← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း (၂၅၄) - ပြန်ဆပ်ရန် နည်းလမ်းမရှိဟု မည်သူပြောသနည်း (၂)

ချူချင်းက မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး သူ၏လက်ထဲရှိအမိန့်ပြားကို ကြည့်လိုက်လေသည်။

ထိုအမိန့်ပြားကို သစ်သားဖြင့်ထွင်းထုထားပြီး ကျောဘက်တွင် စာလုံးမပါသော်လည်း အရှေ့ဘက်တွင်မူ 'နယ်ရုပ်'ဟူသောစာလုံးကို ဖောင်းကြွထွင်းထုထားသည်။

ချူချင်းသည် အမိန့်ပြားနှင့်ထိုစာကိုကြည့်ကာ အကြောင်းအရာများကို ဆက်စပ်တွေးလိုက်ပြီး ယေဘုယျအဓိပ္ပာယ်ကို နားလည်သွားတော့၏။

မီးတောက်ဆိုသည်မှာ မီးတောက်ခန်းမဆောင်ကိုရည်ညွှန်းပြီး သွေးဆိုသည်မှာ ထျယ်ရွှဲ့ခန်းမ‌ဆောင်ဖြစ်နိုင်ပေသည်။

မီးတောက်က သွေးကိုလောင်ကျွမ်းမည် ဆိုသည်မှာ မီးတောက်ခန်းမဆောင်က ထျယ်ရွှဲ့ခန်းမဆောင်ကို တိုက်ခိုက်မည့်ကိစ္စကိုဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ကွမ်ဝမ်အား ဤအခွင့်အရေးကိုအသုံးချပြီး တင်ရှင်းမြို့ကိုသိမ်းပိုက်ရန် ကြံစည်ခိုင်းခြင်းပင်။

ဤစာနှင့်အမိန့်ပြားမှာ သက်သေအထောက်အထားတစ်မျိုးဖြစ်ပြီး အကယ်၍ ရှုံးနိမ့်သွားပါက မီးရှို့ဖျက်ဆီးပစ်ရမည်။

အနိုင်ရရှိခဲ့လျှင် သူတို့မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထား ဖြစ်လာမည်ဖြစ်သည်။

အကယ်၍ ကွမ်ဝမ်သာ ရှုံးနိမ့်သွားပါက ဤသက်သေများကိုမီးရှို့ဖျက်ဆီးရန် အချိန်ရှိမည်မဟုတ်ကြောင်း စဉ်းစားကြည့်နိုင်သည်။

ဤနေရာရှိ အနိုင်အရှုံးဆိုသည်မှာ မီးတောက်ခန်းမဆောင်ကိုရည်ညွှန်းခြင်း ဖြစ်လောက်ပေသည်။

"ကွမ်ဝမ်ရဲ့နောက်ခံက လျှို့ဝှက်ချက်ရှိနေတယ်... ဒါပေမဲ့ ဒီနှစ်ခုကို သက်သေအထောက်အထားအနေနဲ့ သုံးဖို့လိုတယ်ဆိုတော့ အဓိကနေရာနဲ့ အတော်လေးဝေးနေပုံပဲ..."

"သူ့နောက်ကွယ်ကလူကရော ဘယ်သူဖြစ်မလဲ..."

စိတ်ထဲတွင် ခန့်မှန်းတွေးတောနေသော်လည်း မည်သည့်ကောက်ချက်မျှမရရှိခဲ့ပေ။ ထို့ကြောင့် ပစ္စည်းများကို ရင်ခွင်ထဲသို့သိမ်းဆည်းလိုက်ပြီးနောက် ကွမ်ဝမ်၏အဝတ်အစားတစ်စကို ဖြဲယူကာ လူ့ခေါင်းကိုထုပ်ပိုးဆွဲကိုင်လိုက်ပြီး ထိုမိန်းကလေးငယ်ရှေ့သို့ သွားလိုက်လေသည်။

ထို့နောက် သူက ညင်သာစွာမေးလိုက်၏။

"မင်းအိမ်က ဘယ်ဘက်မှာလဲ..."

