← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း (၂၅၅) - ရန်သူကို သတိပေးခြင်း (၁)

တည်းခိုခန်းအတွင်း၌။

လျူအိမ်တော်မှပြန်လာပြီးနောက် ချူချင်းသည် သူ၏ညဝတ်စုံကို လဲလှယ်လိုက်ပြီး လက်ဆေးလိုက်၏။

ထို့နောက် သူသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

သူသည် စိတ်ထဲမှ တွေးတောလိုက်ပြီးနောက် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်လေသည်။

[မဖွင့်ရသေးသော သိုင်းပညာရတနာသေတ္တာ တစ်ခုရှိပါသည်။ ဖွင့်လိုပါသလား။]

ဤအသိပေးချက်ကို ကြည့်လိုက်သောအခါ ချူချင်း၏စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

အဓိကအားဖြင့် ဤတာဝန်သည် အလွန်လျင်မြန်စွာ ပြီးစီးသွားသောကြောင့်ပင်။ သံမြင်းဓားပြခုနစ်ဦးတုန်းကပင် တာဝန်မပြီးမြောက်မီ နေရာအတော်များများသို့ သွားရောက်ခဲ့ရလေသည်။

သို့သော် ဤတစ်ကြိမ်တွင် ရှန်ဟုန်ယဲ့၏ဇာတ်လမ်းကို ကြားပြီးနောက် သူသည် ပစ်မှတ်ကို ချက်ချင်းရှာဖွေနိုင်ခဲ့ပြီး တာဝန်ကို တိုက်ရိုက်ပြီးစီးသွားခဲ့၏။

ချူချင်းက လေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

"ဖွင့်မယ်..."

[ဖွင့်လှစ်ခြင်း အောင်မြင်ပါသည်။ လက်သည်းသိုင်း - နဂါးလက်သည်းသိုင်းရရှိပါသည်။]

"နဂါးလက်သည်းသိုင်းလား... မဆိုးဘူးပဲ..."

ချူချင်းက ခေါင်းကိုစောင်းလိုက်ကာ အတော်လေးကောင်းသည်ဟု ခံစားလိုက်ရလေသည်။

ကွမ်ဝမ်ကိုယ်တိုင်က ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ဦးမဟုတ်ခဲ့ပေ။ သို့သော် အန္တိမသိုင်းကျမ်းခုနစ်ဆယ့်နှစ်ခုအနက်မှ တစ်ခုဖြစ်သည့် နဂါးလက်သည်းသိုင်းကို ရရှိခဲ့ခြင်းမှာ ကံကောင်းခြင်းပင် ဖြစ်သည်။

ထို့အပြင် ဤသိုင်းပညာသည် သာမန်သိုင်းကွက်များနှင့်မတူဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထိုသို့တွေးတောလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ဝိုက်၌ ထူးဆန်းသောခံစားချက်တစ်ခု ပေါ်ပေါက်လာပြီး လက်ဆယ်ချောင်းနှင့် လက်ဖဝါးများ၏ခံစားချက်က ပို၍ပြင်းထန်လာခဲ့၏။

တစ်ချိန်တည်းမှာပင် သိုင်းကွက်များနှင့် အတွင်းအားလှည့်ပတ်ပုံနည်းစနစ်အားလုံး သူ၏စိတ်ထဲသို့ ဝင်ရောက်လာလေသည်။

ချူချင်းက ၎င်းတို့ကိုလက်ခံရန် မျက်လုံးများကိုမှိတ်ထားလိုက်၏။ တစ်ခဏအကြာတွင် သူက မျက်လုံးများကိုဖွင့်လိုက်ပြီး ကုတင်ပေါ်မှခုန်ဆင်းကာ လက်တစ်ဖက်ကို မြှောက်လိုက်သည်။

သူ၏လက်ချောင်းငါးချောင်းသည် နဂါးလက်သည်းများကဲ့သို့ ကွေးကောက်သွားပြီး အခန်းထဲတွင် ထိုသိုင်းပညာကို စတင်ကျင့်ကြံလေတော့သည်။

အခန်းက သေးငယ်သော်လည်း ဤနဂါးလက်သည်းသိုင်းသည် အနီးကပ်တိုက်ခိုက်ရသော သိုင်းပညာဖြစ်ရာ နေရာကျဉ်းလေးထဲတွင်တောင် လွတ်လပ်စွာ လှုပ်ရှားတိုက်ခိုက်နိုင်ပေသည်။

