အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း (၂၅၇) - စာရင်းထဲတွင် နာမည်မရှိ (၁)
[တာဝန်စတင်ခြင်း - စာရင်းထဲတွင် နာမည်မရှိ။ (မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှ လာသူများကို သုတ်သင်ရန်။)]
[တာဝန်ကို လက်ခံမည်လား။]
မိုးလင်းလုနီးပါးအချိန်တွင် ချူချင်းသည် အခန်းထဲသို့ပြန်ရောက်ကာ တရားထိုင်ရန်ပြင်လိုက်ချိန်တွင် အသိပေးချက်က ရုတ်တရက် ပေါ်ထွက်လာ၏။
ချူချင်းမှာ လန့်ဖျပ်သွားပြီး ရုတ်တရက် တာဝန်တစ်ခုကို မည်သို့စတင်လိုက်မိကြောင်း စဉ်းစားကာ နားမလည်နိုင်ဖြစ်သွားသည်။
သေချာကြည့်လိုက်သောအခါမှသာ ယခင်က မေးခွန်းသင်္ကေတများသာပြနေသော တာဝန်မှာ ပျောက်ကွယ်သွားကြောင်း သူသတိပြုမိလိုက်လေ၏။
"ဒါက လိုအပ်ချက်တွေ ပြည့်စုံသွားလို့လား..."
ချူချင်း၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။ ဖြစ်နိုင်ခြေရှိသည်မှာ သူ၏စနစ်က တွက်ချက်မှုစွမ်းရည် မလုံလောက်သောကြောင့် ယခုတစ်ကြိမ် လျူယွီလိုင်ကိုလုပ်ကြံရန် မည်သူလာမည်ကို မခန့်မှန်းနိုင်ခြင်း ဖြစ်နိုင်၏။
ထို့ကြောင့် ထိုအချိန်က တာဝန်စတင်ရန် အခြေအနေကိုက်ညီခဲ့သော်လည်း ခေါင်းစဉ်မပေးနိုင်သည့်အတွက် မေးခွန်းသင်္ကေတများကိုသာပြသခဲ့ခြင်း ဖြစ်ပေမည်။
ယခုမူကား စနစ်ကတွက်ချက်နိုင်သွားခြင်း သို့မဟုတ် သတင်းအချက်အလက် ရရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်သာ တိကျသော တာဝန်အချက်အလက်များကို ဖော်ပြပေးလာခြင်း ဖြစ်လေသည်။
"တကယ်ပဲ အတုအယောင်စနစ် ဖြစ်နေတာကိုး..."
"ဒီ 'စာရင်းထဲတွင် နာမည်မရှိ'ဆိုတာကရော ဘယ်လိုအကွက်တွေလာဦးမလဲ မသိဘူး..."
ချူချင်းက တာဝန်ကိုလက်ခံလိုက်၏။
[တာဝန် - စာရင်းထဲတွင် နာမည်မရှိ။ (မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှ လာသူများကို သုတ်သင်ရန်။)]
[လက်ရှိအဆင့် - ၁။]
[လက်ရှိတိုးတက်မှု - ၀။]
[တာဝန်ဆုလာဘ် - ရွေးချယ်နိုင်သော သိုင်းပညာရတနာသေတ္တာများထဲမှ တစ်ခုကိုရွေးချယ်ရန်။]
[အဆင့်လိုက်ဆုလာဘ် - ကျပန်းရတနာသေတ္တာတစ်ခု။]
[အဆင့်အားလုံးပြီးမြောက်မှုဆုလာဘ် - ရွေးချယ်နိုင်သော သိုင်းပညာရတနာသေတ္တာတစ်ခု။]
[လက်ရှိရွေးချယ်နိုင်သော ရတနာသေတ္တာ - မရှိ။]
"ရှီး... တကယ်ကြီး လှည့်ကွက်တွေနဲ့ပါလား..."
ချူချင်းမှာ လေပူတစ်ချက်မှုတ်ထုတ်လိုက်မိလေသည်။ ဤသည်မှာ သူရရှိခဲ့သမျှတာဝန်များထဲတွင် အရှုပ်ထွေးဆုံးဖြစ်ပေလိမ့်မည်။
'ဒီပုံစံအတိုင်းဆိုရင် ဒါက ဆက်တိုက်လုပ်ရမဲ့တာဝန်တစ်ခုပဲ...'
'မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းက လူသတ်သမားခုနစ်ဆယ့်နှစ်ယောက်ဆိုတာက စာရင်းထဲတွင် နာမည်မရှိဆိုတဲ့ တာဝန်တစ်ခုလုံး ဖြစ်ရမယ်...'
'အဆင့်လိုက်ဆုလာဘ်အနေနဲ့ သဲလွန်စရတနာသေတ္တာကိုရနိုင်ပြီး ဒုတိယအဆင့်တာဝန်ကို ဖွင့်နိုင်မယ်... အားလုံးပြီးသွားရင်တော့ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတဲ့ သိုင်းပညာရတနာသေတ္တာတစ်ခု ရနိုင်တယ်ပေါ့လေ...'
'ဆိုလိုတာက ကျုပ်ကိုယ်တိုင် ရွေးချယ်လို့ရတာလား... ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းလာပြီ...'
သူက ထိုတာဝန်ကို အကြိမ်ကြိမ်ပြန်လည်လေ့လာကြည့်ပြီးနောက် ရုတ်တရက် မျှော်လင့်ချက်များဖြစ်ပေါ်လာတော့သည်။
သို့သော် မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းရှိ ခုနစ်ဆယ့်နှစ်ယောက်လုံးကို သတ်ဖြတ်ရန်မှာမူ ထင်သလောက် လွယ်ကူမည်မဟုတ်ပေ။
သို့တိုင်အောင် ချူချင်းနှင့်နျဲ့ကျင့်ထိုင်တို့အကြားတွင် မူလကတည်းက သေခန်းပြတ်ရန်ငြိုးရှိထားပြီး ဖြစ်၏။
အခွင့်ကြုံခိုက် ဤမကောင်းဆိုးဝါးများကိုပါ တစ်ပါတည်းသတ်ဖြတ်ရမည်ဖြစ်ရာ မည်သို့လျှင် ဝမ်းမသာဘဲနေမည်နည်း။
'ဒါပေမဲ့ ဟွာမေရန်ဘက်ကိုကျတော့ ဘယ်လိုလုပ်ရမလဲ...'
ချူချင်း၏စိတ်ထဲတွင် ချောင်ချိုးဖူနှင့်ချစ်ရည်လူးနေသော လင်ဖေးဆိုသည့်မိန်းကလေးကို ရုတ်တရက် သတိရသွားပြီး သူမကိုပါ တိတ်တဆိတ်သတ်ဖြတ်ပစ်ရမည်လားဟု စဉ်းစားခန်းဝင်နေမိသည်။
တစ်ခဏမျှတွေးတောပြီးနောက်တွင်မူ ဤကိစ္စကို နောက်မှစဉ်းစားရန် ချူချင်းဆုံးဖြတ်လိုက်လေ၏။
မည်သို့ပင်ဖြစ်စေ ဤတာဝန်ကိုပြီးမြောက်ရန်မှာ နေ့ချင်းညချင်း လုပ်ဆောင်၍ရနိုင်မည့် ကိစ္စမဟုတ်သည့်အပြင် နောက်ပိုင်းတွင် မည်သို့သောအပြောင်းအလဲများ ဖြစ်လာမည်ကိုလည်း မပြောနိုင်သေးပေ။
ဤအချိန်တွင် ဟွာမေရန်၏ကိစ္စကို စဉ်းစားနေရန်မှာ စောလွန်းနေသေးသည်။
ထိုသို့တွေးမိပြီးနောက် သူက အတွေးများကို ခေတ္တဘေးဖယ်ထားလိုက်ကာ ကုတင်ပေါ်သို့တက်၍ တင်ပျဉ်ခွေထိုင်ကာ မျက်စိကိုမှိတ်လိုက်တော့၏။
နောက်တစ်နေ့နံနက်ခင်းတွင် နံနက်စာစားပြီးနောက် လျူယွီလိုင်မှာ အပြင်ထွက်ရန် အစီအစဉ်မရှိသဖြင့် ချူချင်းလည်း အခန်းထဲသို့ပြန်ကာ ဆက်လက်တရားထိုင်နေလေသည်။
နေမွန်းတည့်ချိန်အထိ အစားအသောက်များလာမပို့သေးဘဲ လျူယွီလိုင်ကသာ အရင်ရောက်လာခဲ့သည်။
"ခင်များက ဘာလို့ကိုယ်တိုင်လာတာလဲ..."
