← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀) - ဓားဖြင့်ဘေးဆိုးကိုသုတ်သင်ခြင်း (၂)

ဤတိုက်ကွက်မှာ ချူချင်းပင်လျှင် မျှော်လင့်မထားသောအရာ ဖြစ်သည်။

သူသည် မသေမျိုးရွှေကိုယ်ထည်ဖြင့် ခန္ဓာကိုယ်ကိုကာကွယ်ထားသော်လည်း ဓားမှာ ပြင်ပတွင်ရှိနေပြီး မသေမျိုးရွှေကိုယ်ထည်မှာ မည်မျှပင်အားကောင်းပါစေ၊ မိမိ၏ဓားကို ဖြတ်သန်းကာ ဓားကိုယ်ထည်အတွင်းပိုင်းကိုမူ ကာကွယ်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် မိုးစက်အပ်သည် ဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး ဤနီရဲနေသောအပ်ပျံကို သူ၏အနီးသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။

အကယ်၍ ယခင်ကသာဖြစ်ပါက ချူချင်းအနေဖြင့် မလိုလားသော်လည်း ဤအခိုက်အတန့်တွင် တိုက်ကွက်ကိုရုပ်သိမ်း၍ ရှောင်တိမ်းရပေလိမ့်မည်။

သို့သော် ယခုမူ မတူညီတော့ပေ။

နောက်တစ်စက္ကန့်တွင် ချူချင်းသည် ခန္ဓာကိုယ်အနှံ့ရှိအတွင်းအားများကို ချက်ချင်းရုပ်သိမ်းလိုက်ပြီး ရင်ဘတ်ဆီ၌ စုစည်းလိုက်သည်ကို မြင်တွေ့လိုက်ရ၏။

ဤခန္ဓာကိုယ်ကာကွယ်ရေးကျင့်စဉ်မှာ သူ၏လက်ထဲသို့ရောက်ရှိချိန်တွင် အားနည်းချက်အားလုံးကင်းစင်သွားပြီး လိုသလိုထိန်းချုပ်နိုင်ကာ တိုက်ကွက်များ၏ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ခန္ဓာကိုယ်၏မည်သည့်နေရာတွင်မဆို စိတ်ကြိုက်အသုံးပြုနိုင်ပြီ ဖြစ်သည်။

ယခုတွင် ရင်ဘတ်ကိုကာကွယ်ရန် အချိန်ကိုက်အသုံးပြုလိုက်ရာ ဤနီရဲနေသောအပ်ပျံမှာ မည်မျှပင်ထက်မြက်ပါစေ၊ ဖောက်ထွက်နိုင်ခြင်းမရှိတော့ပေ။

ချူချင်းက ခြေလှမ်းတိုးလိုက်ပြီး ဓားကို ရှေ့သို့ထိုးထုတ်လိုက်၏။

ရှပ်ခနဲမြည်သံနှင့်အတူ... မိုးစက်အပ်သည် လက်နှစ်ဖက်ကိုစုစည်း၍ ဓားအရှိန်ကို မနည်းထိန်းချုပ်လိုက်သော်လည်း ဓားဦးမှာ သူ၏ပခုံးကိုထိုးဖောက်သွားဆဲ ဖြစ်သည်။

ထိုသူသည် လက်ဖဝါးနှစ်ဖက်ဖြင့် ဓားကိုယ်ထည်ကို ရုတ်တရက်လှည့်လိုက်ပြီး ခန္ဓာကိုယ်ကိုစောင်းကာ သူ၏အရိုးများဖြင့် ချူချင်း၏ဓားကို ညှပ်ပိတ်လိုက်သည်ကို တွေ့ရ၏။

သူက ဒေါသတကြီးအော်ဟစ်လိုက်၏။

"တိုက်ကြ..."

