အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) လမ်းမပေါ်မှ သွေးထွက်သံယိုပွဲ
နယ်ပယ်အဆင့်ကို ချိုးဖျက်သွားချေပြီ။
စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်မှာ အမှန်တကယ်ပင် နှေးကွေးပြီး တည်ငြိမ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ အခြားသူများအတွက်ဆိုလျှင် ဤကျင့်စဉ်၏ အဆင့်တစ်ဆင့်တည်းကိုပင် ချိုးဖျက်နိုင်ရန် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူရလိမ့်မည်။
သို့သော် ချန်မူအတွက်မူ မလိုအပ်ချေ။ သူ၏လက်ထဲတွင် အတွင်းအားကတ်များ ရှိနေသည် မဟုတ်လော။
လုံလောက်သော အတွင်းအားကတ်များ ရှိနေသရွေ့ လိပ်တစ်ကောင်ပင်လျှင် ယုန်တစ်ကောင်ထက် ပိုမြန်အောင် ပြေးနိုင်ချေမည်။
"ကံမကောင်းတာက မြွေစိမ်းဂိုဏ်းနဲ့ သွေးဝံပုလွေဂိုဏ်းတိုက်ပွဲမှာ သိုင်းသမား သုံးယောက်... အဲ... လေးယောက်ပဲ သေသွားတာပဲ...."
အတွင်းအားကတ် သုံးကတ်ဆိုသည်မှာ သိုင်းသမား သုံးယောက်ပင်။
ဝိညာဉ်မြွေခြေလှမ်းမှတ်တမ်းတင်ထားသော ကျွမ်းကျင်မှုစွမ်းရည်ကတ်မှာ သိုင်းသမားတစ်ယောက်ဆီမှ ကောက်ယူရရှိခဲ့ခြင်း ဖြစ်နိုင်ခြေအများဆုံးပင်။
ဤသိုင်းကွက်ကို အတွင်းအားနှင့် ပေါင်းစပ်အသုံးပြုမှသာလျှင် ၎င်း၏ အပြည့်ဝဆုံးစွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်၏။
...
ယေဘုယျအားဖြင့်ဆိုရလျှင် မြွေစိမ်းဂိုဏ်းနှင့် သွေးဝံပုလွေဂိုဏ်းတို့၏ တိုက်ပွဲကို ချန်မူ အလွန် သဘောကျကျေနပ်မိသည်။
မြို့ထဲသို့ အပြန်လမ်းတွင် သူ ကောက်ရခဲ့သော ခွန်အားကတ်များကို အသုံးပြု၍ သူ၏ ခွန်အားကို စနစ်တကျ တိုးမြှင့်လိုက်ပြန်သည်။
ထို့နောက် အဝေးမှ သင်္ချိုင်းကုန်းကို မြင်လိုက်ရသဖြင့် သူ လမ်းလွှဲကာ သွားလိုက်သည်။
ရလဒ်အနေဖြင့်...
[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]
'ဟင်...'
'အလောင်းက ဘယ်မှာလဲ...'
ချန်မူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သည့် အလောင်းကိုမျှ မတွေ့ရချေ။
ယခုက သင်္ချိုင်းကုန်းနှင့် မီတာအနည်းငယ်မျှ ဝေးကွာပြီး ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေကာ မြေရိုင်းတစ်ခုထဲတွင် ဖြစ်သည်။
"နေဦး... ဒီနားက မြေကြီးတွေကို တူးဆွထားတာလား..."
ချန်မူ၏ အကြည့်က သူ၏ ဘယ်ဘက် သုံးမီတာအကွာရှိ မြေကွက်တစ်ခုပေါ်သို့ ရုတ်တရက် ကျရောက်သွားခဲ့သည်။
သူက ရှေ့သို့တိုးသွားပြီး ဆောင့်ကြောင့်ထိုင်ကာ စစ်ဆေးကြည့်လိုက်ရာ တကယ်ပင် မြေကြီးများကို တူးဆွထားကြောင်း တွေ့လိုက်ရ၏။
"ဒီအောက်မှာ အလောင်းမြှုပ်ထားတာလား..."
