အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) ပါရမီရှင်ဇာတ်ရုပ်
ဟွမ်ဖေးယန်ကို အဆိပ်ခတ်သတ်ဖြတ်ပြီး ချန်မူကိုပါ တစ်ပါတည်း ရှင်းလင်းရန် အစီအစဉ်မှာ ပြီးပြည့်စုံလွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် ဟင်းကို မြောင်ရှိုးရှိုးကိုယ်တိုင် ချက်ပြုတ်ပြီး ကိုယ်တိုင် လာပို့ပေးသောကြောင့်ပင်။
ဟွမ်ဖေးယန်နှင့် ချန်မူတို့ စားပြီး သေဆုံးသွားသည်နှင့် လူသတ်သမားကို ချက်ချင်း ဖမ်းဆီးနိုင်လေသည်။
လူသတ်သမားမှာ... မြောင်ရှိုးရှိုးပင်။
လူသတ်ရသည့် ရည်ရွယ်ချက်ကိုတော့ မည်သူကမျှ ဂရုစိုက်နေမည် မဟုတ်ချေ။
အကယ်၍ ရှိလာခဲ့လျှင်တောင်မှ ရှင်းပြစရာ အကြောင်းပြချက် အမျိုးမျိုး ရှိနေပေသည်။
ချန်ကျွီဟွာက တစ်ခုခုမှားယွင်းနေကြောင်း ရိပ်မိနိုင်သော်လည်း သူမက ရူးနေမှသာ ဖွင့်ပြောရဲပေလိမ့်မည်။
ဝမ်အာဂိုးမှာလည်း ထိုနည်းတူပင်။
သူတို့ ဖွင့်ပြောဖို့ အခွင့်အရေးတောင် ရလိုက်မည်မဟုတ်ပေ။
ဟွမ်ဖေးယန်နှင့် ချန်မူတို့ သေဆုံးသွားသည်နှင့် ရှင်းယုံက လျိုပေါက်ကို စေခိုင်းကာ ဝမ်အာဂိုး၏ ပါးစပ်ကို ပိတ်ပစ်လိုက်ရန် အလားအလာ အလွန်များလှသည်။
သာမန်လူမိုက်တစ်ယောက် ပျောက်သွားတာကို ဘယ်သူက ဂရုစိုက်နေမည်နည်း။
ကံမကောင်းစွာဖြင့် ယနေ့ ချန်မူ ကံကောင်းသွားပြီး ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်း စွမ်းရည်ကို ရရှိသွားခဲ့ခြင်းပင်။
ရှင်းယုံ၏ အစီအစဉ်က တစ်ဝက်တစ်ပျက်နှင့်ပင် ပြီးဆုံးသွားခဲ့ရသည်။
...
အိမ်အပြန်လမ်းတွင်။
ချန်မူက အရှေ့မှဖြစ်ပြီး ဟွမ်ဖေးယန်က အနောက်မှ လိုက်လာခဲ့သည်။ နှစ်ယောက်စလုံး စကားတစ်ခွန်းမှ မဟကြချေ။
ရုတ်တရက်...
"ဘာဖြစ်လို့လဲ..."
ဟွမ်ဖေးယန်က ရုတ်တရက် မေးလိုက်မိသည်။ သူ၏ အသံတွင် နားမလည်နိုင်မှု၊ ဒေါသနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေခဲ့သည်။
"ဘာလို့လဲဆိုတော့ အစ်ကိုက သူ့နေရာကို ခြိမ်းခြောက်နေလို့လေ..." ချန်မူက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
"..."
