← Chapters

မျိုးဆက်အလိုက် လက်ဆင့်ကမ်းပေးနိုင်ခြင်

Vol. 15 Ch. 224

မျိုးဆက်အလိုက် လက်ဆင့်ကမ်းပေးနိုင်ခြင်

Vol. 15 Ch. 224

ကောင်းကင်ဘုံအောက်ဝယ်၏ စိန်ခေါ်သည့် အပိုင်းက နတ်ဘုရားများကို သုတ်သင်ခြင်း မတင်ခင် တဲတဲလေး မှာပင် ထွက်ပေါ်လာသည်။ တကယ့်ကို အချိန်ကိုက်ပင်။

“နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပရိသတ်များ” ဟူသော စကားပြောခန်းသည် သူဌေးအချို့က စထောင် ထားသော စကားပြောခန်း ဖြစ်သည်။

တုကူရီထျန်းက စကားပြောခန်း၏ ခေါင်းဆောင်ဖြစ်ပြီး လုံအောင်ထျန်းက ဒုခေါင်းဆောင် ဖြစ်သည်။ သူတို့အပြင် အခြား ပိုက်ဆံရှိသော စာဖတ်သူများလည်း ရှိပေသည်။

ရဲ့လင်းချန်က သူတို့ကို စာဖတ်သူများအတွက် စကားပြောခန်း ဖွဲ့ရန် တစ်ခါမှ အကြံမပေးဖူးသော်လည်း ထိုလူများသည် နတ်ဘုရားများကို သုတ်သင်ခြင်း၏ ခိုင်မာသော အုတ်မြစ်ဖြစ်ရန် စတင်လာကြပြီး နတ်ဘုရား များကို သုတ်သင်ခြင်းအတွက် လူချမ်းသာ ပရိသတ် မိတ်ဆွေများဖြစ်ရန် သန္နိဋ္ဌာန်ချခဲ့ကြသည်။

[ယီးပဲ သရီးလော့ဂ်က အရှက်ကိုမရှိဘူး၊ သူ့လို ဝါရင့် စာရေးဆရာက နတ်ဘုရားများကို သုတ်သင်ခြင်းကို ဘာလို့ ရန်လိုက်ရှာနေတာလဲ]

[ချီးပဲ လစဉ်မဲပေးခြင်းအဆင့်အတွက် ပြိုင်မယ် ဟုတ်လား၊ သူ ဘယ်လိုတောင် အကြံပြုရဲတာလဲ၊ ကောင်းကင်ဘုံအောက်ဝယ်က စာလုံးရေး သုံးသန်းကိုတောင် ရောက်နေပြီ၊ ပြီးတော့ သူက အတော်လေး လွှမ်းမိုးနို်ငတယ်၊ သူက လစဉ်အဆင့်မှာ ထိပ်တန်းစာရင်းထဲတောင် ရောက်နေပြီ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက စာလုံးရေ နှစ်သိန်းကျော်ပဲ ရှိသေးတယ်၊ ရောင်းတောင် မရောင်းရသေးဘူး]

[ပြီးတော့ အရေးကြီးတာက ကောင်းကင်ဘုံအောက်ဝယ်က အခန်းတင်တဲ့ နေရာကနေ စိန်ခေါ်စာ ရေးလိုက်တာပဲ၊ ပထမနေ့က စပြီး နတ်ဘုရားများကို လစဉ်မဲပြေးခြင်းအဆင့် ရလဒ်တွေက ဆိုးရွားတော့မှာကို စိုးရတယ်]

[နတ်ဘုရားများကို သုတ်သင်ခြင်းမှာ ချမ်းသာတဲ့ စာဖတ်သူတွေ အတော်လေး ရှိတာပဲ၊ အားလုံး နည်းနည်းလောက် အားစိုက်လိုက်ရအောင်၊ ငါတို့ ကောင်းကင်ဘုံအောက်ဝယ်ရဲ့ ပမာမခန့် လုပ်တာကို ပြန်တုံ့ပြန်ရမယ်]

[ငါကဝိုင်ကို သွားအသိပေးရအောင်]

…

ဤစကားပြောခန်းသို့ ဝင်လာနိုင်သူများအားလုံးသည် နတ်ဘုရားများကို သုတ်သင်ခြင်း၏ အမာခံ ပရိသတ်များ ဖြစ်လေသည်။ သူတို့အားလုံးက နတ်ဘုရားများကို သုတ်သင်ခြင်းအတွက် ဖြစ်တဲ့နည်းဖြင့် တစ်ခုခုလုပ်ရန် အသင့်ပြင် ထားကြသည်။