သိုင်းပညာအစုံလိုက်တွင် သိုင်းကွက်သုံးဆယ့်ခြောက်ကွက်ပါဝင်ပြီး ပြောင်းလဲမှုများကိုမလိုအပ်ဘဲ ထက်မြက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုသာ လိုအပ်လေသည်။

နဂါးလက်သည်းသိုင်းအပြည့်အစုံကို လေ့ကျင့်ပြီးနောက် ချူချင်းကရပ်တန့်လိုက်ပြီး စိတ်ထဲတွင် အတော်လေးကျေနပ်သွားခဲ့၏။

"ဒီသိုင်းပညာက ရက်စက်ကြမ်းကြုတ်တယ်။ ကိုယ်ခန္ဓာကို ဆုပ်ကိုင်လိုက်တာနဲ့တင် သေရင်သေ၊ မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရနိုင်တယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ ထိပ်တန်းသိုင်းပညာပဲ..."

ထိုသို့သုံးသပ်လိုက်ပြီးနောက် သူသည် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်လေသည်။

ယခင်က လျူယွီလိုင်ကို ကိစ္စသုံးခုလုပ်ခိုင်းခဲ့သည်။

ပထမအချက်မှာ ကွမ်အိမ်တော်၏နောက်ခံကို လျူယွီလိုင်အားစုံစမ်းခိုင်းရန် ဖြစ်၏။

နျဲ့ကျင့်ထိုင်၏အဆက်အသွယ်သည် ကွမ်အိမ်တော်တွင် ပုန်းအောင်းနေလေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ကွမ်အိမ်တော်ကို သာမန်အိမ်တော်တစ်ခုအနေဖြင့် သဘောထား၍မရနိုင်ပေ။

ချူချင်းကိုယ်တိုင် စုံစမ်းနိုင်သော်လည်း လျူယွီလိုင်ကို ယုံကြည်စိတ်ချနိုင်ကြောင်း ယခုသူသိထားပြီဖြစ်ရာ အရာရာကို ကိုယ်တိုင်ကိုင်တွယ်ရန် မလိုတော့ချေ။

ဒုတိယအချက်မှာ လျူယွီလိုင်ကို ရှန်ဟုန်ယဲ့အား ထျယ်ရွှဲ့သို့ဝင်ရောက်ရန် ခေါ်ယူစေခြင်း ဖြစ်သည်။

ထိုအချိန်က ကျိုးယီကဲ့သို့ပင် ဤမိန်းကလေးသည်လည်း လောကကြီးအပေါ် မျှော်လင့်ချက်ပျောက်ဆုံးနေပြီ ဖြစ်၏။

ချူချင်းသာ သူမကိုဂရုမစိုက်ပါက အသက်ရှင်ချင်စိတ်ပျောက်ဆုံးနေသော ဤကဲ့သို့သောမိန်းကလေးမှာ အနာဂတ်အတွက် မျှော်လင့်ချက်ရှိတော့မည် မဟုတ်ပေ။

သို့သော် ချူချင်းတွင် ဤအချိန်၌ ကလေးထိန်းရန် အချိန်မရှိချေ။ ထို့ကြောင့် သူမကို ထျယ်ရွှဲ့ခန်းမ‌ဆောင်တွင် ဦးစွာထားရစ်ခဲ့ပြီး နောက်ပိုင်းမှ သိုင်းပညာအချို့သင်ပေးရန် စဉ်းစားထားသည်။

နောင်တွင် သူမ၏သိုင်းပညာသည် အောင်မြင်လာပါက သူ့အတွက်ပင် အထောက်အကူဖြစ်လာနိုင်ပေသည်။

အကယ်၍ မအောင်မြင်ခဲ့လျှင်ပင်... ၎င်းသည် သူမအတွက်အခြေချကာ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် နေရာတစ်ခု ဖြစ်လာပေမည်။

နောက်ဆုံးကိစ္စမှာမူ အမိန့်ပေးခြင်းထက် အရောင်းအဝယ်တစ်ခုဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။

နျဲ့ကျင့်ထိုင်မှလူများသည် သူတို့ကိုလုပ်ကြံရန် လာလိမ့်မည်ဟု ချူချင်းနှင့်လျူယွီလိုင်တို့ သဘောတူခဲ့ကြသည်။ ချူချင်းက ဤလူသတ်သမားများကိုသတ်ဖြတ်ရန် ကူညီပေးပါက ချူချင်းအား ငွေတစ်ထောင်ဆုကြေးပေးမည် ဖြစ်သည်။