ဟွမ်ဖေးယန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး နောက်တစ်ခဏ၌ သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်မိသည်။
မှန်ပေသည်။ ဟွမ်ဖေးယန်က ရှင်းယုံ၏ ခေါင်းဆောင်နေရာကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
လက်အောက်ငယ်သားက အရမ်းအစွမ်းထက်လာတဲ့အခါ စိတ်အေးလက်အေး နေနိုင်တဲ့ ခေါင်းဆောင်ဆိုတာ အင်မတန် ရှားပါးလှသည်။
အထူးသဖြင့် ဤလက်အောက်ငယ်သားက လုံလောက်သော ဩဇာလွှမ်းမိုးမှု ရှိနေလျှင်ပင်။
ရှင်းယုံမှာ အသက်ခုနစ်ဆယ်၊ ရှစ်ဆယ် အရွယ် မဟုတ်သေးချေ။
သူက ခွန်အားအပြည့်ရှိနေဆဲ အရွယ်သာ ဖြစ်၏။
ထို့ကြောင့် သူက ခေါင်းဆောင်နေရာတွင် နောက်ထပ် အနှစ်နှစ်ဆယ်ခန့် အေးဆေး နေနိုင်သေးသည်။
သို့သော် ဟွမ်ဖေးယန်က အလွန်မြန်ဆန်စွာ ထင်ပေါ်ကျော်ကြားလာပြီး သူက ငယ်ရွယ်လွန်းလှသည်။
တိုက်ရိုက်အရေးယူကာ လုပ်ကြံသတ်ဖြတ်ပါက အုတ်အော်သောင်းနင်း ဖြစ်သွားစေရုံသာမက နောက်ဆက်တွဲ ပြဿနာကြီးများကိုပါ ဖြစ်ပေါ်စေနိုင်သည်။
ကိုယ့်လူကို ပြန်သစ္စာဖောက်ခြင်း၊ သတ်ဖြတ်ခြင်းမှာ ကျန်းဟူသိုင်းလောကတစ်ခုလုံးတွင် ကြီးလေးသော တားမြစ်ချက်တစ်ခု ဖြစ်ချေသည်။
ထို့ကြောင့် အဆိပ်ခတ်ခြင်းက ပို၍ ရိုးရှင်းပေလိမ့်မည်။
ထို့အပြင် တရားခံဖြစ်မည့် မြောင်ရှိုးရှိုးကလည်း အသင့်ရှိနေပြီးသားဖြစ်သည် မဟုတ်လော...
...
ခေတ္တမျှ တုန်လှုပ်ဒေါသထွက်သွားပြီးနောက် ဟွမ်ဖေးယန်က လက်သီးများကို တင်းတင်းဆုပ်လိုက်ရာ သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ လက်ကနဲ တောက်ပသွားသည်။ သူက အံကိုကြိတ်ကာ "ငါ သူ့ကို သတ်မယ်... မင်းနဲ့ ရှိုးရှိုး ဒီညပဲ ထွက်သွားကြ... သွားတော့..." ဟု ခပ်သဲ့သဲ့ ပြောလိုက်သည်။
"ငါတို့ ထွက်သွားလို့ မရဘူး..."
ချန်မူက စကားကို ဖြတ်ပြောလိုက်၏။ "ချန်ဖျင်ရပ်ကွက် တံခါးပေါက်နားမှာ အခု တစ်ယောက်ယောက် စောင့်နေမှာ သေချာတယ်။ ချန်လုံရပ်ကွက်ဘက်လည်း အတူတူပဲ။ ထွက်ပေါက်တွေအားလုံးကို သေချာပေါက် စောင့်ကြပ်နေလိမ့်မယ်..."
"သူက ငါတို့ကို ဖယ်ရှားဖို့ ဆုံးဖြတ်ပြီးမှတော့... တစ်ယောက်ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူး"
ဟွမ်ဖေးယန် "..."
သူ၏ မျက်လုံးထဲမှ လူသတ်လိုသော ရည်ရွယ်ချက်က ပိုမိုပြင်းထန်လာရသည်။
"ဒါဆိုရင် အရင်ပုန်းနေကြ... ငါ လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို သိတယ်..."
"ပုန်းနေမယ်..." ချန်မူက ထပ်မံ၍ စကားကို ဖြတ်ပြောလိုက်ပြန်သည်။ "ခဏတော့ ပုန်းနေလို့ ရပါလိမ့်မယ်... ဒါပေမဲ့ တစ်သက်လုံး ပုန်းနေလို့မှ မရတာ.."
