← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) စနစ်ဖြင့် ရှင်သန်ရခြင်းက တကယ်ကို ကောင်းမွန်လှသည်

​"လုပ်မယ်..."

​ချန်မူက စိတ်ထဲမှ တုံ့ပြန်လိုက်ပြီး ကတ်ပြားတစ်ခုကို ကောက်ယူလိုက်သည်။

​ဝူစီဟိုင်ကတော့ သူသာ ခေါင်းမာမာနဲ့ ဘာမှပြန်မဖြေဘူးဆိုရင် ချန်မူ သူ့ကို သတ်မှာမဟုတ်ဘူးလို့ ထင်နေချေသည်။

​ထိုသူက အရမ်းတွေ တွေးလွန်နေပေပြီ။

​ချန်မူက ဝူစီဟိုင်ရဲ့ နောက်ကွယ်က ဂိုဏ်းချုပ်ဆိုတာ ဘယ်သူလဲ... ဘယ်ဂိုဏ်းကလဲဆိုတာကို သိချင်နေရုံ သက်သက်သာဖြစ်ကာ အခြား ဘာရည်ရွယ်ချက်မှ မရှိချေ။

​ပြောရရင် သူ့ရဲ့ စပ်စုချင်တဲ့ စိတ်လေးကို ဖြေဖျောက်ချင်ရုံ သက်သက်ပင်။

​ဘာမှမပြောလည်း သူ့အတွက် နစ်နာစရာမှ မရှိရာ ဒါကို အသုံးချပြီး အကျပ်ကိုင်ချင်သည်တဲ့.....

​ဟက်... အိပ်မက်သာ မက်နေလိုက်ပါ မိတ်ဆွေ....

​...

​ဝူစီဟိုင်၏ အလောင်းကို သယ်ဆောင်ကာ ချန်မူသည် လမ်းကြားများတစ်လျှောက် လျှောက်လာခဲ့သည်။

​လမ်းတစ်လျှောက် အခြားသူများကို ရှောင်ရှားလျက် နေ့ခင်းက အလောင်းများစွန့်ပစ်ခဲ့သည့် နေရာသို့ ရောက်လာပြီး ဝေချီတို့ကဲ့သို့ပင် ဝူစီဟိုင်၏ အလောင်းကိုလည်း ရေတွင်းပျက်ထဲသို့ ပစ်ချလိုက်၏။

​ထို့နောက် အနံ့အသက်များ ပိတ်လှောင်သွားစေရန် ကျောက်တုံးကြီးဖြင့် ပြန်ဖုံးထားလိုက်သည်။

​ချန်ဖျင်ရပ်ကွက်သို့ အပြန်လမ်းတွင် ချန်မူက သူရရှိလာသော ကတ်အသစ်တစ်ခုကို ထုတ်ယူလိုက်သည်။

​'ကျင့်ကြံမှုကတ်ပြား...'

​ဝူစီဟိုင်မှာ သိုင်းသမားတစ်ယောက်ဖြစ်သည်။ ချန်မူ သူ့ဆီမှ ကောက်ယူရရှိခဲ့သော ကတ်ပြားများအနက် သူ အလိုချင်ဆုံးကတ်မှာ အတွင်းအားကတ် ဖြစ်လေသည်။

​သို့သော် ကျင့်ကြံမှုကတ်ပြားကလည်း ကောင်းပေသည်။ တစ်နှစ်စာ သက်တမ်းပဲ ရှိပေမဲ့ အကြွင်းအကျန်တိမ်တိုက်လက်ဝါးကို ကျင့်ကြံဖို့တော့ လုံလောက်ချေမည်။

​တကယ်လည်း လုံလောက်ခဲ့သည်။

​အိမ်ပြန်ရောက်သောအခါ ချန်မူက ဤကျင့်ကြံမှုကတ်ပြားကို အသုံးပြုလိုက်ရာ အသက်နှစ်ကြိမ်ရှူစာ အချိန်အတွင်းမှာပင် အကြွင်းအကျန်တိမ်တိုက် လက်ဝါးသိုင်းကွက်မှာ အခြေခံအဆင့်မှနေ၍ ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားလေသည်။

