အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) ကတ်ပြားအသစ် - မှတ်ဉာဏ်ကတ်ပြား
"စွန်းခွေ့ သေပြီဟေ့..."
ဓားမကြီးဂိုဏ်းသားများက တစ်ယောက်ပြီးတစ်ယောက် လိုက်အော်ကြ၏။
အသက်သုံးကြိမ်ရှူစာ အချိန်မတိုင်မီမှာပင် လမ်းမကြီးတစ်ခုလုံး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားပြီး ကျယ်လောင်သောအသံကြီးက ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။
ထိုအော်ဟစ်သံများကြောင့် ခုခံကာကွယ်နေရသော သွေးဝံပုလွေဂိုဏ်းသားများမှာ ထိတ်လန့်တကြားဖြင့် နောက်လှည့်ကာ ထွက်ပြေးကြတော့သည်။
စွန်းခွေ့ သေသွားပြီဆိုမှတော့ သူတို့ ဆက်တိုက်နေလို့ ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
ကိုယ့်အသက်ကိုယ် ကာကွယ်ခြင်းက အရေးအကြီးဆုံးပင်။
"ငါတို့ နိုင်ပြီဟေ့..."
"ငါတို့ နိုင်ပြီ..."
"..."
ဓားမကြီးဂိုဏ်းသားများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။
ဤတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ နယ်မြေလုယူရန်နှင့် ချန်လယ်လမ်းကို သိမ်းပိုက်ရန်သာဖြစ်ပြီး ဂိုဏ်းစစ်ပွဲ ဆင်နွှဲရန် မဟုတ်ချေ။
ထို့ကြောင့် သွေးဝံပုလွေဂိုဏ်းသားများ ရှုံးနိမ့်ပြီး ဆုတ်ခွာသွားခြင်းကို ဂရုစိုက်နေစရာမလိုဘဲ ချန်လယ်လမ်းကို သိမ်းပိုက်ရန်ကသာ အဓိက ရည်ရွယ်ချက် ဖြစ်၏။
"ဟား... ဟား..."
လောင်ကျိုးက စိတ်အားထက်သန်စွာဖြင့် လက်သီးကိုဆုပ်ကာ "ခေါင်းဆောင်ဟူက အမိုက်စားပဲဟေ့..." ဟု အော်ဟစ်လိုက်သည်။
"ခေါင်းဆောင်ဟူက အမိုက်စားပဲဟေ့..."
အခြားသူများကလည်း ဝင်ရောက်အော်ဟစ်ကြပြီး သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေကြသည်။ ဟွမ်ဖေးယန်ကို ကြည့်သော သူတို့၏ အကြည့်များတွင် ကြည်ညိုလေးစားမှု၊ အားကျမှုနှင့် မနာလိုမှုများပင် ပါဝင်နေချေသည်။
ရှင်းယုံ ခေါင်းဆောင်ဖြစ်စဉ်က စွန်းခွေ့နှင့် နှစ်အတော်ကြာ တိုက်ခိုက်ခဲ့သော်လည်း အသာစီး မရခဲ့ချေ။
ဟွမ်ဖေးယန်က အာဏာရရချင်း ပထမဆုံးလုပ်ရပ်အနေဖြင့် စွန်းခွေ့၏ ခေါင်းကို ဖြတ်နိုင်ခဲ့ခြင်းပင်။
ဒီစွမ်းဆောင်ရည်ကို ဘယ်သူကများ ငြင်းဆန်ရဲမည်နည်း။
"ခေါင်းဆောင်ဟူက အမိုက်စားပဲဟေ့..."
"ခေါင်းဆောင်ဟူက အမိုက်စားပဲဟေ့..."
"..."
တစ်သံတည်းသော အော်ဟစ်သံများက လမ်းမကြီးတစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။
ချွေးများရွှဲနစ်ကာ အပြင်းအထန် အမောဆို့နေသော ဟွမ်ဖေးယန်၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေခဲ့သည်။
သို့သော် ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးပင်။
သူက စွန်းခွေ့ကို သတ်နိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် ချန်မူက သေသေချာချာ ပူးပေါင်းပါဝင်ပေးခဲ့သောကြောင့် ဖြစ်၏။
အကယ်၍ ချန်မူ၏ အကူအညီမပါဘဲ သူတစ်ယောက်တည်းဆိုလျှင် အနိုင်ရနိုင်မည် မဟုတ်ချေ။
ထိုအကြောင်းကို တွေးမိသောအခါ ဟွမ်ဖေးယန်က ချန်မူကို လှည့်ကြည့်လိုက်သည်။
"ခေါင်းဆောင်ဟူက အမိုက်စားပဲဟေ့..." ချန်မူက ပြုံးရွှင်စွာဖြင့် လူအုပ်ကြီးနှင့်အတူ ရောယောင် အော်ဟစ်နေလိုက်သည်။
ဟွမ်ဖေးယန် "..."
