← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) ကတ်ပြားအသစ် - ပစ္စည်းကိရိယာကတ်ပြား

​ညဘက်။

​တိမ်မည်းများက ကောင်းကင်ကို ဖုံးအုပ်ထားပြီး လရောင်ကို ကွယ်ဝှက်ထားကြသည်။

​ထို့ကြောင့် နန်ယွန်းစီရင်စု မြို့တော်မှာ အမှောင်ထုထဲတွင် နစ်မြုပ်နေပြီး ဧရိယာအများစုမှာ တိတ်ဆိတ်ငြိမ်သက်နေရသည်။

​ချန်ဖျင်ရပ်ကွက်။

​ချန်မူက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး အိပ်ပျော်လုနီးပါး ဖြစ်နေစဉ် အဝေးမှနေ၍ စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​ကျယ်လောင်သော အော်သံကြီးက ညအမှောင်ထုကို ဖောက်ထွက်သွားချေသည်။

​ချက်ချင်းပင် ဟိန်းဟောက်သံများနှင့် သတ်ဖြတ်သံများ ရောယှက်ကာ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

​ချန်မူက ကုတင်ပေါ်မှ ခုန်ဆင်းကာ အဝတ်အစားများကို ကောက်စွပ်လိုက်ပြီး တံခါးကိုဖွင့်၍ အပြင်သို့ ထွက်လာလေသည်။

​"ကျွီ..."

​အနောက်ဘက်အခန်းတွင် ရှိနေသော ဟွမ်ဖေးယန်သည်လည်း တစ်ချိန်တည်းမှာပင် ထွက်လာလိုက်သည်။

​ချန်မူ၏ အခန်းဘက်မှ အသံကြားသောအခါ သူက "အာဟူ... အပြင်မထွက်နဲ့။ ဒီအသံတွေက သိုင်းလောကသားတွေရဲ့ လက်စားချေ သတ်ဖြတ်ပွဲ ဖြစ်ရမယ်" ဟု အမြန် လှမ်းပြောလိုက်၏။

​"အသံကို နားထောင်ရတာ ဘေးက ချန်လုံရပ်ကွက်ဘက်က လာတာပဲ..." ချန်မူက ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် သွားကြည့်လိုက်ဦးမယ်။ စိတ်မပူပါနဲ့ အစ်ကိုရ... တိုက်ပွဲဖြစ်နေတဲ့ နေရာနားကို ကျွန်တော် သွားမကပ်ပါဘူး.. အဝေးကနေပဲ ကြည့်မှာပါ"

​ထိုသို့ပြောပြီးနောက် သူက ခြေဖျားဖြင့် မြေပြင်ကို ဖွဖွလေးနင်းကာ လေထဲသို့ ခုန်တက်သွားပြီး ခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်သည်။

​ထို့နောက် ခေါင်မိုးများပေါ်မှ တစ်ဆင့် လျင်မြန်စွာ ခုန်ပျံသွားလိုက်သည်။

​"မင်း..."

​ဟွမ်ဖေးယန်က ကျိန်ဆဲရန် ပြင်လိုက်သော်လည်း ချန်မူမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ သူ၏ စကားများကို ပြန်မျိုချလိုက်ရသည်။

​နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာပေါ်၌ အံ့ဩမှုများ ပေါ်လာချေသည်။

​"အာဟူက အမှောင်ထဲမှာ မြင်ရလို့လား..."

​မျက်တောင်တစ်ခတ်အတွင်းမှာတင် ချန်မူ ပျောက်ကွယ်သွားခဲ့လေပြီ။

​သင့်တွင် အလွန်ကောင်းမွန်သော ကိုယ်ဖော့ပညာရှိလျှင်ပင် အမှောင်ထဲတွင် မမြင်ရပါက အလဟဿသာ ဖြစ်ပေမည်။

​ချန်မူကမူ ဤအရာကြောင့် အဟန့်အတား ဖြစ်ပုံမပေါ်ချေ။

​...

