အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း (၂၅၂) - ကွမ်ဝမ် (၂)
ယခင်လူက အေးစက်စွာရယ်မောလိုက်သည်။
"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ၊ ကွမ်ဝမ်က လုကျီဝေ့ရဲ့လူယုံ၊ ထျယ်ရွှဲ့ထိပ်တန်းသိုင်းသမားတစ်ယောက်လေ၊ သူ့မှာ လက်နက်ချခွင့်ရှိတယ်၊ ငါတို့မှာ အဲဒီလိုအရည်အချင်းမျိုး ရှိလို့လား..."
"ပြီးတော့ မီးတောက်ခန်းမဆောင်က နိုင်မလားဆိုတာကလည်း မသေချာသေးဘူး... မင်းကိုယ်မင်း အသက်နဲ့လောင်းကြေးထပ်ချင်ရင်တော့လုပ်လေ၊ ငါတို့ကိုလာမဆွဲထည့်နဲ့..."
အနက်ရောင်ဝတ်လူက ထိုနေရာအထိကြားလိုက်ရသောအခါ ရုတ်တရက် အေးစက်စက်ရယ်မောသံတစ်ခု ထွက်ပေါ်လာလေ၏။
"ကောင်းတယ်၊ မင်းတို့ လောဘကြောင့် မျက်ကန်းမဖြစ်သွားသေးလို့ တော်သေးတာပေါ့..."
ဤစကားကိုပြောလိုက်သည်နှင့် နတ်ကွန်းထဲမှ ရုတ်တရက် အော်ဟစ်သံထွက်ပေါ်လာလေသည်။
"ဘယ်သူလဲ..."
အနက်ရောင်ဝတ်လူက အလိုက်သင့်ပင် နတ်ကွန်းထဲသို့ခုန်ဝင်သွားရာ မီးတောက်များပင် ပြင်းထန်စွာ တဖျပ်ဖျပ်မြည်သွား၏။
လူအားလုံးသတိပြန်ဝင်လာသောအခါ ထိုအနက်ရောင်ဝတ်လူမှာ မီးပုံရှေ့၌ရပ်နေပြီဖြစ်ကာ မျက်နှာဖုံးကိုချွတ်လိုက်သည်ကို မြင်လိုက်ရသည်။
"ကွမ်ဝမ်..."
"အစ်ကိုကွမ်..."
ဤနတ်ကွန်းထဲရှိလူငါးဦးသည် သူတို့ရှေ့ရှိလူကို မြင်သောအခါ မျက်နှာအမူအရာအမျိုးမျိုး ပြောင်းလဲသွားကြ၏။
အစောပိုင်းက တင်ရှင်းမြို့ကိုဝါးမျိုမည်ဟု ပြောခဲ့သူမှာ မျက်နှာ အလွန်အမင်းပျက်ယွင်းသွားပြီး... တစ်ခုခုပြောချင်သော်လည်း ဘယ်ကနေစပြောရမှန်း မသိတော့ချေ။
ကွမ်ဝမ်က ထိုလူ့အပေါ် အေးစက်စွာအကဲခတ်လိုက်ပြီး နောက်တစ်ခဏတွင် ချွင်ခနဲမြည်သံနှင့်အတူ ဓားအစွန်းထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
မီးတောက်များက ဝုန်းကနဲမြည်သွားကာ ထိုဓားစွမ်းအင်ကြောင့် အထက်သို့မြင့်တက်သွားလေ၏။
မီးတောက်များငြိမ်သက်သွားပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ချိန်တွင် တင်ရှင်းမြို့ကိုသိမ်းပိုက်မည်ဟု ကြွေးကြော်ခဲ့သူမှာ လည်ချောင်းကို လက်ဖြင့်အုပ်ထားရကာ လက်ချောင်းများကြားမှ သွေးများစီးကျနေသည်ကို တွေ့လိုက်ရသည်။
သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း မြေပေါ်သို့ခွေကျသွားလေသည်။
ကျန်ရှိနေသောလေးဦးက ယင်းကိုမြင်သောအခါ မျက်နှာများ အကြီးအကျယ်ပြောင်းလဲသွားကြ၏။
တစ်ခဏမျှ အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်နေကြပြီး အသံပင်မထွက်ဝံ့ကြတော့ချေ။
ကွမ်ဝမ်က အေးစက်သောအသံဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"မင်းတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို သေချာမှတ်ထားကြ၊ မင်းတို့ကိုပူးပေါင်းဖို့ ရှာရတာက မင်းတို့မှမဟုတ်ရင် မဖြစ်လို့မဟုတ်ဘူး..."