ထိုမိန်းကလေးငယ်မှာ ချူချင်းစကားကိုနားထောင်ပြီး မျက်လုံးကိုမှိတ်ထားသော်လည်း ကွမ်ဝမ်၏ သနားစရာအော်ဟစ်သံများကို ကြားရသောအခါ သိချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ မျက်လုံးကိုလက်ဖြင့်ကွယ်ကာ လက်ချောင်းများကြားမှတစ်ဆင့် ချူချင်းလုပ်ဆောင်ခဲ့သည်များကို ချောင်းကြည့်နေခဲ့သည်။

ယခု ချူချင်းစကားပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ပင်ကိုအသိစိတ်အရ တုန်လှုပ်သွားလေ၏။

သို့သော် သူမက မဆိုင်းမတွပင် အရပ်မျက်နှာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ဟိုဘက်မှာပါ..."

နောက်တစ်ခဏတွင် သူမ၏ပခုံးကို ချူချင်းက ဆွဲမလိုက်လေသည်။

ထို့နောက် လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် သူမကိုခေါ်ကာ လက်ညှိုးထိုးရာဘက်သို့ ဦးတည်သွားတော့၏။

မိန်းကလေးက လမ်းကို ကောင်းစွာသိရှိနေပြီး တစ်ခဏမျှသွားပြီးနောက် ရွာတစ်ရွာရှေ့သို့ ရောက်ရှိသွားသည်။

ထိုနေရာမှာ တောင်စောင့်နတ်ကွန်းနှင့် သိပ်မဝေးလှပေ။ မိန်းကလေးအနေဖြင့် ဤမျှရင်းနှီးနေရခြင်းမှာ ထိုတောင်စောင့်နတ်ကွန်းအနီးတွင် မကြာခဏ သွားရောက်ကစားလေ့ရှိသောကြောင့် ဖြစ်နိုင်ပေသည်။

မိန်းကလေးက လမ်းညွှန်ပြပြီးနောက် ချူချင်းသည် သူမကို အခန်းထဲသို့ တိတ်တဆိတ်ပို့ဆောင်ပေးလိုက်လေ၏။

"ကောင်းကောင်းအနားယူလိုက်ပါ... နှုတ်ဆက်ခဲ့ပါတယ်..."

ချူချင်းသည် ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

ထိုအခါ မိန်းကလေးငယ်က မနေနိုင်ဘဲမေးလိုက်၏။

"သူရဲကောင်းကြီး... ရှင်... ရှင့်နာမည်က ဘယ်လိုခေါ်လဲ..."

"..."

ချူချင်းက စိတ်ထဲတွင် ရေရွတ်လိုက်သော်လည်း နှုတ်မှမူ ပြောလိုက်သည်။

"မမေးပါနဲ့... ငါ့ကိုလည်း မမှတ်ထားနဲ့... ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်..."

"မင်း နားလည်လား..."

"အင်း..."

မိန်းကလေးက အားပါးတရ ခေါင်းညိတ်ပြလိုက်လေသည်။

ချူချင်း၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခုပေါ်လာ၏။ အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဤခေတ်ကာလတွင် အိမ်ထောင်ပြုရန်အရွယ်ရောက်နေပြီ ဖြစ်သည်။

သို့သော် ချူချင်း၏အမြင်တွင်မူ သူမက ကလေးတစ်ယောက်မျှသာ ဖြစ်၏။

သူက ညင်သာစွာခေါင်းခါလိုက်ပြီး နောက်ထပ်စကားမဆိုတော့ဘဲ အဝေးသို့ ခုန်ထွက်သွားတော့သည်။

ဤဖြစ်ရပ်သည် သူ့အတွက် သေးငယ်သော ကြားဖြတ်ကိစ္စတစ်ခုမျှသာ ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် ဤတာဝန်ကိုယူဆောင်လာပေးသော ရှန်ဟုန်ယဲ့ကိုပင် ကျေးဇူးတင်ရပေမည်။

အကယ်၍ သူမကလူသတ်ပေးရန် ကိုယ့်ကိုယ်ကိုမရောင်းချခဲ့ပါက ချူချင်းသည် ကွမ်ဝမ်ကိုသွားရှာမည် မဟုတ်ပေ... ကွမ်ဝမ်ကိုသွားမရှာပါက လူသတ်သမားငှားရမ်းသူမှာ ဤလူဖြစ်ကြောင်း မည်သို့သိနိုင်မည်နည်း။

