အခန်း ၂၀
Vol. 2 Ch. 20
အခန်း (၂၀) အထွတ်အထိပ်သို့ ရောက်ရှိခြင်း
"ရွှီချုံ.... ဦးဆောင်လာတဲ့လူက မြွေစိမ်းဂိုဏ်းက ဂိုဏ်းခွဲမှူး ခေါင်းဆောင်ငယ် မြွေပွေးလို့ နာမည်ပြောင်ရထားတဲ့ ရွှီချုံပဲ...."
ချန်ဖျင်ရပ်ကွက်၊ ဓားမကြီးဂိုဏ်း အခြေစိုက်စခန်း။
ဟွမ်ဖေးယန်၏ လက်မောင်းများနှင့် ခါးများတွင် ပတ်တီးများ စည်းထားရသည်။ သူ၏ မျက်နှာမှာ ဖြူရော်နေပြီး "ဒီရွှီချုံက ဦးနှောက်မရှိဘဲ သွေးပူလွယ်တဲ့နေရာမှာ နာမည်ကြီးပေမဲ့ သိုင်းပညာပါရမီတော့ တော်တော်ကောင်းတယ်။ သူကျင့်ကြံထားတဲ့ လက်သည်းသိုင်းက တော်တော် အဆင့်မြင့်တယ်။ ငါ့ကိုယ်ပေါ်က ဒီဒဏ်ရာတွေက သူ့ရဲ့ အဆိပ်ရှိတဲ့ လက်သည်းချက်တွေကြောင့် ရလာတာပဲ" ဟု အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
ဟွမ်ဖေးယန်၏ လက်မောင်းတစ်ဖက်စီတွင် သွေးထွက်နေသော အပေါက်လေးပေါက်စီရှိပြီး လက်သည်းရာ လေးကြောင်းလည်း ရှိနေခဲ့သည်။ အရေပြားများကလည်း စုတ်ပြဲနေပြီး အတွင်းရှိ အသားများမှာ အရိုးပေါ်လုနီးပါး ဆွဲထုတ်ခံထားရသည်။
အသက်အန္တရာယ်ရှိသော ဒဏ်ရာမဟုတ်သော်လည်း အရေပြားနှင့် အသားစများမှာ တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခြင်း ဖြစ်သည်။
နောက်နှစ်ပတ်လောက်တော့ ဘာမှလုပ်လို့ရမှာ မဟုတ်တော့ပေ။
ဒါတောင် ပုံမှန် အနာကျက်နှုန်းနဲ့ တွက်ထားခြင်းပင်။
"ဒီည သူ့ကို ကျွန်တော် သွားရှင်းလိုက်မယ်..."
ချန်မူက တည်ငြိမ်စွာဖြင့် "မြွေစိမ်းဂိုဏ်းက လက်စားချေဖို့ စလာပြီဆိုတော့ သူတို့က တစ်ခါတည်းနဲ့ ရပ်နေမှာ မဟုတ်ဘူး။ ရွှီချုံက ရှေ့ဆုံးကနေ ပြေးဝင်ရတာကို ကြိုက်မှတော့ သူ့ကို အရင်ဆုံး ရှင်းပစ်လိုက်ကြတာပေါ့။ ဒါနဲ့ ရွှီချုံရဲ့ အထက်က ခေါင်းဆောင်က ဘယ်သူလဲ..." ဟု ပြောလိုက်သည်။
"မြွေစိမ်းဂိုဏ်းရဲ့ ဂိုဏ်းခွဲမှူး ခေါင်းဆောင်ကြီး လျန်ဖုန်း..."
ဟွမ်ဖေးယန်က အမြန် ဖြေလိုက်ပြီးနောက် "လျန်ဖုန်းကိုတော့ သွားမရှုပ်နဲ့နော်။ လျန်ဖုန်းရဲ့ ကျင့်ကြံမှုအဆင့်က တော်တော်မြင့်တယ်... ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်ကိုတောင် ရောက်လုနီးပါးပဲလို့ ငါကြားထားတယ်" ဟု ဆက်ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော် ဘာလုပ်ရမလဲ သိပါတယ်..."
