← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း (၁၆) နောက်ထပ် အထူးကျွမ်းကျင်မှုစွမ်းရည်ကတ်တစ်ခု ရရှိခြင်း

​စနစ်ကျသော သိုင်းပညာတစ်ခုတွင် သိုင်းကွက်နှစ်ခုကို တတ်မြောက်ပြီးပါက ကျန်ရှိသော သိုင်းများကို သင်ယူရန်မှာ မယုံနိုင်လောက်အောင် လွယ်ကူသွားပြီး သင်ယူမှုဖြစ်စဉ်တွင် တုံ့ဆိုင်းသွားခြင်းမျိုး လုံးဝ မရှိတော့ချေ။

​လွင့်မျောတိမ်တိုက် ကျင့်စဉ်၊ အကြွင်းအကျန် တိမ်တိုက်လက်ဝါး၊ တိမ်တိုက်အနုပညာ နှင့် လွှဲယမ်းတိမ်တိုက် ဓားသိုင်း....

​ချန်မူသည် လော့ယွင်သိုင်းကျောင်းတော်၏ သိုင်းပညာများဖြစ်သော လွင့်မျောတိမ်တိုက်ကျင့်စဉ် နှင့် တိမ်တိုက် အနုပညာကို တတ်မြောက်ပြီးဖြစ်၏။

​ယခုအခါ အကြွင်းအကျန် တိမ်တိုက်လက်ဝါးကို သင်ယူမည်ဆိုပါက ၁၅ မိနစ်ပင် မပြည့်မီမှာ အခြေခံအဆင့်ကို တတ်မြောက်သွားမည်ဖြစ်သည်။

​ဟွမ်ဖေးယန်က မျက်လုံးပြူးကာ ပါရမီရှင်ဆိုသည်မှာ တကယ့်ပါရမီရှင်ပါပဲလားဟု အာမေဍိတ်သံ ထွက်သွားမိသည်။

​သူကိုယ်တိုင် အကြွင်းအကျန်တိမ်တိုက်လက်ဝါးကို အခြေခံအဆင့် ရောက်အောင်ပင် လဝက်ကျော်ကြာ သင်ယူခဲ့ရကြောင်း သတိပြုသင့်ချေသည်။

​ချန်မူကမူ ဆယ့်ငါးမိနစ်ပင် မကြာလိုက်ပေ။

​ပါရမီရှင်...

​ပါရမီရှင်ဟူသော စကားလုံးကသာ ဤအခြေအနေကို ရှင်းပြနိုင်ပေမည်။

​သာမန်လူများနှင့် ပါရမီရှင်များကြားရှိ ကွာခြားချက်ကို ဟွမ်ဖေးယန် အမှန်တကယ် နားလည်သွားသည်မှာ ဤအချိန်လေးတွင်ပင် ဖြစ်သည်။

​သူတို့က အခြေခံအားဖြင့် ကွဲပြားခြားနားသော လူတန်းစားနှစ်မျိုးပင်။

​...

​အကြွင်းအကျန်တိမ်တိုက်လက်ဝါးမှာ အခြေခံအဆင့်တွင်ပင် လုံလောက်နေပြီဖြစ်ရာ ချန်မူက ၎င်းကို ပိုမိုနက်ရှိုင်းစွာ ဆက်လက် မကျင့်ကြံတော့ချေ။

​ထို့အပြင် ကျင့်ကြံမှုကတ်ပြားများက ပြဿနာများကို မျက်တောင်တစ်ခတ်အတွင်း ဖြေရှင်းပေးနိုင်သဖြင့် ကြိုးစားပမ်းစား ကျင့်ကြံရသည့်အလုပ်တွင် အချိန်များစွာ အလဟဿ ဖြုန်းတီးနေရန် မလိုအပ်ပေ။

​ဒီအတွက် အချိန်ဖြုန်းနေမည့်အစား မြို့ထဲတွင် ပိုပြီး လျှောက်သွားနေလိုက်တာကမှ ပိုကောင်းဦးမည်။