တင်ရှင်းမြို့၏ကိစ္စရပ်များမှာ ယခုအချိန်တွင် အခြေခံအားဖြင့် ရှင်းလင်းသွားပြီ ဖြစ်သည်။

အချုပ်အားဖြင့်ပြောရလျှင် ကွမ်ဝမ်သည် လျူယွီလိုင်ကိုသတ်ရန် လူငှားရမ်းခဲ့ပြီး အရပ်လေးမျက်နှာရှိဓားပြများနှင့် မဟာမိတ်ဖွဲ့ကာ တင်ရှင်းမြို့ကိုရည်ရွယ်နေခြင်းပင်။

သူ၏နောက်ကွယ်မှလူကို လောလောဆယ် မသိရသေးသော်လည်း ချူချင်းက အနည်းငယ်စိတ်ဝင်စားမိရုံမှလွဲ၍ အထူးတလည်ဂရုမစိုက်လှပေ။

သူ့အတွက် ယခုအလုပ်တစ်ခုသာ ကျန်ရှိတော့သည်။

နှစ်ရက်အတွင်း နျဲ့ကျင့်ထိုင်လူများက လျူယွီလိုင်ကိုလုပ်ကြံရန် ရောက်လာကြလိမ့်မည်။

ချူချင်းသည် ကွမ်ဝမ်ကို ဤအချိန်တွင် မသတ်ချင်သေးကြောင်း ပြောခဲ့ဖူးသည်။ ထိုစကားမှာ အလိမ်အညာမဟုတ်ပေ။

မည်သို့ပင်ဆိုစေ ကွမ်ဝမ်က ငှားရမ်းခဲ့သူဖြစ်လေသည်။

နျဲ့ကျင့်ထိုင်၏လူသတ်မှုများက ငွေကြေးလိုအပ်ပြီး သူတို့၏စည်းမျဉ်းအရ တာဝန်ပြီးမြောက်ပြီးမှသာ အခကြေးငွေတောင်းခံလေ့ရှိသည်။

အကယ်၍ ငှားရမ်းသူသေဆုံးသွားပါက ဤတာဝန်ကိုစွန့်လွှတ်လိုက်ရန် များပေသည်။

ချူချင်းက ကွမ်ဝမ်ကိုမသတ်ချင်ခဲ့သည့် အကြောင်းရင်းမှာ ထိုအချက်ကြောင့်ပင်။ ကိစ္စများကို ပြီးပြည့်စုံအောင်လုပ်ချင်ပါက ကွမ်ဝမ်သည် နျဲ့ကျင့်ထိုင်မှလူများလာမည့်အချိန်ထိ အသက်ရှင်နေရန် လိုအပ်၏။

သို့ရာတွင် လက်ရှိအခြေအနေကို သာမန်အခြေအနေများဖြင့် ခန့်မှန်း၍မရနိုင်တော့ချေ။

မည်သို့ပင်ဖြစ်စေ 'ဓားတစ္ဆေ'က ယခုဤနေရာတွင် ရှိနေလေပြီ။

ကွမ်ဝမ်သေဆုံးသွားလျှင်ပင် သူတို့လာကြဦးမည်သာ။

လျူယွီလိုင်ကိုသတ်ဖြတ်ခြင်းသည် တာဝန်အတွက်သာမဟုတ်ဘဲ ပို၍အရေးကြီးသည်မှာ ဓားတစ္ဆေကိုမျှားခေါ်ရန် ဖြစ်လေသည်။

ထို့ကြောင့် ကွမ်ဝမ်၏အသက်မှာ အနည်းငယ်သက်ရောက်မှုရှိသော်လည်း တစ်ခုလုံးအနေဖြင့် အပြောင်းအလဲကြီးကြီးမားမား မရှိလှပေ။

လူခေါင်းကိုဆွဲကိုင်ထားကာ ချူချင်းသည် တစ်လမ်းလုံး မျောလွင့်မြူခိုးကိုယ်ဖော့သိုင်းကို အသုံးပြု၍ တင်ရှင်းမြို့သို့ပြန်လာခဲ့သည်။

