အခန်း ၂၀၀
Vol. 20 Ch. 200
🍅 Chapter 200
ထိုသို့လုပ်ဆောင်ပြီးနောက် သူ သူတို့ကို လုံးဝဂရုမစိုက်တော့ချေ။
“လွန်လွန်းတယ်၊ ဒါကတော့ တအား လွန်လွန်းသွားပြီ၊ ဒီလို အေးစိမ့်နေတဲ့ ရာသီဥတုကြီးမှာ လူတွေကို မီးသွေးမီးဖိုလေးတစ်ခုတောင် မပေးရက်ဘူးလား၊ ရှင်တို့က ကျွန်မတို့ကို အေးခဲပြီး သေစေချင်နေတာပဲ၊ ဒါ ရှင်တို့ စုန့်မိသားစုရွာရဲ့ ဧည့်ဝတ်ကျေပွန်မှုလား”
“တော်လိုက်တော့”
ဝူကျားဝမ်မှာ နောက်ဆုံးတွင်တော့ သဘောပေါက်သွားခဲ့လေပြီ။ ရွာလူကြီးစုန့်ကျန်းရှုတို့ ဇနီးမောင်နှံမှာ ဝူယွီလန်နှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြခြင်းပင်။
သူ မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မည်သည့်စကားမှ မပြောတော့ဘဲ ထွက်ခွာသွားလေတော့သည်။
“ဟေ့၊ ကလေးတွေရဲ့အဖေ၊ အပြင်မှာ အရမ်းအေးတာကို၊ ရှင် ဘယ်သွားမလို့လဲ”
စုန့်မိသားစုရွာအဝင်ဝတွင် အချိန်အတော်ကြာ လမ်းလျှောက်နေပြီးနောက်တွင်ပင် ဝူကျားဝမ်မှာ ထွက်သွားရန် ဆုံးဖြတ်ချက်မချနိုင်သေးချေ။
အပြာရောင်အုတ်များ၊ အုတ်ကြွပ်မိုးများဖြင့် တည်ဆောက်ထားသော အိမ်ကြီးတစ်လုံး။
ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရပါက သူ ဘယ်တော့များမှ ဤကဲ့သို့သောအိမ်ကြီးမျိုးတွင် နေထိုင်ရနိုင်တော့မည်နည်း။
အကယ်၍ ဝူယွီလန်သာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပါက သူ အိမ်ထဲသို့ဝင်ရောက်နေထိုင်ရန် အကြောင်းပြချက် ပို၍ပင် နည်းပါးသွားတော့မည်မဟုတ်ပါလား။
ကျန်းရှောင်ဟုန်၏မျက်လုံးများက ဟိုဟိုဒီဒီ အဆက်မပြတ်ရွေ့လျားနေ၏။
ထိုမြင်ကွင်းကို မြင်သောအခါ သူမ ယောက္ခမဖြစ်သူမှာ ထွက်သွားရန် မဆုံးဖြတ်နိုင်သေးကြောင်း သူမ သဘောပေါက်လိုက်သည်။
“အဖေ၊ ကျွန်မတို့ ဘယ်မှာနေလို့ရမလဲဆိုတာ ကျွန်မသိတယ်”
သူမလည်း လုံးဝ ထွက်မသွားချင်သေးချေ။
ထိုအိမ်ကြီးက အပြာရောင်အုတ်များ၊ အုတ်ကြွပ်မိုးများဖြင့် တည်ဆောက်ထားသော အလွန်ခမ်းနားသည့်အိမ်ကြီး ဖြစ်သည်မဟုတ်ပါလား။
အိမ်ထဲတွင် အသားများပင် ပေါင်းနေကြမည်ဖြစ်ရာ သူတို့သာ အိမ်ထဲသို့ဝင်ရောက်သွားနိုင်ပါက စုန့်မိသားစုနှင့်အတူ အရသာရှိသောအစားအစာများကို အတူတကွ စားသောက်ခွင့်ရရှိလိမ့်မည်ဖြစ်သည်။
ဝူကျားဝမ် စကားမပြောနိုင်မီမှာပင် လျိုမန်မိန် ကျန်းရှောင်ဟုန်၏အင်္ကျီလက်စကို အလောတကြီး ဆွဲလိုက်၏။
