အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) ဟင်းထဲမှာ အဆိပ်ပါတယ်
ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ပထမအဆင့်ရှိ သိုင်းသမားတစ်ယောက်၏ အရေပြားမှာ သားရေကဲ့သို့ မာကျောပြီး သာမန်တုတ်များဖြင့် ရိုက်နှက်သည့်ဒဏ်ကို အရာမထင်ဘဲ ခံနိုင်ရည်ရှိ၏။
အတွင်းအား၏ လွှမ်းမိုးမှုအောက်တွင် အရေပြားမှာ ကြေးနီရောင်အဖြစ် ပြောင်းလဲသွားချေသည်။
လက်တစ်ဖက်တည်းဖြင့် ပေါင်သုံးရာအလေးချိန်ကို မ,နိုင်သည်တဲ့လား။
"..."
ချန်မူက လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး အသက်ကို တည်ငြိမ်စွာ ရှူသွင်းလိုက်သည်။
သိုင်းသမားတစ်ယောက် ဖြစ်လာခြင်းက သူ စိတ်ကူးထားသလောက်တော့ စိတ်လှုပ်ရှားစရာ ကောင်းမနေခဲ့ချေ။
သူ အလောင်းများဆီမှ ကတ်ပြားများကို ကောက်ယူနိုင်စွမ်းရှိခြင်းမှာလည်း သိုင်းသမားတစ်ယောက်အနေဖြင့် မျှော်လင့်ထားပြီးသား ကိစ္စတစ်ခု ဖြစ်လေသည်။
စွန်းကျင်းတုန်းကို သတ်နိုင်ရန်မှာလည်း အဝေးကြီး လိုသေးသည်။
သို့သော် ခန္ဓာသွန်းလောင်းခြင်းနယ်ပယ်သို့ ရောက်ရှိလာပြီဖြစ်ရာ မွေးရာပါသိုင်းသခင်နယ်ပယ်သို့ ရောက်ရန်မှာလည်း သိပ်မဝေးတော့ချေ။
...
ထိုအချိန်၌ အပြင်ဘက်မှ စကားပြောသံများကို ကြားလိုက်ရသည်။
ဟွမ်ဖေးယန်နှင့် မြောင်ရှိုးရှိုးတို့ ပြန်ရောက်လာကြပြီ ဖြစ်၏။
ချန်မူက ကုတင်ပေါ်မှဆင်းကာ အကြောအခြင်များကို ဆန့်ထုတ်လိုက်ပြီး တံခါးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
တံခါးကို ဖွင့်လိုက်သည်နှင့်...
"တဟူ အထဲမှာ ရှိလား.."
အသံကိုကြားသောအခါ မြောင်ရှိုးရှိုးက ခေါင်းလှည့်လာပြီး ချန်မူကို မြင်လိုက်ရသည်။ သူမက ပြုံးပြလိုက်ပြီး "လက်သွားဆေးလေ... ထမင်းစားရအောင်" ဟု ခေါ်လိုက်သည်။
"ဟုတ်ကဲ့ မရီး..." ချန်မူက ပေါ့ပေါ့ပါးပါး ပြန်ထူးလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
မြောင်ရှိုးရှိုးက မျက်နှာလေး နီရဲသွားသော်လည်း သူတို့ကို မတားဆီးတော့ဘဲ ပန်းကန်များနှင့် တူများကို ပျော်ရွှင်စွာ ပြင်ဆင်နေချေသည်။
ချန်မူက စားပွဲကို ဖြတ်သွားစဉ် ရုတ်တရက် ရပ်တန့်လိုက်သည်။
ထို့နောက် တစ်ချက် အနံ့ခံကြည့်လိုက်၏။
နောက်တစ်ခဏ၌ သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဟင်းခပ်ရန် တူကို ကိုင်လိုက်ခါစ ဟွမ်ဖေးယန်၏ လက်ထဲမှ တူကို အမြန်လှမ်းယူလိုက်သည်။
"မစားနဲ့ဦး..." ချန်မူက ခပ်တိုးတိုး ပြောလိုက်၏။
"မင်း ဘာလုပ်တာလဲ" ဟွမ်ဖေးယန်၏ လက်က လေထဲတွင် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်သွားရသည်။ "တူက ဒါတစ်စုံတည်း ရှိတာမဟုတ်ဘူးလေ... မင်းဘာသာမင်း..."