တည်းခိုခန်းသို့ ပြန်မသွားခဲ့ဘဲ သူသည် ခြေလှမ်းများကို လျင်မြန်စွာရွှေ့ပြောင်းကာ လျူအိမ်တော်သို့ တိုက်ရိုက်သွားရောက်ခဲ့လေ၏။

စာကြည့်ဆောင်ထဲတွင် ယခုအချိန်အထိ မီးလင်းနေသေးပြီး အပြင်ဘက်တွင် အစောင့်များရှိနေသည်။

ယခုညဉ့်နက်နေပြီ ဖြစ်သော်လည်း အစောင့်အချို့မှာ တစ်စုံတစ်ခုကို လွတ်သွားမည်ဆိုးသည့်အလား မျက်လုံးများကို ပြူးကျယ်ထားဆဲပင်။

ရုတ်တရက် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး သစ်ပင်အရိပ်များ ယိမ်းထိုးသွားလေသည်။

အစောင့်အချို့က အသံလာရာဆီသို့ ပင်ကိုအသိစိတ်အရ ကြည့်လိုက်မိပြီး လူမည်းရိပ်တစ်ခုက သူတို့ကိုကျော်ဖြတ်ကာ အခန်းတံခါးကိုတွန်းဖွင့်ပြီး ပြန်ပိတ်လိုက်သည်ကိုတော့ လုံးဝမသိလိုက်ကြချေ။ လေတိုက်ခတ်မှုကြောင့် ဖယောင်းတိုင်မီးများသာ မြင့်တက်သွား၏။

လျူယွီလိုင် အလန့်တကြားဖြစ်သွားပြီး ရုတ်တရက် မော့ကြည့်လိုက်သည်။

အနက်ရောင်ဝတ်လူတစ်ယောက်က အမိန့်ပြားတစ်ခုကိုမြှောက်ပြနေသည်ကို မြင်လိုက်ရသည်။

ထိုအမိန့်ပြား၏အရှေ့ဘက်တွင် 'ထျယ်ရွှဲ့'ဟူသော စာလုံးနှစ်လုံးကို ဖောင်းကြွထွင်းထုထား၏။

လျူယွီလိုင် ကြက်သေသေသွားသည်။

"ဒါက..."

စကားမဆုံးမီ ထိုအနက်ရောင်ဝတ်လူက လက်တစ်ချက်ခါကာ အမိန့်ပြားကိုပစ်ပေးလိုက်သည်ကို တွေ့လိုက်ရလေသည်။

လျူယွီလိုင်က အလျင်အမြန်ဖမ်းယူလိုက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်ရာ ချက်ချင်းအံ့အားသင့်သွားတော့၏။

"သခင်မလေးရဲ့အမိန့်ပြားပဲ... မိတ်ဆွေက... သခင်မလေးများလား..."

ချူချင်း၏နှုတ်ခမ်းထောင့်က တွန့်ချိတ်သွားသည်။

"ငါ့ပုံစံက မင်းသခင်မလေးနဲ့ တူလို့လား..."

"...ဒါဆို မိတ်ဆွေက ဘယ်သူလဲ... သခင်မလေးရဲ့အမိန့်ပြားက ဘယ်လိုလုပ် မိတ်ဆွေလက်ထဲရောက်နေရတာလဲ..."

လျူယွီလိုင်၏သတိထားမှုများက တစ်ဖန်ပြန်လည်နိုးကြားလာပြန်၏။

သို့သော် ဤလူက မည်သူ့ကိုမျှသတိမပေးဘဲ မိမိ၏စာကြည့်ဆောင်ထဲသို့ တိုက်ရိုက်ဝင်လာနိုင်သောကြောင့် ဤစွမ်းရည်ကို အထင်သေး၍မရနိုင်ပေ။ ထို့ကြောင့် သူက ကျယ်လောင်စွာအော်ဟစ်ခြင်း မပြုခဲ့ချေ။

ချူချင်းသည် ရင်ခွင်ထဲမှ စမ်းသပ်ရှာဖွေလိုက်ပြီးနောက် စာရွက်တစ်ရွက်ကိုထုတ်ယူကာ လျူယွီလိုင်ထံသို့ ထပ်မံပစ်ပေးလိုက်လေသည်။