​ဤသို့ လျှောက်သွားရင်းမှ ချန်မူသည် အံ့သြဖွယ်အချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ၎င်းက ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ ကတ်ပြားကောက်ယူနိုင်သည့် အကွာအဝေးက အမှန်တကယ်ပင် ထပ်မံ ကျယ်ပြန့်လာခဲ့ကြောင်းပင်။

​ယခင် လေးမီတာမှ ရှစ်မီတာအထိ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်၏။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ဒုတိယအဆင့်တွင် ကောက်ယူနိုင်သည့် အကွာအဝေးက လေးမီတာ။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်တွင် ကောက်ယူနိုင်သည့် အကွာအဝေးက ရှစ်မီတာ။

'​ဒါဆို ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် စတုတ္ထအဆင့်ကျရင်ကော အကွာအဝေးက ဘယ်လောက်ဖြစ်သွားမလဲ...'

​ချန်မူက မျှော်လင့်တကြီးဖြင့် တွေးလိုက်မိသည်။

​...

​ချန်မူသည် အပြင်မြို့တော်ရှိ ရပ်ကွက်လေးခုမှ လမ်းများတစ်လျှောက် လျှောက်သွားရင်း ကတ်ပြားလေးကတ်ကို ကောက်ရခဲ့သည်။

​သက်လုံကတ် နှစ်ကတ်၊ စွမ်းအင်ကတ် တစ်ကတ်နှင့် ခွန်အားကတ် တစ်ကတ်တို့ ဖြစ်ကြသည်။

ခွန်အားကတ်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လှုံ့ဆော်ပေးပြီး ခွန်အားကို ဖြစ်ပေါ်စေသည်။

​ထပ်မံ စမ်းသပ်ခြင်းများ မပြုလုပ်ရသေးသော်လည်း ခွန်အားကတ်များကို ဆက်တိုက်အသုံးပြုခြင်းမှ ရရှိလာသော သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ သေချာပေါက် ကျင်း ၄၀၀၀ကျော်သွားပြီဟု ချန်မူ ခန့်မှန်းမိချေသည်။

​ဆိုလိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ ထည့်သွင်းစဉ်းစားမည်ဆိုပါက ခန္ဓာသွန်းလောင်းခြင်းနယ်ပယ်၏ သတ်မှတ်ချက်ထက်ပင် မြင့်မားနေဆဲ ဖြစ်၏။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်တွင်ရှိသော သိုင်းသမားတစ်ယောက်၏ ခွန်အားမှာ ကျင်း ၃၀၀၀ မျှသာ ရှိလေသည်။

​ခွန်အားကတ်များက အတော်လေး ထိရောက်လှသည်။ များများရလေလေ.... ပိုမိုသန်မာလာလေလေပင်...

​...

​နေမင်းကြီးက အနောက်ဘက်သို့ ဝင်သွားလေပြီ။

​ချန်မူသည် အရှေ့ဘက်ရပ်ကွက်သို့ ပြန်လာခဲ့ပြီး နေဝင်ချိန်တွင် ချန်ဖျင်ရပ်ကွက်သို့ ပြန်ရောက်လာခဲ့သည်။

​ရုတ်တရက် သူက ခြေလှမ်းများကို မြန်လိုက်ပြီး ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခုထဲသို့ ဝင်သွားလိုက်၏။

​ဝိညာဉ်မြွေခြေလှမ်းကို အသုံးပြု၍ လျင်မြန်စွာ ဖြတ်သန်းသွားကာ မြင့်မားသော နံရံတစ်ခုကို ကျော်တက်၍ ပျောက်ကွယ်သွားလိုက်သည်။

​'သူ ဘယ်ရောက်သွားတာလဲ...'

​လူသူကင်းမဲ့သော လမ်းကြားထဲသို့ နောက်ယောင်ခံလိုက်လာသော ဝေချီမှာ မျက်နှာထား အေးစက်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

​သူ၏နောက်မှ လိုက်ပါလာသော လူသန်ကြီး နှစ်ယောက်မှာလည်း ကြမ်းတမ်းသော မျက်နှာထားများ ရှိနေကြသည်။

​"ဒီခွေးကောင်လေးက ငါတို့ကို ရိပ်မိသွားတာလား..."