​ဟွမ်ဖေးယန်ဆိုလျှင် အကြွင်းအကျန်တိမ်တိုက် လက်ဝါးကို ခြောက်လကြာအောင် ကျင့်ကြံခဲ့သော်လည်း အခြေခံ တတ်မြောက်မှုအဆင့်သို့သာ ရောက်ရှိသေးကြောင်း သတိပြုသင့်ချေသည်။

​စနစ်လေးနဲ့ ရှင်သန်ရတာ တကယ်ကို မိုက်လွန်းလှပေသည်.....

​...

​လော့ယွင်သိုင်းကျောင်းတော် သုတ်သင်ခံလိုက်ရသည့် သတင်းက အရှေ့ဘက်ရပ်ကွက်တစ်ခုလုံး ပြန့်နှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

​အောက်ခြေလူတန်းစားများ၏ အမြင်တွင် လော့ကျုံးယွင်မှာ မြင့်မားသော ဂုဏ်သတင်းနှင့် ခွန်အားကြီးမားသော ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။

​လော့ယွင်သိုင်းကျောင်းတော်မှာလည်း နာမည်ကောင်းရှိသည်။ သင့်တွင် ငွေလုံလောက်စွာရှိပါက အကြွင်းအကျန်တိမ်တိုက်လက်ဝါး နှင့် လွင့်မျောတိမ်တိုက်ကျင့်စဉ်၏ ပထမသုံးဆင့်ကို သင်ယူနိုင်ချေသည်။

​ဆယ်စုနှစ်များစွာအတွင်း လူအနည်းဆုံး ရှစ်ဆယ်မှ တစ်ရာခန့်သည် လွင့်မျောတိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် သိုင်းသမားများ ဖြစ်လာခဲ့ကြသည်။

​ထိုလူအများစုမှာ လော့ကျုံးယွင်ကို အလွန် ကျေးဇူးတင်ကြချေသည်။

​ထို့ကြောင့် တစ်ညတွင်းချင်း လော့ယွင်သိုင်းကျောင်းတော် ပိတ်သိမ်းလိုက်ရခြင်းမှာ အလွန် နှမြောစရာကောင်းလှ၏။

​သို့သော် ချန်မူ၏ စောင့်ကြည့်မှုအရ လော့ကျောက်ယွီ အသက်ရှင်နေသေးကြောင်းကို မည်သူကမျှ သိပုံမပေါ်ချေ။

​'တမင်တကာ ဖုံးကွယ်ထားကြတာများလား...'

​ထင်ကြေးပေးတာကတော့ ထင်ကြေးပေးတာပင်။ ဒါပေမဲ့ ဒီကိစ္စမှာ သူ ဝင်မပါသင့်ချေ။

​ပိုမိုစိတ်ချရသော ချဉ်းကပ်မှုတစ်ခုဖြစ်သည့် ကတ်ပြားများကိုသာ ရိုးရိုးသားသား လိုက်ကောက်နေရန် သူ ဆုံးဖြတ်လိုက်သည်။

​...

​သူသည် မြို့ထဲတွင် လျှောက်သွားရင်း သုံးရက်တစ်ခါ မြို့ပြင်ရှိ သင်္ချိုင်းကုန်းနှစ်ခုသို့ သွားရောက်လေ့ရှိသည်။

​ကတ်ပြားများကို တွေ့ရသော်လည်း အရေအတွက်မှာ ကန့်သတ်ချက် ရှိနေခဲ့သည်။

​ပြီးခဲ့သည့်အကြိမ်က ချောက်ကမ်းပါးထဲတွင် အတွင်းအားကတ်များနှင့် ကျွမ်းကျင်မှုစွမ်းရည်ကတ်များကို တစ်ပြိုင်နက်တည်း အများအပြား တွေ့ရှိခဲ့ရခြင်းမှာ ထူးခြားသော အခြေအနေတစ်ခုသာ ဖြစ်၏။

