အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) မင်းဘာသာမင်း တာဝန်ယူရလိမ့်မယ်
ကျွမ်းကျင်မှုစွမ်းရည်ကတ်များတွင် သိုင်းကွက်များသာမက အတွင်းအားကျင့်စဉ်များကိုပါ မှတ်တမ်းတင်ထားနိုင်ပေသည်။
သို့သော် အထူးဆိုသည့် စကားလုံးပါလာပါက အခြေအနေက ပြောင်းလဲသွားပြီ ၎င်းမှာ ခန္ဓာကိုယ်အင်္ဂါများနှင့် သက်ဆိုင်သော စွမ်းရည်များကို ရည်ညွှန်းခြင်း ဖြစ်၏။
ပြီးခဲ့သည့်အကြိမ်က ထူးကဲသော အနံ့ခံနိုင်စွမ်းဖြစ်သည့် ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်းကို ရရှိခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ အမြင်အာရုံဖြစ်သော ညဘက်မြင်နိုင်စွမ်းကို ရရှိခဲ့ခြင်းပင်။
"ဝေချီတို့ သုံးယောက်ထဲက တစ်ယောက်ယောက်ကများ မွေးရာပါ ညဘက်မြင်နိုင်စွမ်း ပါလာတာလား..."
ချန်မူက တွေးတောနေမိသည်။
ရှေးခေတ်ကာလက လူအများစုမှာ ဗီတာမင်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ကြက်မျက်သင့်ရောဂါကို ခံစားရလေ့ရှိကြသည်။
(NT- ကြက်တွေလို မနက်ဆိုရင် အမြင်အာရုံက အကောင်းတိုင်းဖြစ်ပေမဲ့ ညရောက်ရင် အမြင်ဝေးဝါးတတ်တဲ့ ရောဂါပါ)
ထို့ကြောင့် သူတို့မှာ ညဘက် မှောင်သွားပါက အပြင်ထွက်လေ့ မရှိကြချေ။
သို့သော် လူဦးရေ တိုးပွားလာသည်နှင့်အမျှ အချို့မှာ ထင်ရှားပေါ်လွင်လာပြီး မွေးရာပါ ညဘက်မြင်နိုင်စွမ်း၊ အဝေးကြည့်နိုင်စွမ်း၊ ထူးခြားသော အနံ့ခံနိုင်စွမ်း၊ အရသာခံနိုင်စွမ်း၊ အကြားအာရုံ သို့မဟုတ် ဆဋ္ဌမအာရုံစသည့် ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်လာကြသည်။
ထိုကဲ့သို့သော လူများမှာ ရှားပါးသော်လည်း အမြဲတမ်းတော့ ရှိနေတတ်ချေသည်။
ဤတစ်ကြိမ်တွင် ချန်မူ အမှန်တကယ် ကံကောင်းသွားခဲ့ပြီး ထိုကဲ့သို့သော လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် ညဘက်မြင်နိုင်စွမ်းကို ရရှိခဲ့လေသည်။
ဤစွမ်းရည်မှာလည်း အလွန်အသုံးဝင်လှသည်။
ချန်မူတွင် ကြက်မျက်သင့်ရောဂါ မရှိသော်လည်း ယခင်က ညဘက် အပြင်ထွက်ရာတွင် လမ်းများကို မြင်နိုင်ရန် တောက်ပသော လရောင်ကို အားကိုးခဲ့ရသည်။
အကယ်၍ လရောင်ကို တိမ်မည်းများ ဖုံးကွယ်သွားပါက သူသည် မျက်လုံးဖွင့်ထားလျက်နှင့်ပင် ကန်းသွားသကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။
ယခုမူ အခြေအနေက ကောင်းသွားချေပြီ။ ညဘက်မြင်နိုင်စွမ်း ရှိလာပြီဖြစ်ရာ ညဘက်တွင် သူ စိတ်ကြိုက် အပြင်ထွက်နိုင်ပြီ ဖြစ်၏။
...
ညချမ်းအချိန်သို့ ရောက်ရှိလာလေပြီ။
ချန်တယ်ရပ်ကွက်။
အရက်သောက်ထားသဖြင့် ဗိုက်ကြီးရွှဲနေသော ဝူစီဟိုင်သည် သွားကြားထိုးရင်း ယိမ်းထိုးကာ စားသောက်ဆိုင်တစ်ဆိုင်၏ အပေါက်ဝမှ ထွက်လာခဲ့သည်။
"ဂရုစိုက်သွားပါဦး သခင်လေးဝူ..."