လျူယွီလိုင်ကလည်း သဘောတူခဲ့၏။

ချူချင်းကို စိတ်ရှုပ်ထွေးစေသည်မှာ ဤတစ်ကြိမ် တာဝန်ကိုအစပျိုးပေးသည့် အသိပေးချက်က အလွန်ထူးဆန်းနေခြင်းပင် ဖြစ်သည်။

တစ်ဝက်သာ ပေါ်လာလေသည်။

[အစပျိုးပေးသော တာဝန် - ။]

[လက်ခံလိုပါသလား။]

ချူချင်းအနေဖြင့် ဘာကိုလက်ခံရမည်နည်း... ဘာဖြစ်နေမှန်းပင်မသိရဘဲ မည်သို့လက်ခံရမည်နည်း။

စနစ်က ဘာဖြစ်နေသည်ကို သူမသိသော်လည်း သူလုပ်သင့်သည်များကိုတော့ ဆက်လက်လုပ်ဆောင်ရမည်ပင်။

ချူချင်းက လျူယွီလိုင်ကို သူ့အတွက် ခြံဝင်းတစ်ခုပြင်ဆင်ပေးရန် တောင်းဆိုခဲ့ပြီး မနက်ဖြန်တွင် သူ့လက်အောက်ခံအဖြစ်ဟန်ဆောင်ကာ သူ့ထံလာရောက်ပူးပေါင်းမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် နျဲ့ကျင့်ထိုင်ကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ပေမည်။

လျူယွီလိုင်စုဆောင်းထားသော သိုင်းလောကသားများနှင့် ပတ်သက်၍လည်း ချူချင်းက မေးမြန်းခဲ့သေးသည်။

လျူယွီလိုင်၏စိတ်ကူးက အတော်လေးရိုးရှင်းလေသည်။

သိုင်းလောကသားများကို မိမိဘေးတွင် စုဆောင်းခြင်းက အန္တရာယ်ရှိသည်ကို သူလည်းသိထား၏။

သို့သော် လက်ရှိအခြေအနေမှာ အထူးအခြေအနေ ဖြစ်နေသည်။ ထျယ်ရွှဲ့ခန်းမဆောင်သည် မုန်တိုင်းနှင့်ရင်ဆိုင်ရတော့မည် ဖြစ်ပြီး သူ့ဘက်တွင်မူ လူအင်အားရှားပါးနေသည်။

ဤသို့လုပ်ဆောင်ခြင်းမှာ မတတ်သာ၍သာ ဖြစ်လေသည်။

သူသည် သဘာဝအားဖြင့် ဤလူများကို သတိထားစောင့်ကြည့်နေခဲ့သည်။ သူတို့တွင် လျှို့ဝှက်ရည်ရွယ်ချက် တစ်စုံတစ်ရာရှိနေပါက သူတို့၏ခွန်အားကို ယာယီအသုံးပြုပြီး တင်ရှင်းမြို့ဘေးကင်းသွားသည်အထိ စောင့်ကာ နောက်ထပ်အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်သည်။

အကယ်၍ သူတို့သည် အမှန်တကယ် စိတ်ရင်းမှန်ဖြင့်ဝင်ရောက်လာပါက နောက်ပိုင်းတွင် ဆုချီးမြှင့်ခံရပြီး အသိအမှတ်ပြုခံရမည် ဖြစ်သည်။

ချူချင်းက တစ်ခဏစဉ်းစားလိုက်ပြီးနောက် လျူယွီလိုင်၏အကျပ်အတည်းကို နားလည်သွားခဲ့၏။

လုကျီဝေ့၏ လက်အောက်ခံသုံးယောက်ထဲတွင် သစ္စာဖောက်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

ကျန်ချွန်းဟွာရော လျူယွီလိုင်ကိုလက်ခံမည်၊ လက်မခံမည်မှာ မသေချာသေးပေ။ လူသုံးယောက်အတူတကွ အလုပ်လုပ်နေပုံပေါက်သော်လည်း တကယ်တမ်းတွင် လျူယွီလိုင်တစ်ယောက်တည်း ရုန်းကန်နေရခြင်း ဖြစ်သည်။ အကျိုးကျေးဇူးကြီးမားသော်လည်း ဖိအားက ပို၍ပင်ကြီးမားနေသည်။