ရဲ့လင်းချန်က စကားပြောခန်းထဲ၌ မရှိပေ။ ထို့ကြောင့် သူတို့သည် နတ်ဘုရားများကို သုတ်သင်ခြင်း၏ ဝေဖန်စာပေးသော ကဏ္ဍနှင့် မှတ်ချက်ပေးသော ကဏ္ဍတို့တွင် စာများ ချန်ထားကြလေသည်။

[စာရေးဆရာက ဒါကို ဖတ်မိရင် စာပြန်ရေးလောက်တယ် မဟုတ်လား]

[“ငါကဝိုင်”က ဒါနဲ့ ပတ်သက်ပြီး ဘာပြောမလဲ စောင့်ကြည့်ရအောင်၊ ငါတို့ ကောင်းကင်ဘုံအောက်ဝယ်ကို ပြန်တိုက်ခိုက်မှဖြစ်မယ်]

ညသန်းခေါင်သို့ ရောက်လာလေပြီ။

သူ့ဝတ္ထုအား အခပေးဝတ္ထုအဖြစ် ပြောင်းလိုက်သဖြင့် ပြောင်းလဲမှုပြုလုပ်ရန် အချိန်အနည်းငယ်မျှ လိုအပ် ပေသည်။ ရဲ့လင်းချန်က လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ပြီးသည်ကို စိတ်ရှည်လက်ရှည် စောင့်နေသည်။ ထိုသို့ လုပ်ပြီးမှသာ သူ အခန်းများကို တင်နိုင်ပေမည်။

သူ ပျင်းလာသဖြင့် ဆွေးနွေးသော ကဏ္ဍသို့ သွားလိုက်သည်။

[ဝါး … ငါတို့ စာရေးဆရာကြီးက နောက်ဆုံးတော့ တင်ပြီပဲ၊ သွားဝယ်လိုက်ရအောင်]

[ငါတို့ စာရေးဆရာကြီးကို အားပေးလိုက်ရအောင်၊ ပိုက်ဆံက ပြဿနာ မဟုတ်ဘူး၊ ငါတို့ကို အခန်းတွေ များများပဲ တင်ပေးပါ]

[ကြိုးစားထား စာရေးဆရာကြီးရေ၊ ကျွန်တော့်မှာ မုန့်ဖိုးများများ မရှိပင်မယ့် ဝယ်ဖတ်ဖို့တော့ လုံလောက်ပါတယ်]

မှတ်ချက်များစွာ ရှိနေပြီး အများစုက အားပေးသော စကားများနှင့် ပြည့်နေသည်။ ရဲ့လင်းချန်သည် ၎င်းတို့ကို ဖြည်းဖြည်းချင်း ဖတ်နေပြီး ပြုံးလိုက်မိသည်။

ရေပန်းစားရေးအတွက် သူ ဒါကို စလုပ်ခဲ့သော်လည်း အများက လက်ခံသောအခါ ဘယ်သူက မပျော်ဘဲ နေမည်နည်း။

ပရိသတ်များများ ရခြင်းကပင် အောင်ပွဲခံရန် ထိုက်တန်နေလေပြီ။ သို့သော် မကြာခင်မှာပင် သူ မျက်မှောင်ကြုတ် မိလာသည်။

[စာရေးဆရာကြီးရေ မြန်မြန် ကြည့်ပါဦး၊ ကောင်းကင်ဘုံအောက်ဝယ်က မင်းကို စိန်ခေါ်စာ တင်ထားတယ်]

[သရီးလော့ဂ်က အရှက်ကိုမရှိဘူး၊ နတ်ဘုရားများကို သုတ်သင်ခြင်းကိုမှ တမင်ရွေးပြီး ရန်ရှာရတယ်လို့]

[စာရေးဆရာကြီးရေ အကောင်းဆုံးသာ လုပ်ထားပါ၊ ကျွန်တော်တို့ရဲ့ လစဉ်မဲပေးခြင်းကတော့ အသင့်ပဲ၊ ခင်ဗျား စတင်တာနဲ့ ကျွန်တော်တို့ အားထုတ်ပြီး လုပ်မှာ]