စားသောက်ဆိုင်ပိုင်ရှင်က တံခါးဝတွင်ရပ်ကာ ခါးညွတ်အရိုအသေပေးလျက် "နောက်တစ်ခေါက်လည်း လာခဲ့ပါဦးနော်..." ဟု နှုတ်ဆက်လိုက်သည်။
"အင်း..."
ဝူစီဟိုင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်ပြီး လှေကားပေါ်သို့ လှမ်းတက်လိုက်သည်။
သူ၏နောက်တွင် လူသန်ကြီး လေးယောက်လိုက်ပါလာပြီး အချို့က သွားကြားထိုးနေကြသကဲ့သို့ အချို့ကလည်း လေချဉ်တက်နေကြသည်။
စားသောက်ဆိုင်ထဲသို့ ဝင်ခါနီးဖြစ်သော ဖောက်သည်အချို့က ထိုလူငါးယောက်ကို မြင်သောအခါ အမြန်ဘေးသို့ ဖယ်ပေးလိုက်ကြသည်။ သူတို့က ဝူစီဟိုင်နှင့် သူ၏အဖွဲ့ ယိမ်းထိုးကာ ဖြတ်သွားသည်အထိ စောင့်ဆိုင်းပြီးနောက်မှသာ အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောရင်း စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်ကြသည်။
တံခါးဝတွင်ရပ်နေသော ဆိုင်ပိုင်ရှင်က သူတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး သူ၏စကားများမှာ ဝူစီဟိုင်ကို နှုတ်ဆက်စဉ်ကထက် များစွာ ပိုမိုလှိုက်လှဲနေချေသည်။
အဘယ်ကြောင့်ဆိုသော် ဝူစီဟိုင်နှင့် သူ၏အဖွဲ့မှာ အလကား စားသောက်သွားကြခြင်းဖြစ်ရာ သူက ဘယ်လိုလုပ်ပြီး စိတ်ပါလက်ပါ နှုတ်ဆက်နိုင်မည်နည်း။
...
ချန်တယ်ရပ်ကွက်၏ လမ်းမကြီးမှာ ညဘက်တွင်ပင် လူစည်ကားနေဆဲဖြစ်၏။
လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်အများစုမှာ ဖွင့်ထားကြဆဲပင်။
တံခါးမုခ်ဦးထက်တွင် ချိတ်ဆွဲထားသော အနီရောင် မီးပုံးကြီးများက လမ်းမကြီးတစ်ခုလုံးကို လမ်းမီးများကဲ့သို့ လင်းထိန်နေစေခဲ့သည်။
လမ်းပေါ်တွင် လမ်းလျှောက်သွားလာသူများက လူအုပ်ကြားထဲတွင် တိုးဝှေ့သွားလာနေကြပြီး ဈေးသည်များကလည်း သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသည်။
ဝူစီဟိုင်နှင့် လူငါးယောက်အဖွဲ့ ယိမ်းထိုးကာ လျှောက်လာသောအခါ လူများက သူတို့ဖြတ်သွားရန် အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
ရုတ်တရက်။
ရှေ့မှ လျှောက်နေသော ဝူစီဟိုင်က ရပ်တန့်လိုက်ပြီး လက်ကိုမြှောက်ကာ "မင်းတို့အားလုံး အိမ်ပြန်လို့ရပြီ။ ဒီည ငါ အရမ်းကြီး မသောက်ထားဘူး။ ငါ့ဘာသာငါ ပြန်လို့ရတယ်" ဟု ပြောလိုက်သည်။
"...ဟုတ်ကဲ့ပါ ခေါင်းဆောင်"
ထိုသို့ကြားသောအခါ နောက်မှလိုက်ပါလာသော လူသန်ကြီးလေးယောက်က လက်ယှက်၍ အရိုအသေပေးကာ ပြန်လည်ဖြေကြားလိုက်ကြသည်။
ထို့နောက် လေးယောက်သား နောက်လှည့်ကာ ရယ်မောပြောဆိုရင်း ထွက်သွားကြလေသည်။ တစ်ယောက်က ရေပူစမ်းသွားချင်သည်ဟု ပြောသကဲ့သို့ အခြားတစ်ယောက်က ပြည့်တန်ဆာအိမ် သွားချင်သည်ဟု ပြောကာ နောက်တစ်ယောက်ကမူ လက်ယားနေသည်ဟု ပြောဆိုနေကြချေသည်။
ဝူစီဟိုင်က ထိုစကားများကို ကြားသော်လည်း မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ကျဉ်းမြောင်းသော လမ်းထဲသို့ ကွေ့ဝင်လိုက်ပြီးနောက် လမ်းကြားလေးတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ အကြိမ်အနည်းငယ် ကွေ့ပတ်သွားပြီးနောက် လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ရောက်ရှိလာပြီး မိုးမခပင် တစ်ပင်အောက်တွင် ရပ်တန့်လိုက်၏။
"ဘာကိစ္စရှိလို့လဲ"
ဝူစီဟိုင်က တည်ငြိမ်သောအသံဖြင့် ရုတ်တရက် မေးလိုက်သည်။
"လော့ကျောက်ယွီ ဘယ်ရောက်နေလဲဆိုတာနဲ့ ပတ်သက်ပြီး သခင်လေးဆီမှာ သတင်းတစ်ခုခုများ ရှိလား..." ဟု မိုးမခပင်နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မရှိဘူး..." ဝူစီဟိုင်က ပြန်ဖြေလိုက်သည်။ "လော့ကျုံယွင် သေသွားပြီးကတည်းက လော့ကျောက်ယွီလည်း ပျောက်သွားတာပဲ.."