​ညဘက်မြင်နိုင်စွမ်းကို အသက်သွင်းလိုက်သောအခါ မည်းမှောင်နေသော ညကောင်းကင်ယံမှာ ချန်မူ၏ မျက်လုံးထဲတွင် အနည်းငယ် ဖောက်ထွင်းမြင်နိုင်သော ခရမ်းဖျော့ဖျော့အရောင်အဖြစ် ပြောင်းလဲသွားသည်။

​နေ့ခင်းဘက်ကဲ့သို့ပင် ရှင်းလင်းပြတ်သားစွာ မြင်နိုင်ချေသည်။

​ခေါင်မိုးများပေါ်မှ ဖြတ်ပျံသန်းရင်း ဝိညာဉ်မြွေခြေလှမ်းကို အသုံးပြုလိုက်ရာ ဟိန်းဟောက်သံများနှင့် သတ်ဖြတ်သံများ ထွက်ပေါ်လာရာ နေရာသို့ မကြာမီ ချဉ်းကပ်လာနိုင်ခဲ့သည်။

​၎င်းက ချန်လုံရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုမှာပင်။

​ဤအချိန်တွင် တည်းခိုခန်း၏ ရှေ့တံခါးမှာ ပွင့်ထွက်နေပြီး နောက်ဘက်ခြံဝင်းရှိ အခန်းတံခါးများမှာလည်း ပွင့်နေလေသည်။

​တည်းခိုခန်း၏ အတွင်းအပြင် နှစ်နေရာလုံးတွင်တော့ လူအုပ်နှစ်အုပ်စုက တိုက်ခိုက်နေကြ၏။

​သူတို့၏ ဝတ်စားဆင်ယင်မှုအရ တစ်အုပ်စုမှာ သိုင်းကျောင်းတော်မှ တပည့်များဖြစ်ပြီး အခြားတစ်အုပ်စုမှာ ကုန်ပစ္စည်းများကို လုံခြုံရေးယူပေးသည့် သက်တော်စောင့်အဖွဲ့ ဖြစ်ပုံရသည်။

​ပထမအဖွဲ့မှာ လူနည်းသော်လည်း စွမ်းရည်ပိုမြင့်ပြီး ဒုတိယအဖွဲ့မှာ လူများသော်လည်း စွမ်းရည်မှာ ပုံမှန်သာ ရှိချေသည်။

​အနည်းဆုံးတော့ သိုင်းသမားအရေအတွက်ကို ယှဉ်ကြည့်လျှင် သိုင်းကျောင်းတော်ဘက်မှ လူတိုင်းက သိုင်းသမားတွေချည်း ဖြစ်နေခဲ့သည်။

​အကယ်၍ လူအရေအတွက်က ရာချီရှိနေမည်ဆိုပါက လူအင်အားကို အသုံးပြု၍ ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် သိုင်းသမားတစ်ယောက်ကိုပင် အနိုင်ယူနိုင်ပေမည်။

​သို့သော် သက်တော်စောင့်အဖွဲ့ဘက်တွင် လူအင်အား သာလွန်သော်လည်း အယောက်သုံးဆယ်ဝန်းကျင်သာ ရှိသည်။

​ထို့အပြင် သိုင်းကျောင်းတော်မှ တပည့်များ၏ ထိုးစစ်ကို ရင်ဆိုင်ရရာတွင် သူတို့ဘက်မှ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ချန်မူ ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အဝေးသို့ လှမ်းကြည့်နေစဉ်မှာပင် နောက်ဖေးခြံဝင်းထဲတွင် နောက်ထပ် လူနှစ်ယောက် ထပ်မံ သေဆုံးသွားပြန်သည်။

​"ပြေး..."