“ချွေးမအကြီး၊ နင် အပါးနပ်ဆုံးနဲ့ အလိမ္မာဆုံးပဲ၊ ပြောစမ်းပါဦး၊ နင့်မှာ ဘာနည်းလမ်းရှိလို့လဲ”
ကျန်းရှောင်ဟုန် အခြားသူများကို အနီးသို့ ဆွဲခေါ်ကာ တီးတိုးပြောလိုက်၏။
…
“မဖြစ်နိုင်ဘူး၊ ဝူကျားဝမ်က ဒီလောက်နဲ့တော့ လွယ်လွယ်လက်လျှော့ပြီး ပြန်သွားမှာမဟုတ်ဘူးလို့ ငါထင်တယ်”
ဝူယွီလန် ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူမအနေဖြင့် သတိထားရန်လိုအပ်သေးကြောင်း ခံစားလိုက်ရသည်။
သူတို့ကအိမ်သစ်ထဲသို့ ဝင်ခွင့်မရသော်လည်း သူမ၏အိမ်ဟောင်းသို့ ပြေးသွားကာ နေရာဝင်ယူလိုက်နိုင်သည်မဟုတ်ပါလား။
ထိုအချက်ကို တွေးမိပြီးနောက် ဝူယွီလန် စုန့်ကျစ်ချုံးကို လှမ်းခေါ်လိုက်၏။
“ကျစ်ချုံး၊ ငါတို့ရွာမှာ ဘယ်မိသားစုက အကြမ်းတမ်းဆုံးနဲ့ ပြဿနာအရှာနိုင်ဆုံးလဲ”
စုန့်ကျစ်ချုံး လက်ဆန့်ထုတ်ကာ မိမိကိုယ်ကို ညွှန်ပြလိုက်သည်။
ဝူယွီလန် : “……”
“ငါ အရေးကြီးကိစ္စ ပြောနေတာ၊ သေချာဖြေစမ်း၊ ရန်ဖြစ်တာ အတော်ဆုံး၊ ဆဲဆိုတာ အကျွမ်းကျင်ဆုံးနဲ့ အကြမ်းတမ်းဆုံးမိသားစုကို ရှာပေးစမ်းပါ၊ ငါ သူတို့နဲ့ တိုင်ပင်စရာကိစ္စလေးတစ်ခုရှိလို့”
“ရန်ဖြစ်တာ အတော်ဆုံး၊ ဆဲဆိုတာ အကျွမ်းကျင်ဆုံးလား...”
စုန့်ကျစ်ချုံး၏အကြည့်များက သူမအပေါ်တွင် ရပ်တန့်နေဆဲဖြစ်သည်ကို မြင်သောအခါ ဝူယွီလန် သူ့ခေါင်းကို ခပ်နာနာ တစ်ချက်ခေါက်လိုက်၏။
“အမေ၊ မရိုက်... မရိုက်ပါနဲ့ဗျာ”
အရိုက်ခံရပြီးနောက် စုန့်ကျစ်ချုံးမှာ ချက်ချင်းပင် လိမ္မာရေးခြားရှိသွားလေတော့၏။
“ရွာထဲမှာ အရမ်းကြမ်းတမ်းတဲ့ မိသားစုတစ်စုကို သား သိတယ်၊ အခုပဲ သူတို့ကို သွားခေါ်ပေးမယ်”
ထိုသို့ပြောပြီးနောက် သူ နောက်ဖေးတံခါးမှနေ၍ မျက်စိတစ်မှိတ်အတွင်း လစ်ထွက်သွားလေသည်။
မကြာမီမှာပင် စုန့်ကျစ်ချုံး ဇနီးမောင်နှံနှစ်ဦးကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာ၏။
အမျိုးသမီးဖြစ်သူက ဝူယွီလန်ကိုမြင်သောအခါ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
“အဒေါ်ဝူ၊ ကျွန်မတို့ကို ခေါ်ခိုင်းလိုက်တာဆို”
ဝူယွီလန်၏မှတ်ဉာဏ်ထဲတွင် ဤအမျိုးသမီးနှင့် ပတ်သက်၍ အမှတ်ရစရာတစ်ခုရှိနေသည်။
ယခင်က သူမနှင့် ဟောင်ချန်တို့ ရန်ဖြစ်စဉ်က ဤအမျိုးသမီးက ရှေ့ထွက်ကာ ဟောင်ချန်ကိုတော်တော်လေး ဆဲဆိုပေးခဲ့ဖူးသည်မဟုတ်ပါလား။
သူမ အကြောင်းအကျိုးကို နားလည်ပြီး တရားမျှတမှုကို လိုလားသူတစ်ဦးဖြစ်၏။
ထို့အပြင် သူမ၏ခင်ပွန်းက ဝက်သားရောင်းသူတစ်ယောက် ဖြစ်လေ၏။
.
