← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄) အထူးကျွမ်းကျင်မှုစွမ်းရည် - ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်း

​သူတို့က လဲကျနေသူကို အသေသတ်မတတ် ဝိုင်းဝန်းရိုက်နှက်နေကြခြင်းပင်။

​နယ်ကျွံလာသော သွေးဝံပုလွေဂိုဏ်းသား ဆယ်ယောက်ကျော်မှာ မျက်နှာများ ဖူးယောင်ပွန်းပဲ့လျက် ဓားမကြီးဂိုဏ်း၏ နယ်မြေထဲမှ မောင်းထုတ်ခံလိုက်ကြရသည်။

​"ဒီဝံပုလွေပေါက်စတွေ... နောက်တစ်ခါ လာရဲလာကြည့်စမ်း... သူတို့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်..."

​ခါးတုတ်တုတ်၊ ပခုံးကျယ်ကျယ်နှင့် အသက်သုံးဆယ်အရွယ် လူသန်ကြီးတစ်ယောက်က သူ၏ လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း အေးစက်စွာ အော်ဟစ်လိုက်၏။

​ထိုသို့ပြောပြီးနောက် သူက ဘေးနားရှိ ဟွမ်ဖေးယန်ဘက်သို့ လှည့်ကာ သွားဖြဲပြုံးပြလိုက်ပြီး "တဟူ... ဒီနေ့ ဒီကို အမြန်လာပြီး ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွာ..."

​"ဟာ... ရပါတယ်၊ ငါတို့က အနီးအနားမှာ ရှိနေလို့ပါ..." ဟွမ်ဖေးယန်က နှိမ့်ချစွာ ပြုံးပြလိုက်သည်။ "ဝံပုလွေပေါက်စတွေကိုလည်း မောင်းထုတ်ပြီးပြီဆိုတော့ ဂိုဏ်းခွဲမှူးယွီကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး။ ငါတို့ ပြန်လိုက်ပါဦးမယ်..."

​"ဘာပြန်မှာလဲ..."

​ယွီပေါင်လျန်က ဟွမ်ဖေးယန်၏ စကားကို ဖြတ်ပြောရင်း လက်ကာပြလိုက်သည်။ "ဘယ်သူကများ ကိုယ့်ကို လာကူညီတဲ့လူတွေကို ဗိုက်ဟောင်းလောင်းနဲ့ အိမ်ပြန်လွှတ်မှာလဲ။ ဒီည ငါ ဒကာခံမယ်။ ညီအစ်ကိုတို့... ငါနဲ့အတူ နွေဦးလေပြေစံအိမ်ကို လိုက်ခဲ့ကြ။ ကောင်းကောင်းလေး သောက်ကြတာပေါ့...."

​"မဟုတ်တာ... တကယ် မလိုပါဘူးဗျာ" ဟွမ်ဖေးယန်က အလျင်အမြန် ငြင်းဆန်လိုက်၏။

​သို့သော် ယွီပေါင်လျန်က ဘာမှဆက်မပြောတော့ဘဲ သူ၏ ပခုံးကို ဖက်ကာ စားသောက်ဆိုင်ဆီသို့ အတင်းအကျပ် ခေါ်ဆောင်သွားလေတော့သည်။

​အခြားသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် "ကျေးဇူးတင်ပါတယ် ဂိုဏ်းခွဲမှူးယွီ..." ဟု အော်ဟစ်ကာ အနောက်မှ လိုက်သွားလိုက်ကြသည်။

​ယွီပေါင်လျန်သည် ရှင်းယုံကဲ့သို့ပင် ဓားမကြီးဂိုဏ်း၏ ဂိုဏ်းခွဲမှူးခေါင်းဆောင်တစ်ယောက် ဖြစ်သည်။

​ရှင်းယုံက ချန်ဖျင်ရပ်ကွက်ရှိ လမ်းများကို တာဝန်ယူရပြီး ယွီပေါင်လျန်က ချန်လုံရပ်ကွက်ရှိ လမ်းနှစ်လမ်းကို တာဝန်ယူရသည်။