ထိုမှတ်ချက်များကို ရဲ့လင်းချန် ချက်ချင်း သတိထားမိသွားသည်။ ကောင်းကင်ဘုံအောက်ဝယ်၏ အခန်းလွတ်ကို သူ သွားကြည့်လိုက်သည်။ ပါဝင်သော အကြောင်းအရာများကို ဖတ်ပြီးနောက် သူ့မျက်နှာက အေးစက်သွား လေသည်။

*ငါ့ကို သင်ခန်းစာပေးမယ် ဟုတ်လား၊ ငါ့ကို လစဉ်ပေးတဲ့ မဲတွေနဲ့ ဖိနှိပ်မယ်တဲ့လား*

ရဲ့လင်းချန်က သရီးလော့ဂ်ကို မှတ်မိနေပါသေးသည်။ သရီးလော့ဂ်သည် သူ့လက်ရာများကို ရန်ရှာသူ ဖြစ်ပြီး သူ့စာရင်းဇယား အချက်အလက်များက ပိုက်ဆံပေးထားခြင်းဖြစ်သည်ဟုပင် ပြောခဲ့သေးသည်။ ထိုလူက သူ အခပေးအဖြစ် ရောင်းမည့်နေ့၌ ပြန်ပေါ်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။

*ဟဲဟဲ မင်းက တိုက်ချင်တယ်ပေါ့လေ၊ ငါလည်း မင်းကို ပြန်တိုက်ပေးရတာပေါ့*

ရဲ့လင်းချန်က ချက်ချင်း စာရိုက်လေတော့သည်။ သူ အခန်းလွတ်ဖြင့် သရီးလော့ဂ်ကို ပြန်တုံ့ပြန်ရန် စဉ်းစား ထား၏။

သူ၏ စာရိုက်နှုန်းက အလွန် မြန်လှပြီး အခန်းလွတ်ဖြစ်သဖြင့် အရေးအသား တိုလေသည်။ ထို့နောက် သူ ချက်ချင်း တန်းတင်လိုက်သည်။

ထိုအခိုက်တွင် စာဖတ်သူများက နတ်ဘုရားများကို သုတ်သင်ခြင်း စရောင်းမည့်အချိန်ကို စောင့်နေကြသည်။ လုံအောင်ထျန်းသည် သူ့ QQ စာဖတ်သူ အက်ပ်အား ဒင်္ဂါးပင် ဖြည့်ထားပြီး အကုန်သုံးရန် ပြင်ထားလေသည်။

*အခုလောက်ဆို တင်လောက်ပြီ မဟုတ်လား*

လုံအောင်ထျန်းက အခန်းစာမျက်နှာကို ပြန်ပွတ်လိုက်သည်။ အခန်းသစ်တစ်ခန်း ပေါ်လာသဖြင့် သူ အံ့ဩသွားရသည်။

သို့သော် ယင်းက အခန်းသစ် မဟုတ်ဘဲ အခန်းလွတ်တစ်ခုသာ ဖြစ်နေသည်။

၎င်းအား [မင်းက တိုက်ချင်တာလား၊ ငါ ပြန်တိုက်ပေးရတာပေါ့] ဟု ခေါင်းစဉ် တပ်ထားသည်။

ငါတို့မျိုးဆက်တွေက ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းပြီး မွေးဖွားလာကြရတယ်

အသက်ရလာတာနဲ့အမျှ ငါတို့ လူ့အဖွဲ့အစည်းထဲ ခြေချခဲ့ကြတယ်

ကြီးမြတ်တဲ့အရာတွေကို အိပ်မက်မက်ပြီး စိတ်ကူးယဉ်စရာတွေကို ပြောခဲ့ကြတယ်

အရက်မူးနေတဲ့ညကို ဘယ်အရာကမှ မယှဉ်နိုင်ဘူး

မင်းက တိုက်ချင်တာလား၊ ငါ ပြန်တိုက်ပေးရတာပေါ့

ငါက ဘာကို ကြောက်ရမှာလဲ

အခန်းလွတ်က အလွန် တိုလှပြီး စာကြောင်း ခြောက်ကြောင်းမျှသာ ပါသည်။

သို့သော် ထိုအရာကိုမြင်သောအခါ လုံအောင်ထျန်း မျက်လုံးပြူးသွားသည်။ သူ့ကိုယ်တွင်းမှ သွေးများက စိတ်အား ထက်သန်မှုကြောင့် ပွက်ပွက်ဆူလာသည်ဟု ခံစားမိနေသည်။