"ပျောက်နေလို့ မင်းကို ရှာခိုင်းတာပေါ့။ မဟုတ်ရင် မင်းကို မွေးထားတာ ဘာအဓိပ္ပာယ်ရှိမှာလဲ...." မိုးမခပင်နောက်ကွယ်ရှိ အသံက အေးစက်စွာ ဟစ်အော်လိုက်သည်။ "လော့ကျောက်ယွီကို မဖြစ်မနေ ရှာတွေ့ရမယ်လို့ ဂိုဏ်းချုပ်က ပြောလိုက်တယ်။ ဒါက လူကြီးမင်းတွေရဲ့ အမိန့်ပဲ။ လူကြီးမင်းတွေရဲ့ အမိန့်ကို မဖြစ်မနေ ဆောင်ရွက်ရမယ်။ တကယ်လို့ ပျက်ကွက်ရင် အကျိုးဆက်ကို မင်းသိတယ်မလား..."
ဝူစီဟိုင် ငြိမ်သက်သွားရသည်။
ဝူစီဟိုင်နှင့် ဆယ်မီတာပင် မဝေးသော မှောင်မိုက်နေသည့် ထောင့်တစ်နေရာတွင် ချန်မူက တိတ်ဆိတ်စွာ ပုန်းကွယ်နေချေသည်။
သို့သော် သူ အနည်းငယ် အံ့သြသွားမိသည်။
လော့ကျောက်ယွီ...
လော့ကျုံယွင်...
သူ မှတ်မိသွားပြီ။ လော့ကျောက်ယွီက လော့ကျုံယွင်ရဲ့ သားပင်။
ချန်မူက လော့ကျောက်ယွီကို မသိချေ။
လော့ယွင်သိုင်းကျောင်းတော် သုတ်သင်ခံလိုက်ရစဉ်က လော့ကျောက်ယွီပါ သေဆုံးသွားပြီဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။ သို့သော် မထင်မှတ်ဘဲ နောက်ဆက်တွဲ ပြဿနာများကို ရှင်းလင်းရန် ဝူစီဟိုင်ထံသို့ ရောက်လာချိန်တွင် ဤကဲ့သို့ မမျှော်လင့်ထားသော သတင်းကို ကြားလိုက်ရခြင်းပင်။
လော့ယွင်သိုင်းကျောင်းတော်မှ အသက်ရှင်ကျန်ရစ်သူ လော့ကျောက်ယွီက အသက်ရှင်နေဆဲပင်။
သို့သော် မိုးမခပင် နောက်ကွယ်ရှိ လူနှင့် ဝူစီဟိုင်တို့၏ စကားဝိုင်းကို ပုန်းကွယ်နားထောင်ပြီးနောက် လော့ကျောက်ယွီတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံရကြောင်း သိလိုက်ရ၏။
သူတို့နောက်ကွယ်ရှိ ဂိုဏ်းချုပ်ဆိုသူက ဤလျှို့ဝှက်ချက်ကို အလိုရှိနေခြင်းပင်။
ချန်မူက လော့ကျောက်ယွီ၏ လျှို့ဝှက်ချက်ကို သိချင်စိတ်ပြင်းပြနေသော်လည်း ၎င်းကို စုံစမ်းရန် ရည်ရွယ်ချက် မရှိပေ။
လော့ယွင်သိုင်းကျောင်းတော်ကို ဖျက်ဆီးခဲ့သူမှာ မွေးရာပါသိုင်းသခင်နယ်ပယ်မှ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး မဟုတ်လော။
ထိုကဲ့သို့ အဆင့်ရှိသူတစ်ဦး အလိုရှိနေသည့်အရာကို ချန်မူက ဘယ်လိုလုပ်ပြီး သွားလုရဲမည်နည်း....
