အခန်း ၂၅၃
Vol. 26 Ch. 253
အခန်း (၂၅၃) - ပြန်ဆပ်ရန် နည်းလမ်းမရှိဟု မည်သူပြောသနည်း (၁)
ဝမ်းနည်းစရာကောင်းသည်မှာ ကွမ်ဝမ်၏အတွေးများသည် အလွန်လှပနေခြင်းပင်။
ချူချင်းရှေ့တွင် သူထွက်ပြေးလွတ်မြောက်နိုင်ရန် မည့်သည်နေရာရှိမည်နည်း။
သူဟန်ပြလှုပ်ရှားမှုတစ်ခုလုပ်ကာ လှည့်ထွက်လိုက်သည့်အချိန်တွင် မူလက သူ၏ဓားသွားကို အနောက်ဘက်မှ ရှောင်တိမ်းနေသင့်သော ချူချင်းမှာ မျက်နှာချင်းဆိုင်၌ လက်နောက်ပစ်လျက် ရပ်နေပြီး သူ့ကို တိတ်ဆိတ်စွာကြည့်နေကြောင်း တွေ့လိုက်ရလေ၏။
"မင်း ပြေးချင်တာလား... ဘာလို့ပြေးမှာလဲ..."
"လူသတ်မီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်တဲ့အချိန်တုန်းက မင်းက ကမ္ဘာပေါ်မှာ ရဲစွမ်းသတ္တိအရှိဆုံးနဲ့ ပြိုင်ဘက်ကင်းတဲ့သူ မဟုတ်ဘူးလား..."
"ခွေးကောင်... ငါက မင်းကိုကြောက်နေတယ်လို့ ထင်နေတာလား..."
ကွမ်ဝမ်၏စိတ်ထဲတွင် ဒေါသထွက်သွားပြီး လက်ထဲမှဓားသွားကို တစ်ချက်တုန်ခါလိုက်ကာ ချူချင်းဆီသို့ ထိုးသွင်းလိုက်သည်။
သူ၏သိုင်းလောကအမည်မှာ 'ကြယ်ခဓား'ဖြစ်ပြီး သူအသုံးပြုသည်မှာလည်း လျင်မြန်သောဓားသိုင်းပင် ဖြစ်၏။
သို့သော် ချူချင်း၏ဓားသိုင်းနှင့်မူ မတူညီပေ။ ချူချင်း၏အမြန်ဓားသိုင်းသည် အမြင်လှည့်စားမှုအားလုံးကို ဖယ်ရှားထားပြီး ဓားတစ်ချက်ထိုးသွင်းလိုက်သည်နှင့် လျှပ်စီးလက်သွားသကဲ့သို့ လျင်မြန်ပေသည်။
သို့ရာတွင် ကွမ်ဝမ်၏ဓားသိုင်းမှာ တိုက်ကွက်တစ်ကွက်တည်း မဟုတ်ပေ။
တိုက်ကွက်တစ်ကွက်ထုတ်လိုက်သည်နှင့် ၎င်း၏နောက်တွင် မမျှော်လင့်ထားသော အပြောင်းအလဲများစွာ ပုန်းကွယ်နေလေသည်။
တိုက်ကွက်ထုတ်ရာတွင် မြန်ဆန်ရုံသာမက အပြောင်းအလဲလုပ်ရာတွင် ပို၍မြန်ဆန်ပြီး ဓားသိုင်းတစ်စုံလုံးကို အစအဆုံးအသုံးပြုလိုက်ချိန်တွင် မြန်သည်ထက်ပို၍ မြန်ဆန်သွားတော့၏။
သာမန်လူများသာ ဤကဲ့သို့လျင်မြန်သော ဓားသိုင်းကိုရင်ဆိုင်ရပါက မလွဲမသွေ ခြေရှုပ်လက်ရှုပ်ဖြစ်ကာ ခုခံရန်ခက်ခဲမည်မှာ အမှန်ပင်။
ဝမ်းနည်းစရာကောင်းသည်မှာ သူ့ရှေ့တွင်ရပ်နေသူမှာ ချူချင်းဖြစ်နေခဲ့သည်။
ချူချင်းသည် လှုပ်ရှားမှုပင် မလုပ်ခဲ့ဘဲ လက်နောက်ပစ်လျက် ရပ်နေရုံသာဖြစ်ပြီး ရွှေရောင်အတွင်းအားအလွှာတစ်ခုက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။
