အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ဒုတိယအဆင့်
နာမည်အရဆိုလျှင် ဤကျင့်ကြံမှုကတ်ပြားမှာ သိုင်းကွက်များကို လေ့ကျင့်ရာတွင် အသုံးပြုသည့်အရာ ဖြစ်သည်။
၎င်းက သိုင်းကွက်များကိုသာ လေ့ကျင့်ပေးနိုင်ကြောင်း သတိပြုသင့်၏။
ဥက္ကာပျံအပ်၊ နှလုံးဖြတ်ဓားသိုင်း နှင့် အိမ်မြှောင်သိုင်း သုံးမျိုးစလုံးမှာ ရွေးချယ်စရာကောင်းများပင်။
နယ်ပယ်အဆင့်ကို ချိုးဖျက်ပြီး အတွင်းအားကို လှုံ့ဆော်ပေးသော စိမ်းလန်းစိုပြည်ခြင်းကျင့်စဉ်မှာမူ အတွင်းအားကျင့်စဉ် အမျိုးအစားတွင် ပါဝင်သောကြောင့် ၎င်းကို အသုံးပြု၍ မရနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းက နှစ်လိုဖွယ်ကောင်းသော အံ့ဩစရာတစ်ခု ဖြစ်နေဆဲပင်။
သိုင်းကွက်ကတ်များကို ကောက်ယူရရှိချိန်တွင် ၎င်းတို့မှာ ကျွမ်းကျင်မှုအဆင့်တစ်ခုသို့ ရောက်ရှိပြီးသား ဖြစ်သည်။
အခြေခံတတ်မြောက်မှု၊ ကျွမ်းကျင်မှု၊ ပေါင်းစပ်နားလည်မှု၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှု၊ အမြင့်ဆုံးအဆင့်...
ကတ်ပြားကို အသုံးပြုလိုက်သည်နှင့် သက်ဆိုင်ရာ အဆင့်ကို တိုက်ရိုက် ရရှိသွားမည်ဖြစ်သည်။
ယခု ကျင့်ကြံမှုကတ် ရှိလာပြီဖြစ်ရာ သက်ဆိုင်ရာ အဆင့်ကို ထပ်မံ မြှင့်တင်နိုင်မည် ဖြစ်၏။
သူ ကောက်ရသော ကျင့်ကြံမှုကတ်ပြားတွင် နှစ်နှစ်သက်တမ်း ပါရှိလေသည်။
တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် သတ်မှတ်ထားသော သိုင်းကွက်တစ်ခုအတွက် နှစ်နှစ်တာ ကျင့်ကြံမှုကို ချက်ချင်း ပြီးမြောက်သွားစေနိုင်သည်။
ဥပမာအားဖြင့် နှလုံးဖြတ်ဓားသိုင်းကို နှစ်နှစ်တာ ကျင့်ကြံလိုက်မည်ဆိုပါက အမြင့်ဆုံးအဆင့်သို့ မချိုးဖျက်နိုင်လျှင်တောင်မှ အများကြီးတော့ လိုတော့မည် မဟုတ်ချေ။
ကျင့်ကြံအားထုတ်နေမည့်အစား ကျင့်ကြံမှုကတ်ပြားကို သုံးလိုက်ရုံပင်။
မိုက်လိုက်တာ...
မှန်ပေသည်။ ချန်မူ၏ လက်ရှိ သိုင်းကွက်သုံးခုမှာ လောလောဆယ်အတွက် လုံလောက်နေပြီဟု ထင်ရသည်။
ပြောစရာပင်မလိုအောင် နှလုံးဖြတ်ဓားသိုင်းမှာ ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်ကို ရောက်ရှိနေပြီးသော လက်ရာမြောက် သိုင်းကွက်တစ်ခု ဖြစ်သည်။
ဥက္ကာပျံ အပ်မှာ လျှို့ဝှက်လက်နက်ဖြစ်ပြီး လောလောဆယ်တွင် သတ်ဖြတ်စရာ ပစ်မှတ် မရှိသေးချေ။
အိမ်မြှောင်သိုင်းမှာလည်း မြို့ထဲတွင် အသုံးပြုရန် လုံလောက်နေပြီ ဖြစ်၏။
အရေးအကြီးဆုံးအချက်မှာ ကျင့်ကြံမှုကတ်ပြားကို အသုံးပြုလိုက်သည်နှင့် တိုးတက်မှုကို ချက်ချင်း ပြီးမြောက်သွားစေနိုင်ခြင်းပင်။
ထို့ကြောင့် ၎င်းကို ယာယီသိမ်းဆည်းထားပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက အသုံးပြုနိုင်ချေသည်။
ချန်မူက ထိုကျင့်ကြံမှုကတ်ပြားကို တိုက်ခိုက်ရေး သို့မဟုတ် ကာကွယ်ရေး သိုင်းကွက်များတွင် အသုံးပြုရန် ရည်ရွယ်ထားမိသည်။
ပြဿနာမှာ ယခု သူ၌ ထိုကဲ့သို့သော သိုင်းကွက်များ မရှိသေးသဖြင့် နောက်မှသုံးရန် သိမ်းထားရခြင်းပင်။
...