"ဒါပေမဲ့ ငါက ဒီကနေ သုံးမီတာအကွာမှာ ရပ်နေတာလေ။ ဒါကို ဘယ်လိုလုပ်ပြီး ကောက်ယူနိုင်တာလဲ..."
ချန်မူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အလိုအလျောက်ပင် ခွန်အားကတ်တစ်ခုကို ကောက်ယူလိုက်သည်။
ထို့နောက် သူက မတ်တပ်ရပ်ကာ သင်္ချိုင်းကုန်းဆီသို့ လျှောက်သွားလိုက်လေသည်။
အနည်းငယ် စမ်းသပ်ပြီးနောက် ချန်မူ တွေ့ရှိလိုက်ရသည်မှာ လုပ်ဆောင်ချက်ကတ်ပြားများ ကောက်ယူနိုင်သည့် အကွာအဝေးမှာ တကယ်ပင် ကျယ်ပြန့်လာခဲ့ကြောင်းပင်။
လေးမီတာအထိ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်၏။
"ဒါ ငါ့ရဲ့ နယ်ပယ်အဆင့်ကို ချိုးဖျက်လိုက်လို့ ဖြစ်သွားတာလား..."
ချန်မူက အတွေးများထဲ နစ်မြောသွားရသည်။
'သိုင်းပညာ ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ဒုတိယအဆင့်မှာတင် ကောက်ယူနိုင်တဲ့ အကွာအဝေးက လေးမီတာ ဖြစ်နေပြီ...'
'တကယ်လို့ ခန္ဓာသွန်းလောင်းခြင်း ဆဋ္ဌမအဆင့်၊ အဋ္ဌမအဆင့်လောက် ရောက်သွားရင် ဒါမှမဟုတ် နယ်ပယ်အဆင့်ကို ချိုးဖျက်ပြီး မွေးရာပါသိုင်းသခင်နယ်ပယ်ကို ရောက်သွားရင် ကောက်ယူနိုင်တဲ့ အကွာအဝေးက မီတာ ၁၀၀ ကျော်လောက် ဖြစ်သွားနိုင်တာပေါ့...'
'သတင်းကောင်းပဲ...'
မြို့ပြင်ရှိ အလောင်းများကို ယေဘုယျအားဖြင့် အလွန်နက်ရှိုင်းစွာ မြှုပ်နှံလေ့မရှိသော်လည်း နက်ရှိုင်းသော တွင်းများလည်း အတော်လေး ရှိနေသေးချေသည်။
ထို့အပြင် အစိုးရက မြို့ထဲမှ ယူဆောင်လာသော အလောင်းများကိုဆိုလျှင် ချန်မူက အနားသို့ ကပ်၍မရသကဲ့သို့ ကောက်ယူရန်လည်း မဖြစ်နိုင်ချေ။
'တကယ်လို့ ကောက်ယူနိုင်တဲ့ အကွာအဝေးသာ ကျယ်ပြန့်လာမယ်ဆိုရင်... နံရံတွေကို ဖြတ်ပြီးတော့တောင်မှ ပစ္စည်းတွေကို ကောက်ယူနိုင်မှာမဟုတ်လား...'
...
မြို့ထဲသို့ ပြန်ရောက်သောအခါ ချန်မူသည် ချန်ဖျင်ရပ်ကွက်ရှိ ဓားမကြီးဂိုဏ်း၏ အခြေစိုက်စခန်းသို့ သွားလိုက်သည်။
မြွေစိမ်းဂိုဏ်းနှင့် သွေးဝံပုလွေဂိုဏ်းတို့၏ ဂိုဏ်းစစ်ပွဲ ပြီးဆုံးသွားပြီဖြစ်ရာ ဓားမကြီးဂိုဏ်းက လှုပ်ရှားလာတော့မည်ဟု မျှော်လင့်ရသည်။
တကယ်ပင်။
အခြေစိုက်စခန်းတွင် အတန်ကြာ စောင့်ဆိုင်းပြီးနောက် ဟွမ်ဖေးယန်က ဓားမကြီးဂိုဏ်း၏ ဌာနချုပ်သို့ အစည်းအဝေး သွားတက်လေသည်။
သူ ပြန်ရောက်လာချိန်တွင်တော့ လူအားလုံးကို စုရုံးလိုက်၏။
"ညီအစ်ကိုတို့... ဒီည ငါတို့ လှုပ်ရှားဖို့ ခေါင်းဆောင်က အမိန့်ပေးလိုက်ပြီ..."
