← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) သွေးဝံပုလွေဂိုဏ်း၏ လက်စားချေမှု

​ရွှေခွဲလက်ဝါး၏ အခြေခံအဆင့်ကို တတ်မြောက်သွားပြီဖြစ်ရာ ယခုအခါ ကျင့်ကြံမှုကတ်ပြားကို အသုံးပြု၍ ရပြီဖြစ်၏။

​ရွှစ်...

​နောက်ခဏ၌ ကတ်ပြားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။

​ချက်ချင်းပင် ချန်မူ၏ စိတ်ဝိညာဉ်နှင့် အသိအာရုံက ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်ရှိသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မျက်မြင်မရသော အလင်းလွှာတစ်ခုက ဖုံးအုပ်သွားခဲ့သည်။

​သူ၏ အသိအာရုံက ရုပ်လုံးလေးတစ်ခုအဖြစ် ပုံပေါ်လာပြီး ရွှေခွဲလက်ဝါးကို နေ့ရောညပါ အကြိမ်ကြိမ်အခါခါ မရပ်မနား သရုပ်ပြနေချေသည်။

​တကယ့် လက်တွေ့တွင်မူ သူ၏ လက်ဖဝါးနှစ်ဖက်စလုံးနှင့် လက်ဖျံ၊ အကြောများ၊ အရိုးများနှင့် အသားများမှာ မျက်မြင်မရသော စွမ်းအားတစ်ခု၏ အသွင်ပြောင်းလဲပေးမှုကြောင့် တဖြည်းဖြည်း သန်မာလာလေသည်။

​အရာအားလုံး ရပ်တန့်သွားသောအခါ ချန်မူက မျက်လုံးကို ဖွင့်လိုက်၏။ ယခု၌ သူ၏ အတွင်းအားများ လှည့်ပတ်နေခြင်းနှင့်အတူ သူ၏ လက်ဖဝါးများမှာ မည်းနက်ပြီး တောက်ပနေချေသည်။

​သူက လက်ကိုမြှောက်ကာ စားပွဲပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။

​စားပွဲပေါ်တွင် ရှင်းလင်းသော လက်ဝါးရာတစ်ခု ချက်ချင်း ပေါ်လာ၏။

​လက်ဝါးတစ်ချက်တည်းနှင့်တင် ရွှေခွဲလက်ဝါးမှာ တရားဝင် ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်ကို ရောက်ရှိသွားလေပြီ။

​ကျင့်ကြံမှုကတ်ပြားက သိုင်းပညာကို တစ်နှစ်ခွဲခန့် တိုးတက်စေခဲ့သော်လည်း တကယ့်လက်တွေ့တွင် အသက်နှစ်ကြိမ်ရှူစာ အချိန်မျှသာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။

​ဤသည်မှာ စနစ်ရှိခြင်း၏ အကျိုးကျေးဇူးပင်။

​တစ်လုံးတည်းနဲ့ပဲ ပြောရမယ်ဆိုရင်... မိုက်တယ်....

​...

​သွေးဝံပုလွေဂိုဏ်း။

​ချန်တယ်ရပ်ကွက် ဌာနချုပ်တွင် သွေးဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်ကြီး ဝူစီဟိုင်က မှောင်မိုက်နေသော မျက်နှာ၊ စူးရဲသော အကြည့်များဖြင့် "မင်း စုံစမ်းလို့ ရပြီလား..." ဟု အက်ကွဲကွဲ အသံကြီးဖြင့် မေးလိုက်၏။

​"စုံစမ်းလို့ ရပါပြီ။ ရှဲ့ဟုန်ဆီမှာ ထင်ရှားတဲ့ လက်အောက်ငယ်သား နှစ်ယောက်ရှိပါတယ်။ ယွီပေါင်လျန် နဲ့ အခုမှ ခေါင်းဆောင်ဖြစ်လာတဲ့ ဟွမ်ဖေးယန်တို့ပါ..."