မြွေစိမ်းဂိုဏ်းနှင့် သွေးဝံပုလွေဂိုဏ်းတို့ လမ်းမပေါ်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။
ဓားမကြီးဂိုဏ်း အပါအဝင် ဂိုဏ်းအချင်းချင်း တိုက်ပွဲများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြသည်။
ထို့ကြောင့် ချန်မူက ၎င်းကို သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။
သို့သော် ထိုည အိမ်ပြန်ရောက်သောအခါ ဟွမ်ဖေးယန်က သူ့ကို ဘေးသို့ဆွဲခေါ်သွားပြီး တိုးတိုးလေး ပြောလာခဲ့သည်။ "မြွေစိမ်းဂိုဏ်းနဲ့ သွေးဝံပုလွေဂိုဏ်းတို့ ဂိုဏ်းစစ်ပွဲ စတင်နေကြပြီ။ နောက်နှစ်ရက်လောက် အပြင်မထွက်နဲ့ဦး။ အိမ်မှာနေ ဒါမှမဟုတ် အခြေစိုက်စခန်းကိုပဲ သွား..."
ဂိုဏ်းစစ်ပွဲလား...
ချန်မူ မျက်ခုံးတစ်ဖက် ပင့်သွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဂိုဏ်းစစ်ပွဲက ဘာလို့ ရုတ်တရက်ကြီး စဖြစ်သွားရတာလဲ..."
ဂိုဏ်းအချင်းချင်း ရံဖန်ရံခါ တိုက်ခိုက်မှုများနှင့် သေးငယ်သော ခိုက်ရန်ဖြစ်ပွားမှုများတွင် သေကျေဒဏ်ရာရမှု အလွန်နည်းပါးလှသည်။
သို့သော် ဂိုဏ်းစစ်ပွဲကတော့ ကွဲပြားချေသည်။
ဤသည်မှာ လူထောင်ဂဏန်း အနည်းဆုံးပါဝင်မည့် အကြီးစား တိုက်ပွဲကြီးတစ်ခု ဖြစ်၏။
ထို့ကြောင့် ဘယ်ဘက်ကပဲဖြစ်ဖြစ် သေဆုံးမှုဆိုတာက မလွဲမသွေ ရှိလာမည်ဖြစ်ပြီး လူဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာ သေဆုံးပြီးမှသာ ရပ်တန့်သွားလိမ့်မည်။
"အကြောင်းရင်းကိုတော့ မသိသေးဘူး..."
ဟွမ်ဖေးယန်က ခေါင်းခါလိုက်သည်။ "မြွေစိမ်းဂိုဏ်းနဲ့ သွေးဝံပုလွေဂိုဏ်းတို့ တိုက်ပွဲဖြစ်တာက ငါတို့အတွက် သတင်းကောင်းပဲ။ အိမ်မပြန်ခင် ငါ ခေါင်းဆောင်ကြီးရှဲ့ဆီ သွားခဲ့သေးတယ်။ အချိန်ကိုက်ရောက်လာရင် ငါတို့ဝင်တိုက်ပြီး သွေးဝံပုလွေဂိုဏ်းဆီကနေ အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ယူဖို့ ခေါင်းဆောင်ကြီးက ဆုံးဖြတ်ထားတယ်လို့ ပြောတယ်..."
စကားဆုံးသွားသည်နှင့် ဟွမ်ဖေးယန်က လက်သီးကို တင်းတင်းဆုပ်ကာ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာရသည်။
သူက ချန်လယ်လမ်းကို သိမ်းပိုက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
ယခု အချိန်ကျရောက်လာပြီ ဖြစ်သည်။
မြွေစိမ်းဂိုဏ်းနှင့် သွေးဝံပုလွေဂိုဏ်းတို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေချိန်တွင် ဓားမကြီးဂိုဏ်းက ဘေးမှနေ၍ စောင့်ကြည့်နေပြီး အကျိုးအမြတ်ရယူရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေခြင်းပင်။
ဟွမ်ဖေးယန် စိတ်လှုပ်ရှားနေပြီး ချန်မူမှာလည်း ပြုံးနေမိသည်။
'ဂိုဏ်းစစ်ပွဲမှာ လူတွေ အများကြီး သေမှာလား...'