​ထိုအချိန်မှာပင် ကျယ်လောင်သော အော်သံကြီးတစ်ခု ထွက်ပေါ်လာချေသည်။

​သက်တော်စောင့်အဖွဲ့ဘက်မှ လူသန်ကြီးတစ်ယောက်က "အားလုံး ငါ့နောက်ကိုလိုက်ပြီး ဆုတ်ခွာကြ..." ဟု ဒေါသတကြီး အော်ဟစ်လိုက်၏။

​လက်နက်ချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားကာ ကျန်ရှိနေသော သက်တော်စောင့်အဖွဲ့ဝင်များက တည်းခိုခန်းထဲမှ အမြန်ဆုတ်ခွာကာ လမ်းမပေါ်သို့ ထွက်ပြေးလိုက်ကြသည်။

​သိုင်းကျောင်းတော်မှ သိုင်းသမား ခုနစ်ယောက်ကလည်း အနောက်မှ လိုက်ပါလာကြသည်။

​ထိုအခွင့်အရေးကို အသုံးချကာ ချန်မူက ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး ဝိညာဉ်မြွေခြေလှမ်းကို အသုံးပြု၍ အလောင်းများကြားတွင် ရွေ့လျားသွားလိုက်သည်။

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​'လုပ်မယ်...'

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​'လုပ်မယ်...'

​...

​စုစုပေါင်း ကတ်ပြား ဆယ့်သုံးကတ် ကောက်ယူရရှိခဲ့သည်။

​အိမ်ထဲတွင် သေဆုံးနေသော သက်တော်စောင့် အလောင်းအချို့လည်း ရှိချေသည်။

​ချန်မူက တစ်လောင်းကိုမျှ လွတ်မခံခဲ့ပေ။

​ကတ်ပြားများ အားလုံးကို ရရှိပြီးသည်နှင့် သူ ချက်ချင်း ထွက်ခွာလာလိုက်သည်။

​ခေါင်မိုးပေါ်မှ လာခဲ့သကဲ့သို့ ခေါင်မိုးပေါ်မှပင် ပြန်ထွက်လာခဲ့သည်။

​လမ်းတစ်လျှောက် မည်သူကမျှ သူ့ကို မတားဆီးခဲ့ချေ။

​ပို၍ တိတိကျကျပြောရလျှင် တည်းခိုခန်းရှိ ဆူညံသံများက မြို့ထဲရှိ ဩဇာတိက္ကမကြီးမားသော မည်သည့် သိုင်းသမားကိုမျှ လာရောက်စစ်ဆေးရန် ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။

​ဓားမကြီးဂိုဏ်းကို ပြောရလျှင်...

​ချန်လုံရပ်ကွက်မှာ ဓားမကြီးဂိုဏ်း၏ နယ်မြေဖြစ်သည်မှာ မှန်သော်လည်း ၎င်းက သူတို့၏ မြေအောက်လုပ်ငန်းများဖြစ်သည့် လမ်းမများပေါ်တွင် ဆက်ကြေးကောက်ခြင်းများကိုသာ ရည်ညွှန်းခြင်းဖြစ်၏။

​ဤကဲ့သို့သော သိုင်းလောက ရန်ပွဲမျိုးဆိုလျှင် ဓားမကြီးဂိုဏ်း၏ ခေါင်းဆောင်ကြီးကို မဆိုထားနှင့် ချန်လုံရပ်ကွက်ကို ကြီးကြပ်ရသော ယွီပေါင်လျန်ပင်လျှင် ဝင်ရောက်စွက်ဖက်ရန် ဝံ့ရဲမည် မဟုတ်ချေ။

​အုပ်စုနှစ်စု တိုက်ခိုက်နေကြစဉ်အတွင်း ယွီပေါင်လျန်ကလည်း ဆူညံသံများကို သဘာဝကျစွာ ကြားနေရသော်လည်း အပြင်သို့ ထွက်လာရန် လုံးဝ မဝံ့ရဲခဲ့ပေ။

​အခြား မည်သူကမျှလည်း ဝံ့ရဲမည် မဟုတ်......

​...

​ချန်မူ အိမ်သို့ အလွယ်တကူ ပြန်ရောက်လာပြီး ခြံဝင်းထဲတွင် စောင့်နေသော ဟွမ်ဖေးယန်က သူ့ကို ဘေးသို့ဆွဲခေါ်ကာ ခဏမျှ စကားပြောလိုက်၏။

​ထို့နောက် ချန်မူ အခန်းထဲသို့ ပြန်ဝင်လာပြီး သူ ကောက်ယူလာခဲ့သော ကတ်ပြားများကို စစ်ဆေးကြည့်လိုက်သည်။

​စွမ်းအင်ကတ်... သက်လုံကတ်... သက်လုံကတ်...