"မင်းတို့က စကားနားထောင်လို့ပဲ..."
"ငါ့စကားကိုနားထောင်ရင် ချမ်းသာခွင့်ပေးမယ်၊ ငါ့စကားကို လွန်ဆန်ရင်... အသက်ကိုဖက်နဲ့ထုပ်ထားကြ..."
"ဟုတ်ကဲ့ပါ..."
ကျန်ရစ်သောလေးဦးက အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် လူတစ်ဦးက ပြောလိုက်သည်ကို ကြားလိုက်ရ၏။
"အစ်ကိုကွမ်... ဒီနေ့လျန်ရှန်ခံတပ်ခုနှစ်ခုနဲ့ လျူယွီလိုင်တိုက်တဲ့ပွဲမှာ လျူယွီလိုင်က အရိုးထိအောင် ဒဏ်ရာမရသွားဘူး..."
"လျူယွီလိုင်က ဒီတစ်ရက်နှစ်ရက်အတွင်း သေမယ်လို့ စောစောကပြောခဲ့တယ်မလား..."
"ဒါပေမဲ့ အခု... သူ အသက်ရှင်နေတုန်းပဲ၊ ဒီ..."
"နျဲ့ကျင့်ထိုင်မှာ ပြဿနာနည်းနည်းရှိသွားလို့ပါ၊ ဒါပေမဲ့ သူတို့နဲ့ ငါစကားပြောထားပြီးပြီ..."
"အသေးစိတ်အခြေအနေကိုတော့ အဲဒီဘက်က ထုတ်မပြောဘူး၊ ဒါပေမဲ့ အများဆုံး နှစ်ရက်ထက်မကျော်စေရဘူး၊ လျူယွီလိုင် သေချာပေါက်သေရမယ်..."
ကွမ်ဝမ်၏အသံမှာ အေးစက်နေ၏။
"ဒီနေ့ မင်းတို့ကို လာတွေ့တာကလည်း စိတ်အေးသွားအောင် လာလုပ်ပေးတာပဲ..."
"ကောင်းပါပြီ..."
လူတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"နျဲ့ကျင့်ထိုင်က လှုပ်ရှားပြီဆိုမှတော့ မသေမချင်း လိုက်သတ်နေမှာလေ..."
"နျဲ့ကျင့်ထိုင်ရှေ့မှာ လူကောင်းမရှိဘူးလို့ ပြောကြတယ်မလား... လျူယွီလိုင်သာ နျဲ့ကျင့်ထိုင်ရဲ့လုပ်ကြံတာကို ခံရရင် သူ့နာမည်လည်း ပျက်သွားနိုင်တယ်..."
"ဟေး၊ နျဲ့ကျင့်ထိုင်ရှေ့မှာ လူကောင်းမရှိဘူးဆိုတာ တကယ်ပဲ၊ သူတို့သတ်ခဲ့တဲ့လူကောင်းတွေက နည်းနေလို့လား... ပိုက်ဆံနည်းတာများတာပဲ ကွာတာလေ..."
"အဓိပ္ပာယ်မရှိတဲ့စကားတွေ လျှောက်မပြောနဲ့၊ နျဲ့ကျင့်ထိုင်ရဲ့နာမည်ကို ဖျက်ဆီးမိရင် သူတို့ မင်းကိုလိုက်ရှာလိမ့်မယ်နော်..."
"ဒီလူသေတာနဲ့ တင်ရှင်းမြို့က အစ်ကိုကွမ်ရဲ့လက်ထဲ ရောက်သွားမှာပဲ၊ ဒီနေရာကနေ အစ်ကိုကွမ်ကို ကြိုဂုဏ်ပြုလိုက်ပါတယ်..."
"အစ်ကိုကွမ်အတွက် ဂုဏ်ပြုပါတယ်..."
"အစ်ကိုကွမ်အတွက် ဂုဏ်ပြုပါတယ်..."
သူတို့က တစ်ချိန်တည်းမှာပင် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ကြပြီးနောက် ရယ်မောလိုက်ကြလေသည်။
တင်ရှင်းမြို့မှာ ယခုပင် ကွမ်ဝမ်၏လက်ထဲသို့ ကျရောက်သွားသည့်အလား ထင်မှတ်ရပေသည်။
ထို့နောက် နောက်လူတစ်ဦးက ပြောလိုက်၏။
"ဟုတ်သားပဲ၊ ကျွန်တော်တို့ ဒီခရီးစဉ်ကိုလာရင်းနဲ့ အစ်ကိုကွမ်အတွက် လက်ဆောင်တစ်ခုတောင် ပြင်လာသေးတယ်..."