အမိန့်ပြားကိုပစ်ခြင်းနှင့် စက္ကူကိုပစ်ခြင်း၏ အကျိုးသက်ရောက်မှုမှာ သဘာဝအားဖြင့် လုံးဝကွဲပြားသင့်ပေသည်။

သို့သော် ချူချင်းအတွက်မူ အတူတူပင်ဖြစ်၏။ လေထဲတွင် ပေါ့ပါးစွာမျောလွင့်နေသင့်သော စာရွက်မှာ လျူယွီလိုင်၏ရှေ့သို့ ရွှီးခနဲရောက်ရှိလာသည်။

သူက လက်လှမ်းဖမ်းရန်ပြင်လိုက်သော်လည်း စာရွက်မှာ တဖြည်းဖြည်းပြန်ကျဆင်းသွားသောကြောင့် အလျင်အမြန်ဖမ်းယူလိုက်ရသည်။

ဖြန့်ကြည့်လိုက်သောအခါ သူ၏မျက်နှာအမူအရာမှာ ထူးဆန်းသွားလေ၏။

ဤစာရွက်ပေါ်တွင် ရေးထားသည်များမှာ လုံးဝစိတ်ကူးယဉ်ပုံပြင်များအလား သူခံစားလိုက်ရသည်။

'ငါတို့ထျယ်ရွှဲ့ကို လာမယ်ဆိုရင် လူတစ်ယောက်ရဲ့အောက်နဲ့ လူတစ်သောင်းရဲ့အထက် နေရာပေးမယ်' သို့မဟုတ် 'ထျယ်ချူချင်ရဲ့ကတိက ရွှေတစ်ထောင်တန်တယ်၊ ဘယ်တော့မှ မဖောက်ဖျက်ဘူး' စသည်တို့က ဘိုးဘွားပိုင်မြေကို အလဟဿရောင်းစားနေသော သားမိုက်တစ်ယောက်၏ လုပ်ရပ်မျိုးနှင့် တူနေ၏။

သို့သော် ထျယ်ချူချင်၏ကိုယ်ပိုင်တံဆိပ်တုံးနှင့် အမိန့်ပြားတို့က ပါရှိနေသေးရာ လျူယွီလိုင်အနေဖြင့် မယုံကြည်၍ မရနိုင်တော့ပေ။

ဤလူက မည်သည့်နေရာမှလာသည်ဖြစ်စေ သခင်မလေး၏မိတ်ဆွေဖြစ်သည်ကို သူနားလည်လိုက်သည်။

ထို့ကြောင့် ချက်ချင်းမတ်တတ်ရပ်ကာ လက်ယှက်အရိုအသေပေးလိုက်လေသည်။

"မိတ်ဆွေကို ဂါရဝပြုပါတယ်... မိတ်ဆွေက ဘာကိစ္စကြောင့် ဒီလောက်ညဉ့်နက်ကြီး ရောက်လာရတာလဲဆိုတာ သိပါရစေ..."

ချူချင်းသည် ရင်ခွင်ထဲမှ ကွမ်ဝမ်ထံမှရရှိထားသော စာကိုထုတ်ယူကာ လျူယွီလိုင်ထံသို့ ကမ်းပေးလိုက်သည်။

ဤတစ်ကြိမ်တွင် လျူယွီလိုင်က လေးလေးနက်နက်ဖမ်းယူလိုက်ပြီး မီးရောင်ဖြင့်ဖတ်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားတော့၏။

သူနှင့်ကွမ်ဝမ်တို့မှာ အမြဲလိုလိုအဆင်မပြေကြသော်လည်း ဤလက်ရေးကိုမူ မှတ်မိလေသည်။

ထိုသို့ဆိုလျှင်တောင် ကွမ်ဝမ်က ဤမျှရဲတင်းပြီး မဆင်မခြင်လုပ်ရဲလိမ့်မည်ဟု သူမတွေးဝံ့ခဲ့ပေ။

အကြိမ်ကြိမ်လှန်လှောကြည့်ပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။

"ခွေးကောင်... တော်တော် အကြံကြီးတဲ့ကောင်ပဲ... ဒီကောင်သေကိုသေသင့်တယ်... မိတ်ဆွေစိတ်ချပါ... ကျုပ် အခုပဲသွားပြီး အဲဒီကောင့်ကိုဖမ်းလိုက်မယ်..."