ဟွမ်ဖေးယန်က လူအုပ်ကြီးကို မျက်နှာမူကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။ "ဒီတစ်ခါ ငါတို့ရဲ့ ပန်းတိုင်က ချန်လယ်လမ်းကို သိမ်းပိုက်ဖို့ပဲ..."
"ချန်လယ်လမ်းကို သိမ်းပိုက်ကြ... ချန်လယ်လမ်းကို သိမ်းပိုက်ကြ..."
အောက်ခြေရှိ နောက်လိုက်များက သူတို့၏ အသံများကို မြှင့်တင်ကာ တစ်သံတည်း အော်ဟစ်လိုက်ကြသည်။
ချန်လယ်လမ်းကို သိမ်းပိုက်ပြီးသည်နှင့် အကျိုးအမြတ်ဖြစ်ထွန်းမည့် အခွင့်အလမ်းများစွာ ရရှိလာမည် ဖြစ်သည်။
ဂိုဏ်းဝင်ကြသူတွေအားလုံးက ပိုက်ဆံအတွက် လုပ်ကြတာမဟုတ်လော။
ချန်မူက ထောင့်တစ်နေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး လူအုပ်ကြီးကို စောင့်ကြည့်နေခဲ့သည်။
ဟွမ်ဖေးယန် ယာယီခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်းတွင် ချန်မူ ဂိုဏ်းထဲသို့ လာရောက်သည့်အကြိမ်အရေအတွက် ပို၍ပင် နည်းပါးသွားခဲ့သည်။
အကယ်၍ ဟွမ်ဖေးယန်သာ တရားဝင် ခေါင်းဆောင်ဖြစ်လာပါက ချန်မူ လာနေစရာပင် မလိုတော့ချေ။
ထို့ကြောင့်.....
ကိုယ်ရေးကိုယ်တာအတွက်ပဲဖြစ်ဖြစ်၊ အများအကျိုးအတွက်ပဲဖြစ်ဖြစ် ဓားမကြီးဂိုဏ်းတွင် ဟွမ်ဖေးယန် အခိုင်အမာ ခြေကုပ်ယူနိုင်ရန် သူ ကူညီပေးရမည် ဖြစ်၏။
...
ညချမ်းအချိန်သို့ ရောက်ရှိလာလေပြီ။
ဈေးအသီးသီးတွင် ပြန့်ကျဲနေသော ဓားမကြီးဂိုဏ်းသားများက တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြပြီး သွေးဝံပုလွေဂိုဏ်းကို တိုက်ခိုက်နေကြသည်။
ဟွမ်ဖေးယန်က ဦးဆောင်ကာ ချန်ဖျင်ရပ်ကွက်မှ ဓားမကြီးဂိုဏ်းသားများကို ရှေ့တန်းမှ ခေါ်ဆောင်လာခဲ့သည်။
"သတ်..."
"ဒီခွေးကောင်တွေကို သတ်စမ်း..."
"သေလိုက်စမ်း ဝံပုလွေပေါက်စတွေ..."
...