"ဟင်းထဲမှာ အဆိပ်ပါတယ်..." ချန်မူက တည်ငြိမ်စွာပင် ပြောလိုက်သည်။
ဖောင်း...
ဟွမ်ဖေးယန်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မြောင်ရှိုးရှိုး၏ မျက်နှာမှာမူ သွေးဆုတ်ကာ ဖြူလျော်သွားရသည်။ သူမက ယိမ်းယိုင်သွားပြီး မျက်ရည်များ ဝဲတက်လာကာ ချန်မူကို မယုံနိုင်စွာ ကြည့်နေမိသည်။
"မင်း... မင်း ဘာတွေ လျှောက်ပြောနေတာလဲကွ...."
ဟွမ်ဖေးယန်က ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားကာ ချန်မူကို ဖမ်းကိုင်ရန် တုန်ယင်နေသော လက်များဖြင့် လှမ်းလိုက်၏။
ဖတ်...
ချန်မူက လက်ကိုမြှောက်ကာ ပုတ်ထုတ်လိုက်ပြီး သူ၏ မျက်နှာမှာ အေးစက်တည်ကြည်သွားကာ တည်ငြိမ်စွာဖြင့် "မရီးနဲ့ ဘာမှမဆိုင်ပါဘူး။ ဟင်းချက်ပြီးမှ တစ်ယောက်ယောက်က အဆိပ်ခတ်သွားတာပါ" ဟု ပြောလိုက်သည်။
ဤသည်မှာ ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်းဟုခေါ်သော အလွန်ထူးခြားသည့် စွမ်းရည်တစ်ခု ဖြစ်သည်။
၎င်းက ဟင်းလျာတစ်ခုထဲရှိ ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ခွဲခြားသိမြင်နိုင်သည့်အပြင် ပါဝင်ပစ္စည်းများ၏ အချက်အလက်များကိုပါ သိရှိနိုင်လေသည်။
ထို့ပြင် ချန်မူက မြောင်ရှိုးရှိုး ချက်ပြုတ်သော ဟင်းလျာများကို အရင်က စားဖူးပြီးဖြစ်ရာ သူမ၏ လက်ရာများကို အလွန်ရင်းနှီးနေပြီ ဖြစ်၏။
သို့သော် ယခုညစာအတွက် ဟင်းသုံးပွဲစလုံးတွင် ပုံမှန်နှင့်မတူဘဲ ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များမှ မဟုတ်သော သိမ်မွေ့၍ ထူးခြားသည့် အနံ့တစ်မျိုး ပါဝင်နေခဲ့သည်။
ထို့အပြင် ဤအနံ့သက်သက်လေးက ဟင်းခတ်အမွှေးအကြိုင်များ၊ ပါဝင်ပစ္စည်းများနှင့် ရောနှောမနေသကဲ့သို့ အပူချိန်မြင့်မားစွာ ချက်ပြုတ်ခံထားရခြင်းလည်း မရှိချေ။
ဤသည်က ဘာကို ဆိုလိုသနည်း။
၎င်းက အဆိပ်ကို ဟင်းချက်ပြီးမှာသာ ခတ်ထားခြင်းပင်။
"မင်း..."
ဟွမ်ဖေးယန်မှာ အနည်းငယ် တွေဝေသွားပြီး သူ၏ မျက်လုံးများက ပြူးကျယ်နေဆဲဖြစ်သော်လည်း ဒေါသများ ပျောက်ကွယ်သွားကာ နားမလည်မှုနှင့် သံသယများက အစားထိုး ဝင်ရောက်လာရသည်။ "မင်း ဒါကို ဘယ်လိုသိတာလဲ..."