ဤမသေမျိုးရွှေကိုယ်ထည်ကျင့်စဉ်သည် အဆင့်မြှင့်တင်ပြီးနောက်ပိုင်း အားနည်းချက်နှင့် ဟာကွက်အားလုံးကို ဖယ်ရှားပစ်ပြီးဖြစ်ရာ အတွင်းအားတစ်ချက်လှုပ်ရှားလိုက်သည်နှင့် အလိုအလျောက်ပေါ်ထွက်လာပြီး ကန့်သတ်ချက်များလည်း မရှိတော့ချေ။
ယခုအချိန်တွင် ချူချင်းသည် အစွမ်းကုန် မထုတ်ထားပေ။ သို့မဟုတ်ပါက မင်ယွိကျမ်းစာ၏ ဒဿမအဆင့်နှင့် နှင်းခဲစွမ်းအင်များပေါင်းစပ်မှုကြောင့် ထိုဓားသည် အကာအကွယ်အတွင်းအားပေါ်သို့ ကျရောက်လာချိန်တွင် ချူချင်းကိုယ်တိုင် မလှုပ်ရှားလျှင်ပင် အေးစိမ့်သော အငွေ့အသက်များက ဓားတစ်လျှောက်ပြန့်နှံ့သွားပြီး နောက်ဆုံးတွင် ကွမ်ဝမ်ကိုပါ နေရာတွင်အေးခဲသွားစေမည် ဖြစ်သည်။
ချူချင်းသည် ယခုမသေမျိုးရွှေကိုယ်ထည်ကျင့်စဉ်ကိုသာ အသုံးပြုထားပြီး ဓားထိမှန်ချိန်တွင် 'ချွမ်'ဟူသော အသံထွက်ပေါ်လာ၏။
အတွင်းအားအလွှာကိုသာ ထိုးမိခြင်းဖြစ်သော်လည်း သတ္တုနှင့်သံတို့တိုက်မိသကဲ့သို့ ခံစားလိုက်ရလေသည်။
ကွမ်ဝမ်သည် သူ၏လက်ကောက်ဝတ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး ကြီးမားလှသော တွန်းကန်အားကြောင့် မခံမရပ်နိုင်အောင် နာကျင်သွားရသည်။ ဤသူ၏သိုင်းပညာ အလွန်မြင့်မားလှမှုအပေါ် ထိတ်လန့်အံ့သြသွားစဉ် သူ၏အမြင်အာရုံမှာ ရုတ်တရက်မှုန်ဝါးသွားပြီး လက်ဖဝါးထဲရှိဓားမှာ အရိပ်အယောင်ပင်မရှိဘဲ ပျောက်ကွယ်သွားတော့သည်။
သူနောက်သို့လှည့်မကြည့်နိုင်မီ ခြေကျင်းဝတ်မှာ အေးစက်သွားလေ၏။
ငုံ့ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်ခြေထောက်တွင် ဓားထိမှန်ထားပြီး ခြေကြောများပြတ်တောက်သွားကြောင်း တွေ့လိုက်ရသည်။
အသည်းခိုက်မတတ် အော်ဟစ်သံနှင့်အတူ ရှေ့သို့ နှစ်လှမ်းခန့်ယိမ်းယိုင်သွားပြီးနောက် ဖြူရော်နေဆဲဖြစ်သော မျက်နှာဖြင့် ချူချင်းကိုလှည့်ကြည့်လိုက်သည်။
"မင်း..."
"ငါက ဘာဖြစ်လို့လဲ..."
ချူချင်း၏မျက်လုံးထဲတွင် ခံစားချက်မဲ့နေပြီး အေးစက်စက်သာ ပြောလိုက်သည်။
"မင်းလိုလူမျိုးက... သာမန်ပြည်သူတွေကို အနိုင်ကျင့်တဲ့နေရာမှာ သိပ်တော်ပေမဲ့၊ မင်းထက် သိုင်းပညာမြင့်တဲ့သူနဲ့ ရင်ဆိုင်ရတဲ့အခါ အသတ်ခံရဖို့ စောင့်နေတဲ့သိုးသူငယ်လေး ဖြစ်မသွားဘူးလား..."
"မင်းကိုသတ်ရတာ ကြက်တစ်ကောင်သတ်ရသလိုပဲ၊ လွယ်လွန်းတယ်..."
"မဟုတ်ဘူး... မင်း ငါ့ကိုမသတ်နိုင်ဘူး..."