စကားပြောနေရင်းဖြင့် သူတို့နှစ်ဦး ကိုယ့်ခြံဝင်းထဲသို့ ဝင်လာခဲ့ကြသည်။
ချန်မူက ထောင့်တစ်နေရာရှိ ရေစည်ကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ဟွမ်ဖေးယန်က မကျေမချမ်းဖြင့် ဆက်လက် ဟိန်းဟောက်နေဆဲပင်။ "အရင်ပုန်းနေကြပါ... ငါသာ အောင်မြင်သွားရင် မင်းတို့အားလုံး ဘေးကင်းသွားမှာပါ..."
"အကယ်၍ မအောင်မြင်ခဲ့ရင်ရော..." ချန်မူက ရေစည်၏ ထောင့်တစ်ဖက်ကို ကိုင်ကာ အပေါ်သို့ မ,တင်လိုက်၏။
"မအောင်မြင်ဘူးဆိုရင်တောင်... သူ လောလောဆယ် လှုပ်ရှားရဲမှာ မဟုတ်ဘူး..."
ဟွမ်ဖေးယန်က စကားပြောနေရင်း ရုတ်တရက် ရပ်တန့်သွားကာ မျက်လုံးများ ပြူးကျယ်သွားပြီး ချန်မူကို ငေးကြောင်စွာ ကြည့်နေမိသည်။
ပို၍ တိတိကျကျပြောရလျှင် ချန်မူ၏ လက်ထဲတွင် မ,ထားသော ရေစည်ကြီးကို ကြည့်နေခြင်းပင်။
ရေစည်ထဲတွင် ရေတစ်ဝက်ကျော် ကျန်နေသေးပြီး အလေးချိန်အားဖြင့် အနည်းဆုံး ပေါင်သုံးလေးရာခန့် ရှိလေသည်။
သို့သော် ချန်မူက ၎င်းကို လက်တစ်ဖက်တည်းဖြင့် မ,တင်ကာ လေထဲသို့ မြောက်ထားခဲ့သည်။
"ဒါက... မင်း... ငါ..."
ဟွမ်ဖေးယန်က ပါးစပ်အဟောင်းသားဖြင့် ချန်မူကို စိုက်ကြည့်နေပြီး သူ၏ အသံများက တုန်ယင်နေချေသည်။
"အစ်ကို မြင်တာ မမှားပါဘူး... ကျွန်တော် သိုင်းသမားတစ်ယောက် ဖြစ်နေပြီ..."
ချန်မူက ပွင့်လင်းစွာပင် ပြောလိုက်၏။ "အစ်ကို သိုင်းကျောင်းကို သွားလေ့ကျင့်ပြီးတဲ့နောက် ကျွန်တော်လည်း တိတ်တဆိတ် လေ့ကျင့်နေခဲ့တာ။ တစ်နေ့တော့ အဘိုးအိုတစ်ယောက် ဖြတ်သွားရင်း ကျွန်တော် လေ့ကျင့်နေတာကို ခဏရပ်ကြည့်ပြီးတော့ အရမ်း အံ့ဩသွားတယ်။ သူက ကျွန်တော့်ကို နှစ်တစ်ရာမှာ တစ်ခါသာ ပေါ်ထွန်းတတ်တဲ့ ပါရမီရှင်တဲ့။ အဲဒါနဲ့ သူက ချက်ချင်းပဲ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပြီး သိုင်းပညာတွေ သင်ပေးခဲ့တာ။ ကျွန်တော်လည်း ငြင်းမရတော့ လက်ခံလိုက်ရတာပေါ့..."
ဟွမ်ဖေးယန် "..."
"ဒါကို ယုံဖို့ခက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တကယ်ပါပဲ..."