​ဝေချီက ရိုသေလေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။ "ယွီပေါင်လျန်က လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က သူ့မိန်းမ ဖျားပြီး သေသွားကတည်းက နောက်အိမ်ထောင် မပြုတော့ပါဘူး။ သူ့မှာ ညီအစ်ကိုတစ်ယောက်တည်း ရှိတာကလည်း ငယ်ငယ်လေးကတည်းက သေသွားခဲ့တာ။ အခု သူက လွတ်လွတ်လပ်လပ်နဲ့ တစ်ယောက်တည်း စားသောက်နေထိုင်နေတာပါ..."

​"ဟွမ်ဖေးယန်ကတော့ သူ့ရဲ့ ငယ်ချစ်ဦးနဲ့ အခုမှ လက်ထပ်ထားတာပါ။ ပြီးတော့ ဓားမကြီးဂိုဏ်းထဲကို ဝင်လာတဲ့ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲ တစ်ယောက်လည်း ရှိပါသေးတယ်။ ဒါပေမဲ့ စုံစမ်းချက်တွေအရ ဟွမ်ဖေးယန် ခေါင်းဆောင်ဖြစ်လာပြီးကတည်းက သူ့ညီက တော်တော်လေး မောက်မာလာတယ်လို့ သိရပါတယ်။ သူက ရက်အနည်းငယ်နေမှ ဓားမကြီးဂိုဏ်းဆီကို တစ်ခါလောက် သွားတတ်ပြီး ကျန်တဲ့အချိန်တွေကို အပြင်မှာ လျှောက်လည်တာ မြို့ပြင်ကို သွားတာတွေနဲ့ပဲ အချိန်ကုန်နေတတ်တာပါ...."

​"အရမ်းကောင်းတယ်..." ဝူစီဟိုင်၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ လက်ကနဲ တောက်ပသွားရသည်။ "ယွီပေါင်လျန်က အမြဲတမ်း လူအများကြီးနဲ့ နေလေ့ရှိတော့ သူ့ကို သွားရှုပ်ဖို့ မသင့်တော်ဘူး။ ဟွမ်ဖေးယန်က အခု လတ်တလော အရမ်းအာဏာရှိနေပြီး သူ့ကို စောင့်ကြည့်နေတဲ့လူတွေ အတော်များများ ရှိတယ်။ တကယ်လို့ သူသာ သေသွားရင် ရှဲ့ဟုန်က ဒေါသတကြီးနဲ့ သူ့ညီကို သတ်ပစ်လိမ့်မယ်..."

​"ဟွမ်ဖေးယန်ကလည်း ဒေါသထွက်တာကလွဲလို့ သူ့အာဏာကို အသုံးချပြီး အကျိုးအမြတ်ရှာနေတဲ့ လူမိုက်လေးတစ်ယောက် သေသွားတာကို အရမ်းကြီး ဂရုစိုက်နေမှာ မဟုတ်ဘူး...."

​"နားလည်ပါပြီ..." ဝေချီက အသံနက်ကြီးဖြင့် ပြန်ဖြေလိုက်၏။

​"မှတ်ထား... လူကိုသတ်ပြီးရင် မြွေစိမ်းဂိုဏ်းရဲ့ နယ်မြေထဲမှာ အလောင်းကို သွားပစ်ထား...." ဝူစီဟိုင်က အေးစက်စွာ ပြောလိုက်သည်။

​"ဟုတ်ကဲ့ပါ..." ဝေချီက လက်ယှက်၍ ထပ်မံ အရိုအသေပေးလိုက်ပြန်သည်။

​ထိုသို့ကြားပြီးနောက် ဝူစီဟိုင်က လက်ကာပြလိုက်ရာ ဝေချီက ရိုသေစွာဖြင့် ဆုတ်ခွာသွားလေသည်။

​"ရှဲ့ဟုန်..."

​အခန်းထဲတွင် ဝူစီဟိုင်က မေးရိုးကိုတင်းတင်းကြိတ်ကာ ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ မျက်လုံးများတွင် အမုန်းတရားများနှင့် လူသတ်လိုသော ရည်ရွယ်ချက်များ ရောပြွမ်းနေချေသည်။

​စွန်းခွေ့က ရှင်းယုံနှင့် ဟွမ်ဖေးယန်တို့၏ ပြိုင်ဘက်ဖြစ်သကဲ့သို့ပင်...

​သွေးဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်ကြီး ဝူစီဟိုင်၏ ပြိုင်ဘက်မှာ ဓားမကြီးဂိုဏ်း၏ ခေါင်းဆောင်ကြီး ရှဲ့ဟုန် ဖြစ်သည်။

​သူတို့နှစ်ဦးက ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် မတည့်ခဲ့ကြဘဲ သူတို့၏ ရန်ငြိုးများက အလွန်နက်ရှိုင်းလှသည်။

​ဤတစ်ကြိမ်တွင် မြွေစိမ်းဂိုဏ်းနှင့် သွေးဝံပုလွေဂိုဏ်းတို့ ဂိုဏ်းစစ်ပွဲ စတင်ခဲ့ရာ ဝူစီဟိုင်က လူအများအပြား ဆုံးရှုံးခဲ့ရသည်။ ဂိုဏ်းခွဲမှူး ခေါင်းဆောင်ငယ် ခုနစ်ယောက်ရှိသည့်အနက် ယခုအခါ ဝေချီနှင့် စွန်းခွေ့ နှစ်ယောက်တည်းသာ ကျန်ရစ်တော့၏။

​ထိုအချိန်၌ မထင်မှတ်ဘဲ ဓားမကြီးဂိုဏ်းက ချက်ချင်း ဝင်တိုက်ခဲ့ပြီး စွန်းခွေ့မှာလည်း ဟွမ်ဖေးယန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

​ရုတ်တရက် ဝူစီဟိုင်တွင် ဝေချီ တစ်ယောက်တည်းသာ ကျန်ရစ်တော့ပြီး သူ၏ မူလနယ်မြေ သုံးပုံတစ်ပုံခန့်ကိုလည်း လုယူခံလိုက်ရချေသည်။

​လစ်လပ်သွားသော ဂိုဏ်းခွဲမှူးနေရာကို အောက်ခြေမှ မည်သူမဆို အစားထိုး ဝင်ရောက်နိုင်သော်လည်း...

​ဝူစီဟိုင်၏ နာကြည်းချက်က ထိုမျှလွယ်လွယ်နှင့် ပြေပျောက်သွားမည် မဟုတ်သကဲ့သို့ ဆုံးရှုံးသွားသော နယ်မြေများကိုလည်း အချိန်တိုအတွင်း ပြန်လည်ရယူနိုင်မည် မဟုတ်ချေ။

​၎င်းက ကြီးမားသော ဘဏ္ဍာရေး ဆုံးရှုံးမှုကြီးပင်။

​သူ၏ ရန်သူဟောင်း ရှဲ့ဟုန်တွင် သန်မာပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အင်အားရှိနေချိန်တွင် သူ့ဘက်၌ လက်ထောက်ခေါင်းဆောင် တစ်ယောက်တည်းသာ ကျန်ရစ်တော့ပြီး နေရာဝင်ယူမည့် ဂိုဏ်းခွဲမှူးအသစ်ကလည်း အပြည့်အဝ သစ္စာရှိမည် မဟုတ်ချေ။

​ထို့ကြောင့် ဝူစီဟိုင်က ဘယ်လိုလုပ်ပြီး မမုန်းဘဲ နေနိုင်မည်နည်း။

​မုန်းတီးနေသော်လည်း ဝူစီဟိုင်က သတိမလွတ်သွားခဲ့ပေ။

​သွေးဝံပုလွေဂိုဏ်းက တိုက်ပွဲကြီး နှစ်ပွဲကို ဆင်နွှဲခဲ့ပြီးဖြစ်ရာ တတိယမြောက်တိုက်ပွဲတစ်ခုကို ထပ်မံ စတင်နိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထပ်ဖြစ်လာပါက ဂိုဏ်း၏ တည်ရှိမှုပင် မသေချာတော့ချေ။

​ထို့ကြောင့် ဝူစီဟိုင်က နက်ရှိုင်းသော နာကြည်းချက်များကို သိမ်းဆည်းထားသော်လည်း သူ၏ လက်စားချေမည့် ပစ်မှတ်များမှာ ယွီပေါင်လျန်နှင့် ဟွမ်ဖေးယန်တို့ကဲ့သို့သော ဓားမကြီးဂိုဏ်း၏ ဂိုဏ်းခွဲမှူးများ မဟုတ်ဘဲ သူတို့၏ ပတ်ဝန်းကျင်မှ လူများသာ ဖြစ်သည်။