လမ်းမများပေါ်တွင် သတ်ဖြတ်ရန် အော်ဟစ်သံများ နေရာအနှံ့ ထွက်ပေါ်လာပြီး သွေးများကလည်း နေရာအနှံ့သို့ ပန်းထွက်နေချေသည်။
ဟွမ်ဖေးယန်က ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ သူ၏ လက်မောင်းကြွက်သားများက ဖောင်းကြွနေပြီး ကြမ်းတမ်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
သူ၏ ဓားချက်ထိသွားသော နေရာတိုင်းတွင် မည်သည့် သွေးဝံပုလွေဂိုဏ်းသားကမျှ တစ်ချက်ပင် ခံနိုင်ရည်မရှိဘဲ နှစ်ပိုင်းပိုင်းခံရခြင်း သို့မဟုတ် အရိုးများ ကျိုးကြေသွားခြင်းတို့ကို ကြုံတွေ့ကြရသည်။
ချန်မူကလည်း ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင်ကာ ဟွမ်ဖေးယန်၏ အနောက်မှ လိုက်ပါလာခဲ့သည်။
သူ၏ ပြီးပြည့်စုံသော ဝိညာဉ်မြွေခြေလှမ်းကြောင့် လူအုပ်ကြားထဲတွင် အားစိုက်စရာမလိုဘဲ လွတ်လပ်စွာ ရွေ့လျားနိုင်ကာ အခြားသူများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ပြီး ပန်းထွက်လာသော သွေးစက်များပင် သူ၏ ကိုယ်ပေါ်သို့ မစင်အောင် ရှောင်နိုင်ချေသည်။
သူက ရံဖန်ရံခါ ဓားကို ဝှေ့ယမ်းလေ့ရှိသော်လည်း အားပါလှသည်တော့ မဟုတ်ပေ။ အများစုမှာ ဟွမ်ဖေးယန်ကို ကာကွယ်ပေးရန်အတွက်သာ ၎င်းကို အသုံးပြုခြင်း ဖြစ်၏။
ချန်မူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူသာ အစွမ်းကုန် အသုံးပြုပါက လူတစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းနိုင်သည်။
သို့သော် ကိုယ့်စွမ်းအားကို စောစောစီးစီး ထုတ်ပြခြင်းက အကျိုးကျေးဇူးထက် ဆိုးကျိုးကသာ ပိုများပေသည်။
ဓားမကြီးဂိုဏ်းက ဓားမကြီးဂိုဏ်းတော်မဟုတ်ချေ။ (ဂိုဏ်းအမည် ဆင်တူသော်လည်း အဆင့်အတန်း ကွာခြားကြောင်း ဆိုလိုသည်)
ထို့အပြင် ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ဖြင့် မြေအောက်ဂိုဏ်းသားတစ်ယောက် ဖြစ်ရခြင်းကလည်း ကောင်းသောအရာ မဟုတ်ချေ။
ဟွမ်ဖေးယန်ကလည်း ဤကိစ္စကို လောလောဆယ်တွင် ထုတ်မပြောရန် ချန်မူကို မှာကြားထားပြီး ဖြစ်သည်။
...
ရွှစ်... ရွှစ်...
ဘုတ်... ဘုတ်... ဘုတ်...
ရုတ်တရက် စူးရှသော အသံတစ်သံနှင့်အတူ တုံးတိတိအသံများ ထွက်ပေါ်လာခဲ့သည်။ ဓားမကြီးဂိုဏ်းသား အချို့မှာ အော်ဟစ်လျက် အနောက်သို့ လွင့်စင်သွားကာ နံရံနှင့် ဝင်တိုက်မိပြီး အရိုးများ ကျိုးကြေသွားသည့် အသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
သို့သော် သွေးဝံပုလွေဂိုဏ်းဘက်မှ ပိန်ပိန်ပါးပါးနှင့် ကြွက်သားအပြည့်ရှိသော လူတစ်ယောက်က ကွမ်းသီးပုံသဏ္ဍာန် သံတုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်လျက် ဆံပင်များ ဖရိုဖရဲဖြင့် ဟွမ်ဖေးယန်ဆီသို့ ပြေးဝင်လာလေသည်။
"စွန်းခွေ့..."