ချန်မူက သူ့ကို ဂရုမစိုက်ဘဲ မြောင်ရှိုးရှိုးကို ကြည့်ကာ "မရီး... ဟင်းချက်ပြီးသွားတော့ မရီး မီးဖိုချောင်ထဲက ထွက်သွားသေးလား" ဟု မေးလိုက်သည်။
"မ... ထွက်..."
မြောင်ရှိုးရှိုးမှာလည်း အလားတူပင် တွေဝေနေခဲ့သည်။ သူမက အလိုအလျောက် ပါးစပ်ဟလိုက်သော်လည်း စကားလုံး နှစ်လုံးအထွက်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ မျက်လုံးများ ပြူးကျယ်သွားပြီး ထစ်အထစ်အဖြင့် "အစ်... အစ်မ ထွက်သွားမိတယ်။ ဟင်းတွေကျက်လို့ ခြင်းတောင်းထဲ ထည့်မလို့လုပ်တုန်း အဒေါ်ကြီးကျွီဟွာက အပြင်ဘက်ကနေ ခေါ်လိုက်လို့လေ။ အစ်မ... အစ်မ သူ့ဆီ သွားကြည့်ရင်း ခဏလောက် ထွက်သွားမိတယ်..."
"အဒေါ်ကြီးကျွီဟွာက ငါတို့ကို သတ်ချင်နေတာလား" ဟွမ်ဖေးယန်က အံ့ဩသွားပြီး မယုံနိုင်သည့် မျက်နှာဖြင့် မေးလိုက်၏။
"သူ မဟုတ်ဘူး..."
ချန်မူက တည်ငြိမ်စွာပင် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ "အဒေါ်ကြီးကျွီဟွာက ကြားက အဆက်အသွယ်တစ်ခုပါပဲ။ မရီးကို အပြင်ခေါ်ထုတ်သွားတာက တခြားလူတွေ အဆိပ်ခတ်ရ လွယ်အောင်လို့ပါ..."
ချန်မူ မပြောလိုက်သော အချက်တစ်ချက် ရှိသေးပေသည်။
၎င်းက ဤအရောင်အဆင်းမရှိ၊ အနံ့အလွန်ဖျော့တော့သော အဆိပ်မှာ အဒေါ်ကြီးကျွီဟွာ တတ်နိုင်သည့်အရာ မဟုတ်သကဲ့သို့ သူမ ဝယ်ယူနိုင်ရန် နည်းလမ်းလည်း မရှိချေ။
"ဒါ... ဒါဆို ဘယ်သူလဲ..." ဟွမ်ဖေးယန်က သူ့ကိုယ်သူ အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်သည်။
"ငါတို့ အဒေါ်ကြီးကျွီဟွာကို သွားရှာရမယ်။ သူ့ဆီမှာ သဲလွန်စရှိတယ်..."
ချန်မူက စကားပြောနေရင်း စားပွဲပေါ်ရှိ ဟင်းသုံးပွဲကို ခြင်းတောင်းထဲသို့ ပြန်ထည့်ကာ လက်တစ်ဖက်ဖြင့် ဆွဲ၍ တံခါးဆီသို့ လျှောက်သွားလိုက်ပြီး "ဒီအဆိပ်က ဘယ်လောက်ပြင်းလဲဆိုတာ ငါ သွားစမ်းကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
'အဆိပ်ကို စမ်းသပ်မယ်...'
'ဘယ်လို စမ်းသပ်မှာလဲ...'
ဟွမ်ဖေးယန်မှာ နားမလည်နိုင်စွာဖြင့် အနောက်မှ လိုက်သွားလိုက်သည်။
ဆံပင်များ ဖရိုဖရဲဖြစ်နေသော မြောင်ရှိုးရှိုးကလည်း အလိုအလျောက် လိုက်ပါလာခဲ့သည်။
သူတို့သုံးယောက် ခြံဝင်းထဲမှ ထွက်လာကြ၏။
ချန်မူက ဦးဆောင်ကာ အဒေါ်ကြီးကျွီဟွာ၏ အိမ်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။
သို့သော် စုတ်ပြတ်နေသော အိမ်တစ်လုံး၏ တံခါးရှေ့သို့ အရောက်တွင် သူတို့က ရပ်တန့်လိုက်ပြီး ခြင်းတောင်းထဲရှိ ဟင်းသုံးပွဲစလုံးကို ထောင့်တစ်နေရာသို့ သွန်ချလိုက်သည်။
"..."