*ချီးပဲ*

*လခွမ်းဟေ့*

*ဒါက ကဗျာလား*

*”ငါကဝိုင်”က ကဗျာ ‌ရေးလိုက်တာလား*

လုံအောင်ထျန်းသည် စာပေအကြောင်း သိပ်မသိသော်လည်း ကဗျာထဲမှ ခံစားချက်များကို ဖတ်ရုံဖြင့် ခံစားမိသည်။

ရေးဟန်က အထင်ကြီးစရာ ကောင်းပြီး ဖတ်သူအား စိတ်အားထက်သန်စိတ်တို့ ပွက်ပွက်ဆူလာစေ၏။

*ကောင်းလိုက်တဲ့ ကဗျာ*

*အံ့ဩစရာကောင်းတဲ့ ကဗျာပဲ*

“ငါတို့မျိုးဆက်တွေက ခက်ခဲတဲ့အချိန်တွေကို‌ ကျော်ဖြတ်ပြီး‌ မွေးဖွားလာကြရတယ်၊ အသက်ရလာတာနဲ့အမျှ လူ့အဖွဲ့အစည်းထဲ ခြေချခဲ့ကြတယ်၊ ကြီးကျယ်တဲ့အရာတွေကို အိပ်မက်မက်ပြီး စိတ်ကူးယဉ်စရာတွေကို ပြောခဲ့ကြတယ်၊ အရက်မူးနေတဲ့ညကို ဘယ်အရာကမှ မယှဉ်နိုင်ဘူး”

သူ ကဗျာကို ထပ်တလဲလဲ ဖတ်နေမိပြီး မျက်နှာက နီသထက် နီလာပြီး နဖူးတွင် ချွေးများ စို့လာ၏။

ထိုအခိုက်တွင် သူသည် နာကြည်းသလို ခံစားလာရသည်။ သူသည် သူရဲကောင်းများ မွေးဖွားသော နေရာကို ကြည့်နေပြီး သူရဲကောင်းများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသည်ကို မြင်နေရသလို ခံစားနေ ရလေသည်။

အခန်းလွတ်များကို အသုံးချ၍ လစဉ်မဲပေးခြင်း တောင်းဆိုကြသည်က စာရေးဆရာများကြား၌ လုပ်လေ့ရှိသော အရာပင်။

သို့သော် ရဲ့လင်းချန် တင်လိုက်သော အခန်းလွတ်ကဲ့သို့သောအရာက သူ့ဘဝတွင် ပထမဆုံး မြင်ဖူးခြင်းပင်။

သာမန်အခြေအနေများတွင် အခန်းလွတ်များက စာဖတ်သူများ၏ ကရုဏာ ရရှိအောင် လစဉ်မဲများ တောင်းဆိုရာတွင် အသုံးချကြသည်။ သရီးလော့ဂ်ကဲ့သို့ တစ်ချို့သောသူများက စိန်ခေါ်စာများ တင်လေ့ ရှိသည်။ သို့ရာတွင် ရဲ့လင်းချန်က ပို၍ အံ့ဩစရာကောင်းပြီး ကဗျာတစ်ပုဒ်သာ ကောက်တင်လေ၏။

အခန်းလွတ်ကို အသာ ဘေးချိတ်ထားလိုက်လျင်တောင်မှ ကဗျာတစ်ခုတည်းကပင် လက်ရာကောင်းဟု ဆိုနိုင်လေသည်။

*ထူးချွန်လိုက်တာ*

ထိုအခိုက်တွင် အခြားသော စာဖတ်သူများလည်း သတိပြုမိကြသည်။ သူတို့ အခန်းလွတ်ကို ဖတ်ကြည့်သောအခါ အံ့ဩသွားကြလေသည်။

ထိုစဉ် ပီကင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ တစ်ယောက်က စာကြည့်မျက်မှန်ကိုတပ်၍ Ipad ထဲမှ QQ စာဖတ်ခြင်း အက်ပ်ကို ဖွင့်လိုက်သည်။

သူသည် စာသင်ချိန်အတွင်း သူ့ကျောင်းသားဖြစ်သော ဟောင်ကျန်းထံမှ နတ်ဘုရားများကို သုတ်သင်ခြင်းကို ကြားခဲ့သည်။ ထို့အပြင် နတ်ဘုရားများကို သုတ်သင်ခြင်းထဲမှ စာပိုဒ်တစ်ခုကို သူ စိတ်ဝင်စားသွားခဲ့သည်။

