← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း (၂၅၈) - စာရင်းထဲတွင် နာမည်မရှိ (၂)

မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှ လူသတ်သမားခုနစ်ဆယ့်နှစ်ဦးလုံးမှာ ကျန်းဟူလောကတွင်ကျင်လည်နေသော ထိပ်တန်းသိုင်းသမားများချည်းသာ ဖြစ်သည်။

အကယ်၍ သူတို့သာ လူသတ်သမားမလုပ်ခဲ့လျှင် နယ်ပယ်တစ်ခုတွင် ဩဇာကြီးမားသောခေါင်းဆောင်များ ဖြစ်လာနိုင်ပေသည်။

ချူချင်းက သူ့ကို နျဲ့ကျင့်ထိုင်မှလူများ ပစ်မှတ်ထားနေကြောင်း လျူယွီလိုင်အားပြောပြခဲ့သော်လည်း မိမိကိုပစ်မှတ်ထားနေသူမှာ မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းရှိ နာမည်ကျော်ထိပ်တန်းသိုင်းသမားဖြစ်ကြောင်းကိုမူ မပြောခဲ့ချေ။

ခွဲခွာခြင်းဓားပင် ဖြစ်သည်။

လျူယွီလိုင်က ထိုလူအကြောင်း ကြားဖူးထားလေသည်။

နျဲ့ကျင့်ထိုင်ထဲတွင်ပင်လျှင် သူသည် လူသတ်သမားများထဲ၌ ထူးခြားသူတစ်ဦးဖြစ်၏။

သူလူသတ်ရာတွင် မှောင်ရိပ်ထဲ၌ပုန်းကွယ်ကာ ချောင်းမြောင်းတိုက်ခိုက်လေ့မရှိဘဲ ပစ်မှတ်၏အရှေ့တွင် အမြဲရဲရဲဝင့်ဝင့်ရပ်တည်လေ့ရှိသည်။

ဓားတစ်ချက်ထုတ်လိုက်သည်နှင့် အသက်ကိုနှုတ်ယူနိုင်စွမ်းရှိပေသည်။

တစ်ချိန်က လူသောင်းချီရှေ့တွင် တစ်ဖက်ရန်သူ၏ခေါင်းဆောင်ကို သတ်ဖြတ်ပြီးနောက် လှည့်ထွက်သွားခဲ့ရာ မည်သူတစ်ဦးတစ်ယောက်ကမျှ ဝင်ရောက်မတားဆီးရဲခဲ့ပေ။

ဤကဲ့သို့သောလူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် လျူယွီလိုင်မှာ ယုံကြည်မှုအလျဉ်းမရှိတော့ချေ။

ထိုစဉ် အဘိုးအိုက ရုတ်တရက်လက်အုပ်ချီလိုက်သည်ကို ကြားလိုက်ရ၏။

"ထျယ်ရွှဲ့က ကျုပ်နဲ့ရေစက်မပါဘူးထင်တယ်... ကျုပ်အရင်သွားနှင့်ပြီ..."

ပြောပြီးသည်နှင့် တစ်ပြိုင်နက် သွက်လက်သော မျောက်တစ်ကောင်ကဲ့သို့ ခုန်ပျံထွက်ခွာသွားရာ တစ်ခဏအကြာတွင် လူအများ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။

မှောင်ရိပ်ထဲရှိ ထိပ်တန်းသိုင်းသမားများကလည်း ကိုယ်ထင်ပြ၍ တားဆီးခြင်းမရှိခဲ့ပေ။

ကျန်ချွန်းဟွာမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားလေသည်။

"စစ်ပွဲကနေ ထွက်ပြေးတယ်... သတ္တိကြောင်တဲ့ကောင်..."

"လောင်လျူ... ဘယ်လိုလုပ်ကြမလဲ..."

လျူယွီလိုင်ကလည်း ဘာလုပ်ရမည်ကိုသိချင်နေပြီး သူက ချူချင်းကိုနောက်လှည့်ကြည့်ကာ မေးလိုက်၏။

"ဘယ်လိုလုပ်ရမလဲ..."

ကျန်ချွန်းဟွာမှာ ထပ်၍ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားပြန်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ကိုယ်ပိုင် အစောင့်အရှောက်ကို မေးနေသည်လော။

ချူချင်းကမူ ပြုံးလိုက်လေသည်။

"ခင်များကိစ္စကိုသာ ခင်များသွားလုပ်ပါ... ဒီနေရာကို ကျုပ်တာဝန်ယူလိုက်မယ်..."