​"ချန်ဆိုတဲ့ကောင်က သွေးပူလွယ်တဲ့ အရူးလေးတစ်ယောက် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး သူက..."

​ရွှစ်... ရွှစ်... ရွှစ်...

​ယခင်က တစ်ခါမျှ မကြားဖူးသော ထူးခြားသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

​ဝေချီ၏ နောက်မှ လူသန်ကြီးနှစ်ယောက် အန္တရာယ်ကို အာရုံမခံမိမီမှာပင် သူတို့တစ်ဦးစီ၏ မျက်နှာပေါ်သို့ ပျံသန်းလာသော အပ်ငါးချောင်းစီ ရောက်ရှိလာကြသည်။

​အပ်ငါးချောင်းစလုံးက ခေါင်းထဲသို့ စိုက်ဝင်သွားခြင်းပင်။

​ဘုတ်...

​ဘုတ်...

​တုံးတိတိ အသံနှစ်သံနှင့်အတူ လူသန်ကြီး နှစ်ယောက်မှာ အော်သံပင် မထွက်နိုင်လိုက်ဘဲ မြေပြင်ပေါ်သို့ ဖြောင့်တန်းစွာ လဲကျသွားကြသည်။

​"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

​လူသန်ကြီးနှစ်ယောက် မြေပြင်ပေါ် လဲကျသွားသည်ကို မြင်လိုက်ရသောအခါ ဝေချီ၏ သူငယ်အိမ်များ ကျုံ့သွားရသည်။ သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားပြီး တုံ့ဆိုင်းမနေဘဲ နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်၏...

​သို့သော် ပျံသန်းလာသော အပ်ဆယ်ချောင်းက လျင်မြန်စွာ ပျံသန်းလာပြီး ဝေချီ၏ ခြေထောက်များကို စိုက်ဝင်သွားချေသည်။

​ချက်ချင်းပင် ချန်မူက လျင်မြန်စွာ လှုပ်ရှားကာ အနောက်မှ ကပ်လျက်လိုက်လာပြီး ဘယ်ညာယိမ်းနွဲ့ကာ သူ၏အရိပ်များကို ချန်ရစ်ခဲ့ပြီးနောက် နံရံပေါ်မှ ခုန်ဆင်းကာ ရှေ့သို့ယိုင်ကျသွားသော ဝေချီဆီသို့ ပြေးဝင်လာလိုက်သည်။

​"ချမ်းသာပေးပါ..."

​ဝေချီက ပါးစပ်ဖွင့်ကာ အလောတကြီး အော်ဟစ်လိုက်၏။

​သို့သော် ချန်မူက လက်ကိုမြှောက်ကာ ဝေချီ၏ ဘယ်ညာ ပခုံးရိုးများကို ရိုက်ချိုးလိုက်ရာ တက်ခနဲ အရိုးကျိုးသံ နှစ်သံ ထွက်ပေါ်လာပြီး ပြင်းထန်သော ခွန်အားက ဝေချီကို အနောက်သို့ လွင့်စင်သွားစေခဲ့သည်။

​လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့သည်။

​အော်ဟစ်သံနှင့်အတူ ဝေချီမှာ မီတာဆယ်ကျော်ခန့် အနောက်သို့ လွင့်စင်သွားပြီး နံရံကို ဝုန်းခနဲ ပြင်းထန်စွာ ဝင်တိုက်မိကာ နံရံမှာပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားချေသည်။

​"ဖူး..."