​အတွင်းအားကတ်...

​ပစ္စည်းကိရိယာကတ်ပြား......

​စစ်ဆေးကြည့်ပြီးနောက် သူသည် အသုံးဝင်သော အတွင်းအားကတ်တစ်ခုကို ရရှိခဲ့ပြီး ၎င်းက အတွင်းအားကျင့်ကြံမှုကို နှစ်လစာ တိုးတက်စေမည် ဖြစ်သည်။

​နောက်ထပ် ကတ်ပြားအသစ်တစ်ခုဖြစ်သည့် ပစ္စည်းကိရိယာကတ်ပြားကမူ ချန်မူကို အမှန်တကယ် အံ့အားသင့်သွားစေခဲ့သည်။

​နာမည်အရဆိုလျှင် ပစ္စည်းကိရိယာကတ်ပြားတွင် အမျိုးမျိုးသော ပစ္စည်းကိရိယာများ၊ အသုံးအဆောင်များနှင့် ဆေးလုံးများပင် ပါဝင်နိုင်ချေသည်။

​ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်ခဲ့သော တန်ဖိုးရှိသည့် ပစ္စည်းများကို ကောက်ယူနိုင်ပြီး ပစ္စည်းကိရိယာကတ်ပြားထဲတွင် ချိတ်ပိတ်ထားနိုင်လေသည်။

​ချန်မူက "သုံးမယ်" ဟု တိတ်တဆိတ် ရေရွတ်လိုက်ရာ ပစ္စည်းကိရိယာကတ်ပြားမှာ အသက်ဝင်လာပြီး ပစ္စည်းကို ရရှိသွားသည်။

​ဤအခိုက်အတန့်တွင် ချန်မူ၏ လက်ထဲ၌ မည်သည့်ပစ္စည်းများဖြင့် ပြုလုပ်ထားမှန်း မသိရသော မျက်နှာဖုံးအကြီးကြီးတစ်ခုကဲ့သို့ သားရေပစ္စည်းတစ်ခု ရောက်ရှိလာခဲ့သည်။

​လူ့အရေခွံမျက်နှာဖုံး...

​ကောက်ယူရရှိခဲ့သော ပစ္စည်းကိရိယာကတ်ပြားထဲတွင် ချိတ်ပိတ်ထားသည့်အရာမှာ ရုပ်ဖျက်ရန် အသုံးပြုနိုင်သော လူ့အရေခွံမျက်နှာဖုံးတစ်ခု ဖြစ်နေလေသည်။

​ယေဘုယျအားဖြင့် လူ့အရေခွံဟု ခေါ်ဆိုကြသော်လည်း လူ့အရေခွံမျက်နှာဖုံးများ ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများမှာ အမှန်တကယ် လူ၏ မျက်နှာအရေခွံများ မဟုတ်ဘဲ တိရစ္ဆာန် အူများ၊ အထူးသစ်သားများ၊ အဖိုးတန်သတ္တုရိုင်းများနှင့် အခြားအရာများကို အသုံးပြုထားခြင်း ဖြစ်၏။

​ထို့ကြောင့် တန်ဖိုးမှာ အလွန်မြင့်မားလှသည်။ ၎င်းကို ငွေထောင်ချီ မရှိဘဲ ဝယ်ယူရန် မဖြစ်နိုင်သကဲ့သို့ သာမန်လူများမှာလည်း ၎င်းကို ဝယ်ယူနိုင်ရန် လမ်းကြောင်း မရှိချေ။

​ဤတစ်ကြိမ်တွင်မူ ချန်မူ အမှန်တကယ် ရွှေတွင်းတူးမိသွားပြီ ဖြစ်သည်။

​"သိုင်းလောကထဲမှာ သွားလာလှုပ်ရှားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ထားတာ အကောင်းဆုံးပဲ။ ရုပ်ဖျက်ဖို့အတွက် အထူးကျင့်စဉ်တစ်ခု လိုအပ်ပေမဲ့ ဒီမျက်နှာဖုံးက ငါ့မှာ ရှိနေပြီသား ဖြစ်သွားပြီ"

​"မဆိုးဘူး... မဆိုးဘူး..."