"အပေါက်ဝကလူတွေကို ရှင်းပြီးသွားရင် ပြန်လာပြီး ကျုပ်ကို ကိစ္စတစ်ခုလောက် ကူညီပေးပါဦး..."

ကျန်ချွန်းဟွာမှာ ကြားလိုက်ရသောစကားကြောင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူက ခွဲခွာခြင်းဓားကို တစ်ယောက်တည်းရင်ဆိုင်ချင်နေသည်လော။

ဆိုရလျှင် ထိုသတ္တိကို သူမ အသိအမှတ်ပြုမိလေသည်။ ထို့ကြောင့် လျူယွီလိုင်စကားပြောမည်ကို မစောင့်တော့ဘဲ သူမက ခြေလှမ်းတစ်လှမ်းရှေ့တိုးကာ အလျင်အမြန်ဝင်ပြောလိုက်၏။

"ဘာကိစ္စလဲ... မင်းအလောင်းကို သိမ်းပေးရမှာလား..."

"စိတ်ချပါ... သူ့ကို အားကိုးစရာမလိုဘူး... ငါကိုယ်တိုင် မင်းကို ခမ်းခမ်းနားနားသင်္ဂြိုဟ်ပေးမယ်..."

ချူချင်းက ကျန်ချွန်းဟွာကိုနားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။ ဤအရွယ်အထိ အသက်ရှင်နေနိုင်ခြင်းမှာ ဤကျန်းဟူလောက၏ ရှားပါးလှသောကြင်နာမှုတစ်ခုပင် ဖြစ်မည်ဟု သူတွေးလိုက်မိ၏။

ထိုသို့ပြောနေချိန်မှာပင် ခွဲခွာခြင်းဓားက ရှေ့သို့ရောက်လာပြီ ဖြစ်သည်။

ဓားကိုကိုင်ကာ တိုက်ခိုက်လိုက်တော့၏။

ထိုခဏတွင် ကောင်းကင်နှင့်မြေကြီးအကြား၌ ဓားတစ်လက်တည်းသာ ရှိနေတော့သည်ဟု လျူယွီလိုင်ခံစားလိုက်ရလေသည်။

ထိုဓားမှာ အရပ်ရှစ်မျက်နှာလုံးသို့ ထိုးဖောက်သွားကာ မည်သည့်နေရာသို့မျှ ဆုတ်ခွာရန်လမ်းမရှိတော့ချေ။

၎င်းကို ထိပ်တိုက်ရင်ဆိုင်မည်လော၊ သို့မဟုတ် ထိုနေရာတွင်ပင် သေဆုံးရမည်လောဆိုသည်သာ ရှိတော့၏။

ဤသည်ကို မည်သို့ရင်ဆိုင်ရမည်နည်း။

သူမြင်တွေ့နေရသော ဓားသိုင်းမှာ မည်သည့်အရာကမျှ တားဆီး၍မရနိုင်ဘဲ သေလမ်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိသကဲ့သို့ပင်။

ဤသည်ကား ခွဲခွာခြင်းဓားပင် ဖြစ်ပေသည်။

ခွဲခွာခြင်းဓားသည် အဘယ်ကြောင့် လူသောင်းချီရှေ့တွင် လူသတ်ပြီးနောက် လှည့်ထွက်သွားခဲ့ရာ၌ မည်သူကမျှ မတားဆီးရဲခဲ့ရသနည်းဆိုသည်ကို လျူယွီလိုင် နောက်ဆုံးတွင်သဘောပေါက်သွားတော့၏။

ထိုသူ၏ဓားသိုင်းမှာ အလွန်မြင့်မားလွန်းသောကြောင့်သာ ဖြစ်သည်။

တားဆီးရဲသူတိုင်း သေရမည်သာ ဖြစ်လေသည်။

ရွှမ်း...