ဟွမ်ဖေးယန်နှင့် မြောင်ရှိုးရှိုးတို့ နှစ်ဦးစလုံး ပါးစပ်ဟသွားကြသော်လည်း ဘာမှ မပြောကြချေ။
ဒီအထိရောက်လာပြီးမှတော့ ဟင်းတွေလည်း သွန်ပစ်လိုက်ပြီဆိုတော့ ဘာမှ ဆက်ပြောနေစရာ အကြောင်းမရှိတော့ပေ။
တိတ်ဆိတ်စွာဖြင့် သူတို့နှစ်ဦးက ချန်မူအနောက်မှ လိုက်ပါသွားကြပြီး အနည်းငယ် ဝေးဝေးသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြသည်။
နောက်ခဏ၌ အမိုးတစ်ခုအောက်တွင် ရပ်ကာ စုတ်ပြတ်နေသော အိမ်၏ ထောင့်တစ်နေရာမှ ပိန်လှီနေသော လမ်းဘေးခွေးတစ်ကောင် ထွက်လာသည်ကို အဝေးမှ စောင့်ကြည့်နေလိုက်ကြသည်။
လမ်းဘေးခွေးမှာ ချုံခိုတိုက်ခိုက်မည့်သူ မရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို သတိထား၍ အရင်ကြည့်လိုက်ပြီးမှ ထောင့်ဆီသို့ ပြေးသွားကာ ဟင်းများကို အငမ်းမရ စားသောက်တော့သည်။
ရလဒ်အနေဖြင့် ဟင်းတစ်ဝက်တောင် မကုန်သေးမီတွင် ခွေးမှာ ရုတ်တရက် အသံတစ်ချက်မြည်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ခြေလက်များ တုန်ယင်ကာ တစ်ကိုယ်လုံး တက်လာပြီးနောက် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားများမှ သွေးနက်များ စီးကျလာရသည်။
"အဟွတ်..."
မြောင်ရှိုးရှိုးက သူမ၏ ပါးစပ်ကို ပိတ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ခြေထောက်များ ခွေယိုင်သွားပြီး လဲကျတော့မည့်ဆဲဆဲတွင် ဟွမ်ဖေးယန်က အမြန်ဖမ်းထိန်းလိုက်ရသည်။
သို့သော် သူကိုယ်တိုင်ပင် သူ၏ နှုတ်ခမ်းများနှင့် လက်များ တုန်ယင်နေသည်ကို သတိမထားမိပေ။
'ဒါ တကယ်ကြီးပဲ...'
လမ်းဘေးခွေး မလဲကျခင်အထိ ဟွမ်ဖေးယန်သည် မျှော်လင့်ချက်လေးတစ်ခု ထားရှိထားဆဲဖြစ်ပြီး ချန်မူတစ်ယောက် ထိတ်လန့်စရာတစ်ခုခု ကြုံခဲ့ရ၍ ဟိုဟာဒီဟာများကို သံသယဝင်ကာ ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟုသာ ထင်မှတ်ထားမိခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ဟင်းများကိုစားပြီး မြန်ဆန်စွာ သေဆုံးသွားကာ မျက်နှာပေါက် ခုနစ်ပေါက်မှ သွေးနက်များပင် ယိုကျလာသော လမ်းဘေးခွေးကို ကြည့်ရင်း မည်သည့် ကံကောင်းမှု၊ သံသယ သို့မဟုတ် မကျေနပ်မှုမျိုးကိုမျှ မခံစားရတော့ချေ။
ထိုအစား ကြောက်ရွံ့တုန်လှုပ်မှုကြီးတစ်ခုကသာ လွှမ်းမိုးလာရသည်။
"တဟူ... တဟူ..."