​ပြင်းထန်သော နာကျင်မှုနှင့်အတူ ဝေချီက ပါးစပ်ဟကာ ခဲနေသော သွေးအမြောက်အများကို အန်ထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ယိမ်းယိုင်သွားရသည်။

​ချန်မူက ကိုယ်ကို ယိမ်းလိုက်ပြီး ပန်းထွက်လာသော သွေးများကို ရှောင်ရှားလိုက်ကာ သူ၏ ညာလက်ကို ဆန့်ထုတ်၍ ဝေချီ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး အနည်းငယ် အားစိုက်ကာ မြေပြင်ပေါ်မှ မြှောက်မတင်လိုက်၏။

​ဝေချီမှာ ရုတ်တရက် အသက်ရှူရ ခက်ခဲလာပြီး ဖြူရော်နေပြီဖြစ်သော သူ၏မျက်နှာမှာ ပို၍ပင် ဖြူဆွတ်လာခဲ့သည်။

​သူ၏ ပခုံးရိုးနှစ်ဖက်စလုံး ကျိုးနေသဖြင့် ပြန်လည်ခုခံရန် လက်ကိုမြှောက်နိုင်စွမ်း မရှိတော့ချေ။ သူ၏ ခြေထောက်များမှာလည်း အပ်များ စိုက်ဝင်ခံထားရသဖြင့် ပြတ်ထွက်သွားသကဲ့သို့ ထုံကျင်နေခဲ့သည်။

​"ချမ်း... ချမ်းသာပေးပါ..."

​ဝေချီက စကားလုံးများကို ခက်ခဲစွာ ပြောလိုက်သည်။

​"မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ။ ပြီးတော့ မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ...."

​ချန်မူက ဝေချီ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ကို အနည်းငယ် လျှော့ပေးရင်း တည်ငြိမ်စွာ မေးလိုက်၏။

​"ဟူး... ဟူး..."

​ဝေချီက မျက်လုံးများ ပြူးကျယ်လာကာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ "ငါတို့က... သွေးဝံပုလွေဂိုဏ်းကပါ... မင်းနောက်ကို လိုက်နေတာက... လက်စားချေဖို့... ခေါင်းဆောင်ဝူက ရှဲ့ဟုန်ကို လက်စားချေချင်လို့ပါ... မင်းက ဟွမ်ဖေးယန်ရဲ့ ညီဆိုတော့... မင်းကိုသတ်လိုက်ရင် ဟွမ်ဖေးယန် ဒေါသထွက်လာအောင် ဆွပေးသလို ဖြစ်သွားမှာ... ပြီးတော့... ဂိုဏ်းနှစ်ခုကြားမှာ စစ်ပွဲစတင်အောင် မင်းရဲ့အလောင်းကို... မြွေစိမ်းဂိုဏ်းရဲ့ နယ်မြေထဲမှာ သွားပစ်ထားမလို့..."

​ဝေချီက စကားကို ခက်ခဲစွာ ပြောလိုက်ပြီးနောက် ထပ်မံ၍ တောင်းပန်လိုက်၏။ "ငါပြောတာတွေ... အားလုံးက အမှန်တွေချည်းပါပဲ။ ငါ မင်းအတွက်... သူလျှို လုပ်ပေးလို့ရပါတယ်...."

​သို့သော်.....

​ချန်မူက အားအနည်းငယ်သုံး၍ ဝေချီ၏ လည်ပင်းရိုးကို ချိုးပစ်လိုက်သည်။

​မျက်လုံးများ ပြူးကျယ်ကာ အသက်ရှူရန် ရုန်းကန်နေပြီး အသက်ရှင်ရန် အသည်းအသန် ကြိုးစားနေသော ဝေချီ၏ မျက်လုံးများမှာ ရုတ်တရက် အလင်းရောင် ကင်းမဲ့သွားပြီး ခေါင်းငိုက်စိုက်ကျကာ သေဆုံးသွားချေသည်။

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​'လုပ်မယ်...'

​ချန်မူက စိတ်ထဲမှ တုံ့ပြန်လိုက်ရင်း သူ၏ လက်ကို လွှတ်လိုက်ရာ ဝေချီ၏ အလောင်းက မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။

​"သွေးဝံပုလွေဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး ဝူစီဟိုင်..."