နားထဲသို့ဝင်ရောက်လာသော ဓားမြည်သံမှာ သူ၏သေဆုံးမည့်အချိန်ကို တိတ်တဆိတ်ရေတွက်နေသည့်နှယ်။

သို့သော် ထိုအချိန်မှာပင် သူ၏အနောက်မှ အားအင်တစ်ခု ထွက်ပေါ်လာလေသည်။

ခန္ဓာကိုယ်မှာ မိမိကိုယ်ကိုမထိန်းနိုင်ဘဲ ထိုအားအင်၏ဆွဲဆောင်မှုကို ခံလိုက်ရပြီးနောက် ပြင်းထန်လှသော ထိုဓားချက်မှာ သူ၏အမြင်အာရုံထဲမှ ရုတ်တရက်ပျောက်ကွယ်သွားသည်ကို လျူယွီလိုင် မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရ၏။

ထို့နောက် သူမြင်လိုက်ရသည်မှာ ချူချင်းက ရှေ့သို့တစ်လှမ်းတိုးလာကာ မည်သို့မည်ပုံ ရှောင်တိမ်းလိုက်သည်မသိဘဲ ဓားအသွားကိုရှောင်ရှားသွားခြင်းပင် ဖြစ်သည်။

ရိုးရိုးရှင်းရှင်း လက်တစ်ချက်ဆန့်ထုတ်လိုက်ရုံဖြင့် ခွဲခွာခြင်းဓား၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။

ခွဲခွာခြင်းဓား၏လက်ကောက်ဝတ်ကို ဤမျှလွယ်ကူစွာ ဖမ်းဆုပ်နိုင်သောသိုင်းပညာမှာ သဘာဝအားဖြင့် မရိုးရှင်းနိုင်ချေ။

သို့သော် မည်မျှပင်တွေးတောနေပါစေ ဤအကွက်ကို မည်သို့အသုံးပြုလိုက်ကြောင်းကိုမူ လျူယွီလိုင်တစ်ယောက် နားမလည်နိုင်ခဲ့ပေ။

ချူချင်းက ခွဲခွာခြင်းဓား၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည့်တစ်ခဏတွင်ပင် အရိုးများကျိုးကြေသွားသော အသံများထွက်ပေါ်လာလေသည်။

ခွပ်... ဒေါက်...

လက်ကောက်ဝတ်မှစ၍ သွေးကြောများတစ်လျှောက် အထက်သို့တက်သွားရာ ဖြတ်သန်းသွားသည့် နေရာတိုင်းမှ သွားကျိန်းစရာကောင်းလောက်အောင် အရိုးများကျိုးကြေသွားသည့် အသံများထွက်ပေါ်လာ၏။

နောက်ဆုံးတွင် ပခုံးထက်သို့ ရောက်ရှိသွားပြီး အားအင်များပေါက်ကွဲထွက်လာကာ သွေးများပန်းထွက်သွားတော့သည်။

အထက်အောက်မည်သည့်နေရာသို့မျှ ရှောင်တိမ်း၍မရနိုင်ဟု လျူယွီလိုင်ထင်မှတ်ခဲ့ရပြီး အသက်စွန့်၍တိုက်ခိုက်လျှင်ပင် အနိုင်မရနိုင်သော ခွဲခွာခြင်းဓားမှာ သူ၏မျက်စိရှေ့တွင်ပင် ချူချင်း၏လက်ချက်ဖြင့် လက်တစ်ဖက်ပြတ်ထွက်သွားလေပြီ။

ချက်ချင်းပင် ချူချင်းက လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ရာ ၎င်းမှာ နဂါးလက်သည်းသိုင်းဖြစ်ပြီး လက်နှစ်ချောင်းဖြင့် ခွဲခွာခြင်းဓား၏နားထင်နှစ်ဖက်ကို ဖွဖွလေးပွတ်ဆွဲလိုက်လေသည်။

ထို့နောက် ချူချင်းက ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။

လမ်းမတစ်ခုလုံး တစ်ခဏချင်းမှာပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ခွဲခွာခြင်းဓား၏ရုပ်အလောင်းကသာ ဖြည်းညင်းစွာလဲကျသွားပြီး နောက်ဆုံးတွင် ဗိုင်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာလေသည်။

ကျန်ချွန်းဟွာမှာ မျက်စိရှေ့ရှိမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့်ကြည့်နေပြီး မိမိ၏မျက်စိကိုရော ဦးနှောက်ကိုပါ မယုံကြည်နိုင်ဖြစ်နေ၏။

သူမ၏ဦးနှောက်နှင့် မျက်စိတို့ပူးပေါင်းကာ သူမကိုလှည့်စားနေသည်ဟုသာ ထင်မှတ်မိလေသည်။

ထိုသို့မဟုတ်လျှင် ယခုမြင်တွေ့လိုက်ရသည်များကို မည်သို့ရှင်းပြရမည်နည်း။

မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှ ခုနစ်ဆယ့်နှစ်ယောက်ထဲတွင် ပါဝင်သောခွဲခွာခြင်းဓားမှာ သာမန်ကိုယ်ရံတော်လေးတစ်ဦး၏လက်ချက်ဖြင့် တစ်ကွက်တည်းနှင့် သေဆုံးသွားရသည်လော။