ချူချင်းက အခန်းတံခါးကိုဖွင့်ပေးလိုက်သော်လည်း လျူယွီလိုင်မှာ အထဲသို့ဝင်မလာဘဲ လေးနက်သောအသံဖြင့် ပြောလိုက်၏။
"ညီအစ်ကိုဟန်ပြောတဲ့ ဂိုဏ်းလေးဂိုဏ်းကလူတွေ ရောက်လာကြပြီ..."
"သူတို့က မနေ့ကကွဲသွားတဲ့ လျန်ရှန်ခံတပ်ခုနစ်ခုက ဓားပြတွေနဲ့ သူတို့လူတွေကိုပါ ပေါင်းလိုက်တဲ့ပုံပဲ... အခုဆိုရင် လူအင်အားနှစ်ထောင့်ငါးရာ၊ သုံးထောင်လောက် စုစည်းမိကြပြီး မြို့ပြင်မှာ စိန်ခေါ်ဆဲဆိုနေကြပြီ..."
"ရောက်လာတာ တော်တော်မြန်သားပဲ..."
ချူချင်းက ခေါင်းညိတ်လိုက်လေသည်။
"သွားကြရအောင်..."
ထို့နောက် ဝမ်ရိုကိုပါခေါ်လိုက်ပြီးနောက် လျူယွီလိုင်နှင့်အတူ လူစုရန်လိုက်သွားတော့၏။
ထိုလူများအထဲတွင် ကျန်ချွန်းဟွာသာမက လျူယွီလိုင်ခေါ်ယူထားသော ကျန်းဟူသိုင်းသမားအချို့လည်း ပါဝင်လေသည်။
ချူချင်းက ထိုသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဆေးတံသောက်ရသည်ကိုနှစ်သက်သော အဘိုးအိုတစ်ဦး၊ ဖျော့တော့နေသောဝတ်ရုံနက်နှင့် အမျိုးသမီးတစ်ဦး၊ ထို့ပြင် ကြေးတုတ်တံကိုကိုင်ဆောင်ထားသော ဘုန်းကြီးတစ်ပါးတို့ဖြစ်သည်။
ကျန်ချွန်းဟွာမှာမူ အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိလေသည်။ သူမ၏ခန္ဓာကိုယ်ကို ကောင်းစွာထိန်းသိမ်းထားသည့်အပြင် အတွင်းအားလည်းရှိနေသောကြောင့် ရုပ်ဆင်းသဏ္ဌာန်မှာ အလွန်အိုမင်းနေခြင်းမျိုးမရှိပေ။
သို့သော် သူမ၏မျက်လုံးထောင့်များတွင်မူ နက်ရှိုင်းသော အရစ်များရှိနေပြီး မျက်ဝန်းများထဲတွင်လည်း လောကဓံကို အလူးအလဲခံထားရသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။
လျူယွီလိုင်ကိုမြင်သည်နှင့် သူမက လက်အုပ်ချီလိုက်လေသည်။
"ဘယ်လိုသတ်ရမလဲ..."
"သတ်သင့်သလိုပဲ သတ်ရမှာပေါ့..."
