← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း (၂၅၁) - ကွမ်ဝမ် (၁)

[တာဝန်အပ်နှံမှု - ကြယ်ခဓားကွမ်ဝမ်ကို လုပ်ကြံရန်]

[လက်ခံမည်လား]

ချူချင်းသည် ပုံမှန်အတိုင်း ချက်ချင်းလက်ခံရန် မရွေးချယ်ခဲ့ချေ။

ကျန်းဟူလောကသည် အန္တရာယ်များလှပြီး လူတို့၏စိတ်နှလုံးကိုခန့်မှန်းရန် ခက်ခဲလှပေသည်။

ဤမိန်းကလေး၏အခြေအနေမှာ အမှန်ပင် အလွန်သနားဖွယ်ကောင်းလှပေသည်။

သို့သော် ယင်းမှာ တစ်ဖက်သတ်စကားမျှသာ ဖြစ်လေ၏။

အသက်အန္တရာယ်နှင့် သက်ဆိုင်နေသည့်အတွက် ဆုံးဖြတ်ချက်တစ်ခုမချမီ ခိုင်လုံသော အထောက်အထားအချို့ အမြဲလိုအပ်ပေသည်။

ထို့ကြောင့် ချူချင်းသည် သူ၏ရင်ခွင်ထဲမှ ငွေထုပ်ကိုထုတ်ယူကာ ရှန်ဟုန်ယဲ့ရှေ့တွင် ချထားလိုက်သည်။

ရှန်ဟုန်ယဲ့က ငွေကိုကြည့်လိုက်၊ ချူချင်းကိုကြည့်လိုက်လုပ်နေပြီး သူမ၏မျက်လုံးများထဲတွင် နားမလည်နိုင်မှုများနှင့်အတူ စိတ်ပျက်မှုများလည်း ပါဝင်နေ၏။

ချူချင်းက တိုးညင်းစွာပြောလိုက်သည်။

"အသေးစိတ်အခြေအနေကို ငါ ထပ်ပြီးစုံစမ်းဖို့ လိုသေးတယ်..."

"ကွမ်ဝမ်က တကယ်သေသင့်တဲ့သူဆိုရင် ငါသတ်ပေးမယ်..."

"ငါက အခကြေးငွေကို အလုပ်ပြီးမှယူတယ်... အဲဒီမတိုင်ခင် ဒီငွေထုပ်ကို မင်းယူထားလိုက်ပါ..."

"မင်းရဲ့ဒဏ်ရာတွေကိုပြဖို့ ဆေးခန်းသွားလိုက်၊ ပြီးရင် နေစရာနေရာတစ်ခုရှာပြီး သေချာစောင့်နေ..."

ထိုစကားကိုကြားသောအခါ ရှန်ဟုန်ယဲ့၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာကာ အလိုအလျောက်မေးလိုက်လေသည်။

"ရှင် ကွမ်ဝမ်ကို တကယ်သတ်ရဲလို့လား..."

"ဒါက မင်းစိုးရိမ်ရမဲ့ကိစ္စမဟုတ်ဘူး၊ မင်းလုပ်ရမှာက အသက်ဆက်ရှင်နေဖို့ပဲ..."

"မဟုတ်ရင် မင်းရဲ့တောင်းဆိုချက်ကို ငါလုပ်ပေးပြီးမှ မင်းသေသွားရင် ငါရှုံးသွားမှာပေါ့..."

"...ကောင်းပြီလေ..."

ရှန်ဟုန်ယဲ့က ခေါင်းညိတ်လိုက်ပြီး မြေကြီးပေါ်မှ ငွေကိုကောက်ယူကာ နှုတ်ခမ်းကိုကိုက်လျက် ပြောလိုက်၏။

"ရှင်ပြောတဲ့အတိုင်း ကျွန်မဆေးခန်းကို ဒဏ်ရာသွားပြလိုက်ပါ့မယ်..."

"ကျွန်မ နေဖို့နေရာတစ်ခု ရှာထားလိုက်မယ်... ဒါပေမဲ့ အချိန်တန်ရင် ရှင် ကျွန်မကိုရှာတွေ့ပါ့မလား..."

"ရတယ်..."