ထို့အပြင် အရင်ဆုံး လက်တစ်ဖက်ကိုဖြတ်တောက်လိုက်ပြီးနောက် နားထင်ကိုပါ ဖောက်ခွဲပစ်လိုက်သေးသည်။

လုပ်ဆောင်ပုံမှာ ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။ ဤမြင်ကွင်းမှာ ဒဏ္ဍာရီဆန်လွန်းလှ၏။

မည်သို့လျှင် ဖြစ်နိုင်ပါမည်နည်း။

ချူချင်းကမူ လက်ကို ဖွဖွလေးခါလိုက်လေသည်။

"မင်းတို့တွေ ထွက်လာလို့ရပြီ..."

"မင်းတို့ အလစ်ဝင်တိုက်လို့မရဘူး... ပုန်းနေလည်း အလကားပဲ..."

ဝမ်ရိုမှလွဲ၍ ကျန်လူအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြ၏။

ခွဲခွာခြင်းဓားသည် တစ်ယောက်တည်းလာခဲ့ခြင်း မဟုတ်ပေ။

ဝှစ်ခနဲ၊ ဝှစ်ခနဲအသံများနှင့်အတူ လမ်းမပေါ်တွင် လူရိပ်များတစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထိုအထဲမှ လူနှစ်ယောက်မှလွဲ၍ ကျန်ဆယ်ယောက်လုံးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး မျက်နှာဖုံးများကို တပ်ဆင်ထားကြသည်။

ကျန်နှစ်ယောက်အနက် တစ်ယောက်မှာ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အခြားတစ်ယောက်မှာမူ သိုင်းဝတ်စုံကိုဝတ်ဆင်ထား၏။

သေချာကြည့်မည်ဆိုပါက ထိုနှစ်ယောက်၏မျက်နှာဖုံးများမှာ အခြားလူများနှင့်မတူညီပေ။

ခြယ်သထားသည်များကွာခြားကာ ပိုမိုသေသပ်လှပပြီး အလှဆင်ထားမှုများလည်း ပါဝင်လေသည်။

ကျန်ဆယ်ယောက်၏မျက်နှာဖုံးများမှာမူ တစ်ပုံစံတည်းပင် ဖြစ်သည်။

"ဒါဆို ဒီတစ်ခေါက် မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းထဲက သုံးယောက်တောင်လာခဲ့တာပေါ့..."

ချူချင်းက သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် သူ၏စနစ်မျက်နှာပြင်ကိုပါ တစ်ချက်လှမ်းကြည့်လိုက်၏။

[တာဝန် - စာရင်းထဲတွင် နာမည်မရှိ။ (မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှ လာသူများကို သုတ်သင်ရန်။)]

[လက်ရှိအဆင့် - ၁။]

[လက်ရှိတိုးတက်မှု - ၁။]

[တာဝန်ဆုလာဘ် - ရွေးချယ်နိုင်သော သိုင်းပညာရတနာသေတ္တာများထဲမှ တစ်ခုကိုရွေးချယ်ရန်။]

[အဆင့်လိုက်ဆုလာဘ် - ကျပန်းသဲလွန်စရတနာသေတ္တာတစ်ခု။]

[အဆင့်အားလုံးပြီးမြောက်မှုဆုလာဘ် - ရွေးချယ်နိုင်သော သိုင်းပညာရတနာသေတ္တာတစ်ခု။]

[လက်ရှိရွေးချယ်နိုင်သော ရတနာသေတ္တာ - ဓားသိုင်းရတနာသေတ္တာ။]

သူက စနစ်ကိုစစ်ဆေးနေချိန်တွင် သူပြောလိုက်သော စကားတစ်ခွန်းက လျူယွီလိုင်နှင့်ကျန်ချွန်းဟွာတို့ကို မည်မျှတုန်လှုပ်သွားစေမည်ဆိုသည်ကိုမူ တွေးမထားခဲ့ပေ။

မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှ ခုနစ်ဆယ့်နှစ်ယောက်လုံးမှာ ထိပ်တန်းသိုင်းသမားများချည်းသာ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် သုံးယောက်တောင်လာခဲ့သည်လော။

ကျန်ချွန်းဟွာက မနေနိုင်တော့ဘဲ လျူယွီလိုင်အားပြောလိုက်လေသည်။

"နင့်ရဲ့တန်ကြေးကလည်း မဆိုးပါဘူး... နျဲ့ကျင့်ထိုင်က စာရင်းဝင်သုံးယောက်လောက်ထုတ်ပြီး နင့်ကိုသတ်မယ်ဆိုတော့ နင်သေရကျိုးနပ်တာပေါ့..."