​ချန်မူက လူ့အရေခွံမျက်နှာဖုံးကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

​ခဏအကြာတွင် သူက ၎င်းကို မိမိ၏ ကိုယ်ပေါ်တွင် သေသေချာချာ သိမ်းဆည်းလိုက်၏။

​ထို့နောက် ချက်ချင်းပင် အတွင်းအားကတ်ကို အသုံးပြုလိုက်ရာ ခန္ဓာကိုယ်အတွင်းမှ လေဟာနယ်ထဲတွင် အတွင်းအားများ ရုတ်တရက် ထွက်ပေါ်လာပြီး ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် စတုတ္ထအဆင့်သို့ ချိုးဖျက်နိုင်ရန် လွင့်မျောတိမ်တိုက်ကျင့်စဉ်ကို လှည့်ပတ်ပေးလိုက်သည်။

​သို့သော် ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ အတားအဆီးမှာ အနည်းငယ် မြင့်မားချေသည်။

​နှစ်လစာ ကျင့်ကြံမှုဖြင့်ပင် အတွင်းအားကတ်မှာ ကုန်ခမ်းသွားသော်လည်း အဆင့်မတက်နိုင်ခဲ့ပေ။

​ချန်မူက ဤအတွက် စိတ်ဓာတ်မကျခဲ့သလို မအောင်မြင်ခြင်းမှာလည်း သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။

​ဒါက အတွင်းအားကတ် တစ်ခုတည်းမဟုတ်လော။

​'ဟီး.... နှစ်လစာနဲ့ မလုံလောက်ဖူးလား... လာစမ်း.... သုံးလ၊ လေးလ၊ ငါးလစာ စမ်းကြည့်တာပေါ့...'

​'ငါ့မှာ အတွင်းအားကတ်တွေ အလုံအလောက်ရှိနေသရွေ့ အဆင့်မတက်နိုင်ဘူးဆိုတာ မယုံဘူးကွ...'

​...

​နောက်တစ်နေ့။

​မနေ့ညက ချန်လုံရပ်ကွက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အနီးအနားရှိ ရပ်ကွက်များနှင့် လမ်းများတွင် ဆွေးနွေးစရာတစ်ခု ဖြစ်လာရသည်။

​သို့သော် အလောင်းများကိုမူ မနက်အစောကြီးကတည်းက အစိုးရအရာရှိများက လာရောက်သယ်ဆောင်သွားကြပြီ ဖြစ်သည်။

​ဒါကြောင့်လည်း ချန်မူက အန္တရာယ်ရှိမှန်း သိနေလျက်နှင့် မနေ့ညက တည်းခိုခန်းသို့ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်၏။

​အကယ်၍ နောက်ကျသွားပါက သူ အလောင်းများကို ကပ်နိုင်မည် မဟုတ်တော့ချေ။

​အလောင်းတွေ မရှိရင် ကတ်ပြားတွေ ဘယ်လိုလုပ် ကောက်ရတော့မည်နည်း။

​ကံကောင်းထောက်မစွာဖြင့် ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းပြီးနောက် ကောက်ယူနိုင်သည့် အကွာအဝေးမှာ ရှစ်မီတာအထိ ကျယ်ပြန့်သွားခဲ့သည်။ အလောင်းက ဖြောင့်တန်းသော အကွာအဝေး ရှစ်မီတာအတွင်း ရှိနေသရွေ့ ကတ်ပြားကို ကောက်ယူနိုင်ပေသည်။

​ထို့ကြောင့် အရင်လို အနားကပ်သွားစရာ မလိုတော့ချေ။

​ထို့အပြင် ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် စတုတ္ထအဆင့်ကို ချိုးဖျက်နိုင်ရင် အကွာအဝေးက ဒီထက်ပိုပြီး ကျယ်ပြန့်လာပေဦးမည်။

​...

​ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေသည့် ချန်မူက မြို့ထဲတွင် ဆက်လက် လျှောက်သွားနေလိုက်သည်။

​သို့သော် ရရှိနိုင်သော အရင်းအမြစ်များမှာ ကန့်သတ်ချက် ရှိနေခဲ့သည်။

​မနက်ခင်းတွင်လည်း ဘာမှမရခဲ့သကဲ့သို့ မွန်းလွဲပိုင်းတွင်လည်း ဘာမှမရခဲ့ပေ။

​ညနေစောင်းချိန်တွင် ချန်မူက ချန်ဖျင်ရပ်ကွက်သို့ ပြန်လာခဲ့လိုက်သည်။

​တံခါးဝသို့ ဝင်ဝင်ချင်းမှာပင် ဓားမကြီးဂိုဏ်းမှ အဖွဲ့ဝင်နှစ်ဦးနှင့် ဆုံလေသည်။

​"အာဟူ... မင်း ပြန်လာပြီလား..."

​ထိုလူနှစ်ယောက်အနက် တစ်ယောက်က ချန်မူကို မြင်သည်နှင့် အမြန်ရှေ့တိုးလာကာ "အာဟူ... မင်း ဘယ်တွေသွားနေတာလဲ။ ခေါင်းဆောင်ဟူက မင်းကို သွားရှာခိုင်းနေတာ..." ဟု တိုးတိုးလေး ပြောလိုက်၏။

​"အစ်ကိုက ကျွန်တော့်ကို ရှာနေတယ် ဟုတ်လား.."

​ချန်မူက နားမလည်စွာဖြင့် "တစ်ခုခု ဖြစ်လို့လား" ဟု မေးလိုက်သည်။

​"မြွေစိမ်းဂိုဏ်းက လက်စားချေဖို့ ရောက်လာတာလေ..."

​အခြား လူသန်ကြီးတစ်ယောက်က အသံကို နှိမ့်ကာ "မွန်းလွဲပိုင်းလောက်က မြွေစိမ်းဂိုဏ်းက ရုတ်တရက် နယ်ကျွံဝင်လာပြီး ခေါင်းဆောင်ဟူကို ချုံခိုတိုက်ခိုက်သွားကြတယ်..." ဟု ပြောလိုက်သည်။

​"ဘာ..." ချန်မူက အံ့သြတကြီး အာမေဍိတ်သံ ထွက်သွားပြီး "အစ်ကို အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။

​"ကံကောင်းလို့ ခေါင်းဆောင်ဟူရဲ့ သိုင်းပညာတွေက အများကြီး တိုးတက်လာပြီး ခွန်အားလည်း အတော်လေး တက်လာလို့ပေါ့။ သူ ချုံခိုတိုက်ခိုက်ခံရချိန်မှာ လူခြောက်ယောက်လည်း ပါသွားတယ်။ သူက ဒဏ်ရာရသွားပေမဲ့ အပေါ်ယံ ရှရာလောက်ပါပဲ... ကြီးကြီးမားမားတော့ ဘာမှမဖြစ်ပါဘူး..."

​ထိုလူသန်ကြီးက ပြန်ဖြေလိုက်၏။ "ခေါင်းဆောင်ဟူက မင်းကို ဒီကိစ္စ လာပြောပြဖို့နဲ့ မြွေစိမ်းဂိုဏ်းရဲ့ ချုံခိုတိုက်ခိုက်တာ မခံရအောင် နောက်ရက်တွေမှာ အပြင်မထွက်ဖို့ လာပြောခိုင်းတာ..."

​"နားလည်ပါပြီ..."

​ချန်မူက သက်ပြင်းတစ်ချက်ချလိုက်ပြီး "မြွေစိမ်းဂိုဏ်းက ငါ့အစ်ကိုကို တိုက်ခိုက်တာ.... ဘယ်သူ ဦးဆောင်လာတာလဲဆိုတာ သိလား" ဟု မေးလိုက်သည်။

အခန်း ၁၉ပြီး၏။

All Chapters