ဒါက သူ လိုချင်နေသည့် အရာပင်။
တိုက်ပွဲတွင် လူများများ သေလေလေ ကတ်ပြားများများ စုဆောင်းနိုင်လေလေပင်။
သေချာသည်က ခေါင်းဆောင်ပိုင်းများ ပိုသေလျှင် အကောင်းဆုံးပင်။
သာမန်အဖွဲ့ဝင်များဆီမှ ကောက်ရသော ကတ်ပြားများမှာ သက်လုံကတ်နှင့် စွမ်းအင်ကတ်များသာ ဖြစ်ပြီး ခွန်အားကတ်များကို ရရှိရန်ပင် အလွန်ခဲယဉ်းလှ၏။
...
ဂိုဏ်းစစ်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် အရှေ့ဘက်ရပ်ကွက်မှာ ချက်ချင်းပင် အသေးစား ကစဥ့်ကလျား အခြေအနေသို့ ကျရောက်သွားရသည်။
နေ့ဘက်တွင် အဆင်ပြေသော်လည်း ညဘက်တွင်မူ မြွေစိမ်းဂိုဏ်းနှင့် သွေးဝံပုလွေဂိုဏ်းမှ အဖွဲ့ဝင်များက လမ်းကြားများနှင့် လမ်းမများပေါ်တွင် အချင်းချင်း တိုက်ခိုက်ကြလေသည်။
ဓားမကြီးဂိုဏ်းကမူ အခွင့်အရေးကို စောင့်ဆိုင်းလျက် ငြိမ်သက်စွာ နေချေသည်။
တိုက်ပွဲက နေ့ရောညပါ နှစ်ရက်ကြာမြင့်ခဲ့ပြီး မြွေစိမ်းဂိုဏ်းနှင့် သွေးဝံပုလွေဂိုဏ်း နှစ်ဖက်စလုံးမှ လူဒါဇင်ပေါင်းများစွာ သေဆုံးပြီးမှသာ အဆုံးသတ်သွားခဲ့ကြသည်။
"ဒီလို ဆက်သွားလို့ မဖြစ်တော့ဘူး... မြွေစိမ်းဂိုဏ်းနဲ့ သွေးဝံပုလွေဂိုဏ်း နှစ်ခုစလုံးမှာ ခေါင်းဆောင်ကြီးအဆင့်ရှိတဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေတောင် တိုက်ပွဲမှာ ကျဆုံးသွားကြပြီ.."
ဟွမ်ဖေးယန်က သက်ပြင်းချလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် တွေဝေမှုများ ပေါ်လာသော်လည်း ချက်ချင်းပင် ပြတ်သားမှုအဖြစ် ပြောင်းလဲသွားပြန်သည်။
ချွင်းချက်မရှိ ဂိုဏ်းတစ်ခုရှိ ခေါင်းဆောင်ကြီးများအားလုံးမှာ သိုင်းသမားများ ဖြစ်ကြသည်။
သို့သော် အခြားသော အင်အားကြီးအဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ပါက ဤသိုင်းသမားများမှာ အောက်ခြေအဆင့် သိုင်းသမားများသာ ဖြစ်ကြလေသည်။
သူတို့၏ နယ်ပယ်အဆင့်မှာ ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်သာရှိပြီး အလွန်ဆုံးမှ ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်သာ ရှိသည်။
ထို့ကြောင့် အခြားသော သာမန်ဂိုဏ်းသားများကဲ့သို့ပင် တိုက်ပွဲတွင် ကျဆုံးသွားပါက မည်သည့် ဂယက်မျှ ရိုက်ခတ်သွားမည် မဟုတ်ချေ။
ခံစားချက်များ ရှုပ်ထွေးနေသော်လည်း ဟွမ်ဖေးယန်မှာ ပိုမိုသန်မာလာရန် ပို၍ ပြတ်သားလာခဲ့သည်။
ချန်မူကတော့ ထိုသတင်းကို ကြားရ၍ အလွန် ဝမ်းသာနေချေသည်။
'အဆင့်မြင့်ခေါင်းဆောင်တွေ... ခေါင်းဆောင်ကြီး အဆင့်တွေတောင် သေသွားကြတာလား...'