​ထိုရပ်ကွက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိကြ၏။

​လူဦးရေအရဆိုလျှင် ချန်ဖျင်ရပ်ကွက်က ပိုမိုကြီးမားသော်လည်း ၎င်း၌ ဆင်းရဲသားများနှင့် အောက်ခြေလူတန်းစားများသာ နေထိုင်ကြချေသည်။

​ဈေး၏ အလယ်ဗဟိုတည့်တည့်ရှိ လမ်းတစ်လမ်းတည်းတွင်သာ ဈေးသည်များရှိပြီး ကျန်လမ်းများမှာ လုံးဝကို ခြောက်ကပ်နေတတ်သည်။

​ချန်လုံရပ်ကွက်ကတော့ ကွဲပြားလှသည်။ ၎င်းက များစွာ ပို၍ စည်ကားလေသည်။

​ယွီပေါင်လျန် တာဝန်ယူထားရသော လမ်းနှစ်လမ်းထဲမှ မည်သည့်လမ်းမဆို ချန်ဖျင်ရပ်ကွက်ထက် ပို၍ ဝင်ငွေကောင်းလှသည်။

​သေချာသည်မှာ လူသွားလူလာနှင့် ဆိုင်ခန်းများရှိမှုအရ အရှေ့ဘက်ရပ်ကွက်တွင် အစည်ကားဆုံး၊ အကြီးဆုံးနှင့် အရှည်ဆုံးလမ်းမှာ ချန်လယ်လမ်းပင်။

​ချန်ဖျင်၊ ချန်လုံနှင့် ချန်တယ်အပါအဝင် ရပ်ကွက်အတော်များများတွင် ချန်လယ်လမ်းနှင့် ကပ်လျက်ရှိသော လမ်းပိုင်းများ ရှိကြသည်။

​ချန်ဖျင်နှင့် ချန်လုံမှာ ဓားမကြီးဂိုဏ်း၏ နယ်မြေများဖြစ်ပြီး လမ်း၏တစ်ဖက်ခြမ်းမှာတော့ သွေးဝံပုလွေဂိုဏ်း၏ နယ်မြေဖြစ်၏။

​ထို့ကြောင့် ဂိုဏ်းနှစ်ခုက ၎င်းတို့နှင့် ကပ်လျက်ရှိနေသော ချန်လယ်လမ်းအပိုင်း၏ ပိုင်ဆိုင်မှုအတွက် မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိကြသည်။

​ရှင်းယုံက ချန်ဖျင်ရပ်ကွက်ရှိ လမ်းပိုင်းကို သိမ်းပိုက်နိုင်ရန် နေ့ရောညပါ ကြိုးစားနေခဲ့သော်လည်း အောင်မြင်မှု မရသေးချေ။ ယွီပေါင်လျန်ကမူ ချန်လုံရပ်ကွက်ရှိ လမ်းပိုင်းကို ရရှိထားပြီး ဖြစ်သည်။

​ဈေးဧရိယာအတွင်း ကြီးကြပ်ရမည့် လမ်းနှစ်လမ်းအပြင် ကပ်လျက်ရှိနေသော ချန်လယ်လမ်းပိုင်းပါ ရှိနေသောကြောင့် ယွီပေါင်လျန်၏ လူအင်အားမှာ လိုအပ်ချက်များ ရှိနေချေသည်။

​မဟုတ်သေး... တိတိကျကျပြောရလျှင် တိုက်ရည်ခိုက်ရည်ကောင်းမွန်ပြီး သတ္တိရှိသော တိုက်ခိုက်ရေးသမားများ လုံလောက်မှု မရှိခြင်းပင်။