ထိုသို့သောအခြေအနေမျိုးတွင် ထူးခြားသောလုပ်ဆောင်မှုများကို မလွှဲမရှောင်သာ အသုံးပြုရမည်ပင်။

ထို့ကြောင့် ချူချင်းသည် နောက်ဆုံးတွင် သတိပေးစကားအနည်းငယ်သာ ပြောခဲ့ပြီး နောက်ထပ်မပြောတော့ချေ။

ထို့နောက် မီးတောက်ခန်းမဆောင်သည် အဘယ်ကြောင့် ရုတ်တရက် ရူးသွပ်သွားရသနည်းဟု သူကမေးခဲ့သည်။

သို့သော် ဤအချက်နှင့်ပတ်သက်၍ လျူယွီလိုင်ကိုယ်တိုင်လည်း အလွန်စိတ်ရှုပ်ထွေးနေလေသည်။

မီးတောက်ခန်းမဆောင်နှင့် ထျယ်ရွှဲ့ခန်းမဆောင်သည် အမြဲငြိမ်းချမ်းစွာရှိခဲ့ကြောင်း သူကဆိုသည်။ ပဋိပက္ခအချို့ရှိလျှင်ပင် အရှိန်ပြင်းထန်လာမည် မဟုတ်ပေ။

အထူးသဖြင့် ထျယ်ရွှဲ့ခန်းမ‌ဆောင်သည် ကြီးမားသောအင်အားစုတစ်ခု ဖြစ်သောကြောင့်ပင်။ တကယ့်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့လျှင် မီးတောက်ခန်းမဆောင်သည် ခန်းမသုံးဆောင်ထဲမှ တစ်ခုဖြစ်သော်လည်း အကျိုးကျေးဇူးများစွာရမည်မဟုတ်ပေ။

ထိုအစား ထျယ်ရွှဲ့က အခြေအနေကိုအခွင့်ကောင်းယူကာ သူတို့ကို သိမ်းပိုက်သွားနိုင်လေသည်။

ဤပဋိပက္ခသည် အမှန်ပင် အကြောင်းပြချက်မရှိချေ။

ဝမ်ယဲ့တောင်ကြားက ထျန်းဝူမြို့ကို ရုတ်တရက်ရင်ဆိုင်ခဲ့ချိန်တုန်းကလည်း ထျန်းဝူမြို့အတွက် ဤသို့ပင် မမျှော်လင့်ဘဲဖြစ်ခဲ့ရကြောင်း ချူချင်းကပြန်တွေးမိလိုက်၏။

နောက်ကွယ်တွင် မမြင်ရသောအကြောင်းအရင်းတစ်ခုခု ရှိနေသလိုခံစားရသည်။

သို့သော် ၎င်းသည် ဝမ်ယဲ့တောင်ကြားက ထျန်းဝူမြို့ကိုတိုက်ခိုက်ခဲ့သည့် အခြေအနေနှင့်တော့ လုံးဝမတူညီပေ။

အမှန်အတိုင်းဆိုရလျှင် မီးတောက်ခန်းမဆောင်တွင် အမွေအနှစ်အဖြစ် ဆင်းသက်လာသော လျှို့ဝှက်သိုင်းကျမ်းများ ပျောက်ဆုံးသွားခြင်း မရှိခဲ့ပေ။

ချူချင်းက စူးစမ်းလိုစိတ်ကြောင့် မေးခွန်းနှစ်ခုကို အမှတ်တမဲ့မေးခဲ့သော်လည်း အဖြေမရခဲ့သောကြောင့် ဆက်မမေးတော့ချေ။

ယခု သူ၏စိတ်ထဲတွင် ငိုက်မျဉ်းလာပြီဖြစ်ရာ မျက်လုံးမှိတ်လိုက်သည်နှင့် အရုဏ်တက်သည်အထိ အိပ်ပျော်သွားတော့သည်။

နောက်နေ့နံနက်စောစော နံနက်စာစားပြီးနောက် ချူချင်းသည် ဝမ်ရိုကိုခေါ်ကာ လျူအိမ်တော်သို့သွားခဲ့၏။

ကြိုတင်အသိပေးထားပြီးဖြစ်ရာ ချူချင်းက 'ဟန်ဆန်း၊ ဟန်စီ'ဟူသော အမည်ကိုပြောလိုက်ပြီးနောက် လျူအိမ်တော်ကို စောင့်ကြပ်နေသော တပည့်များက သူတို့ကို အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားကြသည်။