'သတင်းကောင်းပဲ...'
ထိုနေ့ မွန်းလွဲပိုင်းတွင် ချန်မူက မြို့ပြင်သို့ထွက်ကာ တိုက်ပွဲတွင် ကျဆုံးသွားသော ဂိုဏ်းသားများအား မြှုပ်နှံထားရာ သင်္ချိုင်းကုန်းဆီသို့ အပြေးအလွှား သွားလိုက်သည်။
လူဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း သေဆုံးသွားပြီး ၎င်းတို့က ဂိုဏ်းအတွက် တိုက်ခိုက်ရင်း သေဆုံးသွားကြခြင်းဖြစ်သောကြောင့် သူတို့၏ အလောင်းများကို သင်္ချိုင်းကုန်းဟောင်းထဲတွင် ပစ်စလက်ခတ် စွန့်ပစ်ထားခြင်း မရှိချေ။
ဂိုဏ်းနှစ်ခုစလုံးက မြေရိုင်းတစ်ခုစီကို ရှာဖွေကာ တွင်းတူး၍ မြှုပ်နှံပေးထားကြသည်။
ချန်မူက ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်းကို အသုံးပြုကာ မတူညီသော နေရာနှစ်ခုဆီသို့ အနံ့ခံ၍ သွားရောက်ခဲ့သည်။
ထို့နောက်...
[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]
"လုပ်မယ်..."
[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]
"လုပ်မယ်..."
...
လုပ်ဆောင်ချက်ကတ်ပြားများ တစ်ခုပြီးတစ်ခု အိတ်ကပ်ထဲသို့ ရောက်ရှိလာကြသည်။
စွမ်းအင်ကတ်များနှင့် သက်လုံကတ်များက အများဆုံးပင်။
ခွန်အားကတ် ဒါဇင်ကျော်လည်း ပါဝင်လေသည်။
ချန်မူက သူ အလိုချင်ဆုံးဖြစ်သော အတွင်းအားကတ် သုံးကတ်ကိုလည်း ရရှိခဲ့သည်။
၎င်းတို့မှာ နှစ်လခွဲစာ၊ တစ်လစာနှင့် နှစ်လမပြည့်တပြည့်စာ အတွင်းအားတန်ဖိုးများ အသီးသီး ဖြစ်ကြ၏။
ထို့အပြင် ဝိညာဉ်မြွေခြေလှမ်းဟုခေါ်သော သိုင်းကွက်တစ်ခု မှတ်တမ်းတင်ထားသည့် ကျွမ်းကျင်မှုစွမ်းရည်ကတ်တစ်ခုလည်း ပါဝင်ပြီး ၎င်းမှာ အခြေခံတတ်မြောက်မှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းက အိမ်မြှောင်သိုင်း၏ အမြင့်သို့ ခုန်ပျံသည့် လှုပ်ရှားမှုများနှင့် မတူဘဲ ဝိညာဉ်မြွေခြေလှမ်းမှာ တိုက်ပွဲတွင် အသုံးပြုနိုင်သော ပေါ့ပါးသွက်လက်သည့် ကိုယ်ခန္ဓာလှုပ်ရှားမှု သိုင်းတစ်ခုပင်။
ချန်မူ အလွန် ဝမ်းသာသွားရသည်။
သူက ထိုကျွမ်းကျင်မှုစွမ်းရည်ကတ်ကို ပြတ်သားစွာ အသုံးပြုလိုက်ပြီး ဝိညာဉ်မြွေခြေလှမ်း၏ အခြေခံတတ်မြောက်မှုအဆင့်ကို ရရှိသွားခဲ့သည်။
မိုးရွာတုန်း ရေခံဆိုသလို ချန်မူက သူ သိမ်းဆည်းထားသော ကျင့်ကြံမှုကတ်ပြားကို အသုံးပြုလိုက်ပြီး ဝိညာဉ်မြွေ ခြေလှမ်းကို နှစ်နှစ်တာ ချက်ချင်း ကျင့်ကြံလိုက်ရာ ဤပေါ့ပါးသော ကိုယ်ခန္ဓာလှုပ်ရှားမှု သိုင်းကို အခြေခံတတ်မြောက်မှုအဆင့်မှ ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်သို့ တိုက်ရိုက် မြှင့်တင်လိုက်နိုင်သည်။
ဝိညာဉ်မြွေ ခြေလှမ်း၏ ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်က ချန်မူကို ထူထပ်သော တောအုပ်အတွင်း၌ပင် မယုံနိုင်လောက်အောင် သွက်လက်စွာ ရွေ့လျားနိုင်စေပြီး အပေါ်၊ အောက်၊ ဘယ်၊ ညာ၊ အရှေ့၊ အနောက် စသဖြင့် လျင်မြန်စွာ လှုပ်ရှားနိုင်စေသည်။
အိမ်မြှောင်သိုင်း၏ အကူအညီဖြင့် အကယ်၍ တိုက်ပွဲတွင် မနိုင်လျှင်တောင် အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်ချေသည်။
သေချာသည်က ပေါ့ပါးသော ကိုယ်ခန္ဓာလှုပ်ရှားမှု သိုင်းနှင့် သွက်လက်မှုတို့မှာ ပြင်ပစွမ်းရည်များသာ ဖြစ်ပြီး သိုင်းပညာနယ်ပယ်အဆင့်ကသာ အခြေခံအုတ်မြစ် ဖြစ်သည်။
ထို့နောက်...