သောင်းချီချည်မျှင်ရေတံခွန်မှာ ချူချင်း၏ဓားအရှိန်ကို ဟန့်တားရုံသာဖြစ်ပြီး၊ နီရဲသောအပ်ပျံမှာလည်း ချူချင်းကိုထိန်းချုပ်ရန် ဖဲချပ်တစ်ခုမျှသာ ဖြစ်သည်။

မိုးစက်အပ်သည် ဤနည်းလမ်းများဖြင့် ချူချင်းကိုသတ်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ညဧကရာဇ်ဟူသော အမည်ကို သူတို့နားပူအောင် ကြားဖူးပြီးဖြစ်ရာ ဤလူ၏စွမ်းရည်မှာ မည်မျှအထိထူးကဲလှသည်ကို သူကောင်းစွာသိရှိထားသည်။

ယနေ့ထိပ်တိုက်တွေ့ဆုံချိန်မှသာ ဤလူ၏သိုင်းပညာမှာ သူတို့ခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားနေကြောင်းသိလိုက်ရ၏။

ယခုအချိန်သည် သေတွင်းထဲမှ ရှင်လမ်းရှာရမည့်အခြေအနေ ဖြစ်ပေသည်။

သေဆုံးရန်ပြတ်သားသော ဆုံးဖြတ်ချက်မရှိပါက မည်သို့လျှင် လွတ်မြောက်ရာလမ်းကို ရှာဖွေနိုင်မည်နည်း။

ထို့ကြောင့် အစောပိုင်းက သူလုပ်ဆောင်ခဲ့သမျှမှာ ချူချင်း၏ဓားအရှိန်ကို အတန်ငယ်နှေးကွေးသွားစေရန်သာ ဖြစ်သည်။

သူ၏လျင်မြန်သော ဓားတစ်ကွက်တည်းဖြင့် အသတ်မခံရစေရန် ဖြစ်၏။

အချိန်ခဏမျှဆွဲထားနိုင်ပြီး ချူချင်း၏ဓားကို သူထိန်းချုပ်ထားနိုင်သရွေ့ သူ့ကိုသတ်ရန် အခွင့်အရေးရှိပေလိမ့်မည်။

ယခုတွင် မိမိကိုယ်ကိုသားကောင်အဖြစ် အသုံးချကာ ချူချင်း၏ဓားရှည်ကို ပိတ်ဆို့ထားပြီး၊ ဓားကိုကိုင်ထားရသည့်အခြေအနေမျိုး၌ ပျံလွှားဓားမြှောင်ကိုလည်းထုတ်ယူရန် ခက်ခဲပေလိမ့်မည်။

'ဒီလိုအခြေအနေမျိုးမှာ... မင်း ဘယ်လိုအနိုင်ယူမလဲ ကြည့်ရသေးတာပေါ့...'

ထိုအချိန်တွင် အခြားတစ်ဦးမှာ ဝေဟင်သို့ပျံတက်သွားပြီး အားကောင်းလှသော လက်ဝါးချက်မှာ ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ပြောင်းလဲသွားသည်ကို တွေ့ရ၏။

ဤသည်မှာ အသက်နှင့်သေခြင်းတရားကြားတွင် ထိုနှစ်ဦးပေါင်းစပ်ကာ သေတွင်းထဲမှ ရှင်လမ်းရှာရန် ကြံစည်ထားသည့် ထောင်ချောက်ဖြစ်သည်။

တစ်ဦးက သားကောင်ဖြစ်ပြီး အခြားတစ်ဦးကမူ လူသတ်ရန်ဖြစ်၏။

ထို့ကြောင့် သူတို့နှစ်ဦးလုံးမှာ သူတို့၏အကောင်းဆုံးစွမ်းရည်များကို ထုတ်သုံးလိုက်ကြသည်။

ဤလက်ဝါးသိုင်းမှာ ထျန်းရွှမ်နှလုံးဖောက်လက်ဝါးဟုအမည်ရပြီး လက်ဝါးအားလှိုင်းနှစ်မျိုး ရှိပေသည်။