"..."

လျူယွီလိုင်၏မျက်နှာမှာ မည်းမှောင်သွားပြီး 'ငါမသေရင်ရော ပိုမကောင်းဘူးလား'ဟုပင် ပြန်ပြောချင်သွား၏။

သို့သော် ကျန်ချွန်းဟွာကိုပြောပြ၍ နားလည်မည်မဟုတ်ကြောင်း သူသိနေလေသည်။

ဤမိန်းမမှာ အလွန်ပါးစပ်သရမ်းလွန်းလှရာ ပိုပြောလေ ပိုဒေါသထွက်ရလေဖြစ်ပေမည်။

"ခင်များတို့ မသွားသေးဘူးလား..."

ထိုအခါ ချူချင်းက သူတို့အုပ်စုကို တစ်ချက်ကြည့်လိုက်သည်။

မြို့တံခါးရှေ့တွင် သူ့ကိုသတ်ရန် စောင့်နေသောလူအုပ်ကြီး ရှိနေသေးသဖြင့် သူ ဤနေရာတွင် ဆက်အချိန်ဆွဲနေ၍မရကြောင်း လျူယွီလိုင်သိလိုက်၏။

ထို့အပြင် ယခုမျက်မှောက်ရှိတိုက်ပွဲမှာ သူ့အတွက် အလွန်အဆင့်မြင့်လွန်းနေလေသည်။

သူဝင်ရောက်စွက်ဖက်ရန် နည်းလမ်းပင်မရှိပေ။

ကူညီရန် ကျန်ရစ်နေမည်လော။ ထိုသို့လုပ်ခြင်းက ပို၍ပြဿနာရှာသလိုသာ ဖြစ်သွားပေမည်။

ထို့ကြောင့် ချက်ချင်းလက်ယှက်ကာ ပြောလိုက်၏။

"ဒါဆိုရင် ဒီနေရာကိုညီအစ်ကိုဟန်ကိုပဲ လွှဲပေးခဲ့တော့မယ်..."

ပြောပြီးသည်နှင့် သူက ရှေ့သို့လှမ်းထွက်ရန် ပြင်လိုက်လေသည်။

သို့သော် အနက်ရောင်လူရိပ်နှစ်ခုက တစ်ပြိုင်နက်ခုန်ပျံလာပြီး လျူယွီလိုင်ဆီသို့ဦးတည်ကာ သတ်ဖြတ်ရန်ဝင်လာသည်ကို မြင်လိုက်ရ၏။

နျဲ့ကျင့်ထိုင်၏ရည်ရွယ်ချက်မှာ လျူယွီလိုင်ကိုသတ်ဖြတ်ရန်ဖြစ်ရာ သူ့ကို တကယ်ပင် ထွက်သွားခွင့်ပေးမည်လော။

သို့သော် ထိုအချိန်မှာပင် မြူခိုးငွေ့လေးတစ်ခုဖြတ်ပြေးသွားသကဲ့သို့ ဖြစ်သွားပြီးနောက် 'ခွပ်'၊ 'ခွပ်'ဟူသော အသံနှစ်သံထွက်ပေါ်လာလေသည်။

လူရိပ် မြေပြင်ပေါ်သို့ကျလာချိန်မှသာ တိုက်ခိုက်လိုက်သူမှာ ချူချင်းဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့၏။

သူက လက်တစ်ဖက်လျှင် အလောင်းတစ်လောင်းစီဆွဲကိုင်ထားကာ လည်ပင်းများကိုချိုးဖဲ့ထားပြီး မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင်ပစ်ချလိုက်လေသည်။

"ကျုပ်ပြောပြီးပြီလေ... ဒီနေရာကို ကျုပ်တာဝန်ယူမယ်... ခင်များတို့ သွားစရာရှိတာသာ သွားကြပါလို့..."

ချူချင်းစကားပြောနေရာမှ ခေတ္တရပ်လိုက်ပြီးနောက် ပြုံးကာ ဆက်ပြောလိုက်၏။

"ဘယ်သူတားရဲလဲ... တားတဲ့လူသေမယ်…”

All Chapters