ချူချင်းက လက်ယမ်းပြလိုက်ပြီး ကွမ်ဝမ်၏ခေါင်းကိုပါ ထပ်မံကမ်းပေးလိုက်လေသည်။

လျူယွီလိုင်မှာ တစ်ခဏမျှအံ့သြချီးကျူးသွားပြီး သခင်မလေး၏ဤမိတ်ဆွေမှာ နတ်ဘုရားတစ်ပါးနှင့်တူသည်ဟုပင် ခံစားလိုက်ရသည်။ ရောက်လာပြီးနောက် စကားတစ်ခွန်းသာပြောကာ သူ့ဘက်သို့ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ပစ်ပေးနေသောကြောင့် ဖြစ်၏။

ထုပ်ပိုးထားသောပစ္စည်းကို ကြည့်လိုက်ရာ အလေးချိန်စီးနေသော်လည်း မည်သည့်အရာမှန်း သူ မသိသေးပေ။

သို့သော် အောက်ခြေမှ သွေးများစိမ့်ထွက်လာသည်ကို တွေ့လိုက်ရသောအခါ သူ၏ရင်ထဲတွင် ထိတ်လန့်သွားတော့သည်။

အလျင်အမြန်ဖွင့်ကြည့်လိုက်ရာ သနားစရာကောင်းလောက်အောင် ပြတ်တောက်နေသော လူခေါင်းတစ်လုံးက မျက်မှောက်တွင်ပေါ်လာလေ၏။

လျူယွီလိုင်မှာ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

"မိတ်ဆွေက... သူ့ကိုသတ်လိုက်တာလား..."

ထိုအခါမှသာ ချူချင်းက ထပ်မံစကားဆိုလိုက်သည်။

"အဲဒီဂိုဏ်းတွေက ယားနာလောက်ပဲရှိတာပါ၊ သူတို့လာရဲရင်တော့ သေလမ်းရှာတာပဲပေါ့... အခု မင်းဆီလာရတာက တခြားကြောင့်မဟုတ်ဘူး... ကွမ်ဝမ်က မင်းကိုသတ်ဖို့ နျဲ့ကျင့်ထိုင်ကိုပါ ငှားထားတယ်... နှစ်ရက်အတွင်း သူတို့ မင်းအသက်ကိုယူဖို့ ရောက်လာကြလိမ့်မယ်... ဒီနေ့ လျန်ရှန်ခံတပ်ခုနစ်ခုနဲ့ တိုက်ပွဲတုန်းကလိုပဲပေါ့..."

လျူယွီလိုင်ကြားသောအခါ ချက်ချင်းသဘောပေါက်သွားလေ၏။

"ဒီနေ့ ကျုပ်ကိုကယ်ခဲ့တာက မိတ်ဆွေပေါ့..."

"လက်တစ်ကမ်းကူညီရုံပါပဲ..."

ချူချင်းက လက်ယမ်းပြလိုက်သည်။

"ဒီလိုဆိုတော့ ကျေးဇူးရှင်က ကျုပ်ရှေ့မှာကိုး..."

လျူယွီလိုင်က အလျင်အမြန်လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

"အသက်ကယ်ကျေးဇူးကိုပြန်ဆပ်ဖို့ နည်းလမ်းမရှိပါဘူး... ကျေးဇူးပြုပြီး ကျုပ်ရဲ့ဂါရဝပြုမှုကို လက်ခံပါ..."

ပြောရင်းနှင့် ဒူးထောက်ချလိုက်လေသည်။

ချူချင်းက လက်လှမ်းတားလိုက်ရာ လျူယွီလိုင်က အစွမ်းကုန်ကြိုးစားသော်လည်း ဒူးထောက်၍မရနိုင်တော့ပေ။

ထို့နောက် ချူချင်းပြောလိုက်သည်ကိုသာ ကြားလိုက်ရ၏။

"ပြန်ဆပ်ဖို့ နည်းလမ်းမရှိဘူးလို့ ဘယ်သူပြောလဲ... မင်း ငါ့ကို ကိစ္စသုံးခုကူညီပေးဖို့ လိုတယ်…”

All Chapters