အခန်း ၁၉၉
Vol. 20 Ch. 199
🍅 Chapter 199
ဤလှည့်ကွက်မျိုးက အခြားသူတစ်ဦးအပေါ်ဆိုလျှင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း စုန့်ကျစ်ချုံးမှာ သဘောထား အလွန်သေးသိမ်ပြီး အငြိုးအတေးကြီးတတ်သူတစ်ဦးဖြစ်သည်။
သူ့စိတ်ထဲတွင် ဤမိသားစု၏ယခင်က လုပ်ဆောင်ခဲ့သော ယုတ်မာမှုများသာ ပြည့်နှက်နေပြီး သူ့ရင်တွင်း၌ မည်သည့်သနားကြင်နာမှုမျှ လုံးဝ ဖြစ်ပေါ်လာခြင်းမရှိချေ။
“အဲဒါ ခင်ဗျားတို့ မိသားစုကိစ္စလေ၊ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ”
စုန့်ကျစ်ချုံး စကားပြောရင်း ရေနောက်တစ်ဇလုံကို ထပ်မံပက်ချလိုက်၏။
ယခုတစ်ကြိမ်တွင် ရေကို ပိုမိုမြင့်မားပြီး ဝေးဝေးရောက်အောင် ပက်ချလိုက်ရာ ဝူကျားဝမ်နှင့် အခြားသူများမှာ အလန့်တကြားဖြင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားရလေ၏။
ရေပက်ပြီးနောက် စုန့်ကျစ်ချုံး သူတို့အား လုံးဝဂရုမစိုက်တော့ဘဲ လှေကားကိုအသုံးပြု၍ ခြံဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေသည်။
သူ အနောက်သို့ လှည့်လိုက်ချိန်တွင်တော့ မိခင်ဖြစ်သူ၏အကြည့်နှင့် တည့်တည့်ဆုံသွား၏။
“ကောင်းတယ်”
စုန့်ကျစ်ချုံး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ထွက်ခွာသွားသော မိခင်ဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားကာ ရင်ထဲတွင် အတိုင်းမသိ ကျေနပ်အားရဖြစ်သွားမိ၏။
“ဟက်၊ အမေက ငါ့ကို ချီးကျူးသွားတာပဲ”
သူက ပိုလို့စိတ်အားထက်သန်လာပြီး ခြံတံခါးကို တစ်ခဏမျှပင် ပစ်မထားဘဲ အပြင်ဘက်ရှိ ထိုခွေးရိုင်းတစ်အုပ်အား လုံးဝအဝင်မခံရန် အခိုင်အမာ စောင့်ကြပ်နေတော့၏။
“ကလေးတွေရဲ့အဖေ၊ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ၊ ဒီအတိုင်းဆက်နေရင် ကျွန်မတို့ အေးခဲပြီး သေသွားတော့မှာပဲ”
ကျန်းရှောင်ဟုန်ကမူ သူမ၏သားအငယ်ဆုံးလေးကို ပွေ့ဖက်ထားရင်း အအေးဒဏ်ကြောင့် တဆတ်ဆတ်တုန်ယင်ကာ မေးလိုက်သည်။
ဝူကျန်းမှာ အလွန်အမင်း ဒေါသထွက်နေပြီဖြစ်ကာ ခြံတံခါးကို စိုက်ကြည့်ရင်း ဘယ်နှစ်ချက်ကန်လိုက်လျှင် ပွင့်သွားမည်ကို တွက်ချက်နေ၏။
“အဖေ၊ ဒီလိုမှမဟုတ်ရင် ကျွန်တော် ဒီတံခါးကို ကန်ဖွင့်လိုက်တော့မယ်”
“ကန်မယ် ဟုတ်လား၊ ဒီနေရာက ငါတို့ဝူမိသားစုရွာ မဟုတ်ဘဲ စုန့်မိသားစုရွာဆိုတာကို အသာထားလိုက်ဦး၊ မင်း ကန်ရင်ကော ဒီတံခါးကို ပွင့်အောင်ကန်နိုင်မှာမို့လို့လား”
ဝူကျားဝမ် ခိုင်ခံ့လှသောတံခါးကြီးကို ကြည့်ရင်း သူ့ရင်တွင်း၌ မနာလိုမှုများဖြင့် လောင်ကျွမ်းနေတော့၏။
‘မဟုတ်ဘူး၊ ငါ ဒီတိုင်းကြီး ပြန်မသွားနိုင်ဘူး၊ ငါ ဒီအိမ်ထဲကို မဖြစ်မနေဝင်နေရမယ်၊ ငါ မဖြစ်မနေ ဝင်ရမယ်'