ချူချင်းက ပြတ်သားစွာပြောလိုက်သည်။

ရှန်ဟုန်ယဲ့က နောက်ထပ်စကားမပြောတော့ဘဲ မြေကြီးပေါ်မှ ကျက်ပြီးသား အသားများကိုဆွဲယူကာ ဆက်စားနေတော့၏။

လက်စားချေရန် မျှော်လင့်ချက်ရှိနေပြီဖြစ်ရာ ယခုအချိန်တွင် သူမ ပို၍ပင် အသေခံ၍မဖြစ်နိုင်တော့ပေ။

ချူချင်းသည် ဤနေရာ၌ ဆက်မနေတော့ဘဲ ခြေလှမ်းတစ်ချက်ပြောင်းလိုက်သည်နှင့် ရှန်ဟုန်ယဲ့၏အမြင်အာရုံမှ ပျောက်ကွယ်သွားလေသည်။

ရှန်ဟုန်ယဲ့က ချူချင်းထွက်ခွာသွားသည့် လမ်းကြောင်းကိုမော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများထဲတွင် ခေတ္တမျှရှုပ်ထွေးသွားပြီးနောက် မကြာမီတွင် ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွား၏။

ဆီစက္ကူအိတ်ထဲရှိ ကျက်ပြီးသားအသားများကို စားသောက်ပြီးနောက် ရေဘူးတစ်ဝက်ခန့်ကို သောက်ချလိုက်သည်။

ထိုအခါမှသာ မတ်တတ်ရပ်ရန် ခွန်အားရှိလာပြီး ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် အပြင်သို့ထွက်လာခဲ့လေသည်။

ရာသီဥတုကအေးစိမ့်နေပြီး ဤအချိန်တွင် ဆေးခန်းမှာပိတ်နေပြီ ဖြစ်သည်။

သို့သော် တည်းခိုခန်းများမှာ တံခါးဖွင့်ခိုင်း၍ ရနိုင်သေးသဖြင့် သူမသည် အလွန်ရိုးရှင်းသော တည်းခိုခန်းတစ်ခုကိုရှာကာ ဈေးအပေါဆုံးအခန်းတစ်ခန်းကို ယူလိုက်၏။

ထိုသို့သောအခန်းမျိုးသည် တစ်ယောက်တည်းနေရသော အခန်းမျိုးမဟုတ်ပေ။

အောက်ခြေလူတန်းစား ဆင်းရဲသားများအတွက် ထောက်ပံ့ပေးထားသည့် စုပေါင်းအိပ်စင်ကြီးသာ ဖြစ်လေသည်။

ပတ်ဝန်းကျင်က မကောင်းသလို လူတန်းစားမျိုးစုံလည်း ရှိကြသည်။

တစ်ခုတည်းသော စိတ်သက်သာရာရစရာမှာ ယောက်ျားနှင့်မိန်းမကြားရှိ တင်းကျပ်သော ကန့်သတ်ချက်များကြောင့် ဤသို့သော စုပေါင်းအိပ်စင်ကြီးမျိုး၌ပင် ရောနှောအိပ်စက်ခြင်းမျိုး မရှိခဲ့ပေ။

ရှန်ဟုန်ယဲ့သည် စုပေါင်းအိပ်စင်ကြီးပေါ်သို့ တွားသွားတက်လိုက်ရာ သူမ၏ကျောပြင်က အလွန်တောင့်တင်းနေပြီး စောင်နှင့်အိပ်ရာခင်းတို့၏ အနံ့မှာလည်း အလွန်ဆိုးရွားနေ၏။

သို့သော် ယင်းမှာ အချိန်အတော်ကြာပြီးနောက် သူမ နေခဲ့ရဖူးသမျှထဲတွင် အကောင်းဆုံးအခန်းဖြစ်ပေသည်။

သူမ သတိမထားမိလိုက်သည်မှာ ပြတင်းပေါက်အပြင်ဘက်တွင် လူရိပ်တစ်ရိပ် ဖြတ်ပြေးသွားပြီးနောက် ချက်ချင်း ခေါင်မိုးပေါ်သို့ခုန်တက်သွားခြင်းကိုပင်။

ညအမှောင်ထုအောက်တွင် အနက်ရောင်ဝတ်ချူချင်းက အဝေးသို့လှမ်းကြည့်လိုက်ရာ ထိုနေရာမှာ ကွမ်ဝမ်၏အိမ်တော်ပင် ဖြစ်သည်။

ချူချင်းက ခြေဖျားကို အနည်းငယ် ကန်ထောက်လိုက်ရာ တစ်ခဏအကြာတွင် သူသည် ကွမ်အိမ်တော်ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိသွားလေပြီ။