ဟွမ်ဖေးယန်၏ သူငယ်အိမ်များက ကျုံ့သွားပြီး ဟိန်းဟောက်သံနှင့်အတူ ရှည်လျားသော ဓားကိုဝှေ့ယမ်းကာ ပြန်လည်ရင်ဆိုင်ရန် ပြေးဝင်သွားလိုက်သည်။
ရှည်လျားသော ဓားနှင့် သံတုတ်ကြီးတို့ လေထဲတွင် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မီးပွားများ လွင့်စင်ထွက်လာချေသည်။
နောက်တစ်ခဏ၌ ဓားချက်များနှင့် တုတ်ချက်များက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာကြသည်။
ဟွမ်ဖေးယန်နှင့် စွန်းခွေ့တို့က ရိုင်းစိုင်းကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြခြင်းပင်။
မည်သည့် အထူးသိုင်းကွက်များမှ မပါဝင်ဘဲ လှုပ်ရှားမှုတိုင်းက ပြိုင်ဘက်၏ အသက်အန္တရာယ်ရှိသော နေရာများကိုသာ ရည်ရွယ်ကြသည်။
အရူးစွန်းဟု နာမည်ပြောင်ရထားသော စွန်းခွေ့မှာ သွေးဝံပုလွေဂိုဏ်း၏ ဂိုဏ်းခွဲမှူး ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်၏။
ရှင်းယုံ ချန်ဖျင်ရပ်ကွက်ကို ကြီးကြပ်စဉ်က သူတို့နှစ်ဖွဲ့သည် နှစ်အတော်ကြာ တိုက်ပွဲဖြစ်ခဲ့ကြရသည်။
ယခု ဟွမ်ဖေးယန် ကြီးကြပ်သည့်အခါ အရှိန်အဟုန်က ပို၍ပင် ပြင်းထန်လာချေသည်။
တစ်ယောက်က တောင်ဆင်းကျား... အခြားတစ်ယောက်က အရူးစွန်း.....
သူတို့နှစ်ဦး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး သူတို့၏ အင်အားများက အကြိတ်အနယ် ရှိလှသည်။
သို့သော် တိုက်ရည်ခိုက်ရည်အရဆိုလျှင် စွန်းခွေ့က အများကြီး ပိုသာနေကြောင်း ချန်မူ တွေ့ရှိလိုက်ရသည်။ သူ၏ ရူးသွပ်နတ်ဆိုးတုတ်သိုင်းမှာ အဆင့်မြင့်တစ်ခုသို့ ရောက်ရှိရန် သိပ်မလိုတော့ချေ။
ဟွမ်ဖေးယန်ကတော့ လော့ယွင်သိုင်းကျောင်းတော်တွင် ဓားသိုင်းမဟုတ်ဘဲ လက်ဝါးသိုင်းကို သင်ယူခဲ့ခြင်း ဖြစ်သည်။ ဓားကိုအသုံးပြုရန်အတွက် ဓားသိုင်းတစ်ခု လိုအပ်လေသည်။
ယခု သူက ဓားသိုင်းမတတ်ဘဲ စွန်းခွေ့ကို ယှဉ်တိုက်နိုင်ခြင်းမှာ ငယ်ရွယ်ခြင်း၊ သန်မာခြင်း၊ ခွန်အားအပြည့်ရှိခြင်းနှင့် တိုက်ပွဲဝင်ရာတွင် အကြောက်အလန့်မရှိခြင်းတို့ကြောင့် ဖြစ်၏။
သေချာသည်က နှစ်ပေါင်းများစွာ ဂိုဏ်းများတွင် ပါဝင်ပတ်သက်ပြီးနောက် ဓားကို ပိုမိုမြန်ဆန်၊ ပိုမိုတိကျကာ ပိုမိုရက်စက်စွာ အသုံးပြုတတ်ရန်ကလည်း အရေးကြီးလှသည်။
အကယ်၍ နှိုင်းယှဉ်ရမည်ဆိုပါက ဟွမ်ဖေးယန်က ကြမ်းတမ်းပြီး ရက်စက်လှသည်။
စွန်းခွေ့ကတော့ အရူးတစ်ယောက်ပင်။ သူက ရူးသွပ်နေလေပြီ။
သူတို့နှစ်ယောက်စလုံးမှာ သေရမည်ကို မကြောက်ဘဲ တိုက်ခိုက်မည့် အမျိုးအစားများ ဖြစ်ကြ၏။
ထို့ကြောင့် နောက်ဆုံးရလဒ်မှာ အကြိတ်အနယ်ပင် ဖြစ်နေဦးမည်။
ယခင်က ရှင်းယုံရှိစဉ်က စွန်းခွေ့ကို အနိုင်ယူရန် ဟွမ်ဖေးယန်နှင့် ပူးပေါင်းခဲ့ကြရသည်။
အခု ရှင်းယုံမှ မရှိတော့တာ...