​အောက်ခြေအဆင့် ဂိုဏ်းသားတစ်ယောက် သေဆုံးသွားမှုအတွက် တရားခံက ဘယ်သူလဲဆိုတာကို ရှဲ့ဟုန်သိရင်တောင် သူက ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မှာမဟုတ်သလို နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် သူက ဟွမ်ဖေးယန်ကိုသာ ဖိနှိပ်ထားချေမည်။

​ဟွမ်ဖေးယန် ဒေါသထွက်လာမှာကိုတော့...

​ဒါက အရေးမပါလှ.... သူက ညီအစ်ကိုဝမ်းကွဲ တစ်ယောက်သာဖြစ်ပြီး သူ့မိန်းမကို သတ်လိုက်သည်မှ မဟုတ်တာ....

​ပြောနိုင်တာကတော့...

​ကံမကောင်းစွာဖြင့် ချန်မူ ရွေးချယ်ခံလိုက်ရပြီး ဝူစီဟိုင်၏ လက်စားချေမှု ပစ်မှတ် ဖြစ်သွားခဲ့ခြင်းပင်။

​...

​ချန်ဖျင်ရပ်ကွက်။

​သာမန် စားသောက်ဆိုင် တစ်ခုအတွင်း၌။

​"ဂုဏ်ယူပါတယ် ခေါင်းဆောင်ဟူ..."

​"ခေါင်းဆောင်ဟူက အမိုက်စားပဲဟေ့..."

​"..."

​ဓားမကြီးဂိုဏ်းသားများအတွက် ကျယ်ဝန်းသော ခန်းမထဲတွင် စားပွဲဆယ်လုံး ခင်းကျင်းထားကြသည်။ လှုပ်ရှား၍မရလောက်အောင် ပြင်းထန်စွာ ဒဏ်ရာရထားသူများမှလွဲ၍ ချန်ဖျင်ရပ်ကွက်ရှိ ဂိုဏ်းသားအားလုံး ရောက်ရှိနေကြ၏။ သူတို့က ခွက်များကိုမြှောက်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြပြီး ဟွမ်ဖေးယန် တရားဝင် ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရခြင်းကို ဂုဏ်ပြုနေကြချေသည်။

​"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့။ ဒီစကားတွေကို ရပ်ထားလိုက်ပြီး ကောင်းကောင်း စားကြသောက်ကြတာပေါ့..."

​ဟွမ်ဖေးယန်က ပျော်ရွှင်စွာ ပြုံးရွှင်လျက် အရက်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

​"ကောင်းတယ်..."

​"လာ... သောက်ကြ... သောက်ကြ..."

​"..."

​လူတိုင်းက အော်ဟစ်လိုက်ကြပြီး အရက်ခွက်များကို တညီတညွတ်တည်း မြှောက်လိုက်ကြသည်။

​ချန်မူက လူအုပ်ကြားထဲတွင် ရောနှောနေပြီး အနည်းငယ်သာ သောက်လိုက်ခေသည်။

​စွန်းခွေ့ကို သတ်ပြီး ချန်လယ်လမ်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ဟွမ်ဖေးယန်၏ ဂိုဏ်းခွဲမှူးနေရာမှာ ခိုင်မြဲသွားခဲ့ပြီး ခေါင်းဆောင်ကြီး ရှဲ့ဟုန်ကိုယ်တိုင်က သူ့ကို တရားဝင် ခန့်အပ်ခဲ့ခြင်း ဖြစ်၏။

​ယာယီကနေ တရားဝင် ဖြစ်လာဖို့ တစ်လတောင် မကြာလိုက်ချေ။

​ဤရာထူးတိုးနှုန်းက ဓားမကြီးဂိုဏ်း၏ မှတ်တမ်းများတွင် ထိပ်ဆုံးသုံးယောက်စာရင်းဝင်ချေမည်။

​"ငါက အစတုန်းက ဖေးယန်ကို ငါ့အဖွဲ့ထဲဝင်ပြီး ငါ့ကို ကူညီခိုင်းမလို့ စဉ်းစားထားတာ။ ရက်အနည်းငယ်ကြာတော့ ဖေးယန်က ငါနဲ့တန်းတူ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ဟား... ဟား..."