ကွမ်ဝမ်က အံ့အားသင့်သွားသည်။
"ဘာလက်ဆောင်လဲ..."
ထိုလူက ရုပ်တုအနောက်သို့ လှည့်ဝင်သွားသည်ကို တွေ့လိုက်ရပြီး ပြန်ထွက်လာသောအခါ သူ၏လက်ထဲတွင် အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ခန့်ရှိသော မိန်းကလေးတစ်ဦးကို ဆွဲကိုင်လာလေသည်။
မိန်းကလေးမှာ ဤအချိန်၌သတိလစ်နေပြီး ကွမ်ဝမ်၏လက်ထဲသို့ ပေးအပ်ခြင်းခံလိုက်ရ၏။
ကွမ်ဝမ်ကငုံ့ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာလေသည်။
"မဆိုးပါဘူး..."
"အစ်ကိုကွမ်က ဒီလိုအရသာမျိုးကို ကြိုက်တယ်ဆိုတာကြားဖူးတာ ကြာပြီ၊ ကျွန်တော်တို့လာတုန်းက အနီးအနားရွာတစ်ရွာကနေ ဖမ်းလာခဲ့တာ... အစ်ကိုကွမ်အိမ်ပြန်ခေါ်သွားပြီး ပျော်ရွှင်လိုက်ပါ..."
ထိုလူက အောင်ပွဲခံသည့်ဟန်ဖြင့် ပြုံးလိုက်၏။
ကွမ်ဝမ်ကလက်လှမ်းကာ ထိုမိန်းကလေး၏ပါးပြင်ကို ညှစ်လိုက်ရာ မျက်လုံးများထဲတွင် မီးပွားများခုန်ပေါက်နေသကဲ့သို့ ဖြစ်သွားပြီး အေးစက်စွာရယ်မောလျက် ပြောလိုက်သည်။
"စောစောက ကျုံပေထန်ကိုသွားရှာတုန်းက ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့သေးတယ်..."
"အလွယ်ရနိုင်မယ်လို့ထင်ခဲ့တာ၊ ဒါပေမဲ့ ထင်မထားဘူး... သူက ငါ့ကိုငြင်းခဲ့တယ်..."
"သတ္တိရှိချက်ပဲ..."
အစောပိုင်းကလူက ဒေါသတကြီးပြောလိုက်၏။
"အစ်ကိုကွမ်ကိုတောင် ငြင်းရဲတယ်ဆိုတော့ သူ့ကို မျက်နှာသာပေးထားလို့ပဲ..."
"ဟုတ်တယ်၊ ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်ထူတယ်ဆိုတာကို မသိတာပဲ..."
ကွမ်ဝမ်က ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"အဲဒါကြောင့် သူ့ရှေ့မှာတင် သူ့မိသားစုတစ်စုလုံးကို သတ်ပစ်လိုက်ပြီး တစ်ရွာလုံးကိုပါ မီးရှို့ပစ်လိုက်တယ်..."
"အခု သူမက ပျက်စီးနေတဲ့မျက်နှာကြီးနဲ့ တင်ရှင်းမြို့မှာ သောင်တင်နေသတဲ့ အဲဒီခန္ဓာကိုယ်ကို အသုံးချပြီး ငါ့ကိုသတ်ဖို့လူရှာချင်နေတာ... တကယ်ပဲ ရယ်စရာကောင်းလွန်းတယ်..."
"သူ ဘယ်အချိန်သေမလဲဆိုတာကို ငါသိချင်နေမိတယ်..."
"မသေခင်လေးမှာ သူ့ရဲ့မိုက်မဲမှုအတွက် နောင်တရမလားဆိုတာပဲ..."