ကွမ်ဝမ်က အလောတကြီးပြန်ပြောလေ၏။
"ငါက ကြယ်ခဓားလေ... ငါက ကွမ်ဝမ်ကွ..."
"ငါက ထျယ်ရွှဲ့ကလူပဲ... ခန်းမသခင်လုရဲ့လူကွ... မင်း ငါ့ကိုသတ်လိုက်ရင် ထျယ်ရွှဲ့က မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး..."
"ငါ့ကိုလွှတ်ပေးပါ... နောက်ဆို ဘယ်တော့မှ မလုပ်တော့ပါဘူး..."
"မင်းက အနာဂတ်ကိုစဉ်းစားနေတုန်းပဲလား..."
ချူချင်းက မျက်လုံးကိုမှေးကျဉ်းလိုက်ရာ လက်ဆုပ်လက်ကိုင်ပြနိုင်သော အရာတစ်ခုကဲ့သို့ သတ်ဖြတ်လိုသည့် အငွေ့အသက်များက ပေါက်ကွဲထွက်ပေါ်လာ၏။
အသည်းခိုက်မတတ်ကြောက်ရွံ့မှုများက ကွမ်ဝမ်၏ခြေလက်များနှင့် အရိုးအဆစ်များကြားတွင် ပျံ့နှံ့သွားလေသည်။
"ဟုန်ရှုးရွာက ရွာသူရွာသားတွေ၊ ရှန်ဟုန်ယဲ့ရဲ့မိသားစုတွေ... သူတို့ရဲ့အနာဂတ်ကျတော့ရော ဘယ်မှာလဲ..."
"အမှန်အတိုင်းပြောရရင်... ဒီည မင်းကိုသတ်ဖို့ထိ မရည်ရွယ်ထားဘူး..."
"မင်းရဲ့အသက်က အရေးမပါပေမဲ့ ငါ့ရဲ့အစီအစဉ်တွေထဲမှာ ပါနေတာမလို့ပဲ..."
"အခု မင်းရဲ့အသက်ကိုယူလိုက်ရင် အခြေအနေတချို့ အပြောင်းအလဲဖြစ်သွားနိုင်တယ်..."
"ဒါပေမဲ့ကွာ... မင်းရဲ့အသက်ရှင်နေတာက ငါ့လည်ချောင်းထဲမှာ အရိုးတစ်ချောင်းစူးနေသလို ခံစားရတယ်။ မင်းလိုလူမျိုးနဲ့ တစ်မိုးအောက်ထဲမှာ အတူနေထိုင်ရမယ်ဆိုတာ စဉ်းစားလိုက်ရုံနဲ့ ရင်ဘတ်ထဲမှာ အလုံးကြီးတစ်လုံးဆို့နေသလိုပဲ၊ အဲဒါကို မထုတ်ပစ်ရရင် ငါမနေနိုင်ဘူး..."
စကားအဆုံးတွင် ချူချင်းက ဓားသုံးချက်ဆက်တိုက်ထုတ်လိုက်သည်။
ရွှပ်... ရွှပ်... ရွှပ်...
သွေးစက်သုံးကြောင်း လွင့်စဉ်သွားလေ၏။ ယင်းတို့မှာ ကွမ်ဝမ်ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း လုံးဝရှောင်လွှဲ၍မရသော ဓားချက်များပင်။
ယခု သူဒဏ်ရာရနေသည်ကို ထည့်မပြောနှင့်၊ လုံးဝအကောင်းပကတိအတိုင်း ရှိနေလျှင်ပင် မသေရုံတစ်မယ်သာ ရှောင်နိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် သူ၏အကြောများအားလုံး အဖြတ်ခံလိုက်ရလေပြီ။
သူသည် အံ့သြထိတ်လန့်ပြီး မုန်းတီးကာ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေတော့၏။
ထောင့်တစ်နေရာတွင် တွန့်လိမ်ခွေခေါက်နေကာ ချူချင်းကို မယုံကြည်နိုင်စွာကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
"မဟုတ်ဘူး... မင်း ငါ့ကိုမသတ်နိုင်ဘူး... မင်း ငါ့ကိုမသတ်နိုင်ဘူး..."