ပထမတစ်ခုမှာ အပြင်ဘက်သို့သက်ရောက်ပြီး လက်ဝါးအရှိန်အဝါမှာ ကြီးမားကျယ်ပြန့်ကာ ကောင်းကင်ကြီး ပြောင်းပြန်လွင့်မျောလာသကဲ့သို့ အရာအားလုံးကိုဦးညွှတ်စေ၏။

ယခု ဝေဟင်ထက်မှရိုက်ချလိုက်ချိန်တွင် လက်ဝါးချက်မကျရောက်မီမှာပင် ကြီးမားသောဖိအားမှာ အလိုအလျောက်ပေါ်ပေါက်လာတော့သည်။

ချူချင်း၏ဝတ်ရုံစွန်းများမှာ လေထဲတွင်လွင့်ပျံနေပြီး မြေပြင်ပေါ်ရှိ ကျောက်ခဲနှင့်ဖုန်မှုန့်များမှာလည်း လွင့်စင်နေကြ၏။

လက်ဝါးချက်၏လျင်မြန်မှုမှာလည်း ဥက္ကာခဲတစ်ခု မြေပြင်သို့ကျရောက်လာသကဲ့သို့ပင်။

ဝုန်းခနဲမြည်သံနှင့်အတူ... ၎င်းမှာ ချူချင်း၏အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ချူချင်းက မျက်လုံးကိုပင့်ကြည့်လိုက်ပြီး ဘယ်ဘက်လက်ကို အသာအယာထုတ်လိုက်၏။

လက်ဖဝါးနှစ်ခုထိတွေ့သွားချိန်တွင် ပြင်းထန်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

ဂျွတ်ဂျွတ်... ဂျွတ်ဂျွတ်... မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ အဆက်မပြတ်ပေါ်ပေါက်လာပြီး အရပ်ရပ်သို့ပျံ့နှံ့သွားကာ လေပြင်းလှိုင်းတစ်ခုမှာ လက်ဖဝါးနှစ်ခုထိတွေ့ရာ နေရာမှ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံသွားတော့သည်။

ကွဲအက်နေသော ကျောက်ခဲများနှင့်သဲဖုန်များမှာ ဤလေပြင်းလှိုင်းနှင့်အတူ လွင့်ပါသွားပြီး ပတ်ဝန်းကျင်ရှိနံရံများနှင့် အိမ်ခေါင်မိုးများကိုထိမှန်ကာ အပေါက်အပြဲများဖြစ်ပေါ်စေခဲ့၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ထျန်းရွှမ်နှလုံးဖောက်လက်ဝါး၏ ဒုတိယမြောက်အားလှိုင်းမှာလည်း ထွက်ပေါ်လာပြီ ဖြစ်သည်။

ဤစွမ်းအားမှာ အတွင်းပိုင်းသို့သက်ရောက်ပြီး အေးစက်ဆန်းကြယ်လှကာ နှလုံးသွေးကြောများကိုသာ သီးသန့်ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။

ဤလက်ဝါးသိုင်းကိုရင်ဆိုင်ရာတွင် အပြင်ဘက်သို့သက်ရောက်သော ကြီးမားသည့်လက်ဝါးအားလှိုင်းကို မခုခံနိုင်ပါက ၎င်း၏ဖိသိပ်မှုကြောင့် သေဆုံးသွားရပေလိမ့်မည်။

အကယ်၍ ထိုကြီးမားသောအားလှိုင်းကို ခုခံနိုင်ခဲ့လျှင်ပင် အတွင်းပိုင်းသို့ဝင်ရောက်လာသော အတွင်းအားကြောင့် နှလုံးသွေးကြောများပြတ်တောက်ကာ သေဆုံးသွားရပေမည်။

ထျန်းရွှမ်နှလုံးဖောက်လက်ဝါးဟူသော အမည်မှာ ဤအချက်ကြောင့်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

'အောင်မြင်သွားပြီ...'