...
ဆူညံသံများ ငြိမ်သက်သွားပြီးနောက် လူတိုင်းက ရှင်းလင်းရေးများ စတင်လုပ်ဆောင်လိုက်ကြသည်။
ဓားမကြီးဂိုဏ်းဘက်မှ မည်သူမျှ မသေဆုံးခဲ့သော်လည်း ငါးယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။
စွန်းခွေ့ အပါအဝင် သွေးဝံပုလွေဂိုဏ်းမှ အဖွဲ့ဝင် ခြောက်ယောက် သေဆုံးသွားရသည်။
ထို့ကြောင့် ချန်မူသည်လည်း ကတ်ပြားခြောက်ကတ်ကို ကောက်ယူရရှိခဲ့သည်။
စွမ်းအင်ကတ် သုံးခု၊ သက်လုံကတ် နှစ်ခုနှင့် ခွန်အားကတ် တစ်ခုတို့ ဖြစ်ကြသည်။
ရိတ်သိမ်းရရှိမှုက အတော်အသင့်ပင်။ ဤတစ်ကြိမ်တွင် ဓားမကြီးဂိုဏ်းက သူတို့အဖွဲ့ကိုသာ စေလွှတ်လိုက်ခြင်းမဟုတ်ဘဲ အခြားမြို့များရှိ ဂိုဏ်းများကလည်း နယ်မြေလုယူရန် အခွင့်အရေးကို အသုံးချနေကြခြင်း ဖြစ်သည်။
သေကျေဒဏ်ရာရမှုက မလွဲမသွေ ရှိလာမည်ဖြစ်၏။
တကယ်ပင်။
ချန်မူ တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ခုစီသို့ ရောက်ရှိသွားချိန်တွင် တိုက်ပွဲများအားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး မြေပြင်ပေါ်တွင် အလောင်းများသာ ကျန်ရစ်ခဲ့လေသည်။
[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]
'လုပ်မယ်...'
[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]
'လုပ်မယ်...'
...
ချုံပုတ်များ နောက်ကွယ် သို့မဟုတ် နံရံများ နောက်ကွယ်မှနေ၍ ချန်မူက အလောင်းများကို ဆက်လက် ကောက်ယူနေချေသည်။ ဧရိယာတစ်ခုလုံးကို ပတ်ပြီးနောက် ကတ်ပြား သုံးဆယ့်တစ်ကတ်ကို ရရှိခဲ့သည်။
ဤကတ်ပြားအများစုမှာ စွမ်းအင်ကတ်များနှင့် သက်လုံကတ်များ ဖြစ်ကြ၏။
ထို့အပြင် ခွန်အားကတ် သုံးကတ်နှင့် တစ်နှစ်ခွဲသက်တမ်းရှိသော ကျင့်ကြံမှုကတ်ပြား တစ်ကတ်ကို ရရှိခဲ့ပြန်သည်။
အကြီးမားဆုံး အံ့ဩစရာမှာ ကတ်ပြားအသစ်တစ်ခုဖြစ်သည့်... မှတ်ဉာဏ်ကတ်ပြားပင်။
နာမည်အရဆိုလျှင် ဤမှတ်ဉာဏ်ကတ်ပြားမှာ သေဆုံးသူ မသေဆုံးမီက မှတ်ဉာဏ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်၏။ ထိုသူ၏ တစ်သက်သာ ပထမသုံးနှစ်တာကာလ မှတ်ဉာဏ်များသာ ပါဝင်သော်လည်း ၎င်းက ချန်မူကို ကြီးမားသော ဝမ်းမြောက်မှုတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသော ကျိကန်းအမည်ရှိ သွေးဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်ငယ်က လွန်ခဲ့သော နှစ်နှစ်က သိုင်းကွက်တစ်ခုကို မမျှော်လင့်ဘဲ ရရှိခဲ့သောကြောင့်ပင်။
'ရွှေခွဲလက်ဝါး....'