သူ အဆင့်အတန်းမြင့်မားပြီး အာဏာရှိသော အိမ်ထောင်ဦးစီးကြီးတစ်ယောက် ဖြစ်ချင်သည်။
အရသာရှိသော အစားအစာများကို စားသောက်ပြီး ကောင်းမွန်စွာ ပြုစုယုယခံရမည့် ဘဝမျိုးကို သူလိုချင်သည်။
ဝူကျားဝမ် မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်၏။ မည်သည့်အရာကို စဉ်းစားမိသွားသည်မသိ၊ သူက ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် ရွာထိပ်ဆီသို့ ဦးတည်လျှောက်သွားလေတော့၏။
“ကလေးတွေရဲ့အဖေ၊ ရှင် ဘယ်သွားမလို့လဲ”
လျိုမန်မိန် အထုပ်အပိုး အကြီးအသေးများအား သယ်ဆောင်ကာ အနောက်မှ အလောတကြီးလိုက်သွား၏။
ဝူကျန်းနှင့် ကျန်းရှောင်ဟုန်တို့လည်း ထိုမြင်ကွင်းကိုမြင်သောအခါ သူတို့၏ပစ္စည်းများနှင့် ကလေးသုံးယောက်အား ခေါ်ဆောင်ကာ အမြန်လိုက်ပါသွားကြသည်။
ခဏအကြာတွင် သူတို့က ရွာလူကြီးစုန့်ကျန်းရှု၏အိမ်သို့ ရောက်ရှိသွားကြ၏။
“အို၊ ခင်ဗျားက ယွီလန်ရဲ့အစ်ကိုကြီးဆိုပါလား၊ လာ လာ၊ ထိုင်ပါဦး၊ အနွေးဓာတ်ရအောင် ရေနွေးကြမ်းလေး အရင်သောက်လိုက်ပါဦး”
ဝူယွီလန်၏အစ်ကိုအရင်းဖြစ်ကြောင်း ကြားသိရသောအခါ ရွာလူကြီးစုန့်ကျန်းရှုက သူတို့ကို ရေနွေးကြမ်းပူပူလေးဖျော်ကာ ယဉ်ကျေးစွာ ဧည့်ခံလိုက်သည်။
ထို့အပြင် သူ့ဇနီးဖြစ်သူ အဒေါ်ဝမ်ကိုပါ ပူပူနွေးနွေးဖုတ်ထားသော ပြောင်းဖူးကိတ်မုန့်အချို့ ယူဆောင်လာရန် အမိန့်ပေးလိုက်သေး၏။
အဒေါ်ဝမ်က သူတို့အားလုံး ရေစိုရွှဲနေသည်ကို မြင်သောအခါ မီးသွေးမီးဖိုတစ်ခု ယူဆောင်လာပေးသည်။
“ဒါ ဘယ်လိုဖြစ်တာလဲ၊ နင်တို့အကုန်လုံး ရေစိုရွှဲနေပါလား”
ထိုစကားကို ကြားသောအခါ လျိုမန်မိန် မျက်နှာကို ရှုံ့မဲ့ကာ ညည်းတွားလိုက်၏။
“အကုန်လုံး အဲဒီကောင်စုတ်လေး စုန့်ကျစ်ချုံးပေါ့၊ သူ ကျွန်မတို့ကို ရေနဲ့လာပက်လို့ ဖြစ်ရတာလေ၊ ဒီလိုအေးစိမ့်နေတဲ့ ရာသီဥတုကြီးမှာ ရေအေးတွေကို တစ်ဇလုံပြီး တစ်ဇလုံ လာပက်နေတာ၊ သူ လူကြီးတွေကို လုံးဝ မရိုသေတဲ့ကောင်ပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ အဒေါ်၀မ်က ရွာလူကြီးစုန့်ကျန်းရှုအား တစ်ချက်လှမ်းကြည့်လိုက်သည်။
ရွာလူကြီးစုန့်ကျန်းရှုမှာ စုန့်ကျစ်ချုံး ကြီးပြင်းလာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသူဖြစ်ရာ ထိုကောင်လေးမှာ အကြောင်းပြချက်မရှိဘဲ ပြဿနာရှာတတ်သူ၊ လူကြီးသူမများကို ရိုသေမှုမရှိသူ တစ်ယောက် မဟုတ်ကြောင်း ကောင်းကောင်းကြီး သိရှိထားပေသည်။
“ကျစ်ချုံးက ခင်ဗျားတို့ကို ရေနဲ့ပက်တယ် ဟုတ်လား၊ အဲဒါတော့ မဖြစ်နိုင်ပါဘူး၊ အဲဒီကလေးက ငယ်ငယ်ကတည်းက လိမ္မာရေးခြားရှိတဲ့ ကလေးပါ”
“အဲဒီကောင်စုတ်လေးက လုပ်တာဆိုပေမယ့် သေချာပေါက် အဲဒီအဘွားကြီးဝူယွီလန်က နောက်ကွယ်ကနေ ခိုင်းတာပဲဖြစ်ရမယ်”