ယနေ့ထက်ထိ ထိုစကားများကို သူ့စိတ်ထဲ၌ မှတ်မိနေပါသေးသည်။ “လောကအတွက် စိတ်ကောင်းထားပြီး လူတွေအတွက် အသက်တမျှ တန်ဖိုးထားတယ်၊ ပုန်းကွယ်နေတဲ့ ပညာတွေကို ကြိုးစားသင်ယူပြီး လောက အတွက် ငြိမ်းချမ်းမှုကို ယူဆောင်လာပေးချင်တယ်

ပရော်ဖက်ဆာဖြစ်သောသူသည် ထိုစကားများက ပညာရှိသောသူ၏ စကားများဟု သတ်မှတ်မိသည်။

ထိုစကားကို သူ စကြားစဉ်က သူ့စိတ်ထဲ၌ ထိတ်လန့်မိသည်။ သူ့စိတ်က မသိမသာ ပေါက်ကွဲထွက်မလို ခံစားမိ လိုက်ရသည်။ ထိုစကားများတွင် အတိတ်မှ လက်ရှိအချိန်အထိ အမြင်များ ပါဝင်နေသည်။ သူ အမှန်တရား၏ စကားသံကို ကြားနေရသလိုပင်။

ထိုအထင်ကြီးစိတ်ကြောင့် သူ နတ်ဘုရားများကို သုတ်သင်ခြင်းအား စဖတ်ခဲ့၏။

နတ်ဘုရားများကို သုတ်သင်ခြင်း၌ ရိုးရာစာပေ နက်နက်ရှိုင်းရှိုင်း မပါသော်လည်း ဝတ္ထုထဲမှ လောကက သူ့အား အတိတ်သို့ ခေါ်သွားသလိုပင်။ သူ အနောက်ဘက်သို့ ခရီးသွားခြင်းကို ဖတ်တုန်းကကဲ့သို့ ခံစားချက်မျိုး ပြန်ရနေသည်။ ၎င်းသည် စိတ်ကူးယဉ်မှုနှင့် ပြည့်နေသော ရှန်းရှလောကတစ်ခုပင်တည်း။

ထို့ကြောင့် နတ်ဘုရားများကို သုတ်သင်ခြင်းအား ဖတ်ရှုခြင်းသည် သူ့ဝါသနာအချို့ထဲမှ တစ်ခု ဖြစ်လာ၏။

ယနေ့တွင် နတ်ဘုရားများကို သုတ်သင်ခြင်းအား အခပေးအဖြစ် စ‌ရောင်းမည်ဖြစ်ပြီး လစဉ် မဲများ လိုအပ်သည်ဟု သူ ကြားခဲ့သည်။

ထိုအကြောင်းအရာများကို သူ စိတ်မဝင်စားပါ။ သို့သော် သူ အခန်းလွတ်ကို ဖတ်မိသောအခါ တစ်ကိုယ်လုံး တောင့်တင်း သွားရသည်။

*ဒါက ကဗျာလား*

ဘာသာစကား ပရော်ဖက်ဆာ ဖြစ်သောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုကဗျာက တစ်ခါမှ မမြင်ဖူးသော ကိုယ်ပိုင်လက်ရာ ဖြစ်ကြောင်း ပြောနိုင်ပါသည်။

*အခုလို ခေတ်မီနေတဲ့ ခေတ်ကြီးမှာ တစ်ယောက်ယောက်က ဒီလိုကဗျာမျိုး ရေးနိုင်တာလား၊ ကောင်းလိုက်တဲ့ စာပေ စွမ်းရည်ပါလား*

“အံ့ဩစရာပဲ၊ အံ့ဩဖို့ကောင်းတယ်”

သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲကာ မျက်လုံးတွင် မျက်ရည်များ ဝေ့နေ၏။ အစက ကောင်းမွန်သော တရုတ် စာပေက ယနေ့ခေတ်တွင် ပျောက်ဆုံးနေပြီဟု မနေ့ကအထိ သူ ထင်ခဲ့မိသည်။ ဤကဗျာက တချို့သော ဂန္ထဝင်လက်ရာများကိုပင် အရှက်ရစေလောက်ပြီး မျိုးဆက်အလိုက် လက်ဆင့်ကမ်း‌ တည်ရှိမည့် လက်ရာဟု မြင်ယောင်နေသည်။

All Chapters