နောက်ဆုံးတွင် ချန်မူဆီ၌ တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်သော သိုင်းကွက်တစ်ခု ရှိလာပြီဖြစ်သည်။
၎င်းမှာ ကျွမ်းကျင်မှုစွမ်းရည်ကတ်မှတစ်ဆင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ တိုက်ရိုက် ကူးယူ၍ မရနိုင်သော်လည်း သူ့ကို အလွန် ဝမ်းသာစေသေးချေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင် ကျင့်ကြံမှုကတ်ပြား ရှိနေသောကြောင့် ချန်မူအတွက် သိုင်းကွက်များကို ကျင့်ကြံရန်မှာ အလွန်လွယ်ကူသောကြောင့်ပင်။
...
အရုဏ်မတက်မီ အချိန်လေးတွင်။
ကမ္ဘာမြေကို အမှောင်ထုက လွှမ်းခြုံထားဆဲပင်။
တိတ်ဆိတ်နေသော လမ်းကြားလေးတစ်ခုတွင် ချန်မူက မြွေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်မှ ဖြတ်ပြေးသွား၏။
လရောင်ကို အကူအညီယူကာ ချန်မူက နံရံများကို ကျော်ဖြတ်ပြီး လူသူကင်းမဲ့နေသော ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက်သွားလိုက်သည်။
"ကျွီ..."
ထို့နောက် ချန်မူက သော့မခတ်ထားသော တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး မှောင်မိုက်နေသော အခန်းထဲသို့ ဝင်သွားလေသည်။
'ဖျစ်...'
မီးခတ်ကျောက်ကို ခတ်လိုက်၏။
မှိန်ပျပျ အလင်းရောင်ကို အသုံးပြု၍ ချန်မူက စားပွဲတစ်လုံး၏ ထောင့်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထို့နောက် ဗီရိုတစ်ခုကို ဘေးသို့ရွှေ့ကာ ဆောင့်ကြောင့်ထိုင်ပြီး ထောင့်တစ်နေရာကို စမ်းသပ်ကြည့်လိုက်ပြီး ကျောက်အုတ်တစ်ချပ်ကို ထုတ်ယူလိုက်သည်။
သူက ထိုအုတ်ခဲကို ဘေးသို့ဖယ်ထားလိုက်ပြီး နံရံရှိ အပေါက်ထဲသို့ လက်နှိုက်ကာ အထုပ်ငယ်တစ်ခုကို ဆွဲထုတ်လိုက်ပြန်သည်။
အထုပ်ကို ဖွင့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ ငွေတုံးငါးတုံးဖြစ်ပြီး ၎င်းနောက်တွင် ငွေစက္ကူ ဒါဇင်ကျော်နှင့် အောက်ခြေတွင်မူ သိုင်းကျမ်းတစ်အုပ် ပါရှိနေချေသည်။
မျက်နှာဖုံးတွင်လည်း စာလုံးကြီး သုံးလုံး ရေးထား၏။
"ရွှေခွဲလက်ဝါး..."
"..."
သိုင်းကျမ်းကို ရရှိသွားသောအခါ ချန်မူက ပြုံးမနေဘဲ မနေနိုင်တော့ချေ။
ဤသည်မှာ တိုက်ခိုက်ရေး သိုင်းကွက်တစ်ခုဖြစ်ပြီး ကျိကန်း၏ မှတ်ဉာဏ်များအရ ရွှေခွဲလက်ဝါးမှာ အတော်လေး အစွမ်းထက်ပုံရသည်။
အကယ်၍ နယ်ပယ်အဆင့်များကို ချိုးဖျက်နိုင်သော အတွင်းအားကျင့်စဉ်များက အင်အားစုတစ်ခု၏ အမာခံအုတ်မြစ်ဆိုလျှင်... တိုက်ခိုက်ရေးအသားပေး သိုင်းကွက်များမှာ ထိုအင်အားစုများ၏ ဓားများနှင့် လက်နက်များပင်။
အတွင်းအားရှိပြီး တိုက်ခိုက်ရေးသိုင်းကွက်များ မရှိပါက အကောင်းဆုံးအနေအထားဖြစ်လှ ရှုံးနိမ့်မှုမရှိသော အနေအထားတွင်သာ နေနိုင်လိမ့်မည်။
ခိုင်မာစွာ ခြေကုပ်ယူနိုင်ပြီး အခြားသူများကို ခြိမ်းခြောက်နိုင်ရန်အတွက် တိုက်ခိုက်ရေး သိုင်းကွက်တစ်ခု ရှိထားရန် လိုအပ်လှသည်။
ယခု ရွှေခွဲလက်ဝါးမှာ ထိုကဲ့သို့သော သိုင်းကွက်မျိုးပင်။
ကျိကန်းက ၎င်းကို အဓိက ဖုံးကွယ်ထားရခြင်းမှာ ရွှေခွဲလက်ဝါးက သွေးဝံပုလွေဂိုဏ်း ခေါင်းဆောင်ကြီး၏ အထင်ကရ သိုင်းကွက်ဖြစ်ပြီး သွေးဝံပုလွေဂိုဏ်းတွင် ဤလက်ဝါးသိုင်းကို တတ်မြောက်သူ သုံးယောက်သာ ရှိသောကြောင့်ဖြစ်၏။
အကယ်၍ ကျိကန်းသာ ဤသိုင်းကို တတ်မြောက်သွားပါက ၎င်း၏ ဇာစ်မြစ်ကို သူ ဘယ်လိုမှ ရှင်းပြနိုင်မည် မဟုတ်တော့ချေ။
သိုင်းပညာများကို ခိုးယူလေ့လာခြင်းမှာ မည်သည့်အင်အားစုတွင်မဆို ကြီးလေးသော တားမြစ်ချက်တစ်ခု ဖြစ်၏။
...