ဤစကားများကအေးစက်ပြီး ရက်စက်လွန်းသဖြင့် အနားရှိလူအချို့၏ ရင်ထဲ၌ပင် ချမ်းစိမ့်သွားစေ၏။
ဤလူသည် အကြင်နာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုမှာ အထွတ်အထိပ်သို့ရောက်ရှိနေပြီဟုသာ သူတို့ခံစားလိုက်ရသည်။
သူနှင့်ပူးပေါင်းရသည်မှာ ကျားနှင့်သားရေသွားလုနေရသကဲ့သို့ပင်။
သို့သော် ယခုအချိန်တွင် မြားက လေးကြိုးပေါ်ရောက်နေပြီဖြစ်ရာ မပစ်၍မရတော့ပေ... လေးဦးသား အချင်းချင်းအကဲခတ်ကြည့်လိုက်ကြပြီးနောက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြလေသည်။
ကွမ်ဝမ်က မတားဆီးခဲ့ချေ…
“နှစ်ရက်အတွင်း တင်ရှင်းမြို့ကိုလာတိုက်ခိုက်ကြ..."
"ဒီမတိုင်ခင် ငါထွက်သွားဖို့ အကြောင်းပြချက်တစ်ခု ရှာထားလိုက်မယ်..."
"မင်းတို့ ငါ့ရဲ့အရေးကြီးကိစ္စကို မဖျက်ဆီးကြနဲ့နော်..."
"ဟုတ်ကဲ့ပါ..."
လူတိုင်းက သဘောတူလိုက်ကြပြီး မြေကြီးပေါ်ရှိ အလောင်းကိုသယ်ဆောင်ကာ အရိုအသေပေးလျက် ဆုတ်ခွာသွားကြလေသည်။
ကွမ်ဝမ်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ထိုမိန်းကလေးကိုပွေ့ဖက်ထားကာ လက်လှမ်း၍ မိန်းကလေး၏မျက်နှာကို ညင်သာစွာပွတ်သပ်လိုက်ပြီး အနည်းငယ်အားစိုက်လိုက်ရာ မိန်းကလေး၏ပါးစပ်မှ ညည်းတွားသံတစ်ခုထွက်ပေါ်လာပြီး နာကျင်မှုကြောင့် လန့်နိုးလာ၏။
ခေါင်းမော့ကြည့်လိုက်ရာ မိမိကိုယ်တိုင်က သူစိမ်းယောက်ျားတစ်ဦး၏ ပွေ့ဖက်ထားခြင်းကိုခံနေရသဖြင့် တစ်ခဏချင်းမှာပင် မျက်နှာပေါ်၌ အကြီးအကျယ်ထိတ်လန့်သွားလေသည်။
"ရှင်... ရှင်က ဘယ်သူလဲ... လွှတ်... ကျွန်မကို လွှတ်ပေး..."
ကွမ်ဝမ်က သူမကို တကယ်ပင် လွှတ်ပေးလိုက်သည်။
ထိုမိန်းကလေးက အပြင်သို့ထွက်ပြေးရန် ခြေလှမ်းလိုက်သော်လည်း ခြေနှစ်လှမ်းခန့်ပြေးမိသည်နှင့် လူတစ်ဦးက သူမ၏ပခုံးကို လှမ်းဖမ်းလိုက်ပြီး အဝတ်အစားများကို ဆွဲဆုတ်တော့မည့်ဟန် ပြင်လိုက်၏။
သို့သော် ရုတ်တရက် လက်တစ်ဖက်က ကွမ်ဝမ်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာလေသည်။
"ဘယ်သူလဲ..."
ကွမ်ဝမ်မှာ အလွန်အမင်းထိတ်လန့်သွားကာ သူ၏လက်ကို ပြန်ဆွဲရုပ်ရန် ကြိုးစားလိုက်သော်လည်း တစ်ဖက်လူ၏လက်ချောင်းငါးချောင်းက သံညှပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး သူ မည်မျှပင်အားစိုက်ရုန်းကန်ပါစေ ရုန်းထွက်၍ မရနိုင်ခဲ့ချေ…
"...လွှတ်... ငါ့ကို လွှတ်..."