​သို့သော် ချန်မူ စိတ်ဓာတ်မကျခဲ့ပေ။

​နန်ယွန်းစီရင်စုတွင် နေ့စဉ် လူသောင်းနှင့်ချီ သွားလာလှုပ်ရှားနေကြပြီး တစ်ရက် သို့မဟုတ် နှစ်ရက်ခြား တစ်ခါ လူတစ်ယောက်တော့ သေဆုံးလေ့ ရှိကြသည်။

​ထိုနေ့ မွန်းလွဲပိုင်းတွင် ချန်မူသည် မြို့ပြင်ရှိ သင်္ချိုင်းကုန်းမှ ပြန်လာခဲ့သည်။ အပြန်လမ်းတွင် သူ၏ရှေ့ မလှမ်းမကမ်းရှိ တောအုပ်ထဲမှ လူရိပ်တစ်ခု ရုတ်တရက် ထွက်လာပြီး ဖရိုဖရဲဖြင့် ထွက်ပြေးလာသည်ကို တွေ့လိုက်ရသည်။

​သူက အလိုအလျောက် ရပ်တန့်လိုက်ရာ နောက်ထပ် လူနှစ်ယောက် တောအုပ်ထဲမှ ထွက်လာပြီး ထိုသူကို လိုက်ဖမ်းနေကြချေသည်။

​ရှေ့မှ ဖရိုဖရဲ ထွက်ပြေးနေသူမှာ သိုင်းလောကသား တစ်ယောက်ဖြစ်ကြောင်း ရှင်းလင်းလှသည်။

​နောက်မှ လိုက်လာသူ နှစ်ယောက်မှာ မီးတောက်များ ရစ်ခွေနေပုံ ရေးဆွဲထားသည့် ကျပ်ထုပ်သည့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ငှက်မွေးများ တပ်ဆင်ထားသော ဦးထုပ်များကို ဆောင်းထားကာ ခါးတွင် ကျားခေါင်းပုံဓားများကို ချိတ်ဆွဲထားကြပြီး ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

​"... သိုင်းနှိမ်နင်းရေးဌာနက လူတွေလား..."

​ချန်မူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားရသည်။

​သိုင်းနှိမ်နင်းရေးဌာနမှာ မဟာကျိုးအင်ပါယာ တရားရုံးတော်မှ သိုင်းလောကကို အထူးပစ်မှတ်ထား ဖွဲ့စည်းထားသော ကြမ်းတမ်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။

​သူတို့၏ တာဝန်မှာ သိုင်းလောကတစ်ခုလုံးကို စောင့်ကြည့်ရန်နှင့် ထွက်ပြေးလွတ်မြောက်နေသူများ၊ ဓားပြကြီးများနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော လူဆိုးများကို ဖမ်းဆီးရန်ပင် ဖြစ်သည်။

​မီးတောက်ဝတ်စုံ နှင့် ကျားခေါင်းဓားမှာ ကျန်းဝူတပ်ဖွဲ့ဝင်များ၏ စံသတ်မှတ်ချက် လက်နက်နှင့် ဝတ်စုံပင်။

​ရုံးတော်မှ သာမန် အရာရှိများက ရန်ဖြစ်ခြင်း၊ ခါးပိုက်နှိုက်ခြင်းနှင့် အရပ်ဘက် အငြင်းပွားမှုများကို တာဝန်ယူဖြေရှင်းကြရသည်။

​ကျန်းဝူတပ်ဖွဲ့ဝင်များကမူ လူသတ်မှုနှင့် ကြီးလေးသော ရာဇဝတ်မှုများကို တာဝန်ယူ ဖြေရှင်းကြရသည်။

​လမ်းမများပေါ်တွင် ရန်ဖြစ်ကြပြီး လူသေပါက အလောင်းအများစုကို သူတို့က သယ်ဆောင်သွားလေ့ ရှိသည်။