ဝူယွီလန် ခန္ဓာကိုယ်တောင့်တင်းခိုင်မာသော ထိုအမျိုးသားကိုကြည့်ရင်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
ဝက်သားရောင်းသူပီပီ သူ၏ခန္ဓာကိုယ်အချိုးအစားက အလွန်ကြံ့ခိုင်တောင့်တင်းနေပုံရပြီး တစ်စုံတစ်ယောက်ကို ထိုးကြိတ်လိုက်ပါက အလွန်ပင် ပြင်းထန်လိမ့်မည်မှာ သေချာလှသည်။
“ဟုတ်တယ်၊ ငါ နင်တို့ကို အကူအညီတောင်းစရာ ကိစ္စလေးတစ်ခုရှိလို့”
“အဒေါ်ဝူ ဘာကိစ္စလဲဆိုတာ ပြောလိုက်ပါ၊ ကျွန်မတို့က အဒေါ့်အတွက် သေချာပေါက် သေသေသပ်သပ် လုပ်ပေးပါ့မယ်”
ကျူချိုင်ဖုန်းမှာ ဝူယွီလန်နှင့်အတူ ဆေးပင်များ လိုက်လံတူးဖော်ရင်း ငွေကြေးအတော်အသင့် ရရှိခဲ့သဖြင့် ဝူယွီလန်အပေါ် အလွန်ပင် ကျေးဇူးတင်နေ သူဖြစ်သည်။
“ဒီလိုကွဲ့၊ ငါ့ရဲ့မိဘဆွေမျိုးတွေဘက်က အစ်ကိုကြီး ရောက်လာတယ်၊ တကယ်လို့ သူက ဆွေမျိုးတွေဆီ အလည်အပတ်လာတဲ့သဘောမျိုးနဲ့ လာတာဆိုရင် ငါလည်း သေချာပေါက် ကောင်းကောင်းမွန်မွန်ဧည့်ခံမှာပေါ့၊ ဒါပေမဲ့ သူတို့က အဝတ်အစားတွေနဲ့ အထုပ်အပိုးတွေပါ အကုန်သိမ်းကျုံးယူလာကြတာဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းနေတာပဲ”
“သူတို့ ဒီကို ရောက်လာကတည်းက ငါ့အိမ်ကို သိမ်းပိုက်ဖို့ ကြံစည်နေကြမှန်း ငါ သိတယ်၊ အဲဒါကြောင့် သူတို့ကို အိမ်ထဲအဝင်မခံရဲတာ”
“ဒါပေမဲ့ အခု ငါတို့ရဲ့အိမ်ဟောင်းက အလွတ်ကြီးဖြစ်နေတော့၊ အဲဒီကိုယ်ချင်းစာတရားမရှိတဲ့လူတွေ အိမ်ကိုဝင်မသိမ်းနိုင်အောင်လို့ အိမ်ဟောင်းမှာဝင်နေပြီး လေးငါးရက်လောက် အိမ်စောင့်ပေးမယ့်လူ နည်းနည်းရှာချင်နေတာ”
“ဒါလေးပဲလား”
ကျူချိုင်ဖုန်း လွယ်ကူလှသည်ဟူသော သဘောဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်၏။
“အဒေါ်၊ ဒီကိစ္စမျိုးအတွက် ကျွန်မက ဆရာတစ်ဆူပဲ၊ ကျွန်မတို့ အခုပဲ အိမ်ဟောင်းကိုပြောင်းသွားပြီး ရက်နည်းနည်းလောက်နေရင်း အဒေါ့်အတွက် အိမ်စောင့်ပေးပါ့မယ်”