ဤအခိုက်အတန့်တွင် ကွမ်ဝမ်မှာ အစောပိုင်းက မိန်းကလေးပြောခဲ့သည့် စကားကိုပင် ပြန်ပြောနေမိလေပြီ။
ရောက်လာသူကလည်း သူ့ကို တကယ်ပင် လွှတ်ပေးလိုက်၏။
ထိုမိန်းကလေးက နောက်လှည့်ကြည့်လိုက်ရာ နှစ်ယောက်လုံးက အနက်ရောင်ဝတ်စုံများဖြင့် လူကောင်းပုံမပေါက်သည်ကို မြင်လိုက်ရသဖြင့် အလျင်စလိုပင် တောင်စောင့်နတ်ကွန်း၏အပြင်ဘက်သို့ ထွက်ပြေးသွားသည်။
သို့ရာတွင် အလျင်စလိုပြေးမိသွားသဖြင့် ခြေလှမ်းအမှားအယွင်းဖြစ်ကာ လဲကျတော့မလိုဖြစ်သွား၏။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် လက်တစ်ဖက်က သူမ၏ခါးကို ပင့်မလျက် ဖေးမကူညီပေးလိုက်သည်။
သူမကမော့ကြည့်လိုက်ရာ နောက်မှရောက်လာသည့် မျက်နှာဖုံးစွပ် အနက်ရောင်ဝတ်လူဖြစ်နေသဖြင့် တစ်ခဏမျှ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်သွားလေ၏။
"ရှင်... ရှင်က ဘယ်သူလဲ..."
ရောက်လာသူ၏အသံမှာ နူးညံ့သိမ်မွေ့နေပြီး တိုးညင်းစွာပြောလိုက်သည်။
"စကားနားထောင်၊ ဘေးနားမှာရပ်ပြီး မျက်စိမှိတ်စောင့်နေ၊ ခဏနေရင် မင်းကို အိမ်ပြန်ပို့ပေးမယ်..."
ချူချင်းက ဤစကားကိုပြောလိုက်ချိန်တွင် ရင်ထဲ၌ ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
ဤမိန်းကလေးတွင် ပြန်သွားနိုင်သည့်အိမ်တစ်ခု ရှိနေသေးပေသည်။
ရှန်ဟုန်ယဲ့မှာမူ... ပြန်စရာအိမ်မရှိတော့ချေ။
ကွမ်ဝမ်က ချွင်ခနဲမြည်သံနှင့်အတူ ဓားကိုဆွဲထုတ်ကိုင်ဆောင်လိုက်ပြီး သူ့ရှေ့မှချူချင်းအား သတိထားလျက် စိုက်ကြည့်နေ၏။
"မင်းက တကယ်ပဲ ဘယ်သူလဲ... ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ..."
"တော်တော်ကြာပြီ..."
ချူချင်းက ပြောလိုက်သည်။
"မင်းအိမ်တော်ကနေ ထွက်လာကတည်းက မင်းရဲ့အနောက်ကနေ ငါလိုက်လာခဲ့တာ..."
"ဒါကြောင့် မင်းတို့ရဲ့အကြံအစည်တွေ၊ မင်းတို့ရဲ့အစီအစဉ်တွေကို ငါ အကုန်လုံး ရှင်းရှင်းလင်းလင်းကြားခဲ့ရတယ်..."
ကွမ်ဝမ်မှာ တစ်ခဏအတွင်း အံ့ဩထိတ်လန့်သွားလေသည်။
သူ လုံးဝမမျှော်လင့်ထားသည်မှာ သူ၏စေ့စပ်သေချာလှသည်ဟု ထင်ရသောလုပ်ရပ်များကို အခြားလူတစ်ဦးက မြင်တွေ့နေခဲ့ခြင်းပင် ဖြစ်၏။
ထိုအချက်ကိုတွေးမိသည်နှင့် သူ၏လက်ထဲရှိ ဓားအစွန်းကိုမြှောက်လိုက်ပြီး ရုတ်တရက်လှည့်ကာ ပြေးလေတော့သည်။
ဓားမြှောက်၍ တိုက်ခိုက်ခြင်းမှာ လှည့်စားမှုတစ်ခုသာ ဖြစ်ပေသည်။ အစစ်အမှန်ရည်ရွယ်ချက်မှာ ထွက်ပြေးရန်ပင်။
ဤလူက သူ၏အနောက်မှနေ၍ ဤမျှကြာမြင့်စွာ တိတ်တဆိတ်လိုက်လာနိုင်ခဲ့သည်ကို သူ လုံးဝသတိမထားမိခဲ့ပေ။
ရူးနေမှသာ ဤနေရာ၌ရပ်နေပြီး သူနှင့်တိုက်ခိုက်မည် ဖြစ်၏။
ကိစ္စများပေါက်ကြားသွားသည်ကိုတော့ ဤအချိန်တွင် မည်သူက ဂရုစိုက်နေနိုင်တော့မည်နည်း။
လွတ်မြောက်သွားပြီး အသက်ရှင်သန်ခွင့်ရရန်ကသာ အရေးအကြီးဆုံးဖြစ်ပေသည်။