သူ၏ ဤကဲ့သို့သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရသောအခါ ချူချင်း၏မျက်လုံးထဲမှ ရွံ့ရှာနေခြင်းကို ဖုံးကွယ်မရတော့ပေ။
သူက ဓားသွားကို တဖြည်းဖြည်းမြှောက်လိုက်ပြီး ကွမ်ဝမ်ထံသို့ ချိန်ရွယ်လိုက်၏။
ကွမ်ဝမ်၏လည်ပင်းမှာ ပင်ကိုအသိစိတ်ဖြင့် နောက်သို့ဆုတ်သွားသော်လည်း ထက်မြက်သော ဓားသွားက သူ၏မျက်နှာကို ဖိကပ်နေဆဲဖြစ်သည်။
ဓားသွားက အရေပြားကိုထိုးဖောက်သွားရာ ချူချင်းသည် သူ၏လက်ကောက်ဝတ်ကို အားပြုလိုက်ပြီး ကွမ်ဝမ်၏မျက်နှာပေါ်တွင် ဓားရာတစ်ချက်ချန်ရစ်ခဲ့လေသည်... ထို့နောက် ဒုတိယတစ်ချက်... တတိယတစ်ချက်...
ကွမ်ဝမ်က ရှောင်တိမ်းရန်ကြိုးစားသော်လည်း မရှောင်နိုင်ခဲ့ပေ... နာကျင်မှုနှင့်ကြောက်ရွံ့မှုများ ရောယှက်နေသော စူးရှသည့်အော်ဟစ်သံများကိုသာ ပြုလုပ်နိုင်တော့သည်။
သူသည် အမှန်တကယ်ပင် မျက်ရည်ကျလာကာ အသံကုန်အော်ဟစ်ငိုကြွေးလေ၏။
"ငါ မှားသွားပါပြီ... ငါ တကယ်မှားသွားပါပြီ... နောက်ဆို ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး... ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ..."
ချူချင်းက တိတ်ဆိတ်စွာ မေးလိုက်သည်။
"ကြောက်လား..."
"ကြောက်ပါတယ်..."
ကွမ်ဝမ်က အကြိမ်ကြိမ်ခေါင်းညိတ်ပြလိုက်ပြီး သူကြောက်နေသည်ကို ချူချင်းမြင်ပါက လွှတ်ပေးလိမ့်မည်ဟု တွေးထင်နေမိ၏။
"ကြောက်ရင် ပြီးတာပဲ..."
ချူချင်း၏ဓားချက်က သူ့လည်ချောင်းပေါ်သို့ ကျရောက်သွားပြီး တဖြည်းဖြည်းချင်း ထိုးသွင်းလိုက်လေသည်။
'ညဧကရာဇ်'သည် လျင်မြန်သောဓားသိုင်းများအတွက် နာမည်ကျော်ကြားသော်လည်း ယခုမူ လူတစ်ယောက်ကို တဖြည်းဖြည်းချင်း သတ်ဖြတ်နေလေ၏။
ဤလူသာ မြန်မြန်ဆန်ဆန်သေဆုံးသွားမည်ဆိုလျှင် ယခင်က သူနာကျင်အောင်လုပ်ခဲ့သူများအတွက် တရားမျှတမှုမရှိဟု အမြဲလိုလို ခံစားနေရသောကြောင့်ပင်။
ချူချင်းသည် သူရဲကောင်းကြီးမဖြစ်ချင်ဟု သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့သော်လည်း ကိုယ်ကျင့်တရားရှိသူ မည်သူမဆို ကွမ်ဝမ်ကဲ့သို့လူမျိုးကို ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ခွင့်မပေးလိုသကဲ့သို့ အေးချမ်းစွာ သေဆုံးသွားစေရန်လည်း အလိုမရှိကြပေ။
ထို့ကြောင့် အဆုံးမဲ့ဆင်းရဲဒုက္ခများကို ခံစားရပြီးနောက် မျှော်လင့်ချက်မဲ့စွာ သေဆုံးသွားခြင်းကသာ သင့်လျော်သော နိဂုံးတစ်ခုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ချူချင်းသည် လူများကိုညှဉ်းပန်းနှိပ်စက်သည့်နေရာတွင် အတော်လေးညံ့ဖျင်းနေဆဲ ဖြစ်လေ၏။