"ကျန်တာကို ပြန်ရောက်မှ ဆက်ပြောကြတာပေါ့" ချန်မူက လက်ကိုမြှောက်ကာ စကားကို ဖြတ်လိုက်၏။ "အရင်ဆုံး အဒေါ်ကြီးကျွီဟွာဆီ သွားကြည့်ရအောင်"
"အေး... အေး... ဂလု..."
ဟွမ်ဖေးယန်က တံတွေးကို အတင်းမြိုချကာ သွားကိုကြိတ်ပြီး "အဒေါ်ကြီးကျွီဟွာဆီ သွားမယ်..." ဟု အော်လိုက်သည်။
မြောင်ရှိုးရှိုးက ဘာမှမပြောဘဲ မျက်ရည်များသာ ဆက်တိုက် ကျဆင်းနေချေသည်။
သူမကြောင့် ဟွမ်ဖေးယန်နှင့် ချန်မူတို့ သေလုနီးပါး ဖြစ်ခဲ့ရသည်ဟူသော အတွေးက သူမကို အလွန်အမင်း နာကျင်စေပြီး အသက်ရှူရပင် ခက်ခဲစေလေသည်။
ချန်မူက မြင်သော်လည်း ဘာမှ မပြောပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကာယကံရှင်ကိုယ်တိုင် ကျော်ဖြတ်နိုင်မှသာ ပြန်လည်ကောင်းမွန်လာနိုင်မည် ဖြစ်၏။
...
လမ်းတစ်လျှောက်လုံးတွင် မည်သူမျှ စကားတစ်ခွန်းမှ မဟခဲ့ကြချေ။
မကြာမီ သူတို့က အဒေါ်ကြီးကျွီဟွာ၏ အိမ်သို့ ရောက်ရှိလာကြသည်။
ဝုန်း...
ဟွမ်ဖေးယန်က တံခါးကို ကန်ဖွင့်လိုက်ပြီး "ချန်ကျွီဟွာ... အခုထွက်ခဲ့စမ်း" ဟု အော်ဟစ်လိုက်သည်။
"... တဟူ... တဟူလား..."
အိမ်ထဲတွင် လန့်ဖြန့်သွားသော ချန်ကျွီဟွာ၏ ခင်ပွန်းက လူကို မှတ်မိသွားသောအခါ အမြန်ပြုံးပြကာ "ဘာ... ဘာဖြစ်လို့လဲ တဟူရာ..." ဟု လာရောက်မေးမြန်းသည်။
ဟွမ်ဖေးယန်က သူ့ကို ဂရုမစိုက်ဘဲ မီးဖိုဘေးတွင် ခေါင်းငုံ့ကာ ရပ်နေသော ချန်ကျွီဟွာကို စူးရဲစွာ စိုက်ကြည့်လိုက်၏။
"ကျွီဟွာ... အဒေါ်ကြီး..."
ဟွမ်ဖေးယန်က အံကိုကြိတ်ကာ စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားအပေါ် ဘယ်တုန်းကမှ မတရားမလုပ်ခဲ့ဖူးဘူးလို့ ထင်ပါတယ်..."
ဒုန်း...
ဟွမ်ဖေးယန် စကားပြော၍ မဆုံးမီမှာပင် ချန်ကျွီဟွာ၏ ခြေထောက်များ ခွေယိုင်သွားပြီး ဒူးထောက်ကျသွားကာ "အဒေါ်... အဒေါ် တမင်လုပ်တာ မဟုတ်ပါဘူးကွယ်။ အဒေါ် ခဏလေး စိတ်မမှန်ဖြစ်သွားလို့ပါ..." ဟု အော်ဟစ်ငိုယိုတော့သည်။
"အာဂိုးကျီ လုပ်ခိုင်းတာပါ။ သူက အဒေါ်ကို ပိုက်ဆံတွေ အများကြီးပေးပြီး ရှိုးရှိုးနဲ့ သွားစကားပြောခိုင်းတာ..."