မိုးစက်အပ်၏မျက်ဝန်းထဲတွင် အရောင်တောက်သွားတော့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် ဝေဟင်ထက်၌ ထျန်းရွှမ်နှလုံးဖောက်လက်ဝါးကို ထုတ်သုံးလိုက်သူသည် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားပြီး ရင်ဘတ်မှ ဝုန်းခနဲမြည်သံနှင့်အတူ သွေးမြူခိုးများထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထို့နောက် ချက်ချင်းပင် ဂျွတ်ဂျွတ်မြည်သံများသည် သူ၏လက်မောင်းမှ ထွက်ပေါ်လာပြီး ဩဇာတိက္ကမနှင့်ပြည့်စုံသော နဂါးဟိန်းသံကြီးမှာ ဟိန်းထွက်လာတော့သည်။

ဂျွတ်ခနဲမြည်သံနှင့်အတူ... သူ၏မျက်နှာဖုံးမှာ ကွဲအက်သွားလေသည်။

နဂါးပုံသဏ္ဌာန်အတွင်းအားလှိုင်းက ခန္ဓာကိုယ်ကိုဖောက်ထွက်လာပြီးနောက် သူသည် သွေးတစ်လုတ်ကို ပြင်းထန်စွာအန်ထုတ်ကာ နောက်သို့လွင့်စဉ်သွားတော့သည်။

"ဒါ မဖြစ်နိုင်ဘူး..."

မိုးစက်အပ်မှာ ဆွံ့အသွား၏။ မိမိက သူ၏ဓားကို ထိန်းချုပ်ထားပြီး၊ သူ၏ခန္ဓာကိုယ်ကာကွယ်ရေးကျင့်စဉ်မှာလည်း မိမိ၏နီရဲသောအပ်ပျံကြောင့် ရင်ဘတ်ဆီသို့ရောက်ရှိနေပြီ ဖြစ်သည်။

'သူက ဘယ်လိုလုပ်ပြီး ထျန်းရွှမ်နှလုံးဖောက်လက်ဝါးကို ခုခံနိုင်ရတာလဲ...'

သို့သော် ချူချင်း၏ယခုသိုင်းပညာမှာ မည်မျှအထိနက်နဲဆန်းကြယ်လှသည်ကို သူ မည်သို့သိနိုင်မည်နည်း။ 'မင်ယွိကျမ်းစာ'ကို ဒဿမအဆင့်ထိ အောင်မြင်ပြီးမြောက်ထားရာ သူ၏အတွင်းအားမှာ သာမန်လူများ ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။

ထို့ပြင် ဆန်းကြယ်လှသော သိုင်းပညာလည်းရှိနေသေးရာ ဤနည်းစနစ်မှာ အခြေအနေအရအသုံးပြုရခြင်း ဖြစ်ပြီး ပုံမှန်အားဖြင့် သူအသုံးမပြုသော်လည်း 'ဆယ့်ရှစ်ချက် နဂါးနှိမ်နှင်းလက်ဝါးသိုင်း'ကပင် တိုက်ကွက်အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။

အစောပိုင်းက ထျန်းရွှမ်နှလုံးဖောက်လက်ဝါး၏စွမ်းအားမှာ ခန္ဓာကိုယ်အတွင်းသို့တိုးဝင်လာသည့် တစ်ခဏ၌ပင် ချူချင်းသိရှိနားလည်သွားခဲ့သည်။ သူသည် ထိုစွမ်းအားကိုပြန်လည်လွှဲပြောင်းပေးလိုက်ရာ ထိုနည်းအတိုင်း ပြန်လည်ထွက်ခွာသွားတော့သည်။

ထို့ပြင် ပြန်လည်ထွက်ခွာသွားသော အရှိန်အဝါမှာ ရောက်ရှိလာစဉ်ကထက်ပင် ပိုမိုပြင်းထန်လှ၏။

သူတို့သည် ချူချင်း၏နှလုံးသွေးကြောများကို ဖျက်ဆီးရန်ကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင် နှလုံးသွေးကြောပျက်စီးသွားသူမှာမူ တစ်ဖက်လူသာ ဖြစ်သွားတော့သည်။