အနည်းငယ် အနားယူပြီးနောက် ချန်မူက စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်ကို ပြောင်းပြန်လှုံ့ဆော်ရန် အတွင်းအားကတ်ကို အသုံးပြုလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို သန့်စင်ကာ သူ၏ နယ်ပယ်အဆင့်ကို မြှင့်တင်လိုက်၏။
အတွင်းအားကတ် တစ်ကတ်တည်းနှင့် မလုံလောက်သဖြင့် နှစ်ကတ်ကို အသုံးပြုလိုက်ပြန်သည်။
နှစ်ကတ်နှင့်လည်း မလုံလောက်သေးသဖြင့် တတိယမြောက်ကိုပါ အသုံးပြုလိုက်သည်။
နောက်ဆုံးတွင် ငါးလနီးပါးစာ အတွင်းအားများဖြင့် စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်က ဒုတိယအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်သွားလေပြီ။
"ဟူး..."
ချန်မူက လက်သီးကို တင်းတင်းဆုပ်ကာ သူ၏ ရှေ့ရှိ သစ်ပင်တစ်ပင်ကို ပြင်းထန်စွာ ထိုးချလိုက်သည်။
ဝုန်း...
အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်၏ ခါးလုံးခန့်ရှိသော သစ်ပင်စည်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကြွေကျလာသော သစ်ရွက်များကြားတွင် ချန်မူ၏ လက်သီးက သစ်ပင်စည်ကို ဖောက်ထွက်သွားချေသည်။
လက်သီးတစ်ချက်တည်းဖြင့် သစ်ပင်ကို ဖောက်ထွက်သွားခြင်းပင်။
ရွှစ်...
လက်မောင်းကို ပြန်ရုတ်လိုက်ရင်း ချန်မူက ခါးကိုလှည့်ကာ ဘေးဘက်မှနေ၍ ကန်ထုတ်လိုက်ပြန်သည်။
ဖုန်း... ဒိုင်း...
သစ်ရွက်များ လေထဲတွင် ဝဲပျံသွားပြီး တက်ခနဲ ကျိုးပဲ့သံနှင့်အတူ သစ်ပင်စည်ကြီးမှာ အကန်ခံရသော နေရာမှနေ၍ ထက်ပိုင်းကျိုးသွားခဲ့သည်။
အထက်ပိုင်းက ယိမ်းယိုင်သွားပြီးနောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားကာ ဖုန်လုံးကြီးများ ထောင်းခနဲ ထသွားရသည်။
ရွှစ်...
ထို့နောက် လျင်မြန်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ ချန်မူက လူတစ်ဝက်ခန့် မြင့်သော ကျောက်ဆောင်တစ်ခုဆီသို့ ပြေးသွားလိုက်ပြန်သည်။
သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စွာ ရပ်တန့်လိုက်ပြီး ခြေထောက်မှတစ်ဆင့် ခါးဆီသို့ ခွန်အားများကို စုစည်းကာ အတွင်းအားများကို လှုံ့ဆော်လိုက်ရာ လေကိုခွင်းသွားသော အသံနှင့်အတူ ဒိုင်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာချေသည်။ ကျောက်ဆောင်ကြီးမှာလည်း အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး ကျောက်စရစ်ခဲလေးများက အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စင်သွားကြသည်။
လက်သီးက သစ်သားကို ဖောက်နိုင်ပြီး ခြေထောက်က ကျောက်ဆောင်ကို ခွဲနိုင်ခြင်း....
ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ဒုတိယအဆင့်.....
အခန်း ၁၀ပြီး၏။