မဟုတ်လျှင် ကွမ်ဝမ်အား ဤထက်ပို၍ ကောင်းကောင်းကြီးခံစားစေသင့်ပေသည်။
နောက်ဆုံးတွင် ကွမ်ဝမ်သည် ချူချင်း၏ဓားဖြင့် လည်ချောင်းကို ဖောက်ထွင်းခံလိုက်ရတော့သည်။
ဓားသွားက အရမ်းနှေးနေသောကြောင့် ဖြစ်နိုင်သည်။ သူသည် အသက်မထွက်သေးဘဲ လက်နှစ်ဖက်ဖြင့် ဓားကိုယ်ထည်ကိုဆုပ်ကိုင်ကာ ကြာရှည်သော ဓားရှေ့တိုးလာမှုကို တားဆီးရန်ကြိုးစားခဲ့သော်လည်း လက်ချောင်းဆယ်ချောင်းလုံး အဖြတ်ခံလိုက်ရလေသည်။
ချူချင်းက သူ၏မျက်လုံးနှစ်လုံးကို စိုက်ကြည့်လိုက်ပြီး ဓားသွားကို ကန့်လန့်ဖြတ်ကာ တစ်ချက်ခုတ်ချလိုက်သည်။
နောက်ဆုံးတွင် လူ့ခေါင်းတစ်လုံး လိမ့်ကျသွားတော့၏။
[တာဝန်ပြီးမြောက်ပါပြီ။]
[ကွမ်ဝမ်ကို အောင်မြင်စွာသတ်ဖြတ်နိုင်ခဲ့ပြီး 'ကျပန်းသိုင်းပညာ ရတနာသေတ္တာ'တစ်ခု ရရှိပါသည်။]
ချူချင်းသည် လက်ထဲမှ ဓားရှည်ကိုငုံ့ကြည့်လိုက်ပြီး အမှတ်တမဲ့ လွှဲပစ်လိုက်လေသည်။
ရွှပ်ခနဲအသံနှင့်အတူ ဓားရှည်က နတ်ဘုရားရုပ်တုရှေ့တွင် စိုက်ဝင်သွားပြီး အနည်းငယ်တုန်ခါသွား၏။
ချူချင်းက ရင်ခွင်ထဲမှ လက်အိတ်ဖြူတစ်စုံကိုထုတ်ယူကာ ဝတ်ဆင်လိုက်သည်။
ထိုအရာကို ဆန်းချင်းထံမှရရှိခဲ့ခြင်းဖြစ်ပြီး... နောက်ပိုင်းတွင် ဝမ်ဖူစန်းက သေချာစစ်ဆေးကြည့်ပြီးနောက် ကောင်းကင်ပိုးချည်လက်အိတ်တစ်စုံဖြစ်ကြောင်း သိလိုက်ရသည်။
ဓားနှင့်လှံများကို မခုခံနိုင်သော်လည်း မည်သည့်အဆိပ်မျှ မကပ်ငြိနိုင်ပေ။
၎င်းသည် အခြေခံအားဖြင့် သမင်သားရေလက်အိတ်၏ အဆင့်မြင့်ပုံစံတစ်ခုပင် ဖြစ်၏။
သူသည် လက်အိတ်ဝတ်ဆင်ထားပြီး ခေါင်းပြတ်နေသော အလောင်းပေါ်တွင် တစ်ခဏမျှစမ်းသပ်ရှာဖွေလိုက်ရာ နောက်ဆုံးတွင် စာနှစ်စောင်နှင့်အမိန့်ပြားတစ်ခုကို တွေ့ရှိခဲ့သည်။
စာတစ်စောင်မှာ ယခင်က တောင်စောင့်နတ်ကွန်းတွင် တွေ့ဆုံခဲ့ဖူးသော လူငါးဦးထံမှဖြစ်ပြီး တင်ရှင်းမြို့ကိုသိမ်းပိုက်ရန် ဤနေရာတွင် တွေ့ဆုံဆွေးနွေးရန် သဘောတူထားသည့်စာဖြစ်လေသည်။
အခြားစာတစ်စောင်ကိုမူ မည်သူရေးသားထားမှန်း မသိရသော်လည်း ရိုးရှင်းသောစာကြောင်းအနည်းငယ်သာ ပါရှိသည်။
‘မီးတောက်က သွေးကိုလောင်ကျွမ်းမည်၊ တင်ရှင်းကို သိမ်းပိုက်ရန်ကြံစည်မည်၊ စာနှင့် အမိန့်ပြားနှစ်ခုလုံးမှာ သက်သေပင်၊ ရှုံးနိမ့်ပါက မီးရှို့ဖျက်ဆီးပစ်ရမည်။’