​ထို့ကြောင့် ချန်မူမှာ မကြာခဏဆိုသလို ခြေတစ်လှမ်း နောက်ကျနေတတ်၏။

​အကယ်၍ သူသာ သိုင်းနှိမ်နင်းရေးဌာနထဲသို့ ဝင်နိုင်မည်ဆိုပါက ကတ်ပြားများကောက်ယူနိုင်သည့် သူ၏စွမ်းရည်မှာ အမြင့်မားဆုံး အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သည်။

​ပထမအချက်မှာ သူက လူသတ်မှုဖြစ်ပွားရာ နေရာမျိုးစုံသို့ ဝင်ရောက်နိုင်ပြီး အလောင်းများကို အနီးကပ် မြင်တွေ့ခွင့် ရရှိမည်ဖြစ်သည်။

​ဒုတိယအချက်မှာ သိုင်းနှိမ်နင်းရေးဌာန၏ သတင်းအချက်အလက် ကွန်ရက်မှာ အကောင်းဆုံးဖြစ်ချေသည်။

​သတင်းအချက်အလက်၏ အရေးပါမှုကို သံသယဖြစ်ဖွယ် မလိုပေ။

​အကယ်၍ ချန်မူသာ သိုင်းနှိမ်နင်းရေးဌာနထဲသို့ ဝင်ခွင့်ရခဲ့ပါက နေ့တိုင်း နေရာအနှံ့ လျှောက်သွားနေစရာ မလိုတော့ချေ။

​လက်အောက်ငယ်သားများက လူသတ်မှုများနှင့် အလောင်းတွေ့ရှိရသည့် နေရာများကို သတင်းပို့ကြမည် မဟုတ်လော။

​ဂိုဏ်းအချင်းချင်း တိုက်ပွဲများ၊ သိုင်းလောက ရန်ပွဲများ၊ လမ်းဘေး ရန်ပွဲများ...

​အရာအားလုံးကို ချက်ချင်း သိနိုင်မှာပင်။

​နှမြောစရာက...

​သိုင်းနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ရန် ပထမဆုံး အတားအဆီးမှာ ကိုယ်ရေးရာဇဝင် သန့်ရှင်းနေရန် လိုအပ်ခြင်းပင်။

​ဂိုဏ်းသားတစ်ယောက်ဖြစ်သော ချန်မူမှာ အတွင်းလူတစ်ယောက်၏ ထောက်ခံချက်မရှိပါက စစ်ဆေးမှုပင် ခံယူစရာမလိုဘဲ ချက်ချင်း ပယ်ချခံရမည် ဖြစ်၏။

​"ဒါနဲ့ သိုင်းနှိမ်နင်းရေးဌာနက တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့အတွက် အနိမ့်ဆုံး သတ်မှတ်ချက်က ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် စတုတ္ထအဆင့်ဆိုပဲ..."

​ချန်မူက သက်ဆိုင်ရာ အချက်အလက်များကို စိတ်ထဲတွင် ပြန်လည်တွေးတောမိပြီး အံ့ဩစွာဖြင့် သက်ပြင်းချလိုက်မိသည်။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် စတုတ္ထအဆင့် ရှိသူများသာလျှင် တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ပြီး ထိုသို့ ထမ်းဆောင်နိုင်လျှင်တောင်မှ အနိမ့်ဆုံးအဆင့်ဖြစ်သော သံမဏိ တပ်ဖွဲ့ဝင်များအဖြစ်သာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ပထမအဆင့်မှ တတိယအဆင့်ရှိသူများမှာ သိုင်းနှိမ်နင်းရေးဌာနတွင် သာမန် လက်ပါးစေများအဖြစ်သာ တာဝန်ထမ်းဆောင်ခွင့် ရှိချေသည်။

​မှန်ပေသည်။ အလုပ်ကြိုးစားသူများပင်လျှင် မီးတောက်ဝတ်စုံကို ဝတ်ဆင်ရန် အရည်အချင်းမမီသကဲ့သို့ ကျားခေါင်းဓားကို ကိုင်ဆောင်ရန် ဝေလာဝေးပင်။

​"ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် သိုင်းနှိမ်နင်းရေးဌာနထဲကို ဝင်နိုင်ရင်တောင်မှ အနိမ့်ဆုံးအဆင့် အလုပ်ကြမ်းသမားလောက်ပဲ ဖြစ်ခွင့်ရမှာ..."