ချန်မူက လေးနက်သော အမူအရာဖြင့် ဆက်ပြောလေသည်။ "သိုင်းပညာကို သုံးလလောက် လေ့ကျင့်ပြီးတဲ့နောက်မှာ သိုင်းပညာသုံးမျိုးကို ကျွန်တော် တတ်မြောက်ခဲ့တယ်။ ဟင်းထဲမှာ အဆိပ်ပါနေတာကို သိလိုက်တာကလည်း အဲဒီသိုင်းပညာတွေထဲက တစ်ခုရဲ့ စွမ်းရည်ပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဆိုရင် ကျွန်တော် နယ်ပယ်အဆင့်တစ်ခုကိုတောင် ချိုးဖျက်နိုင်ခဲ့ပြီး တရားဝင်သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့ပြီ..."
ထိုသို့ပြောပြီးနောက် သူက ရေစည်ကြီးကို အောက်သို့ ပြန်ချလိုက်ကာ ခြေဖျားဖြင့် မြေပြင်ကို ဖွဖွလေးနင်းပြီး လေထဲသို့ ခုန်တက်ကာ အိမ်ခေါင်မိုးပေါ်သို့ တက်သွားလိုက်သည်။
ဟွမ်ဖေးယန် "..."
သူ၏ ပါးစပ်ကြီး ဟသွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ အကြည့်များတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
အချက်အလက်များက စကားလုံးများထက် ပို၍ ကျယ်လောင်စွာ ပြောဆိုနေလေပြီ။
ချန်မူ ဘယ်လိုအကြောင်းပြချက်ပဲ ပေးပေး၊ ကီလိုရာချီလေးသော ရေစည်ကြီးကို လက်တစ်ဖက်တည်းဖြင့် မ,တင်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး နေရာမှနေ၍ မီတာအတော်များများ အမြင့်သို့ ခုန်တက်နိုင်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။
ဟွမ်ဖေးယန်သည် လွန်ခဲ့သော ခြောက်လက သိုင်းကျောင်းတစ်ခုသို့ အခကြေးငွေပေးကာ တက်ရောက်ခဲ့ပြီး ထိုအချိန်မှစ၍ လက်ဝါးသိုင်းတွင် အတော်အသင့် တိုးတက်မှု ရှိလာခဲ့သည်။
ထိုလက်ဝါးသိုင်းကြောင့်ပင် တောင်ဆင်းကျားဟူသော နာမည်ပြောင်ကို သူ ရရှိခဲ့ခြင်းပင်။
သို့သော် သိုင်းပညာ သင်ယူရန်မှာ အလွန်စရိတ်ကြီးလှ၏။
လက်ရှိတွင် သူတို့နှစ်ဦး၏ လစဉ်လစာကို ပေါင်းပြီး စားသောက်စရိတ်ကို နုတ်လိုက်ပါက လူတစ်ယောက် သိုင်းပညာ လေ့ကျင့်ရန်သာ လုံလောက်ပေသည်။
ဟွမ်ဖေးယန်၏ အစီအစဉ်မှာ သူ ပို၍ ကြိုးစားပြီး ဆုငွေများ ပိုရလာချိန်အထိ စောင့်ကာ နောက်ထပ် ခြောက်လခန့် စုဆောင်းပြီးမှ ချန်မူကိုပါ သိုင်းပညာ သင်ယူခိုင်းရန် ဖြစ်သည်။
ရလဒ်အနေဖြင့် ချန်မူက တိတ်တဆိတ်ဖြင့် သိုင်းဆရာတစ်ဦး၏ တပည့် ဖြစ်သွားခဲ့လေပြီ။
လအနည်းငယ်အတွင်းမှာပင် ထိုဆရာက ချန်မူကို သိုင်းပညာသုံးမျိုး သင်ပေးခဲ့ရုံသာမက နယ်ပယ်အဆင့်ကို ချိုးဖျက်၍ တရားဝင်သိုင်းသမားတစ်ယောက် ဖြစ်လာရန်ပင် ကူညီပေးခဲ့သည်တဲ့လား။
နှစ်တစ်ရာမှာ တစ်ခါသာ ပေါ်ထွန်းတတ်တဲ့ ပါရမီရှင်တဲ့လား။
"..."