“ဒါဆိုရင်လည်း နင်တို့ကို ဒုက္ခပေးသလိုဖြစ်သွားပြီ၊ အချိန်ကျလာရင် ဒီအိမ်ကို နင်တို့ကို ရောင်းလိုက်ပြီလို့သာ ပြောလိုက်ပါ၊ သေချာတာပေါ့၊ နင်တို့ကို အလကားတော့ အလုပ် မလုပ်ခိုင်းပါဘူး၊ ဒီချည်ထည်လိပ်တစ်ဝက်ကို ယူသွားပြီး နင့်ကလေးတွေအတွက် အင်္ကျီအသစ်လေးတွေ ချုပ်ပေးလိုက်”
ကျူချိုင်ဖုန်း၏ပွင့်လင်းပြတ်သားမှုကို မြင်တွေ့ရသောအခါ ဝူယွီလန်လည်း လက်မနှေးခဲ့ချေ။
“မဟုတ်တာ၊ မလိုပါဘူး၊ ဒါ ကိစ္စသေးသေးလေးပါ၊ တခြားတစ်နေရာကို ပြောင်းပြီး နှစ်ရက်လောက် သွားအိပ်ပေးရုံတင်ကို၊ ကျွန်မတို့အားလုံးက ရွာသူရွာသား အချင်းချင်းတွေပဲဟာ၊ ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ”
“အဒေါ်က ကျွန်မတို့ကို ခေါ်ပြီး ဆေးပင်တွေတူးခိုင်းလို့ ငွေတွေအများကြီး ရခဲ့တဲ့အတွက်တောင် ကျေးဇူးမတင်ရသေးဘူး”
ယခုနှစ်အတွင်း ဝူယွီလန်နှင့်အတူ ဆေးပင်များလိုက်လံရောင်းချခြင်းဖြင့် သူတို့ မိသားစုက ငွေခုနစ်ချောင်း၊ ရှစ်ချောင်းခန့် ရရှိခဲ့ကြောင်း ကျူးချိုင်ဖုန်းက သူမ ရင်တွင်း၌ ကောင်းကောင်း သိရှိထားပေသည်။
ထိုပမာဏမှာ သူမ၏ခင်ပွန်းဖြစ်သူ မိုးလင်းမှ မိုးချုပ် ဝက်သားရောင်း၍ တစ်နှစ်ပတ်လုံးရှာဖွေရရှိသော ငွေပမာဏထက်ပင် ပိုများနေသေးသည်မဟုတ်ပါလား။
အကယ်၍ ဝူယွီလန်သာ မရှိခဲ့ပါက သူတို့ မည်သို့လျှင် ဤမျှလောက်များပြားသောငွေများကို ရရှိနိုင်မည်နည်း။
သူမမှာ ဝူယွီလန်အပေါ်ကျေးဇူးဆပ်ရန် အခွင့်အရေးမရရှိသေးသဖြင့် အမြဲတမ်း စိတ်ပူနေခဲ့ရခြင်းဖြစ်သည်။
“ကောင်းပြီ အဒေါ်၊ ကျွန်မ အိမ်ပြန်ပြီး ပစ္စည်းတွေအရင်သွားသိမ်းလိုက်ဦးမယ်၊ အခွင့်အရေး လက်လွတ်မသွားအောင်လို့ အခုပဲပြောင်းပြီး အိမ်စောင့်ပေး မယ်နော်”
“ဟိတ်၊ သော့ယူအုံးလေ”