အကယ်၍သာ သိသွားပါက သူ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။
ထို့အပြင် ၎င်းက ဟွမ်ဖေးယန်နှင့် မြောင်ရှိုးရှိုးတို့ကိုပါ ဒုက္ခရောက်စေလိမ့်မည်။
သို့သော် ချန်မူက ဝူစီဟိုင်၏ စကားဝိုင်းတွင် ဖော်ပြထားသော ဂိုဏ်းချုပ်ဆိုသူကိုမူ အတော်လေး စိတ်ဝင်စားသွားမိသည်။
ထို ဂိုဏ်းချုပ်မှာ သွေးဝံပုလွေဂိုဏ်းမှ ခေါင်းဆောင်ကြီး မဟုတ်ဘဲ အခြားဂိုဏ်းတစ်ခုမှ တစ်စုံတစ်ယောက် ဖြစ်ကြောင်း ရှင်းလင်းလှသည်။
ဓားမကြီးဂိုဏ်းကတော့ မဖြစ်နိုင်ချေ။
'မြွေစိမ်းဂိုဏ်းများလား...
ဒါမှမဟုတ် တောင်ဘက်က ဆာလောင်နေသော ကျားဂိုဏ်းလား...
ဒါမှမဟုတ် မြောက်ဘက်က ပျံသန်းနေသော နဂါးဂိုဏ်းများလား...'
စဉ်းစားကြည့်ရုံနှင့်ပင် ရယ်စရာကောင်းလှသည်။ သွေးဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်ကြီးဖြစ်သော ဝူစီဟိုင်က အခြားဂိုဏ်းတစ်ခုမှ ထည့်သွင်းထားသော သူလျှိုတစ်ယောက် ဖြစ်နေခြင်းပင်။
စိတ်ဝင်စားစရာပဲ...
...
"မှတ်ထား... မင်းမှာ အချိန်ဆယ်ရက်ပဲ ရှိတယ်"
မိုးမခပင်နောက်ကွယ်မှ အသံက အေးစက်စွာဖြင့် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ "ဆယ်ရက်အတွင်း လော့ကျောက်ယွီကို ရှာတွေ့ရမယ်။ မဟုတ်ရင် အကျိုးဆက်ကို မင်းဘာသာမင်း တာဝန်ယူရလိမ့်မယ်..."
စကားဆုံးသွားသည်နှင့် လေတိုက်သံနှင့်အတူ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာပြီး အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဝူစီဟိုင်နှင့် စကားပြောနေသူ ထွက်သွားလေပြီ။
ဝူစီဟိုင်က တိတ်ဆိတ်စွာ ရပ်နေပြီး ချန်မူကလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း ငြိမ်သက်စွာ ဆက်နေလိုက်၏။
အချိန်အတန်ကြာပြီးနောက်။
ဝူစီဟိုင်က တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်ပြီးနောက် မှောင်မိုက်နေသော မျက်နှာထားဖြင့် သစ်ပင်အောက်မှ ထွက်လာကာ သူလာခဲ့သော လမ်းအတိုင်း ပြန်လျှောက်သွားလိုက်သည်။
သူတို့ လမ်းကြားငယ်တစ်ခုအတွင်းသို့ ပြန်ရောက်လာချိန်တွင် အနောက်မှ ကပ်လျက်လိုက်လာသော ချန်မူက ရုတ်တရက်အပ်ဆယ်ချောင်းကို ပစ်လွှတ်လိုက်သည်။
ရွှစ်... ရွှစ်... ရွှစ်...
"ဘယ်သူလဲ..."
ရှေ့မှ လျှောက်နေသော ဝူစီဟိုင်က ရုတ်တရက် သတိဝင်လာပြီး ညာဘက်သို့ ရှောင်လိုက်ရာ အပ်ရှစ်ချောင်းကို ရှောင်လွှဲနိုင်ခဲ့ပြီး နှစ်ချောင်းကသာ သူ၏ လက်မောင်းကို ထိမှန်ပြီး စိုက်ဝင်သွားခဲ့သည်။
"ခွေးမသား..."