သူသည် လက်တွေ့လုပ်ဆောင်နိုင်စွမ်း အလွန်မြင့်မားသူတစ်ဦး ဖြစ်ပေသည်။

ရှန်ဟုန်ယဲ့၏ဇာတ်ကြောင်းကို ကြားသိခဲ့ပြီးဖြစ်ရာ သူသည် သဘာဝကျစွာပင် လာရောက်စုံစမ်းရမည် ဖြစ်သည်။

သူ၏သိုင်းပညာအရ ဤကိစ္စကိုစုံစမ်းရန် ရှုပ်ထွေးသော နည်းလမ်းများ လုံးဝမလိုအပ်ဘဲ ကွမ်ဝမ်ကို တိုက်ရိုက်ရှာဖွေကာ မေးမြန်းလိုက်ရုံသာ ဖြစ်၏။

အကယ်၍ ထိုကိစ္စသာ အမှန်ဖြစ်ပါက တိုက်ရိုက်သတ်ဖြတ်ကာ တာဝန်ကိုပြီးမြောက်စေမည် ဖြစ်သည်။

အကယ်၍ မဟုတ်ခဲ့လျှင်မူ သေချာသွားသည်က ရှန်ဟုန်ယဲ့တွင်ပြဿနာရှိနေခြင်း ဖြစ်ပေမည်။

လုကျီဝေ့၏လက်အောက်ခံ လူယုံသုံးဦးထဲမှ တစ်ဦးဖြစ်သူ ကွမ်ဝမ်၏အိမ်တော်မှာ သာမန်နေရာတစ်ခုမဟုတ်ပေ။

ကင်းလှည့်စောင့်ကြပ်မှုများမှာ အလွန်တင်းကျပ်လှသည်။

အကယ်၍ ယခင်ချူချင်းသာဆိုလျှင် ဤနေရာသို့ ခိုးဝင်ရန်အတွက် အတော်အတန် အားထုတ်ရဦးမည် ဖြစ်၏။

သို့သော် ယခုအခါတွင်မူ သူ၌ မျောလွင့်မြူခိုးကိုယ်ဖော့သိုင်း ရှိနေပြီဖြစ်ရာ ဤနေရာသို့ဝင်ရောက်ရသည်မှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူလှပေသည်။

သို့ရာတွင် ချူချင်းက ကွမ်ဝမ်၏အခန်းကို မရှာတွေ့မီမှာပင် လူရိပ်တစ်ရိပ် ရုတ်တရက် လေထဲသို့ခုန်တက်သွားသည်ကို မြင်လိုက်ရပြီး ထိုသူက ခြံဝင်းအတွင်းရှိ ကင်းလှည့်များကို ကျွမ်းကျင်စွာရှောင်ကွင်းလျက် အိမ်တော်မှခုန်ထွက်ကာ အဝေးသို့ ထွက်ခွာသွားလေသည်။

'ကွမ်ဝမ်... လား...'

ချူချင်းက ကွမ်ဝမ်ကို တစ်ခါမှမမြင်ဖူးဘဲ ကြယ်ခဓား၏အမည်ကိုသာ ကြားဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် ယခု ဤလူက အနက်ရောင်ဝတ်စုံဝတ်၍ မျက်နှာဖုံးတပ်ထားသည်ကို အသာထားဦး၊ သူ့ရှေ့တွင် တိုက်ရိုက်လာရပ်နေလျှင်ပင် မည်သူမှန်းသိမည် မဟုတ်ပေ။

သို့သော် ဤလူက ကင်းလှည့်ချိန်များကို ဤမျှရင်းနှီးနေသည်ကို ထောက်ရှုကြည့်ပါက ကွမ်ဝမ်မဟုတ်လျှင်ပင် သူ၏အနီးကပ်လူတစ်ဦး ဖြစ်သည်မှာ သေချာလှ၏။

မည်သူပင်ဖြစ်စေ... ဤကဲ့သို့ လျှို့ဝှက်လှုပ်ရှားနေခြင်းမှာ လူသိမခံနိုင်သော ရည်ရွယ်ချက်များရှိနေ၍ပင် ဖြစ်ရမည်။

ချူချင်းက လူသတ်ရန်ရောက်လာခြင်း ဖြစ်ပြီး ဤအနက်ရောင်ဝတ်လူကရော ဘာအတွက်နည်း။

ထိုသို့တွေးမိသည်နှင့် ချူချင်းက ခြေဖျားကို အနည်းငယ် ကန်ထောက်လိုက်ကာ အနက်ရောင်ဝတ်လူ၏အနောက်သို့ ပေါ့ပေါ့ပါးပါးလိုက်သွားလေသည်။