"တခြားကိစ္စတွေကို အဒေါ် ဘာမှ မသိပါဘူး။ အဒေါ် တကယ် ဘာမှ မသိရပါဘူးကွယ်..."
သူမက အော်ဟစ်နေရင်း အသံများ တုန်ယင်နေကာ အိတ်ကပ်ထဲမှ ငွေစတစ်ခုကို ဆွဲထုတ်ပြီး လှမ်းပေးလိုက်သည်။ သူမ၏ နှုတ်ခမ်းများက တုန်ယင်နေပြီး "ဒါ... ဒါလေးပါပဲ..."
ဟွမ်ဖေးယန် "..."
မြောင်ရှိုးရှိုး "..."
ချန်ကျွီဟွာ၏ ခင်ပွန်းမှာလည်း အနည်းငယ် တွေဝေသွားရသည်။
သူမက စကားအနည်းငယ်သာ ပြောခဲ့သော်လည်း အချက်အလက်များစွာကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။
သုံးယောက်စလုံး အံ့ဩမှင်တက်သွားကြရသည်။
ချန်မူ တစ်ယောက်သာ ခေါင်းကြည်လင်နေဆဲဖြစ်ပြီး ဟွမ်ဖေးယန်ကို ဆွဲကာ လှည့်ထွက်သွားလိုက်သည်။
"ငါတို့ အာဂိုးဆီ သွားမယ်..."
"... ငါ လိုက်ခဲ့မယ်"
ဟွမ်ဖေးယန်က အသိဝင်လာပြီး ချက်ချင်း နောက်မှလိုက်သွားကာ လမ်းလျှောက်ရင်း မြောင်ရှိုးရှိုးကိုပါ ဆွဲခေါ်သွားလိုက်သည်။ "ရှိုးရှိုး... မင်း အရင်ပြန်နှင့်... နေဦး... မင်း လီလီတို့အိမ်ကို အရင်သွားနှင့်။ ငါ ပြန်မလာမချင်း အိမ်မပြန်နဲ့။ ငါ့အိမ်ကိုလည်း မသွားနဲ့..."
"ဟု... ဟုတ်..."
မြောင်ရှိုးရှိုးမှာ လုံးဝကို အထိတ်တလန့်ဖြစ်နေပြီး အလိုအလျောက် ပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမ ဘာပြောလိုက်မိသလဲဆိုတာကို သတိထားမိသွားပြီး တုန်ယင်နေသော အသံဖြင့် "နင်... နင်တို့လည်း သတိထားကြဦးနော်..." ဟု ပြောလိုက်၏။
"ငါတို့ သေချာပေါက် သတိထားပါ့မယ်..."
ထို့နောက် ဟွမ်ဖေးယန်က အတင်းပြုံးပြကာ မြောင်ရှိုးရှိုးကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေသည်။
...