​စားပွဲတစ်ဝိုင်းတည်းတွင် ထိုင်နေသော ယွီပေါင်လျန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

​ယနေ့ညတွင် ဟွမ်ဖေးယန်သည် ချန်ဖျင်ရပ်ကွက်၏ ခေါင်းဆောင်အဖြစ် တရားဝင် တာဝန်ယူလိုက်ပြီဖြစ်ရာ ယွီပေါင်လျန် အပါအဝင် လူအများအပြားကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

​"ဟုတ်တယ်... ခေါင်းဆောင်ဖေးယန်က တကယ်ကို အံ့မခန်းပဲဗျ.... "

​"ငါ အစောကြီးကတည်းက ပြောသားပဲ။ အစ်ကိုဖေးယန်က အစောနဲ့နောက်ပိုင်း ခေါင်းဆောင် ဖြစ်လာမှာပါလို့။ တွေ့လား... ငါပြောတာ မှန်တယ်မလား...."

​"မင်းက ပြီးသွားမှ ဝင်ပြောနေတာပဲ.... မင်းစကားက သိပ်အသုံးမကျပါဘူးကွာ"

​ဟား... ဟား...

​လူတိုင်းက ပွဲကျသွားကြလေသည်။

​ချန်မူက ဘာမှဝင်မပြောသော်လည်း သူ၏ မျက်နှာပေါ်ရှိ အပြုံးကတော့ ပြောင်းလဲသွားခြင်း မရှိချေ။

​ဤလူများမှာ အရက်အတူသောက်ရုံ အဖော်များသာ ဖြစ်သော်လည်း ခေါင်းဆောင်သစ် ဖြစ်လာခါစ ဟွမ်ဖေးယန်အတွက်တော့ အတိုင်းအတာတစ်ခုအထိ အသုံးဝင်နေဆဲပင်။

​သေချာသည်မှာ အသုံးအဝင်ဆုံးလူက ယွီပေါင်လျန် ဖြစ်သည်။ ဂိုဏ်းခွဲမှူးတစ်ယောက်ဖြစ်သော ဤခေါင်းဆောင်မှာ ဟွမ်ဖေးယန်နှင့် ယှဥ်ပြိုင်ခြင်းမရှိပေ။ သူ ကြီးကြပ်ရသော လမ်းမှာ ဘေးအိမ်ကပ်လျက်တွင် ရှိလေသည်။ အကယ်၍ သူတို့နှစ်ယောက် တည့်မည်ဆိုပါက အတူတကွ တိုးတက်နိုင်ပြီး ဖိအားများကို အတူမျှဝေနိုင်မည် ဖြစ်သည်။

​ယွီပေါင်လျန်မှာ ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်၏။ သူက အရက်လာသောက်ခြင်းမှာ ဟွမ်ဖေးယန်နှင့် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ချက်ရှိကြောင်း ပြသနေခြင်းပင်။

​ယခင်က အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ အပြန်အလှန် ကူညီဖေးမသည့် ဆက်ဆံရေးမျိုး ဖြစ်လာလေပြီ။

​ထို့ကြောင့် လောင်ကျိုး တိုက်တွန်းနေစရာ မလိုဘဲ ချန်မူက သူ၏ခွက်ထဲသို့ အရက်ငှဲ့ကာ ခွက်ကိုကိုင်၍ မတ်တပ်ရပ်ပြီး ယွီပေါင်လျန်ကို ဂုဏ်ပြုလိုက်သည်။

​"ခေါင်းဆောင်ယွီ... ကျွန်တော် အကုန်မော့လိုက်မယ်။ ခေါင်းဆောင်ယွီကတော့ အဆင်ပြေသလို သောက်ပါ...."