​ထို့ကြောင့် ဟွမ်ဖေးယန်ဆိုသည့် ဤတောင်ဆင်းကျားက အဆုံးတွင်တော့ ဤနေရာသို့ ရောက်လာခဲ့ပြီဖြစ်ရာ သူက ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်မည်နည်း။

​မှန်ပေသည်။ ယွီပေါင်လျန်က ဟွမ်ဖေးယန်ကို သူ၏ဘက်သို့ ပါလာရန် ဆွဲဆောင်သွေးဆောင်ချင်နေခြင်း ဖြစ်၏။

​ဤအချက်ကို လူအများအပြား မြင်နိုင်ကြသည်။

​ချန်မူလည်း သဘာဝကျစွာပင် အံ့ဩမနေခဲ့ချေ။

​'ငါ ပေါ့ဆသွားခဲ့တာပဲ...'

​အပြင်သို့ ပြေးထွက်လာပြီးနောက်တွင်မှ သွေးဝံပုလွေဂိုဏ်းသားများ နယ်ကျွံလာကြောင်းကို ချန်မူ သိလိုက်ရပြီး ရှင်းယုံမှာလည်း ပေါ်မလာခဲ့ပေ။

​သို့သော် ဟွမ်ဖေးယန်ကမူ လူတစ်စုကို ဦးဆောင်ကာ ပြေးထွက်သွားခဲ့သည်။

​သူတို့အားလုံးက ဓားမကြီးဂိုဏ်းမှ ဖြစ်ကြရာ တစ်ဦးကိုတစ်ဦး ကူညီပေးခြင်းမှာ ပြဿနာမဟုတ်ချေ။

​ပြဿနာမှာ ချန်မူ၏ မှတ်ဉာဏ်များအရ အစ်ကိုကြီးရှင်းယုံသည် သဘောထားကြီးသူတစ်ယောက် မဟုတ်ခြင်းပင်။

​ဟွမ်ဖေးယန်က ချန်လုံရပ်ကွက်သို့ လာရောက်ခြင်းမှာ ဓားမကြီးဂိုဏ်း၏ အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်ပြီး စေတနာကောင်းဖြင့် တက်ကြွစွာ လုပ်ဆောင်ခြင်းဟု ရှုမြင်နိုင်သည်။ သို့သော် ၎င်းကို သူ၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ အထက်အောက် ရိုသေလေးစားမှုမရှိခြင်းဟုလည်း အဓိပ္ပါယ်ကောက်ယူနိုင်ပြန်သည်။

​၎င်းက လူကြီးများက ဘယ်လိုဆုံးဖြတ်မလဲဆိုသည့် အပေါ်တွင်သာ မူတည်ပေသည်။

​ယွီပေါင်လျန်ကလည်း ဟွမ်ဖေးယန်ကို ဆွဲဆောင်ချင်နေသေးသည်။ သူ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရှင်းယုံ၏ မျက်လုံးထဲတွင်တော့ ၎င်းက ပါးဖြတ်ရိုက်ခံရသလိုမျိုး ဖြစ်နေလောက်ပြီပင်။

​...

​"အစ်ကို... နောက်တစ်ခါဆို အလားတူကိစ္စမျိုးတွေမှာ ပါဝင်မပတ်သက်ပါနဲ့..."

​ညစာစားပြီးနောက် အိမ်သို့အပြန်တွင် ချန်မူက ဟွမ်ဖေးယန်အား လေးနက်စွာဖြင့် "ဂိုဏ်းခွဲမှူးရှင်း အထင်လွဲသွားမှာကို ကျွန်တော် စိုးရိမ်လို့ပါ..." ဟု ပြောလိုက်သည်။

​"..."

​ဟွမ်ဖေးယန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ငါ နားလည်ပါတယ်..." ဟု ပြန်ဖြေလေသည်။

​ထိုအခြေအနေကို မြင်သောအခါ ချန်မူက သူ့အား လေးနက်စွာ ဆက်ကြည့်နေပြီး "အစ်ကို တကယ်ပဲ ဘက်ပြောင်းပြီး ဂိုဏ်းခွဲမှူးယွီရဲ့ အဖွဲ့ဆီ မသွားချင်ဘူး မဟုတ်လား..." ဟု လေးနက်သောအသံဖြင့် မေးလိုက်၏။

​"အဲ့လိုမဟုတ်ပါဘူးကွာ..."