ဟွမ်ဖေးယန်က ပါးစပ်ဟလျက် အတန်ကြာ ရပ်နေပြီးနောက် ရုတ်တရက် အံကိုကြိတ်ကာ သူ့ကိုယ်သူ အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်သည်။
ထို့နောက် သူက ခေါင်မိုးပေါ်မှ မြေပြင်သို့ ပြန်ဆင်းလာသော ချန်မူဆီသို့ လျှောက်သွားကာ တင်းကြပ်စွာ ဖက်ထားလိုက်ပြီး ကျောကို ခပ်နာနာ ပုတ်ကာ ရယ်မောလိုက်၏။
"ကောင်းတယ်... ဟား... ဟား... ဟား..."
"ငါ့ညီက နှစ်တစ်ရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်ကွ..."
"ဟား... ဟား... ဟား..."
"..." ချန်မူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။
ပါရမီရှင် ဇာတ်ရုပ်...
ဤသည်မှာ သူ၏ ကိုယ်ပိုင်အတွက် ဖန်တီးထားသော ဇာတ်ရုပ်အသစ်ပင်။
နောက်ဆုံးတွင်တော့ သူ့၏ ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားများက အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် ပေါ်လွင်လာမည်သာ ဖြစ်သည်။
ထို့ကြောင့် ကြိုတင်အသိပေးထားခြင်းက ဟွမ်ဖေးယန် သိသွားချိန်တွင် အရမ်းကြီး အံ့ဩတုန်လှုပ်မသွားစေရန် တားဆီးပေးနိုင်ချေသည်။
...
အစပိုင်း စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက်။
ဟွမ်ဖေးယန်က လက်သီးကို တင်းတင်းဆုပ်ကာ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။
"တဟူ... မင်းက နယ်ပယ်အဆင့်ကိုတောင် ချိုးဖျက်ပြီး သိုင်းသမားတစ်ယောက် ဖြစ်နေပြီဆိုမှတော့ ငါနဲ့ လိုက်ခဲ့လေ။ ရှင်းယုံရဲ့ ဓားသိုင်းက အတော်အသင့်ကောင်းပေမယ့် အတော်အသင့်အဆင့်ပဲ ရှိတာ။ ငါတို့ ညီအစ်ကိုနှစ်ယောက် ပူးပေါင်းပြီး သူ့ကို အလစ်အငိုက်တိုက်ရင် သူ့ကို အနိုင်ယူဖို့ အခွင့်အရေး သေချာပေါက် ရှိတယ်..."
"မလိုပါဘူး... ကျွန်တော် တစ်ယောက်တည်းဆို လုံလောက်ပါပြီ..."
ချန်မူက ခေါင်းခါလိုက်ပြီး "ကျွန်တော် သွားလုပ်နေတုန်း အစ်ကိုက ဦးလေးကျိုးနဲ့ တခြားလူတွေကို သွားရှာပြီး ခိုင်လုံတဲ့ သက်သေပြစရာလေး လုပ်ထားလိုက်...." ဟု ရှင်းပြလိုက်သည်။
"ဘာ... မင်း တစ်ယောက်တည်း သွားမလို့လား..."
ဟွမ်ဖေးယန်က အစပိုင်းတွင် လန့်သွားသော်လည်း နောက်ပိုင်းတွင် စိတ်တည်ငြိမ်သွားစေရန် အသက်ကို ပြင်းပြင်းရှူသွင်းကာ ပြန်ထုတ်လိုက်ပြီး "မင်း တစ်ယောက်တည်း အဆင်ပြေပါ့မလား... မင်းကို မယုံလို့မဟုတ်ဘူးနော်... ဒါပေမဲ့..." ဟု မေးလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော့်မှာ ရာနှုန်းပြည့် သေချာမှုရှိပါတယ်..."
ချန်မူက လေးနက်စွာ ပြောလိုက်၏။ "ကျွန်တော် တတ်ထားတဲ့ သိုင်းပညာတွေထဲမှာ လျှို့ဝှက်လက်နက်သိုင်းပညာတစ်ခု ပါတယ်။ အဲဒါက အပ်တွေကို သုံးတာ။ အစ်ကို... ပြီးရင် မရီးတို့အိမ်ကို သွားပြီး သူ့ဆီမှာရှိတဲ့ အပ်တွေအကုန်လုံး ယူခဲ့ပေး..."