လျူယွီလိုင်ကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ပြီး ချူချင်းနှင့်ဝမ်ရို၏ပုံစံကို မြင်သောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

မနေ့ညက ချူချင်းမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မျက်နှာဖုံးအုပ်ထားသော်လည်း မည်သို့ပင်ကြည့်ပါစေ သူ၏ပုံစံမှာ ယခုကဲ့သို့ 'ကြံ့ခိုင်တောင့်တင်းသည့်'အသွင်အပြင်မျိုး မရှိခဲ့ပေ။

သို့သော် ကြိုတင်ပြောထားပြီးဖြစ်သောကြောင့် သူက နောက်ထပ်မမေးတော့ဘဲ ချူချင်းနှင့်ဝမ်ရိုကို ပြင်ဆင်ထားသောအခန်းသို့ ကိုယ်တိုင်ခေါ်ဆောင်သွားလေသည်။

"ရှန်ဟုန်ယဲ့ဆိုတဲ့မိန်းကလေးကို ကျုပ်ရှာတွေ့ခဲ့ပြီ။ သူမရဲ့ဒဏ်ရာတွေကို ကုသဖို့အတွက် အိမ်တော်ထဲကို ခေါ်လာခဲ့ပါတယ်..."

လမ်းလျှောက်သွားရင်း လျူယွီလိုင်က ချူချင်းကို တိုးတိုးလေးပြောလိုက်သည်။

"ကွမ်ဝမ်က မတရားတာလုပ်ခဲ့တာ။ ဒီကိစ္စကို သူသေသွားရုံနဲ့ ဖြေရှင်းလို့မရနိုင်ဘူး..."

"ထျယ်ရွှဲ့နယ်မြေထဲမှာ သာမန်ပြည်သူတွေကို ဘယ်သူမှအနိုင်ကျင့်မှာ မဟုတ်ဘူး... ဟုန်ရှုးရွာကို 'ဓားပြတွေတိုက်ခိုက်တာ'လို့ ကျုံခန်းမက သတ်မှတ်လိုက်တာ သူ့ဟာသူ ပြဿနာရှာနေပုံရတယ်..."

"အခု ဒီလူက လော့ယဲ့မြို့မှာမရှိတော့ဘဲ ခန်းမသခင်ကြီးက အရေးတကြီးဆင့်ခေါ်လိုက်တဲ့အတွက် ဒီကိစ္စကို ခန်းမသခင်ကြီးဆီ လွှဲပြောင်းပေးဖို့ စာတစ်စောင်ရေးပြီးသွားပါပြီ..."

"အချိန်ကျလာရင်တော့ ဖြေရှင်းချက်တစ်ခု သေချာပေါက်ရလာပါလိမ့်မယ်..."

ချူချင်းက ခေါင်းညိတ်လိုက်၏။

"အခု ရှန်ဟုန်ယဲ့အခြေအနေ ဘယ်လိုရှိလဲ..."

လျူယွီလိုင်က အနည်းငယ်အနေခက်သွားပုံရသည်။

"ဒီမနက်စောစောက သူမ တည်းခိုနေတဲ့ တည်းခိုခန်းဆီကို လူလွှတ်လိုက်ပါတယ်..."

"ဒါပေမဲ့ သူမက ကျုပ်တို့ကိုမြင်တာနဲ့ ထွက်ပြေးဖို့ကြိုးစားခဲ့တယ်... နောက်ဆုံးတော့ သူမကိုခေါ်လာနိုင်ခဲ့ပေမဲ့ သူမက ကျုပ်တို့ကိုမယုံဘူးဖြစ်နေတယ်..."

"ဒီကိစ္စက ညီအစ်ကိုဟန်ကပဲ... ဝင်ရှင်းပြပေးဖို့ လိုအပ်ပါလိမ့်မယ်..."

ချူချင်းက ပြုံးလိုက်၏။

"နောက်မှ ကွမ်ဝမ်ရဲ့ခေါင်းကိုယူလာခဲ့။ ငါကိုယ်တိုင် သွားတွေ့လိုက်မယ်..."

နျဲ့ကျင့်ထိုင်မှလူများ ရောက်မလာမီ အချိန်အနည်းငယ်ကျန်သေးလေသည်။

ထိုအချိန်မတိုင်မီ ဤပြန့်ကျဲနေသောကိစ္စရပ်များကို အရင်ဖြေရှင်းထားရန် သူဆုံးဖြတ်လိုက်သည်။

All Chapters