​ဟွမ်ဖေးယန်က လက်ကိုမြှောက်လိုက်ပြီး မျက်နှာသုတ်ပုဝါယူရန် ထ,ရပ်လိုက်ကာ "မင်းလည်း အများကြီး တွေးမနေပါနဲ့။ ရိုးရိုးသားသား ကူညီပေးရုံပါပဲ... ဂိုဏ်းခွဲမှူးကလည်း အဲဒီလောက်ထိ သဘောထားသေးသိမ်တဲ့လူ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

​ထိုသို့ပြောပြီးနောက် သူသည် မျက်နှာသုတ်ပုဝါကိုယူကာ ရေခပ်၍ မျက်နှာသစ်ရန် အပြင်သို့ ထွက်သွားလိုက်လေသည်။

​'ရှင်းယုံက သဘောထားမသေးသိမ်ဘူး ဟုတ်လား...'

​ချန်မူက စိတ်ထဲမှနေ၍ လှောင်ပြုံးပြုံးလိုက်မိ၏။

​ရှင်းယုံနှင့်ပတ်သက်သည့် မူလခန္ဓာပိုင်ရှင်၏ မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုလိုက်လျှင် ဤဂိုဏ်းခွဲမှူးရှင်းက ကြွေးကြော်သံများ အော်ဟစ်ရာတွင် အတော်ဆုံးဖြစ်ပြီး တက်ကြွစရာကောင်းမည့် အရာမှန်သမျှကို လုပ်ဆောင်တတ်သော်လည်း တကယ်တမ်းတွင်တော့ အကျိုးအမြတ် အနည်းငယ်မျှသာ ရရှိတတ်သူဖြစ်သည်။

​သူ၏ ရင်းနှီးသော လူယုံတော်အနည်းငယ်မှလွဲ၍ အခြားမည်သူ့ကိုမျှ ဂရုမစိုက်တတ်ချေ။ စောင့်ရှောက်ပေးရန်ဆိုသည်မှာ ဝေလာဝေးပင်။

​ဤအထဲတွင် နံပါတ်တစ်လူယုံတော်ဖြစ်သည့် ဟွမ်ဖေးယန်ပင် အပါအဝင်ဖြစ်၏။

​လစဉ်ခံစားခွင့်ကို ဂိုဏ်း၏ စီမံခန့်ခွဲရေးဆောင်မှ အဖွဲ့ဝင်များက ခွဲဝေပေးပြီး အဖွဲ့ဝင်တစ်ဦးချင်းစီက ကိုယ်တိုင် သွားရောက်ထုတ်ယူကြရသည်။

​အကယ်၍ ရှင်းယုံသာ ဤကိစ္စကို ကိုင်တွယ်ရမည်ဆိုပါက သူက သေချာပေါက် ဝင်ရောက်စွက်ဖက်မည်ဖြစ်ပြီး ဂိုဏ်းသားများအနေဖြင့် သူတို့၏ လစဉ်လစာ တစ်ဝက်ခန့် ရလျှင်ပင် ကံကောင်းသည်ဟု မှတ်ယူရမည်ဖြစ်သည်။

​'ငါ အမြန်ဆုံး ပိုပြီး သန်မာလာဖို့ လိုသေးတယ်...'

​ချန်မူက သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

​ပိုမိုသန်မာလာမှသာလျှင် ကိုယ့်ဘဝကိုကိုယ် ထိန်းချုပ်နိုင်ပြီး စွန်းကျင်းတုန်းကို အနိုင်ယူနိုင်မည် ဖြစ်သည်။

​ပြီးခဲ့သည့်ညကလည်း "သစ္စာဖောက်စွန်းကို သတ်..." ဟု အော်ဟစ်ရင်း သူ လန့်နိုးလာခဲ့ရပြန်သည်မဟုတ်ပါလော...