​သွေးဝံပုလွေဂိုဏ်းနှင့် မြွေစိမ်းဂိုဏ်းတို့ ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်ကို အခွင့်ကောင်းယူကာ ဓားမကြီးဂိုဏ်းက နယ်မြေလုယူရန် ရုတ်တရက် ဝင်တိုက်ခဲ့ခြင်း ဖြစ်ရာ သွေးဝံပုလွေဂိုဏ်းဘက်မှ လက်စားချေမည်ကို မျှော်လင့်ထားပြီး ဖြစ်သည်။

​ပြဿနာမှာ လက်စားချေမည့် ပစ်မှတ်က ဂိုဏ်း၏ အောက်ခြေအဆင့် အဖွဲ့ဝင်ဖြစ်သော သူကိုယ်တိုင် ဖြစ်နေခြင်းပင်။

​အကြောင်းရင်းမှာ ဟွမ်ဖေးယန်က သူ၏ အစ်ကိုဝမ်းကွဲဖြစ်နေသောကြောင့်ပင်။

​ဟွမ်ဖေးယန်က လွန်ခဲ့သော ရက်အနည်းငယ်ကမှ ခေါင်းဆောင်ဖြစ်လာပြီး အရှိန်အဝါ ကြီးမားနေခဲ့သည်။ ထို့ကြောင့် ဟွမ်ဖေးယန်ကို သတ်ပါက ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်သော်လည်း ချန်မူကို သတ်ခြင်းကတော့ တခြားစီပင်။

​ဒါက ဒေါသကို ပြေပျောက်စေရုံသာမက ရှဲ့ဟုန်ကိုပါ ရွံရှာသွားစေနိုင်ပြီး ဟွမ်ဖေးယန်နှင့် ရှဲ့ဟုန်ကြားတွင် သွေးကွဲသွားအောင်ပင် ဖန်တီးနိုင်ချေသည်။

​တကယ်ကို ရက်စက်တဲ့ အကြံအစည်ပင်...

​"ငါသာ သာမန် အောက်ခြေအဆင့်က သွေးပူလွယ်တဲ့ အရူးလေးတစ်ယောက်သာဆိုရင် ဒီအကြံအစည်က တကယ် အောင်မြင်သွားမှာပဲ...."

​"နှမြောစရာပဲ..."

​ချန်မူက စိတ်ကို တည်ငြိမ်စေရန် လေငွေ့တန်းတစ်ခုကို မှုတ်ထုတ်လိုက်၏။

​ထို့နောက် သူက ဝေချီ၏ အလောင်းကို ကောက်ယူကာ အခြား လူသန်ကြီးနှစ်ယောက်၏ အလောင်းများဆီသို့ လျှောက်သွားလိုက်ပြီး သူတို့၏ ခါးပတ်များကို ဖြုတ်ကာ တစ်ခုနှင့်တစ်ခု ဆက်ပြီး အလောင်းနှစ်လောင်းကို အတူတကွ ပူးချည်လိုက်သည်။

​လက်တစ်ဖက်က ဝေချီကို ဆွဲကာ အခြားတစ်ဖက်က လူသန်ကြီးနှစ်ယောက်ကို သယ်လျက် ချန်မူသည် လေထဲသို့ ခုန်တက်ကာ နံရံကိုကျော်၍ လမ်းကြားထဲမှ ထွက်ခွာသွားလေသည်။

​ထို့နောက် ကျိကန်း၏ မှတ်ဉာဏ်ကတ်ပြားမှ လမ်းကြောင်းအတိုင်းလိုက်ကာ အနီးအနားရှိ နေအိမ်များကို ရှောင်ရှားလျက် လျင်မြန်စွာ ပြေးလွှားသွားပြီး လူသူကင်းမဲ့သော ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက်ကာ ရေခန်းနေသော ရေတွင်းပျက်တစ်ခုအနီးတွင် ရပ်တန့်လိုက်၏။

​သူက အလောင်းသုံးလောင်းကို ချထားကာ တစ်လောင်းချင်းစီကို ရှာဖွေလိုက်ရာ ငွေအနည်းငယ်ကို ရရှိခဲ့သည်။

