ့ဩသွားမိ၏။

သူမ၏ ဤခေါင်းမာသော ဒုတိယသားက ဤမျှလောက် ပါးစပ်တိုက်ခိုက်ရေးစွမ်းရည် မြင့်မားနေလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့ချေ။

ရှေ့တန်းတွင် တိုက်ခိုက်ပေးမည့်သူ ရှိနေပြီဖြစ်ရာ သူမကတော့ အေးအေးဆေးဆေးအနားယူနေရန်သာ ဆုံးဖြတ်လိုက်သည်။

ဝူကျားဝမ်လည်း ဒေါသတကြီးဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

“ဒီကောင်စုတ်လေး၊ မင်း စကားပြောတာ သိပ်ရိုင်းလွန်းတယ်၊ ငါက မင်းရဲ့ ဦးလေးအရင်းနော်၊ ငါတို့က မင်းအမေကို စေတနာနဲ့ လာတွေ့တာကို၊ ကျေးဇူးမတင်တဲ့အပြင် အေးစက်နေတဲ့ ရေတွေနဲ့တောင် လာပက်သေးတယ်၊ ငါကပဲ မင်းတို့အိမ်ကို လာချင်နေတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား”

“ဟက်၊ မလာချင်ဘူးလား၊ ဒါဆို ခင်ဗျားတို့က ဘာလို့ အထုပ်အပိုးတွေ အကြီးအသေးအစုံအလင် သယ်လာရတာလဲ”

“ကျွန်တော်တို့အိမ်မှာ လာနေပြီးတော့ အိမ်ကိုပါ သိမ်းပိုက်ဖို့ ကြံစည်နေတာများလား”

ထိုအချက်ကို တွေးမိသောအခါ စုန့်ကျစ်ချုံးမှာ ပိုတင်းကြပ်စွာစောင့်ကြပ်ရန် ဆုံးဖြတ်လိုက်ပြီး ဤခွေးတစ်အုပ်ကို အိမ်ထဲသို့ လုံးဝအဝင်မခံရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်လေ၏။

မိမိ၏ရည်ရွယ်ချက်များကို လူငယ်တစ်ဦးက လူအများရှေ့တွင် ဖွင့်ချလိုက်သောအခါ ဝူကျားဝမ်မှာ ရှက်ရွံ့မှုနှင့် ဒေါသများရောယှက်ကာ ပေါက်ကွဲထွက်သွားတော့၏။

“တောက်စ်၊ ဘယ်သူကများ မင်းတို့အိမ်မှာ နေချင်နေလို့လဲ”

“ဒီလူမဆန်တဲ့ကောင်တွေ၊ နောင်တစ်ချိန် ငါတို့ကို တောင်းပန်ပြီး လာခေါ်ရင်တောင် လုံးဝမလာဘူးကွ”

“သွားစို့”

ဝူကျားဝမ်မှာ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုသဖြင့် လှည့်ထွက်ရန် ပြင်လိုက်၏။

စုန့်မိသားစုမှာ အပြာရောင်အုတ်များ၊ အုတ်ကြွပ်မိုးများဖြင့် တည်ဆောက်ထားသော အိမ်ကြီးတစ်လုံးတွင် နေထိုင်နေကြပြီဖြစ်သည်ကို မြင်တွေ့ရသောအခါ လျိုမန်မိန်က မည်သို့ထွက်သွားရက်နိုင်မည်နည်း။

“ကလေးတွေရဲ့အဖေ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”

“ကျွန်မတို့ ဒီအထိတောင် ရောက်နေပြီကို၊ ဒီတိုင်းကြီး ပြန်သွားရရင် ရှင့်မျက်နှာ ဘယ်နားသွားထားမလဲ”

ဝူကျားဝမ်ကမူ လျိုမန်မိန်၏လက်ကို ခါချလိုက်သည်။

“ဒါဆိုလည်း သူမကို တံခါးဖွင့်အောင်လုပ်လေ”