​...

​ဓားမကြီးဂိုဏ်း၏ ချန်ဖျင်ရပ်ကွက် ဂိုဏ်းခွဲရုံးခန်း နေရာ။

​"ယွီပေါင်လျန်က ဟွမ်ဖေးယန်နဲ့ သူ့လူတွေကို နွေဦးလေပြေစံအိမ်မှာ အရက်သောက်ဖို့ ဖိတ်ခေါ်သွားတယ်ပေါ့..."

​"စားသောက်နေတုန်း ယွီပေါင်လျန်က ဟွမ်ဖေးယန်ကို အကြိမ်ကြိမ် ချီးကျူးခဲ့တယ်ပေါ့လေ..."

​"ဟီးဟီး... ဂိုဏ်းခွဲမှူးယွီက ဟွမ်ဖေးယန်အပေါ် တော်တော်လေး အထင်ကြီးနေပုံပဲ..."

​သူ၏ လက်အောက်ငယ်သားများ၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် ရှင်းယုံက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ မှောင်မိုက်နေသော မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးလာရသည်။

​အခန်းထဲတွင် အခြားလူလေးယောက် ရှိနေသေးသည်။

​ဤလူလေးယောက်လုံးမှာ ရှင်းယုံ၏ ယုံကြည်ရသော လူယုံတော်များ ဖြစ်ကြသည်။ ရှင်းယုံ၏ အေးစက်သော ရယ်မောသံကို ကြားသောအခါ သူတို့ထဲမှ တစ်ယောက်က လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး "အစ်ကိုကြီး... ကျွန်တော်တို့..."

​သူက လည်ပင်းကို လှီးဖြတ်မည့် ဟန်ပန်တစ်ခု ပြုလုပ်ပြလိုက်သည်။

​"လူမိုက်..."

​ရှင်းယုံက သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး "မင်းက ဓားကိုသုံးပြီး အပြစ်ပေးခုံရုံးက လူတွေကို ဒီမှာ နေ့တိုင်း လာစောင့်နေစေချင်လို့လား..."

​"..."

​လူယုံတော်လေးယောက်လုံး တိတ်ဆိတ်သွားကြရသည်။

​ဓားကိုအသုံးပြုခြင်းက အားစိုက်ရအနည်းဆုံး ရွေးချယ်မှုဖြစ်သော်လည်း ၎င်းက နောက်ပိုင်းတွင် ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။

​အကယ်၍ ဓားမကြီးဂိုဏ်း၏ ကိုယ်ပိုင်နယ်မြေအတွင်း တစ်စုံတစ်ယောက် သေဆုံးသွားပါက အပြစ်ပေးခုံရုံးမှ တာဝန်ရှိသူများက သေချာပေါက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးကြမည် ဖြစ်သည်။

​"လူတစ်ယောက်ကို ဖယ်ရှားဖို့အတွက် သွေးထွက်သံယိုဖြစ်ဖို့ အမြဲတမ်း မလိုဘူး...."

​ရှင်းယုံက ခပ်တိုးတိုး ပြောလိုက်ပြီး သူ၏ စွန်ရဲကဲ့သို့သော မျက်လုံးများတွင် ရက်စက်သော အရောင်တစ်ခု လက်ကနဲ တောက်ပသွားခဲ့သည်။

​...