​ထိုအကြောင်းကို တွေးမိသောအခါ ချန်မူက ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ချေ။

​သူက ဆက်လျှောက်သွားသော်လည်း ဦးတည်ရာကို အနည်းငယ် ပြောင်းလဲလိုက်ပြီး ထွက်ပြေးနေသူနှင့် လိုက်ဖမ်းနေသူ သုံးယောက်နောက်သို့ လိုက်သွားလိုက်သည်။

​သိုင်းနှိမ်နင်းရေးဌာန၏ တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်နေပြီဖြစ်ရာ ထွက်ပြေးနေသူမှာ အခြေအနေ ကောင်းမည်မဟုတ်သည်မှာ သေချာသလောက်ပင်။

​တကယ်လို့ ထိုသူသာ သေသွားရင်...

​"ဟူး..."

​ချန်မူက အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို တည်ငြိမ်စေလိုက်ကာ ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်းကို အသက်သွင်းပြီး သွေးနံ့များနောက်သို့ အဝေးမှနေ၍ လိုက်လံ ခြေရာခံလိုက်သည်။

​ဤသို့ လမ်းလျှောက်လာသည်မှာ နာရီဝက်ခန့် ကြာသွားချေသည်။

​ရုတ်တရက် အဝေးမှနေ၍ သွေးနံ့များ ရုတ်တရက် လွင့်ပျံ့လာပြီး ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်းက ထိုနေရာကို တန်းတန်းမတ်မတ် အာရုံခံမိသွားခဲ့သည်။

​ချန်မူ၏ မျက်လုံးများ ဝမ်းသာအားရ တောက်ပသွားရသည်။ သူက ရပ်တန့်လိုက်ပြီး လဟာပြင်ထဲတွင် နွေဦးရာသီ အပန်းဖြေထွက်လာသူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းနေလိုက်၏။ ထို့နောက် မည်သူမျှ သူ့ကို သတိမထားမိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ဝိညာဉ်မြွေခြေလှမ်းကို အသုံးပြုကာ သွေးနံ့ရရာဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။

​မကြာမီမှာပင် ချောက်ကမ်းပါးတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​'လုပ်မယ်...'

​ချန်မူသည် ခုနစ်မီတာ၊ ရှစ်မီတာ အကွာအဝေးမှနေ၍ ကတ်ပြားကို ကောက်ယူလိုက်ပြီးနောက် အလောင်းကိုပင် မကြည့်တော့ဘဲ နောက်လှည့်ကာ ထွက်ခွာသွားလေသည်။

​ကတ်ပြားကို ရရှိပြီးပြီဆိုမှတော့ အလောင်းကို မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ အရေးမကြီးတော့ချေ။

​...

​တောင်ပေါ်မှ လျင်မြန်စွာ ထွက်လာခဲ့သည်။

​လုံခြုံစိတ်ချရသော နေရာသို့ ရောက်သောအခါ ချန်မူက ကတ်ပြားကို စစ်ဆေးလိုက်၏။

​'ကျင့်ကြံမှုကတ်ပြားလား...'

​'အချိန်ကာလက သုံးနှစ်ခွဲဆိုတော့ သေသွားတဲ့လူက အတော်လေး အစွမ်းထက်တာပဲ..'