ကျန်ချွန်းဟွာ၏မေးခွန်းနှင့် လျူယွီလိုင်၏အဖြေတို့မှာ လှည့်ပတ်နေခြင်းမရှိဘဲ တိုက်ရိုက်ပင်ဖြစ်သည်။
လျူယွီလိုင်ခေါ်ယူထားသော လူသုံးယောက်၏အကြည့်များကမူ ချူချင်းအပေါ်သို့ မသိမသာရောက်ရှိလာခဲ့၏။
လျူယွီလိုင်သည် အလွန်ယုံကြည်ရသော ထိပ်တန်းသိုင်းသမားနှစ်ဦးကို ထပ်မံခေါ်ယူထားကြောင်း ထိုသုံးယောက်လုံး ကြားသိထားပြီးဖြစ်သည်။
ဆိုရလျှင် သူတို့အားလုံးမှာ အတူတူပင်ဖြစ်ရာ ထိုသူနှစ်ဦးက သူတို့နှင့်မည်သို့ကွာခြားပြီး လျူယွီလိုင်က အဘယ်ကြောင့် ဤမျှယုံကြည်နေရသနည်းဆိုသည်ကို သိလိုစိတ်ဖြင့် အကဲခတ်ကြည့်မိခြင်းမှာ သဘာဝပင်ဖြစ်လေသည်။
လူအင်အားစုစည်းပြီးသွားချိန်တွင် ထျယ်ရွှဲ့တပည့်များကိုမူ အခြားနေရာများသို့ ကြိုတင်စီစဉ်နေရာချထားပြီး ဖြစ်သည်။
ထို့နောက် လူတစ်စုမှာ တင်ရှင်းမြို့ရိုးဆီသို့ ဦးတည်သွားကြတော့၏။
အပြင်ဘက်တွင် ကျန်းဟူသိုင်းသမားများ ရောက်ရှိနေပြီး တင်ရှင်းမြို့ကိုတိုက်ခိုက်လိုသည်ဆိုသော သတင်းမှာ မြို့ထဲတွင်ပျံ့နှံ့နေပြီ ဖြစ်သည်။
သာမန်ပြည်သူများကို ထျယ်ရွှဲ့တပည့်များက အိမ်ထဲသို့ပြန်ဝင်ရန် တိုက်တွန်းထားသောကြောင့် ယခုအခါ လမ်းမများထက်တွင် လူသူကင်းမဲ့နေပြီး ဟိုတစ်စဒီတစ်စရှုပ်ပွနေသည်ကိုသာ မြင်တွေ့ရလေသည်။
သူတို့တစ်စု လမ်းမကြီးပေါ်သို့ရောက်သည်နှင့် တစ်ပြိုင်နက်လိုလိုပင် ခြေလှမ်းများရပ်တန့်သွားကြသည်။
"သတိထား..."
ကျန်ချွန်းဟွာက အသံထွက်၍ သတိပေးလိုက်၏။
ကျန်လူများကလည်း ထိုအရာကို ခံစားလိုက်ရပေသည်။ ၎င်းမှာ လူ၏စိတ်ဝိညာဉ်ကို သိမ်းကျုံးယူငင်နိုင်လောက်အောင် အေးစက်ကြမ်းကြုတ်သည့် အသံတိတ်သတ်ဖြတ်လိုစိတ်များပင် ဖြစ်သည်။
ထိုစဉ် ပေါ့ပါးသော ခြေသံတစ်သံထွက်ပေါ်လာလေသည်။
လူအများက ခေါင်းမော့ကြည့်လိုက်ရာ ဓားသမားတစ်ဦးရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။ သူ၏ဟန်ပန်မှာ မောက်မာထောင်လွှားပုံပေါက်ပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ မျက်နှာတွင်လည်း မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။
သူ၏လက်ထဲတွင် ဓားကိုကိုင်ဆောင်ထားပြီး သတ်ဖြတ်လိုစိတ်များက လမ်းမတစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။
"ဘယ်သူကများ ငါတို့လမ်းကို လာပိတ်ရဲတာလဲ..."
ကျန်ချွန်းဟွာက မျက်မှောင်ကြုတ်လိုက်ပြီး အလွန်အမင်းဒေါသထွက်သွား၏။
ထိုဓားသမားက လက်နှစ်ဖက်ကိုယှက်ကာ အနည်းငယ်အရိုအသေပေးလိုက်လေသည်။
"ထျယ်ရွှဲ့ကလူတွေကို နှုတ်ခွန်းဆက်ပါတယ်..."
"ကျုပ် ဒီကိုလာတဲ့ရည်ရွယ်ချက်နှစ်ခုရှိတယ်... ပထမတစ်ခုက လျူယွီလိုင်အတွက်... ဒုတိယတစ်ခုကတော့..."
"ဒုတိယတစ်ခုက ဘာဖြစ်လဲ..."
ကျန်ချွန်းဟွာက အလျင်စလိုမေးလိုက်သည်။
"မင်းတို့မသိတာ ပိုကောင်းပါလိမ့်မယ်..."