ထို့နောက်တွင် ဆယ့်ရှစ်ချက်နဂါးနှိမ်နှင်းလက်ဝါးသိုင်း၏ စွမ်းအားကို လုံးဝချန်လှပ်ထားခြင်းမရှိဘဲ ထုတ်သုံးလိုက်ရာ ပြင်းထန်လှသော လက်ဝါးအားလှိုင်းသည် ထိုသူ၏လက်မောင်းကို ကြေမွသွားစေပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအားလုံးကိုလည်း ပြတ်တောက်သွားစေ၏။

ထိုသူလွင့်စဉ်သွားချိန်တွင် အသက်ရှူနေသေးသကဲ့သို့ ရှိသော်လည်း အမှန်တကယ်တွင် မြေပြင်သို့မကျရောက်မီမှာပင် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

"မဖြစ်နိုင်စရာ ဘာရှိလို့လဲ..."

ချူချင်းက ဤနေရာတွင် နောက်သို့လှည့်ကြည့်လိုက်ပြီး သူ၏ဓားရှည်ကို ပိတ်ဆို့ထားဆဲဖြစ်သော မိုးစက်အပ်ကိုကြည့်လိုက်၏။

မိုးစက်အပ်သည် အိပ်မက်မှနိုးထလာသကဲ့သို့ ဖြစ်သွားပြီး ပြောလိုက်၏။

"မင်းက ညဧကရာဇ် မဟုတ်ဘူး... ဒီလက်ဝါးသိုင်းက လွန်ခဲ့တဲ့ရက်ပိုင်းကမှ... လော့ချန်အိမ်တော်မှာပေါ်လာခဲ့တာ... မင်းက... မင်းက ဓားရူးပဲ..."

သူ၏စကားမဆုံးမီမှာပင် ချူချင်းက ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်၏။

သူ့အရိုးနှင့်ဓားကိုယ်ထည်ကို ညှပ်ထားသောလက်ကို တိုက်ရိုက်ဖြတ်တောက်လိုက်သည်။

တစ်ကိုယ်လုံးမှာ စောင်းလျက်အနေအထားဖြင့် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားတော့သည်။

ကျန်ရှိသောစကားများကို ပြန်လည်မြိုချလိုက်ရတော့၏။

အလောင်းမှာ မြေပြင်သို့လဲကျသွားလေသည်။

ထိုသို့ဖြင့် ဤနေရာသို့ရောက်ရှိလာကြသော မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းဝင်သုံးဦးလုံး သေဆုံးသွားကြပြီ ဖြစ်သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ ပြောရလျှင် ရှုပ်ထွေးလှသော်လည်း အမှန်တကယ်တွင် တိုက်ကွက်နှစ်ကွက်၊ သုံးကွက်အတွင်း၌သာ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းဝင်ဟူသောအမည်နှင့် အမှန်တကယ်ပင်လိုက်ဖက်လှသည်။

သူတို့သည် ချူချင်း၏ဓားတစ်ချက်ကိုခုခံနိုင်ခဲ့ပြီး ထိုအပ်ပျံဖြင့် ဓားကိုဖောက်ထွက်သည့် နည်းလမ်းမှာလည်း ချူချင်းကို အလွန်အံ့အားသင့်စေခဲ့သည်။

'သူတို့ကို ဒီအချိန်မှာမှ ရင်ဆိုင်ရတာ ကံကောင်းလို့ပဲ... အရင်တုန်းကသာဆိုရင် ဒီသုံးယောက်နဲ့ ရင်ဆိုင်ရတာ တကယ်အသက်ထွက်လိမ့်မယ်...'