​ကြည်လင်နေသော ကောင်းကင်ပြာထက်တွင် နေမင်းကြီး ထွက်ပေါ်လာလေပြီ။

​နေ့သစ်တစ်နေ့ကလည်း စတင်လာ၏။

​ချန်မူကလည်း အိပ်ရာမှထ၊ မျက်နှာသစ်၊ နံနက်စာစားပြီးနောက် မြို့တံခါးဆီသို့ တန်းတန်းမတ်မတ် ထွက်လာလိုက်သည်။

​အနီးဆုံး သင်္ချိုင်းကုန်းဆီသို့ အရင်သွားလိုက်ပြီး အတန်ကြာ လျှောက်သွားပြီးနောက် သက်လုံကတ်တစ်ခုကို တွေ့ရှိခဲ့သည်။ အနောက်ဘက်ရှိ သင်္ချိုင်းကုန်းသို့ လှည့်သွားရာတွင်လည်း သက်လုံကတ်တစ်ခုနှင့် စွမ်းအင်ကတ်တစ်ခုကို ထပ်မံရရှိခဲ့ပြန်သည်။

​ထို့နောက် သင်္ချိုင်းကုန်းမှအထွက် မြို့တွင်းသို့ အပြန်လမ်းတွင် အဝေးဆီမှ တောင်ခြေ၌ လူတစ်စု ဝိုင်းအုံနေသည်ကို မြင်လိုက်ရပြီး လေနှင့်အတူ သဲ့သဲ့ပါလာသော အော်ဟစ်သံများကို ကြားလိုက်ရသည်။

​'လူသေရှိလို့များလား...'

​စပ်စုချင်စိတ်ဖြင့် ချန်မူသည် လမ်းမကြီးမှခွာကာ တောင်ခြေဆီသို့ ဦးတည်သွားလိုက်သည်။

​နီးကပ်သွားသောအခါ ဆွေးနွေးပြောဆိုသံများကို ကြားလိုက်ရ၏။

​"ဝူမာကျီ လုပ်ရပ်က တကယ်ကို လူမဆန်ဘူး။ လောင်ဟူက သူ့ခွေးလေးကို ဘယ်လောက်ချစ်လဲဆိုတာ ရွာထဲကလူတိုင်း သိကြတယ်လေ..."

​"ဟုတ်တယ်... အဲ့ဒါက အမဲလိုက်ခွေးလေးလေ။ လောင်ဟူရဲ့ အမဲလိုက်မှု တစ်ဝက်လောက်က သူ့အပေါ် မှီခိုနေရတာ။ အခု အသက်ကြီးလို့ သေသွားတာတောင်မှ အေးအေးချမ်းချမ်း မြှုပ်နှံခွင့် ရသင့်တာပေါ့။ ဒါပေမဲ့ ဝူမာကျီက ခွေးသားစားချင်လို့ အလောင်းကို မြေကြီးထဲကနေ ပြန်တူးထုတ်တယ်တဲ့လား။ သူ ဒီအသားကို မစားရရင် သေသွားမှာမို့လို့လား..."

​"ရိုက်... သူ့ကို သေချာရိုက်။ ဒီတိရစ္ဆာန်က ရိုက်သတ်ခံရဖို့ ထိုက်တန်တယ်..."

​"..."

​ချန်မူက လူအုပ်၏ အနောက်ဘက်တွင် ရပ်ကာ ခဏမျှ နားထောင်လိုက်ပြီးနောက် သူလည်း အနည်းငယ် ဆွံ့အသွားမိသည်။

​အမဲလိုက်ခွေးတစ်ကောင်နှင့် မုဆိုးတစ်ယောက်ကြားရှိ သံယောဇဉ်ကြိုးကို ကိုယ်တိုင်ကြုံဖူးသူများသာ နားလည်နိုင်လိမ့်မည်။ အချိန်အကြာကြီး မွေးမြူထားသော အိမ်မွေးခွေးလေး သေဆုံးသွားလျှင်ပင် ရင်ကွဲရတတ်သည်။ မုဆိုးကို ကာကွယ်ပေးသော သစ္စာရှိသည့် အမဲလိုက်ခွေးတစ်ကောင်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

​ထို့ကြောင့် အမဲလိုက်ခွေး၏ အလောင်းကိုတူးဖော်ပြီး အသားကိုစားရန် ကြိုးစားခြင်းက ရိုက်သတ်ခံရဖို့ အပြည့်အဝ ထိုက်တန်ပေသည်။