အနက်ရောင်ဝတ်လူ၏ကိုယ်ဖော့ပညာက မဆိုးလှဘဲ ခြေလှမ်းများကြားတွင် ဓားရည်ရွယ်ချက်ကို ကွယ်ဝှက်ထား၏။

ထို့ကြောင့် ဤလူသည် ကွမ်ဝမ်ပင်ဖြစ်မည်ဟု ချူချင်း ပို၍ယုံကြည်မိသည်။

သူက တင်ရှင်းမြို့ထဲမှထွက်လာခဲ့ပြီး နောက်ကလိုက်လာသူရှိမရှိ စစ်ဆေးရန် အကြိမ်ကြိမ် နောက်ပြန်လှည့်ကြည့်နေခဲ့သည်။

ချူချင်းက သူ၏အနောက်မှ တိတ်တဆိတ်လိုက်လာခဲ့ပြီး ထိုသူ၏အပြုအမူတိုင်းကို စောင့်ကြည့်နေလေ၏။

ထိုသို့ဖြင့် တစ်ခဏအကြာတွင် ရင်းနှီးနေသော အဆောက်အအုံတစ်ခုက ချူချင်း၏မြင်ကွင်းရှေ့၌ ပေါ်လာသည်။ တောင်စောင့်နတ်ကွန်းပင် ဖြစ်၏။

ယခင်က သူတောင်းစားနှင့်လူသတ်သမားတို့ လျှို့ဝှက်တွေ့ဆုံခဲ့သည့်နေရာဖြစ်သည်။

ယခုအခါ ထိုအထဲမှ မီးပုံအလင်းရောင်များ ထွက်ပေါ်နေပြီး အဝေးမှပင် စကားပြောသံများကို ကြားနေရလေသည်။

အနက်ရောင်ဝတ်လူက တိုက်ရိုက်ဝင်မသွားဘဲ အပြင်ဘက်တွင် တစ်ခဏမျှရပ်နေခဲ့ရာ အတွင်းမှလူများပြောနေသည်ကို နားထောင်ချင်နေပုံရသည်။

ချူချင်းလည်း အကြောင်းတိုက်ဆိုင်သဖြင့် ဝင်ရောက်နားထောင်လိုက်ရာ အတွင်းမှလူတစ်ဦး စကားပြောလိုက်သည်ကို ကြားလိုက်ရသည်။

"...ဒီကိစ္စသာ အောင်မြင်သွားရင် တင်ရှင်းမြို့က သူ့အပိုင်ဖြစ်သွားမှာဆိုပေမဲ့ မြို့ထဲမှာ သုံးရက်တိတိလုယက်ခွင့်ပြုမယ်လို့ သူကတိပေးထားတယ်၊ ငါတို့အတွက် အပြည့်အဝပြန်ရဖို့ လုံလောက်တယ်လေ..."

"ဒါက ဘာဖြစ်လို့လဲ... ဒီလောက်ကြီးတဲ့တင်ရှင်းမြို့ကြီးနဲ့ ယှဉ်ကြည့်လိုက်ရင် ဒါလေးက မပြောပလောက်ဘူး..."

"မင်းကတော့ မြွေက ဆင်ကိုမျိုချင်နေတာပဲ၊ တင်ရှင်းမြို့ကို အဲဒီလောက် အလွယ်ယူလို့ရမယ်များ ထင်နေတာလား..."

"လျန်ရှန်ခံတပ်ခုနှစ်ခုက ဒီနေ့တစ်ရက်ထဲနဲ့ ပြုတ်သွားပြီ၊ ချင်းယန်လက်ဝါးလျူယွီလိုင်က လွယ်ကူတဲ့ပြိုင်ဘက် မဟုတ်ဘူး... ငါတို့ဂိုဏ်းငါးဂိုဏ်း ပူးပေါင်းရင်တောင် ကွမ်ဝမ်က လျူယွီလိုင်ကိုသတ်ပြီးမှ ငါတို့လှုပ်ရှားလို့ရမှာ..."