ထိုဓားသမားက တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
"မဆိုင်တဲ့လူတွေ ထွက်သွားလို့ရပြီ... လျူယွီလိုင်ကိုတော့ ချန်ထားခဲ့..."
ကျန်ချွန်းဟွာမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်လေသည်။
"မင်းပုံစံကိုကြည့်ရတာ နျဲ့ကျင့်ထိုင်ကလူဖြစ်မယ်ထင်တယ်..."
"ဒါပေမဲ့ နျဲ့ကျင့်ထိုင်ကဆိုရင်တောင် ငါတို့ထျယ်ရွှဲ့မှာ လာရိုင်းစိုင်းရဲတာက သေလမ်းရှာနေတာပဲ..."
ချူချင်းက အကြည့်တစ်ချက်ဝေ့ကြည့်လိုက်ရာ ဤလမ်းမပေါ်တွင် ထိုဓားသမားတစ်ယောက်တည်း မဟုတ်ကြောင်း အစောပိုင်းကတည်းက သတိပြုမိပြီး ဖြစ်သည်။
မှောင်ရိပ်ထဲတွင် လူဆယ့်နှစ်ယောက် ကျန်ရှိနေသေး၏။
သို့သော် ထိုလူများ၏အသက်ရှူသံ ဖုံးကွယ်သည့်နည်းလမ်းမှာ သာမန်မဟုတ်ပေ။ ကျန်ချွန်းဟွာနှင့်လျူယွီလိုင်တို့၏ စွမ်းရည်များဖြင့် ထိုသူများကိုရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူလှပေ။
ထိုစကားကိုကြားသောအခါ ဓားသမားက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ..."
စကားဆုံးသည်နှင့် သူက ရှေ့သို့ခြေလှမ်းလိုက်ရာ သတ်ဖြတ်လိုစိတ်နှင့်ဓားဆန္ဒတို့က သူ၏ပတ်လည်တွင် ရစ်ဝဲသွားတော့၏။
သူကလမ်းလျှောက်နေရင်း ဖြည်းညင်းစွာ စကားဆိုလေသည်။
"လေပြည်လာချိန် ပန်းများပွင့်လန်းကာ ဓားကျလာချိန် ခွဲခွာခြင်းကို အခံစားရဆုံးပါပဲ..."
ထိုသူ၏အသံမှာ အထီးကျန်ဆန်နေပြီး သတ်ဖြတ်လိုစိတ်များကို ဝမ်းနည်းကြေကွဲဖွယ်ဟန်ပန်အောက်တွင် ဖုံးကွယ်ထားလေသည်။
သူရှေ့သို့လှမ်းလာတိုင်း ဓားချီများက အတူလိုက်ပါလာပြီး ထက်မြက်လှသော အရှိန်အဝါများက လူကိုဖိအားပေးလာ၏။
"မင်းတို့အားလုံး ကျုပ်ကိုလက်ပါအောင် ဖိအားပေးနေတာလား..."
ချူချင်း၏အနီးနားရှိ ခါးတွင်ဆေးတံချိတ်ထားသော အဘိုးအို၏နဖူးပေါ်တွင် ရုတ်တရက် ချွေးများစီးကျလာလေသည်။
"မင်းက ခွဲခွာခြင်းဓားပဲ..."
"နျဲ့ကျင့်ထိုင်ရဲ့မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှာရှိတဲ့ ထိပ်တန်းသိုင်းသမားခုနစ်ဆယ့်နှစ်ယောက်ထဲက တစ်ယောက်လား..."
ကျန်ချွန်းဟွာ၏မျက်နှာလည်း မှုန်ကုပ်သွားပြီး လျူယွီလိုင်ကိုမကြည့်ဘဲ မနေနိုင်တော့ချေ…
"ရှင်က ဘယ်သူ့ရဲ့ပစ်မှတ်ထားတာကို ခံလိုက်ရတာလဲ..."
"ကွမ်ဝမ်ရဲ့ပစ်မှတ်ထားတာကို ခံရတာ..."
လျူယွီလိုင်၏မျက်နှာမှာလည်း လေးနက်တည်ကြည်နေလေသည်။