"လျှို့ဝှက်လက်နက်တွေနဲ့ လမ်းကြောင်းရှင်းပြီးမှတော့ ရှင်းယုံနဲ့ လျိုပေါက်ကို သတ်ဖို့ အနီးကပ်သွားဖို့တောင် မလိုတော့ဘူး..."
"တကယ်လို့ ကျွန်တော် သူ့ကို မသတ်နိုင်ခဲ့ရင်တောင် ကျွန်တော့်ရဲ့ ပေါ့ပါးတဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု သိုင်းကိုသုံးပြီး ထွက်ပြေးလို့ ရသေးတယ်လေ... "
"ရှင်းယုံက တော်တော်လေး ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ ဓားသိုင်းက အဆင့်မြင့်တစ်ခုကို ရောက်နေပြီ။ ဒါပေမဲ့ သူက တရားဝင်သိုင်းသမားတစ်ယောက်မှ မဟုတ်တာ"
သိုင်းသမားတစ်ယောက် မဟုတ်လျှင် အတွင်းအား မရှိချေ။
အတွင်းအားမရှိလျှင် ပေါက်ကွဲထွက်နိုင်သော စွမ်းအားနှင့် ခံနိုင်ရည်တို့ ချို့တဲ့မည်ဖြစ်ပြီး ဖျက်ဆီးနိုင်စွမ်းမှာလည်း ကန့်သတ်ချက် ရှိမည်ဖြစ်သည်။
"..."
ဟွမ်ဖေးယန်က ပါးစပ်ဟသွားပြီး အတန်ကြာ စဉ်းစားပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ "ဒါဆိုလည်း သတိထားဦး။ တကယ်လို့ အခြေအနေ မဟန်ဘူးဆိုရင် ချက်ချင်း ထွက်ပြေးခဲ့နော်...."
"နားလည်ပါပြီ..." ချန်မူက ယုံကြည်မှုရှိစွာ ပြုံးပြလိုက်သည်။
ဥက္ကာပျံအပ်များဖြင့် လမ်းကြောင်းရှင်းမည်။ ပြီးလျှင် နှလုံးဖြတ် ဓားသိုင်းဖြင့် အဆုံးသတ်မည်။
ထို့အပြင် တမင်တကာ ကြိုတင်ကြံစည်ထားမှုက အရေးပါသော အချက်တစ်ချက် ဖြစ်နေလေသည်။
ရှင်းယုံကို မနိုင်စရာ အကြောင်းမရှိဘူးလို့ သူ ယုံကြည်ပေသည်။
...
ဆွေးနွေးမှု ပြီးဆုံးသွားလေပြီ။
ဟွမ်ဖေးယန်က မြောင်ရှိုးရှိုးကို သွားရှာရန် ချက်ချင်း ထွက်သွားလိုက်သည်။
ခဏအကြာတွင် သူက ချည်ထိုးအပ်အသေးလေးများ ထည့်ထားသော အိတ်လေးတစ်အိတ်ကို ယူကာ ပြန်ရောက်လာခဲ့သည်။
အပ်တွေ အများကြီး ရှိနေရခြင်းအကြောင်းမှာ ဟွမ်ဖေးယန်၏ မိခင် မကွယ်လွန်မီက ချန်ရစ်ခဲ့သော အပ်များပါ ပါဝင်နေသောကြောင့်ပင်။
ချန်မူက ညဝတ်စုံကို လဲဝတ်ကာ မျက်နှာကို အဝတ်မည်းဖြင့် ဖုံးအုပ်လိုက်၏။
ထို့နောက် ချည်ထိုးအပ်များကို ယူဆောင်လျက် ညအမှောင်ကို အကာအကွယ်ယူကာ အိမ်ခေါင်မိုးများပေါ်မှ ဖြတ်ကျော်ပျံသန်းရင်း ရှင်းယုံ၏ အိမ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်လေသည်။
အခန်း ၇ပြီး၏။