“ငါ့ကိုသာ လွှဲထားလိုက်”

လျိုမန်မိန် ရေဇလုံကိုကိုင်ကာ သူတို့ကို ကျားတစ်ကောင်အလား စောင့်ကြည့်နေသော စုန့်ကျစ်ချုံးအား ကြည့်ပြီး ကြောက်ရွံ့မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။

“အဟမ်း”

“ကျစ်ချုံး၊ ကလေးရယ် မင်းကလည်း ဘာလို့ ဒီလောက်တောင်ပြင်းထန်ရတာလဲ”

“အရင်တုန်းက ငါတို့အပေါ် နားလည်မှုလွဲတာလေးတွေ ရှိခဲ့တယ်ဆိုတာ အဒေါ်သိပါတယ်၊ ဒါပေမဲ့ အဲဒါတွေကို ငါတို့ သေချာရှင်းပြလို့ရပါတယ်”

“ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် နောက်ဆုံးတော့လည်း မိသားစုတွေချည်းပါပဲ၊ မင်း ဘယ်လောက်ပဲ မကျေနပ်ဖြစ်နေပါစေ၊ အရင်ဆုံး တံခါးလေးတော့ ဖွင့်ပေးပါဦး၊ ပြီးမှ ငါတို့ အေးအေးဆေးဆေးထိုင်ပြီး စကားပြောကြတာပေါ့”

စုန့်ကျစ်ချုံး လုံးဝဂရုမစိုက်သည်ကို မြင်သောအခါ လျိုမန်မိန်က သူမ ဗျူဟာကို ပြောင်းလဲကာ သနားစရာကောင်းသောအမူအရာကို ဖန်တီးလိုက်တော့၏။

“အို၊ ကျစ်ချုံးရယ်၊ အခု ငါတို့ ဘယ်လောက်တောင် ဒုက္ခရောက်နေလဲဆိုတာ မင်းမသိပါဘူး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိုးရွာတော့ ငါတို့အိမ် ပြိုကျသွားတယ်၊ အခုဆို ငါတို့မှာ မိုးခိုစရာနေရာလေးတောင် မရှိတော့ဘူး”

“ငါတို့က မင်းတို့ကို ဒုက္ခမပေးချင်ပါဘူး၊ ဒါပေမဲ့ ရာသီဥတုက အေးလာပြီလေ၊ မင်း ဦးလေးလည်း အသက်ကြီးပြီဆိုတော့ အအေးဒဏ်ကို မခံနိုင်ဘဲ ဖျားနေတာနဲ့ ငါတို့လည်း မတတ်သာလို့ မင်းတို့ဆီကို အားကိုးဖို့လာခဲ့ရတာပါ”

လျိုမန်မိန် အလွန်သနားဖွယ်ကောင်းသော အမူအရာဖြင့် စကားပြောနေရင်း သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်ရန် လက်ကိုပင်မြှောက် လိုက်သေး၏။

သို့သော် အင်္ကျီလက်စဖြင့်ကွယ်ထားသော သူမ မျက်လုံးများကတော့ ဝူကျားဝမ်ကို အချက်ပြရန် အဆက်မပြတ်လှုပ်ရှားနေလေ၏။

ဝူကျားဝမ် ချက်ချင်းပင် နားလည်သွားကာ ရင်ဘတ်ကို ဖိပြီး အပြင်းအထန်ချောင်းဆိုးပြလိုက်၏။

“အဟွတ်၊ အဟွတ်၊ အဟွတ်”

သူက သားဖြစ်သူ ဝူကျန်း၏ကိုယ်ပေါ်သို့ အားနည်းစွာမှီချလိုက်ပြီး မကြာမီသေဆုံးတော့မည့် လူမမာတစ်ဦးအလား ဟန်ဆောင်လိုက်လေသည်။

All Chapters