​ရေတွင်းပျက်ကို ဖုံးအုပ်ထားသော စတုရန်းပုံ ကျောက်တုံးကြီးကို ဘေးသို့ တွန်းဖယ်လိုက်သည်နှင့် ရေတွင်းအောက်ခြေမှ ပုပ်ဟောင်နေသော အနံ့ဆိုးများက ချက်ချင်း ထွက်ပေါ်လာချေသည်။

​ချန်မူက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။ သူက အသက်အောင့်ထားကာ အလောင်းသုံးလောင်းကို မပြီး ရေတွင်းထဲသို့ တစ်လောင်းချင်းစီ ပစ်ချလိုက်သည်။ ထို့နောက် ကျောက်တုံးကြီးကို မူလနေရာသို့ ပြန်ရွှေ့ကာ ရေတွင်းပျက်ကို ပြန်လည် ဖုံးအုပ်ထားလိုက်သည်။

​လွန်ခဲ့သော နှစ်နှစ်ကျော်က ကျိကန်းသည် ဤရေတွင်းပျက်ကို မတော်တဆ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး အလောင်းဖျောက်ရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခုပင်။

​ဤခြံဝင်းကြီးမှာ ဆယ်စုနှစ်များစွာကြာအောင် စွန့်ပစ်ခံထားရပြီး ပေါင်းပင်များ ဖုံးလွှမ်းနေခဲ့သည်။ ထို့အပြင် အလောင်းများကို ရေတွင်းပျက်ထဲတွင် စွန့်ပစ်ထားသဖြင့် မည်သူကမျှ လာရောက်ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။

​အထူးသဖြင့် ချန်မူက ဝေချီနှင့် အခြားနှစ်ယောက်ကို သတ်ရာတွင် သွေးများ အပြင်သို့ ယိုစိမ့်ထွက်လာစေမည့် ပြင်ပဒဏ်ရာများ မဖြစ်စေခဲ့ပေ။

​ဝူစီဟိုင်က သူ့ကို ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ပြီး ဝေချီက အကောင်အထည်ဖော်သူ ဖြစ်သည်။ ယခု ဝေချီ သေသွားပြီဖြစ်ရာ ဝူစီဟိုင်လည်း ချွင်းချက်မဟုတ်တော့ချေ။

​သွေးဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့် သိုင်းသမားတစ်ယောက်...

​သို့သော် ချန်မူသည် သွေးဝံပုလွေဂိုဏ်း၊ ဓားမကြီးဂိုဏ်းနှင့် မြွေစိမ်းဂိုဏ်းတို့မှ ခေါင်းဆောင်ကြီးများ၏ သိုင်းပညာ အဆင့်များကို ကြိုတင် စုံစမ်းထားပြီး ဖြစ်သည်။

​ဝူစီဟိုင်မှာ ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ဒုတိယအဆင့်ထက် မပိုချေ။

​ထို့ကြောင့် ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ဒုတိယအဆင့်ဆိုလျှင် ချန်မူက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။

​ဒါပေမဲ့ မှောင်တဲ့အထိတော့ စောင့်ရဦးချေမည်....

​...

​ထို့နောက် အလောင်းစွန့်ပစ်ခဲ့သော ခြံဝင်းထဲမှ သူ ထွက်ခွာလာလိုက်သည်။

​အိမ်ပြန်ရာလမ်းတွင် ချန်မူသည် သူအသစ်ရရှိထားသော ကတ်ပြားသုံးခုကို စစ်ဆေးရန် အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်၏။

​စွမ်းအင်ကတ်...

ခွန်အားကတ်...

​ကျွမ်းကျင်မှုစွမ်းရည်ကတ် (အထူး)...

​'ဟင်...'

​'ဒါက နောက်ထပ် အထူးကျွမ်းကျင်မှုစွမ်းရည်ကတ် တစ်ခုလား...'

အခန်း ၁၆ပြီး၏။

All Chapters