"အချိန်ကျရင် ကျန်ချွန်းဟွာက တစ်ယောက်တည်းရပ်တည်နိုင်မှာ မဟုတ်ဘူး၊ အဲဒီအပြင် ကွမ်ဝမ်ကပါ ပူးပေါင်းပေးမယ်ဆိုရင် တင်ရှင်းမြို့တံခါးကို ဖွင့်နိုင်မှာပဲ..."

"အဲဒီကွမ်ဝမ်ပြောခဲ့တာကတော့ တင်ရှင်းမြို့တံခါးကို ဖွင့်ပြီးတာနဲ့ ငါတို့ သုံးရက်လောက် လုယက်နိုင်မယ်၊ အချိန်ကျရင် သူက စစ်ကူတွေဦးဆောင်ပြီး ရောက်လာလိမ့်မယ်၊ အဲဒီအခါကျရင် ငါတို့မြို့ထဲကနေ အလိုက်တသင့်ထွက်သွားရုံပဲ..."

"ဒါပေမဲ့... ဘာဖြစ်လို့လဲ... သူက စစ်ကူတွေဦးဆောင်ပြီး ရောက်လာရင်တောင် ငါတို့က ဒီနေရာကိုသိမ်းပိုက်ပြီးနေပြီလေ၊ ဘာဖြစ်လို့ တင်ရှင်းမြို့ကို သူ့ဆီပြန်လွှဲပေးရမှာလဲ..."

"ပြဿနာက အဲဒါပဲ၊ ငါတို့ တင်ရှင်းမြို့ကို အပိုင်သိမ်းလိုက်ရင် စိတ်အေးချမ်းသာနေနိုင်မှာတဲ့လား..."

ထိုအသံက ဤနေရာ၌ရပ်တန့်သွားပြီးနောက် အေးစက်စွာရယ်မောလျက် ဆက်ပြောလိုက်၏။

"မီးတောက်ခန်းမဆောင်က ဘာအရူးထသွားတာလဲ မသိဘူး၊ ရုတ်တရက်ကြီး ထျယ်ရွှဲ့နဲ့စစ်ပွဲစတင်ခဲ့တယ်..."

"ဒီစစ်ပွဲမှာ ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲဆိုတာ ပြောရခက်တယ်၊ ဒါပေမဲ့ ဘယ်သူပဲနိုင်နိုင် ငါတို့က တင်ရှင်းမြို့ကိုသိမ်းထားမယ်ဆိုရင် သူတို့က ဒီအတိုင်းလွှတ်‌ထားမယ်တဲ့လား..."

"ဒါပေမဲ့ ကွမ်ဝမ်ကတော့ မတူဘူး... တကယ်လို့ ထျယ်ရွှဲ့နိုင်ခဲ့ရင် ကွမ်ဝမ်က နောက်ပြန်လှည့်ပြီး တင်ရှင်းမြို့ကိုကာကွယ်ပေးခဲ့တဲ့ သူရဲကောင်းကြီး ဖြစ်သွားမှာပဲ..."

"ထျယ်လင်ယွန်းက သူ့ကို အကြီးအကျယ်ဆုချမှာ သေချာတယ်၊ ငါတို့က သူနဲ့ပူးပေါင်းထားတာဆိုတော့ ငါတို့ကိုလည်း ကာကွယ်ပေးရမှာပဲ၊ ငါတို့ကို တိတ်တဆိတ်ချမ်းသာခွင့်ပေးပြီး ထျယ်ရွှဲ့ခန်းမဆောင်က အပြစ်ပေးတာမခံရအောင် လုပ်ပေးလိမ့်မယ်..."

"ဘာပဲဖြစ်ဖြစ် ငါတို့သာ ထျယ်လင်ယွန်းဆီမှာ မိသွားရင် ပထမဆုံးဒုက္ခရောက်မဲ့သူက ကွမ်ဝမ်ပဲ..."

"တကယ်လို့များ မီးတောက်ခန်းမဆောင်နိုင်ခဲ့ရင် ကွမ်ဝမ်က တင်ရှင်းမြို့ကိုလက်နက်ချအရူံး‌ပေးလိုက်မယ်..."

"မီးတောက်ခန်းမဆောင်က တင်ရှင်းမြို့ကို အလွယ်ရသွားတာမလို့ ငါတို့ကို ထပ်ပြီးပြဿနာရှာတော့မှာ မဟုတ်ဘူး..."

"ဒါဆိုရင် ငါတို့လည်း လက်နက်ချလို့ရတာပဲလေ..."

လူအချို့က မကျေမနပ်ဖြစ်နေဆဲပင်။

All Chapters