ဝူစီဟိုင်က အံကိုကြိတ်ကာ ဟိန်းဟောက်လိုက်ပြီး ပြန်လည်မတိုက်ခိုက်တော့ဘဲ ရှေ့သို့ အမြန်ပြေးတော့သည်။
သူ ချုံခိုတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ပြီး တိုက်ခိုက်သူ၏ အင်အားကို မသိရသေးချေ။
ထို့ကြောင့် ထွက်ပြေးခြင်းကသာ အကောင်းဆုံး ရွေးချယ်မှုပင်။
နှမြောစရာက...
ရွှစ်...
ချန်မူက ကိုယ်ကို ယိမ်းလိုက်ပြီး မြွေတစ်ကောင်ကဲ့သို့ ခုန်ပျံကာ အနောက်မှ လိုက်သွားလိုက်သည်။
ဝူစီဟိုင်က ထပ်မံ အာရုံခံမိသွားပြီး ထွက်ပြေး၍ အလဟဿဖြစ်မည်ကို သိလိုက်၏။ ထို့ကြောင့် သူက ပြတ်သားစွာ ဟိန်းဟောက်လိုက်ပြီး ဒန်တန်အတွင်းရှိ အတွင်းအားများအားလုံးကို လှုံ့ဆော်ကာ လက်များဆီသို့ စီးဆင်းစေလိုက်ပြီးနောက် နောက်သို့လှည့်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဖုန်းးး...
လက်သီးနှင့် လက်ဝါးတို့ ရိုက်ခတ်သွားပြီး တုံးတိတိအသံကြီး ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဖောက်ဆိုသည့် အသံနှင့်အတူ ဝူစီဟိုင်၏ လက်မောင်းမှ သွေးများ ပန်းထွက်လာပြီး သူ၏ ညာဘက်လက်မောင်းရိုးတွင် လက်သီးမှစ၍ ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာချေသည်။
လက်ဖဝါးနှင့် လက်ကောက်ဝတ်တို့က လုံးဝ ပြတ်တောက်သွားပြီး လက်မောင်းတစ်ခုလုံးမှာ ပေါက်ကွဲထွက်တော့မည့်ပုံ ပေါက်နေခဲ့သည်။
ဝူစီဟိုင် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ကြီးမားသော ခွန်အားကြောင့် အနောက်သို့ လွင့်စင်သွားရသည်။
သို့သော် ချန်မူက အနောက်မှ ကပ်လျက်လိုက်လာပြီး သူ၏လက်များက ခဏမျှ ရပ်တန့်မသွားချေ။
နောက်ထပ် လက်ဝါးရိုက်ချက် သုံးချက် ဆက်တိုက် ထွက်ပေါ်လာပြီး ရွှေခွဲလက်ဝါး၏ ပြင်းထန်သော ခွန်အားက ဝူစီဟိုင်၏ လက်မောင်းရိုးများနှင့် နံရိုးများကို ကြေမွသွားစေကာ ဝူစီဟိုင်၏ ခန္ဓာကိုယ်ကို နံရံနှင့် သွားဆောင့်မိစေသည်။ ထို့နောက် လက်ဝါးများက လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ဝူစီဟိုင်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်၏။
"မင်းရဲ့နောက်ကွယ်က ဂိုဏ်းချုပ်ဆိုတာ ဘယ်သူလဲ...."
ချန်မူက အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"ဟူး..."
ဝူစီဟိုင်က အသက်ကို ပြင်းပြင်းရှူနေပြီး သူ၏ မျက်လုံးများက ပြူးကျယ်လာကာ ပါးစပ်ကို တင်းတင်းစေ့ထားခဲ့သည်။
"မင်းတို့က တော်တော် သစ္စာရှိကြတာပဲ ဟုတ်လား..."
ချန်မူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားဆက်မပြောတော့ချေ။ သူက အားပြင်းပြင်းဖြင့် ညှစ်လိုက်ရာ ဂျွတ်ဆိုသည့် အသံနှင့်အတူ ဝူစီဟိုင်၏ လည်ပင်းရိုး ကျိုးသွားပြီး ပွဲချင်းပြီး သေဆုံးသွားချေသည်။
[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]
အခန်း ၁၇ပြီး၏။