​ထိုသို့ပြောပြီးနောက် သူက အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

​"ဒီလို ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူးခေ... ငါလည်း အကုန်မော့ရမှာပေါ့" ယွီပေါင်လျန်က မတ်တပ်ရပ်ကာ ခွက်ကိုမြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

​"ကောင်းတယ်..." လောင်ကျိုးက လက်ခုပ်တီးလိုက်လေသည်။

​ဟွမ်ဖေးယန်က အရက်ခွက်ကိုမြှောက်ကာ "လာ... ငါတို့အားလုံး အတူတူ သောက်ကြစို့" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

​"သောက်ကြစို့..."

​...

​သူတို့အားလုံး စားသောက်ပြီးနောက်။

​လူတိုင်း လူစုကွဲသွားကြသည်။

​ချန်မူက အရက်နံ့တွေ ထောင်းနေသော ဟွမ်ဖေးယန်ကို တွဲကာ အိမ်သို့ ပြန်လာလိုက်ကြသည်။

​လမ်းကြားတစ်ခုတည်းတွင် နေထိုင်သော အခြား ဂိုဏ်းသား သုံးယောက်လည်း ပါလာကြလေသည်။

​ညလေပြေညင်းလေး တိုက်ခတ်လာသောအခါ ဟွမ်ဖေးယန်က ရုတ်တရက် ထောင့်တစ်နေရာသို့ ပြေးသွားပြီး အပြင်းအထန် အန်ချတော့သည်။

​ချန်မူက ခြေလှမ်းမြန်မြန်လှမ်းကာ လေညာဘက်သို့ သွားလိုက်သည်။

​ရုတ်တရက် သူက နှာခေါင်းကို ရှုံ့လိုက်ပြီး သူ၏ မျက်လုံးများက တောက်ပသွားရသည်။

​'သွေးနံ့...'

​'အရမ်းအနံ့ပြင်းနေတယ်...

​'ဒီအနီးအနားမှာ လူသေရှိနေလို့လား...'

​ထိုအကြောင်းကို တွေးမိသောအခါ ချန်မူက လှည့်လိုက်ပြီး ဟွမ်ဖေးယန်ကိုကြည့်ကာ "အစ်ကို... ကျွန်တော့်မှာ ကိစ္စလေးရှိလို့ နောက်မှ ပြန်လာခဲ့မယ်နော်" ဟု ပြောလိုက်သည်။

​"..." ဟွမ်ဖေးယန်က အမောဆို့နေသဖြင့် စကားမပြန်နိုင်ဘဲ လက်ကိုသာ မြှောက်ပြလိုက်၏။

​ချန်မူက နားလည်သွားပြီး ဘေးတွင် စောင့်နေသော လူသန်ကြီး သုံးယောက်ကို ကြည့်လိုက်သည်။

​"ဦးလေးဟောင်... အစ်ကိုကျန်း နဲ့ ဦးလေးရှဲ့... ကျွန်တော့်အစ်ကိုကို အိမ်ပြန်ပို့ပေးကြပါဦးနော်...."

​"ဒါများ ဘာခက်တာမှတ်လို့..." လူသန်ကြီးတစ်ယောက်က လက်ကာပြလိုက်သည်။ "အာဟူ... မင်း ကိစ္စရှိရင်လည်း သွားလုပ်လေ... စိတ်မပူနဲ့"

​"တဟူနဲ့ ငါတို့က အရမ်း ရင်းနှီးပါတယ်ကွာ... မင်းက တအား ယဉ်ကျေးနေတာပဲဟ...."

​"ဟုတ်တယ်... ဟုတ်တယ်..."

​ကျန်တဲ့ လူသန်ကြီး နှစ်ယောက်က ရယ်မောရင်း ဝင်ပြောကြလိုက်သည်။

​"ဒါက သဘာဝပဲ မဟုတ်ဘူးလား" ချန်မူက ပြုံးလိုက်ပြီး လက်ယှက်၍ အရိုအသေပေးကာ လှည့်ထွက်လာခဲ့လိုက်သည်။

​ထို့နောက် ထောင့်တစ်နေရာကို ကွေ့ပြီးနောက် သူ၏ ခြေလှမ်းများကို မြန်လိုက်သည်။

​လေထဲမှ လွင့်ပျံ့လာသော သွေးနံ့ကို အနံ့ခံရင်း သူက ထိုနေရာဆီသို့ အမြန်သွားလိုက်လေသည်။

အခန်း ၁၃ပြီး၏။

All Chapters