ရွှစ်...
ချန်မူ၏ ရှည်လျားသော ဓားက ရုတ်တရက် တိကျစွာဖြင့် ထိုးထွက်သွားပြီး ဓားသွားက စွန်းခွေ့၏ ညာဘက်ခါးကို ဖောက်ခနဲ ထိုးဖောက်ဝင်ရောက်သွားရာ ဆိုးရွားသော ဒဏ်ရာတစ်ခု ရရှိသွားပြီး သွေးများ ပန်းထွက်လာရသည်။
သံတုတ်ကြီးဖြင့် လွှဲရိုက်လိုက်ခါစဖြစ်သော စွန်းခွေ့မှာ ရုတ်တရက် တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်သွားခဲ့သည်။
ရွှစ်...
သို့သော် သူ၏ ဒဏ်ရာများကို ဂရုမစိုက်ဘဲ စွန်းခွေ့က ချန်မူကို တုတ်ဖြင့် လွှဲရိုက်လိုက်သည်။
တိုက်ခိုက်မှု အောင်မြင်သွားပြီဖြစ်ရာ ချန်မူက အနောက်သို့ ဆုတ်လိုက်ပြီး စွန်းခွေ့နှင့် အကွာအဝေးတစ်ခု ခြားထားလိုက်၏။
ထို့နောက် ဟွမ်ဖေးယန်က အခွင့်အရေးကို အရယူကာ သူ၏ ဓားဖြင့် ခုတ်ချလိုက်သည်။ ပဲ့နေပြီဖြစ်သော ဓားသွားက အေးစက်သောအလင်းများ တောက်ပလျက် စွန်းခွေ့၏ ရင်ဘတ်ကို ရွှစ်ခနဲ ထိမှန်သွားရာ သွေးများ ပန်းထွက်လာပြီး နံရိုးများ ပြတ်တောက်သွားကာ စွန်းခွေ့မှာ ဟန်ချက်ပျက်၍ အနောက်သို့ ယိုင်ကျသွားရသည်။
ဟွမ်ဖေးယန်၏ လက်များက မရပ်တန့်သွားချေ။ စွန်းခွေ့ထံသို့ အမီလိုက်သွားရင်း သူ၏ လက်ထဲရှိ ရှည်လျားသော ဓားက အေးစက်သော အလင်းတန်းများ လက်ကနဲ လက်ကနဲ ထွက်ပေါ်နေပြီး လျင်မြန်ပြင်းထန်စွာ ခုတ်ချလိုက်ရာ ဓားချက်တိုင်းက စွန်းခွေ့ကို ထိမှန်နေခဲ့သည်။
နောက်ဆုံး ဓားချက်က စွန်းခွေ့၏ လည်ပင်းကို ဖြတ်တောက်သွား၏။
'ဖောက်...'
နီရဲနေသော သွေးများက ပန်းထွက်လာပြီး ရုပ်ဆိုးလှသော ခေါင်းကြီးတစ်ခုက အပေါ်သို့ လွင့်တက်သွားလေသည်။
ခေါင်းကြီး မြေပြင်ပေါ်သို့ မကျမီမှာပင် ဟွမ်ဖေးယန်က လှမ်းဖမ်းလိုက်ပြီး သူ၏ လက်ထဲတွင် ကိုင်မြှောက်ထားလိုက်ပြီး ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေသော လူအုပ်ကြီးကို မျက်နှာမူကာ "စွန်းခွေ့ သေပြီဟေ့..." ဟု သူက အော်ဟစ်လိုက်သည်။
"စွန်းခွေ့ သေပြီဟေ့..."
အနောက်မှ ကပ်လျက်လိုက်လာသော ချန်မူကလည်း အသံကျယ်ကျယ်ဖြင့် လိုက်အော်လိုက်၏။
"ဟား... ဟား... စွန်းခွေ့ သေပြီဟေ့..."
"စွန်းခွေ့ သေပြီဟေ့..."
အခန်း ၁၁ပြီး၏။