အထုပ်ကို လုံခြုံစွာ သိမ်းဆည်းပြီးနောက် ဖယ်ထားသော ကျောက်အုတ်ကို မူလနေရာတွင် ပြန်ထားလိုက်ပြီး ဗီရိုကိုလည်း မူလနေရာသို့ ပြန်ရွှေ့ထားလိုက်သည်။
ထို့နောက် ချန်မူက အထုပ်ကိုသယ်ကာ အခန်းထဲမှထွက်ပြီး တံခါးကိုပိတ်ကာ ခြံဝင်းထဲမှ ထွက်လာခဲ့လိုက်သည်။
အိမ်ပြန်ရောက်သောအခါ...
မိုးကုပ်စက်ဝိုင်းမှ ပထမဆုံးအလင်းတန်းလေးက တိမ်ပင်လယ်ကို ထိုးဖောက်ထွက်ပေါ်လာလေပြီ။
ချန်မူက စွမ်းအင်ကတ်တစ်ခုကို အသုံးပြုလိုက်ပြီး ငွေစက္ကူများကို စိတ်လှုပ်ရှားစွာ ရေတွက်လိုက်၏။ ငွေတုံးငါးတုံးကို မပါဘဲ ငွေစက္ကူများ၏ စုစုပေါင်းပမာဏမှာ ငွေစ ၃,၅၀၀ တိတိ ရှိလေသည်။
'အလကားနေရင်း ကြီးမားတဲ့ လာဘ်ကြီး ရလိုက်တာပဲ...'
"ဒီပိုက်ဆံနဲ့ ပိုကောင်းတဲ့ ဓားတစ်လက် ဝယ်လို့ရပြီ.." ချန်မူက တွေးလိုက်မိသည်။
သံချောင်းမှ ပြုလုပ်ထားသော ဓားမြှောင်မှာ ကန့်သတ်ချက်များ ရှိချေသည်။
ထို့အပြင် ချန်မူက ဟွမ်ဖေးယန်ကို လွင့်မျောတိမ်တိုက် ကျင့်စဉ်ကို မြန်မြန်သင်ယူနိုင်စေရန် ငွေတစ်ထောင်ခန့် ပေးရန် ရည်ရွယ်ထားသည်။
ကျန်သည့်ငွေများကိုမူ ဓားဝယ်ရန်ဖယ်ထားပြီး အားလုံးကို တိတ်တဆိတ် သိမ်းဆည်းထားလိုက်၏။
ထို့နောက် ရွှေခွဲလက်ဝါးသိုင်းကျမ်းကို ဖွင့်ကာ စတင်ကျင့်ကြံလိုက်သည်။
အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ဤလက်ဝါးသိုင်းမှာ စတင်လေ့ကျင့်ရန်အတွက် အလွန်မြင့်မားသော အဆင့်သတ်မှတ်ချက် ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။
စတင်ကျင့်ကြံရန်အတွက် သက်ဆိုင်ရာ လျှို့ဝှက်ဆေးရည်ကို ဝယ်ယူပြီး လက်ဖဝါးများကို ဆေးရည်ထဲတွင် နေ့ရောညပါ စိမ်ထားခြင်းဖြင့် လက်ဖဝါး သန့်စင်ခြင်းလုပ်ငန်းစဉ် ပြီးမြောက်ရန် အကြောများ၊ အရိုးများနှင့် အရေပြားများကို လှုံ့ဆော်ပေးရမည် ဖြစ်၏။
ဤလုပ်ငန်းစဉ်က ငွေကြေးများစွာ ကုန်ကျမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ဆေးရည် တစ်ခါစိမ်လျှင် ငွေ ၃၀၀ ကုန်ကျသောကြောင့်ပင်။
သို့မဟုတ်ပါက အတွင်းအားရှိသော သိုင်းသမားတစ်ယောက် ဖြစ်နေရန်လိုပြီး ထိုအတွင်းအားကို အသုံးပြု၍ လက်ဖဝါး သန့်စင်ခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ပထမနည်းလမ်းနှင့် နှိုင်းယှဉ်ပါက အတွင်းအားကို အသုံးပြု၍ လက်ဖဝါး သန့်စင်ခြင်းမှာ နာကျင်မှု နည်းပါးရုံသာမက အချိန်လည်း ပိုသက်သာပေသည်။