​ချန်မူ စိတ်လှုပ်ရှားသွားသော်လည်း ၎င်းကို အသုံးပြုရန် အလျင်မလိုခဲ့ပေ။

​မြို့ထဲသို့ ပြန်ရောက်ပြီး အိမ်သို့ရောက်သောအခါမှသာ ထိုကျင့်ကြံမှုကတ်ပြားကို အသုံးပြု၍ ရွှေခွဲလက်ဝါးကို ကျင့်ကြံလိုက်လေသည်။

​ဝုန်း...

​သူ၏ အသိအာရုံက ရုပ်လုံးလေးတစ်ခုအဖြစ် ပုံပေါ်လာပြီး လက်ဝါးသိုင်းကွက်များကို ထပ်ခါတလဲလဲ လေ့ကျင့်နေချေသည်။

​မျက်မြင်မရသော အလင်းလွှာတစ်ခုကလည်း ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး လက်များအတွင်းရှိ အရိုးများကို လှုံ့ဆော်ကာ သန်မာလာစေခဲ့သည်။

​ကျင့်ကြံမှု ပြီးဆုံးသွားသောအခါ ရွှေခွဲလက်ဝါးသိုင်းကွက်မှာ ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

​ရွှေခွဲလက်ဝါးကိုသာ အသက်သွင်းလိုက်ပါက လက်ဝါးနှစ်ဖက်စလုံး မည်းနက်သွားပြီး ဓားလှံများ၊ ရေနှင့် မီးတို့၏ ဘေးအန္တရာယ်ကို လုံးဝ မမှုတော့ချေ။

​...

​ချန်တယ်ရပ်ကွက်။

​သွေးဝံပုလွေဂိုဏ်း အခြေစိုက်စခန်း။

​"လောင်ယန်... ခေါင်းဆောင်ဝူ ဘယ်ရောက်သွားတာလဲ..."

​ပြောင်လက်နေသော ခေါင်းနှင့် မုတ်ဆိတ်မွေးအပြည့်ရှိသော လူသန်ကြီးတစ်ယောက်က ဝူစီဟိုင်၏ လူယုံများထဲမှ တစ်ယောက်ကို ကြည့်ကာ "သုံးရက်ရှိနေပြီ... ဘာလို့ ခေါင်းဆောင် ပြန်မလာသေးတာလဲ" ဟု မေးလိုက်သည်။

​"ငါလည်း မသိဘူးကွ..."

​မေးခွန်းမေးခံရသော လူသန်ကြီးမှာလည်း နားမလည်နိုင်ဖြစ်နေမိသည်။ "အဲဒီညက ခေါင်းဆောင်က ငါတို့ကို လူစုခွဲခိုင်းပြီး အိမ်ပြန်မယ်ပြောလို့ ငါတို့လည်း ပြန်လာခဲ့တာလေ။ ခေါင်းဆောင် ဘယ်သွားလဲ ငါတို့လည်း လုံးဝ မသိဘူး..."

​"ဒါဆို..."

​ထိုစကားကို ကြားသောအခါ ခန်းမထဲရှိ လူ ဒါဇင်ခန့်မှာ မျက်မှောင်ကြုတ်သွားကြရသည်။

​ခေါင်းဆောင်ကြီးတစ်ယောက်အနေဖြင့် ဝူစီဟိုင်၏ သွားလာလှုပ်ရှားမှုများကို သူ၏ လက်အောက်ငယ်သားများက ယေဘုယျအားဖြင့် သိရှိထားကြသည်။

​သို့သော် ယခုတစ်ကြိမ်မှာ အနည်းငယ် ထူးဆန်းနေချေသည်။ သုံးရက်ကြာသည်အထိ သူ့အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

​ထို့အပြင် ဝူစီဟိုင် တစ်ယောက်တည်းသာ မဟုတ်ပဲ နောက်ဆုံးကျန်ရှိနေသော ဂိုဏ်းခွဲမှူး ခေါင်းဆောင်ငယ် ဝေချီမှာလည်း ပြန်ပေါ်မလာတော့ချေ။

​ဒီကိစ္စကတော့...

​တစ်ခုခုတော့ မှားနေပေပြီ။

အခန်း ၁၈ပြီး၏။

All Chapters