ချွင်ခနဲမြည်သံနှင့်အတူ... မိုးစက်အပ်က ပစ်လွှတ်လိုက်သော ထိုနီရဲနေသည့်အပ်ပျံသည် ယခုအချိန်တွင် သူ၏စွမ်းအားအားလုံးဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။

ချူချင်းကငုံ့ကြည့်လိုက်ရာ ဤအပ်ပျံမှာ ယခုအခါတွင် အရောင်ပြယ်လွင့်သွားပြီး သာမန်ငွေအပ်တစ်စင်းနှင့် မခြားနားတော့သည်ကို တွေ့လိုက်ရ၏။

သူသည် နတ်ပိုးမျှင်လက်အိတ်ကိုဝတ်ဆင်လိုက်ပြီး ငွေအပ်ကိုကောက်ယူကာ သေချာကြည့်ရှုစစ်ဆေးပြီးနောက် သိမ်းဆည်းလိုက်၏။

'ဒီအပ်ပျံက သာမန်မဟုတ်ဘူးလို့ ခံစားရတယ်...'

ဝမ်ရိုက အနားသို့လျှောက်လှမ်းလာပြီး မေးလိုက်၏။

"အစ်ကိုသုံး..."

"သူတို့ဆီမှာ ဘာပစ္စည်းတွေရှိလဲဆိုတာကို ကူရှာပေးပါဦး..."

ချူချင်းသည် နတ်ပိုးမျှင်လက်အိတ်တစ်ဖက်ကိုချွတ်၍ ဝမ်ရိုအားပေးလိုက်ပြီး သူမကိုသတိထားရန် ပြောလိုက်၏။

သူတို့နှစ်ဦးသည် သီးခြားစီလှုပ်ရှားလိုက်ကြပြီး တစ်ခဏအကြာတွင် ရှာဖွေတွေ့ရှိထားသော ပစ္စည်းများကို တစ်နေရာတည်းတွင် စုစည်းလိုက်ကြ၏။

ထိုအထဲတွင် ငွေပြားများ၊ ငွေစက္ကူများ၊ တံဆိပ်ပြားကဲ့သို့သော သက်သေပစ္စည်းများ၊ ကိုယ်ခံဆေးလုံးများရှိနေပြီး ယင်းတို့မှအပ ထူးခြားသောအရာမရှိပေ။

ငွေပြားများနှင့်ဆေးလုံးများကို သေချာသိမ်းဆည်းလိုက်ကြ၏။

တံဆိပ်ပြားကဲ့သို့သော သက်သေပစ္စည်းများ၏အသုံးဝင်ပုံကိုမူ ချူချင်းမသိရှိရာ ဝမ်ရို၏အထုပ်ကလေးထဲသို့ ထည့်ခိုင်းလိုက်သည်။

"ငါတို့ အခုမြို့တံခါးကို သွားကြမလား..."

ဝမ်ရိုက ချူချင်းကိုမေးမြန်းလိုက်၏။

ချူချင်းကမူ ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။

"မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းဝင်သုံးယောက်လုံး တင်ရှင်းမြို့မှာသေဆုံးသွားပြီ... ကွမ်ဖူအန်း ဒီသတင်းကိုသိသွားရင် သေချာပေါက်ငြိမ်ငြိမ်မနေနိုင်တော့ဘူး... မြွေကိုခြောက်လှန့်လိုက်တာ အောင်မြင်သွားပြီ..."

"ငါတို့ ကွမ်အိမ်တော်ကိုသွားကြမလား..."

"မလောပါနဲ့..."

ချူချင်းကပြုံးပြီး ပြောလိုက်၏။

"တကယ်လို့ ငါတစ်ယောက်တည်းသာ ဒီမှာရှိရင် အခုအချိန်မှာ အဲဒီလူနောက်ကို ချက်ချင်းလိုက်ဖမ်းမိမှာပဲ... ဒါပေမဲ့ အခု... မင်း ငါ့အနားမှာရှိနေတော့ ငါ့မှာအချိန်ရသွားပြီ... တခြားကိစ္စတွေကို အရင်လုပ်လို့ရတယ်..."

ဝမ်ရိုက အနည်းငယ်စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

"ဘာကိစ္စမလို့ ဒီလောက်တောင် အရေးကြီးနေတာလဲ..."

"...တံခါးပိတ်ကျင့်ကြံဖို့…”

All Chapters