“သူ့ရဲ့ မိဘဆွေမျိုးတွေဘက်က အစ်ကိုအရင်းအိမ်ရှေ့ကို ရောက်နေတာကို တံခါးဖွင့်မပေးတဲ့အပြင် သူ့သားကိုပါ ရေအေးတွေနဲ့ ပက်ခိုင်းသေးတယ်၊ ရှင်တို့ပဲ စဉ်းစားကြည့်လေ၊ ဒါက လူတွေလုပ်တဲ့ လုပ်ရပ်ဟုတ်ရဲ့လား”
လျိုမန်မိန်မှာ မကျေမနပ် ညည်းတွားပြောဆိုရန်သာ အာရုံစိုက်နေသဖြင့် ကျေးရွာလူကြီး စုန့်ကျန်းရှုနှင့် သူ့ဇနီးတို့၏ မျက်နှာများမှာ အလွန်အမင်း တင်းမာခက်ထန်နေပြီဖြစ်ကြောင်းကို လုံးဝ သတိမထားမိခဲ့ချေ။
“ခင်ဗျားပြောတာ ယွီလန်က ခင်ဗျားတို့ကို အိမ်ထဲအဝင်မခံဘူးဆိုတာလား”
ရွာလူကြီးစုန့်ကျန်းရှု အေးစက်စက်အသံဖြင့် မေးလိုက်၏။
လျိုမန်မိန်မှာ ဘာကိုမှ ရိပ်စားမိခြင်းမရှိသေးဘဲ ရွာလူကြီးစုန့်ကျန်းရှု သူတို့ဘက်မှ ရပ်တည်ပေးမည်ဟုသာ ထင်မှတ်နေဆဲဖြစ်သည်။
“အိမ်ထဲ အဝင်မခံရုံတင် မကဘူး၊ အဲဒီကောင်စုတ်လေး စုန့်ကျစ်ချုံးကိုပါ ကျွန်မတို့ကို ရေအေးတွေနဲ့ လာပက်ခိုင်းသေးတာ၊ ရှင်ပဲ ကြည့်လေ၊ ဒါက လူလုပ်ရပ်ဟုတ်ရဲ့လား”
သူမ စကားပြောရင်း လက်ထဲရှိပြောင်းဖူးကိတ်မုန့်ကို ကိုက်ရန် ပါးစပ်ဟလိုက်၏။
အဒေါ်ဝမ် မျက်စိလျှင်စွာဖြင့် ထိုပြောင်းဖူးကိတ်မုန့်ကို ချက်ချင်းလုယူလိုက်လေသည်။
“ဟေ့၊ ဘာလုပ်တာလဲ”
လျိုမန်မိန်မှာ အလွန်အမင်း အံ့ဩမှင်သက်သွားပြီး အဒေါ်ဝမ် လက်ထဲသို့ ရောက်သွားသော သူမ၏ကိတ်မုန့်ကိုကြည့်ကာ တွေဝေသွား၏။
“နင် စားဖို့မတန်ဘူး”
အဒေါ်ဝမ် ကိတ်မုန့်ကို ခြင်းတောင်းထဲသို့ ပြန်လွှင့်ပစ်လိုက်ပြီး ပြောင်းဖူးကိတ်မုန့်ခြင်းတောင်းငယ်လေးကို ကိုင်ကာ ထွက်သွားလေတော့၏။
“ဟေ့ နင်က၊ နင်က ဘာလို့ဒီလိုလုပ်တာလဲ”
ပြောင်းဖူးကိတ်မုန့် မရှိတော့သဖြင့် လျိုမန်မိန် အနွေးဓာတ်ရရန် ရေနွေးကြမ်းတစ်ခွက်လောက် သောက်မည်ဟုတွေးကာ လက်ဖက်ရည်ခွက်ဆီသို့ လှမ်းယူလိုက်၏။
သို့သော် သူမ၏လက်က လက်ဖက်ရည်ခွက်ကို မထိမီမှာပင် ရွာလူကြီးစုန့်ကျန်းရှုက ထိုခွက်ကို ကောက်ယူသွားလေသည်။
“ဟင်၊ ရွာလူကြီးစုန့်၊ ဒါ ဘာသဘောလဲ”
ရွာလူကြီးစုန့်ကျန်းရှုမှာ တင်းမာနေသော မျက်နှာဖြင့် ခွက်ထဲရှိ ရေနွေးကြမ်းများကို သွန်ချလိုက်ပြီးနောက် ရေနွေးကြမ်းပန်းကန်အစုံကို ကောက်ယူကာ ထွက်သွားလေတော့၏။
သူ မထွက်ခွာမီ စကားတစ်ခွန်း ချန်ရစ်ခဲ့သည်။
“ခင်ဗျားတို့ သောက်ဖို့မတန်ဘူး”
“ဟေ့၊ ဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ၊ စုန့်မိသားစုရွာက လူတွေအားလုံးက အဲ့ဒီအဘွားကြီးဝူယွီလန်လိုပဲ အကျင့်ယုတ်ကြတာလား”
လျိုမန်မိန် ခါးထောက်ကာ အဆက်မပြတ်ဆဲဆိုနေတော့၏။
ထိုအသံကိုကြားလိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှုက ရေတစ်ဇလုံကိုင်ကာ ပြန်လည်ရောက်ရှိလာပြီး ဗွမ်းခနဲအသံနှင့်အတူ မီးသွေးမီးဖိုပေါ်သို့ ရေများပက်ချလိုက်လေသည်။