အာဂိုးကျီ.... သူ၏ နာမည်အပြည့်အစုံမှာ ဝမ်အာဂိုးဖြစ်ပြီး ချန်ဖျင်ရပ်ကွက်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော လူမိုက်နှင့် လူဆိုးများထဲမှ တစ်ဦးဖြစ်သည်။ သူက ဟိုခိုးဒီခိုး လုပ်ခြင်းမှလွဲ၍ ဘာမှ မလုပ်ချေ။
ချန်မူနှင့် ဟွမ်ဖေးယန်တို့က သူ့ကို အချိန်တိုအတွင်းမှာပင် ရှာတွေ့သွားကြသည်။
ဝမ်အာဂိုးက သူတို့နှစ်ယောက်ကို အဝေးမှမြင်လိုက်သောအခါ လန့်ဖြန့်သွားပြီး ချက်ချင်းပင် လှည့်ပြေးတော့သည်။
သူ ပြေးလေ ဟွမ်ဖေးယန်၏ ရင်ဘတ်ထဲတွင် စုပုံနေသော ဒေါသများက ပေါက်ကွဲထွက်လာလေပင်။
သူက ချက်ချင်းပင် ခပ်သဲ့သဲ့ ဟိန်းဟောက်လိုက်ပြီး အပြင်းအထန် လိုက်ဖမ်းတော့သည်။
ဝမ်အာဂိုးမှာ မီတာတစ်ရာကျော်ခန့်သာ ပြေးရသေးပြီး အမီခံလိုက်ရကာ လမ်းကြား၏ ထောင့်တစ်နေရာတွင် လဲကျသွားရသည်။
ခေါင်းကိုဖက်ကာ ဟွမ်ဖေးယန်၏ ကန်ချက်များနှင့် လက်သီးချက်များကို ခံယူရင်း သူက "အစ်ကိုပေါက် လုပ်ခိုင်းတာပါ... ကျွန်တော် ဘာမှ မသိပါဘူး.... အစ်ကိုပေါက် လုပ်ခိုင်းတာပါ..." ဟု အော်ဟစ်လိာက်သည်။
ဟွမ်ဖေးယန် "..."
ဘာမှ ညှဉ်းပန်းနှိပ်စက်နေစရာပင် မလိုလိုက်ချေ။ ခြေအနည်းငယ် ကန်လိုက်ရုံဖြင့် သူက အရာအားလုံးကို ဖွင့်ပြောလာခဲ့သည်။
သို့သော် နားလည်နိုင်ပေသည်။ သူက သာမန်လူမိုက်တစ်ယောက်သာဖြစ်ရာ ဘယ်လောက်ထိ သစ္စာရှိနိုင်မည်နည်း။
"အစ်ကိုပေါက် ဟုတ်လား..."
ချန်မူက ဟွမ်ဖေးယန်ကို ဘေးသို့ဆွဲဖယ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ဝမ်အာဂိုးကို ကြည့်၍ "မင်း ဆိုလိုတာ လျိုပေါက်လား" ဟု ခပ်တိုးတိုး မေးလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်" ဝမ်အာဂိုးက အမြန်ခေါင်းညိတ်ပြသည်။ "သူပဲ... သူပဲ... အစ်ကိုဟူ... အစ်ကိုအာဟူ... ကျွန်တော် တကယ် ဘာမှ မသိရပါဘူး။ ကျွန်တော်က အစ်ကိုပေါက် ခိုင်းတဲ့အတိုင်း ချန်ကျွီဟွာကို သွားပြီး မြောင်ရှိုးရှိုးကို အပြင်ခေါ်ထုတ်ခိုင်းရုံပါပဲ။ တခြား ဘာမှ... တခြား ဘာမှ ကျွန်တော် တကယ် မသိရပါဘူး..."
နောက်ဆုံးတွင် ဝမ်အာဂိုး၏ အသံမှာ ရှိုက်သံများဖြင့် တုန်ယင်နေလေပြီ။
ဟွမ်ဖေးယန်က သူ့ကို ဂရုမစိုက်တော့ဘဲ နောက်သို့ဆုတ်ကာ နှစ်ချက်ခန့် ယိမ်းယိုင်သွားပြီး သူ့ကို ငေးကြောင်စွာ ကြည့်နေလိုက်သည်။
ချန်မူက မတ်တပ်ရပ်လိုက်ပြီး ဟွမ်ဖေးယန်ကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ လှည့်ထွက်သွားလိုက်၏။
ဟင်းကို အဆိပ်ခတ်သူမှာ လျိုပေါက်ပင်။ လျိုပေါက်သည် ရှင်းယုံ၏ လူယုံတော်များထဲမှ တစ်ဦး ဖြစ်သည်။
အမှု ပေါ်သွားပြီဖြစ်သည်။
အဆိပ်ခတ်ရန် အမိန့်ပေးသူမှာ အခြားသူမဟုတ်ဘဲ ရှင်းယုံပင်။
အခန်း ၆ပြီး၏။