သို့သော် ကျိကန်းမှာ ဂိုဏ်းခွဲမှူးခေါင်းဆောင်ငယ်တစ်ဦးသာဖြစ်ပြီး မည်သည့်အတွင်းအားကျင့်စဉ်ကိုမျှ ကျင့်ကြံထားခြင်းမရှိသလို သိုင်းသမားတစ်ယောက်လည်း မဟုတ်သောကြောင့် သဘာဝကျစွာပင် အတွင်းအားဖြင့် လက်ဖဝါး သန့်စင်ခြင်းကို လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် အထုပ်ထဲရှိ ငွေ ၃,၅၀၀ မှာ ဤသိုင်းကွက်ကို ကျင့်ကြံရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ရှင်းလင်းလှ၏။
သို့သော် ရလဒ်အနေဖြင့် ၎င်းတို့အားလုံးက ချန်မူအတွက် အကျိုးအမြတ်များ ဖြစ်လာရသည်။
...
"ခွန်အားနဲ့အတူ လေစီးကြောင်းက ရွေ့လျားတယ်... ခွန်အားက အရိုးတွေဆီ ရွေ့လျားတယ်... ပြီးတော့ အရိုးတွေက တုန်ခါမှုနဲ့အတူ ရွေ့လျားတယ်..."
အခန်းထဲတွင် ချန်မူက ရွှေခွဲလက်ဝါး၏ အကြောင်းအရာများကို တိတ်တဆိတ် ရေရွတ်နေပြီး အတွင်းအားများကို လက်နှစ်ဖက်ကြားသို့ လှုံ့ဆော်ကာ သွေးကြောများ၊ အရိုးများနှင့် အရေပြားများကို တစ်လက်မချင်းစီ ဖုံးအုပ်လိုက်၏။
ကျင့်ကြံမှုကတ်ပြားများကို အသုံးပြုရန်အတွက် သိုင်းကွက်များနှင့် ပတ်သက်သော ကြိုတင်အသိပညာ ရှိထားရန် လိုအပ်ချေသည်။
အခြေခံတက်မြောက်မှုတို့ရောက်ရှိရန် ပထမဆုံးအဆင့်မှာ လက်ဖဝါးသန့်စင်ခြင်းပင်။
ချန်မူက နံနက်မှစတင်၍ ညဘက်နှင့် မနက်အစောပိုင်းအထိ ဆက်တိုက်ဆိုသလို အတွင်းအားကို အသုံးပြုကာ လက်ဖဝါးသန့်စင်ခြင်း လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
မရပ်မနားပင်။
ထို့နောက် စွမ်းအင်ကတ်တစ်ခုကို အသုံးပြုပြီးနောက် ချန်မူက သိုင်းကျမ်းပါ ညွှန်ကြားချက်များနှင့် သရုပ်ဖော်ပုံများအတိုင်း ကျယ်ဝန်းသော အခန်းထဲတွင် သူ၏ လက်ဝါးသိုင်းကွက်များကို တစ်ကွက်ချင်းစီ လေ့ကျင့်နေခဲ့သည်။
ရွှစ်... ရွှစ်...
လက်ဖဝါးမှနေ၍ လေပြင်းများ တိုက်ခတ်လာ၏။
ထပ်ခါထပ်ခါ... အကြိမ်ကြိမ်အခါခါ။
အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းက အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာချိန်တွင်...
ဝုန်း...
ချန်မူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အတွင်းအား၏ လွှမ်းမိုးမှုအောက်တွင် သူ၏ လက်ဖဝါးများမှာ မည်းမှောင်သွားချေသည်။
ယခု၌ သူ၏ လက်များမှာ မင်ရည်ကဲ့သို့ မည်းနက်နေပြီး ဓားဖြင့်ခုတ်လျှင်ပင် ပြတ်မည် မဟုတ်တော့ချေ။
ရွှေခွဲလက်ဝါး အခြေခံ တတ်မြောက်သွားပြီ ဖြစ်၏။
အခန်း ၁၂ပြီး၏။