​ချန်မူက မျက်နှာတစ်ခုလုံး ကျောက်ပေါက်မာနမာရွတ်များ ပြည့်နေပြီး လူသန်ကြီးတစ်ယောက်၏ ရိုက်နှက်ခံရကာ မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေသည့် စက်ဆုပ်ဖွယ်ကောင်းသော လူကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်မိသည်။

​ထို့နောက် သူက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

​ထိုစဉ် မျက်လုံးထောင့်မှနေ၍ မဝေးလှသော နေရာရှိ တူးထားသော တွင်းတစ်ခုအတွင်း သစ်သားသေတ္တာတစ်လုံးထဲ၌ လဲလျောင်းနေသည့် ခွေးမည်းကြီးတစ်ကောင်၏ အလောင်းကို သူ မြင်လိုက်ရ၏။

​တစ်ခဏမျှ တွေဝေသွားပြီးနောက် သူက ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်သည်။

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​'... တကယ်ကြီး အလုပ်လုပ်တယ်ပေါ့...'

​ချန်မူက တွင်းအစွန်းသို့ ရောက်သွားသောအခါ သူ၏ မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားရသည်။

​ခွေးသေသွားတာတောင်မှ ကတ်ပြားတစ်ခု ရနိုင်တယ်တဲ့လား...

​'မဟုတ်သေးဘူး...'

​လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ချန်မူသည် ကြောင်နှင့် ခွေးအလောင်းများကို တွေ့ခဲ့ဖူးသော်လည်း မည်သည့် သတိပေးချက်မျှ မပေါ်လာခဲ့ချေ။

​သို့သော် ဤအမဲလိုက်ခွေးဆီမှတော့ ရရှိလေသည်။

​'ဒါက ဖြစ်နိုင်တာလား...'

​'လုပ်မယ်...'

​စိတ်ထဲမှ တိတ်တဆိတ် တုံ့ပြန်လိုက်ပြီးနောက် ချန်မူက ခွေး၏ အလောင်းကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ လှည့်ထွက်လာလိုက်သည်။

​ကိစ္စရပ်ကို ဆွေးနွေးနေကြသူများအနက် အချို့က ချန်မူကို မြင်လိုက်ကြသော်လည်း အများကြီး တွေးမနေကြပေ။ ဖြတ်သွားဖြတ်လာ သူစိမ်းများက ဆူညံသံကို ကြား၍ ဘာဖြစ်နေသလဲဆိုသည်ကို လာကြည့်ကြခြင်းမှာ ကြီးကျယ်သော ကိစ္စမဟုတ်သောကြောင့်ပင်။

​...

​ချန်မူက လမ်းမကြီးဆီသို့ ပြန်လျှောက်သွားရင်း သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ရာ အသစ်ရောက်လာသော ကတ်ပြားကို လက်ချောင်းထိပ်များဖြင့် စမ်းမိသွား၏။

​ကျွမ်းကျင်မှုစွမ်းရည်ကတ်။

​နောက်ထပ် ကျွမ်းကျင်မှုစွမ်းရည်ကတ်တစ်ခု ဖြစ်သော်လည်း ၎င်းတွင် အထူးဟူသည့် အညွှန်းတစ်ခု ပါရှိနေသည်။

​'အထူး ကျွမ်းကျင်မှုစွမ်းရည်တွေလား...'

​ချန်မူက စိတ်ထဲမှနေ၍ အမိန့်ပေး ရေရွတ်လိုက်ရာ ကတ်ပြားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

​နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များက သူ၏ စိတ်ထဲသို့ လွှမ်းမိုးဝင်ရောက်လာတော့သည်။

​အထူးကျွမ်းကျင်မှုစွမ်းရည် - ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်း။

အခန်း ၄ပြီး၏။

All Chapters