ချန်မူက ပြုံးလိုက်ပြီး "အစ်ကိုက ဒဏ်ရာမြန်မြန်သက်သာအောင်ပဲ အာရုံစိုက်ထား။ ဪ... ကျွန်တော် အစ်ကို့အတွက် ဆေးအဆီအနှစ် သွားဝယ်ပေးမယ်.." ဟု ပြောလိုက်ပြန်သည်။
"မလိုပါဘူးကွာ.. ငါ့ဒဏ်ရာကို ဆေးထည့်ထားပြီးသားပါဟ" ဟု ဟွမ်ဖေးယန်က ငြင်းလိုက်၏။
ထိုသို့ကြားသောအခါ ချန်မူက ဆက်၍ မတိုက်တွန်းတော့ချေ။
ဟွမ်ဖေးယန် လိမ်းထားသော ဆေးမှာ သာမန်ဆေးသာ ဖြစ်သည်။
အကယ်၍ အနာမြန်မြန်ကျက်ပြီး အသားများ ပြန်လည်ပြည့်ဖြိုးလာစေချင်ပါက ငွေအမြောက်အများသုံးကာ အဆင့်မြင့်ဆေးများကို ဝယ်ယူရမည်ဖြစ်သည်။
ပြဿနာက ငွေဘယ်ကရမည်နည်း။
ဂိုဏ်းခွဲမှူးငယ်တစ်ယောက်ဖြစ်လာပြီးနောက် ဟွမ်ဖေးယန်၏ လစဉ်လစာမှာ ငွေတစ်ရာအထိ တိုးလာသော်လည်း ၎င်းက သူ၏ စားသောက်စရိတ်နှင့် ကျင့်ကြံမှုအတွက် လိုအပ်သော ဆေးမှုန့်များဝယ်ယူရန်သာ သီသီလေး လောက်ငချေသည်။
ထို့ကြောင့် အဆင့်မြင့် ဆေးအဆီအနှစ်များမှာ သူတို့ လက်လှမ်းမမီနိုင်သော အရာများပင်။
သို့သော် ဟွမ်ဖေးယန်တွင် မရှိသော်လည်း ချန်မူတွင် ရှိလေသည်။
ကျိကန်း၏ မှတ်ဉာဏ်များမှတစ်ဆင့် ရရှိခဲ့သော လျှို့ဝှက်အထုပ်ထဲမှ ငွေ ၃,၅၀၀ အနက် ချန်မူကအရည်အသွေးမြင့် ဓားတစ်လက်ဝယ်ယူရန် ငွေ ၈၀၀ သာ သုံးစွဲခဲ့ပြီး ကျန်သည့်ငွေများကို မထိမတို့ဘဲ သိမ်းထားခဲ့သည်။
မူလအစီအစဉ်မှာ ဟွမ်ဖေးယန်ကို လော့ယွင်သိုင်းကျောင်းတော်တွင် သိုင်းပညာသင်ယူနိုင်ရန်အတွက် ငွေတစ်ထောင် ပေးရန်ဖြစ်၏။
သို့သော် လော့ယွင်သိုင်းကျောင်းတော် သုတ်သင်ခံလိုက်ရပြီး ကံကောင်းထောက်မစွာဖြင့် ချန်မူက လွင့်မျောတိမ်တိုက်ကျင့်စဉ် ကတ်ပြားကို ကောက်ရခဲ့ရာ လက်ထဲတွင် ငွေများ ကျန်ရှိနေချေသည်။
...
မိုးမချုပ်မီ ချန်မူက အတွင်းမြို့တော်ရှိ ဂျီရှီဆေးဆိုင်သို့ သွားရောက်ကာ ဆေးအဆီအနှစ် ငါးခုဝယ်ယူရန် ငွေ ၅၀၀ သုံးစွဲလိုက်သည်။
ဆေးအဆီအနှစ် တစ်ခုကို ငွေ ၁၀၀ ပေးရပေသည်။
ဈေးကြီးသော်လည်း ဤဆေးအဆီအနှစ်မှာ ၎င်း၏ ထူးခြားသော အစွမ်းအာနိသင်များကြောင့် နာမည်ကြီးလှသည်။
ဟွမ်ဖေးယန်က ၎င်းကို မြင်သောအခါ ငွေကုန်သွား၍ နှမြောသလို ခံစားရသော်လည်း အလွန်လည်း ဝမ်းသာပီတိ ဖြစ်သွားမိသည်။ သူက ချန်မူကို ငွေဘယ်ကရလာသလဲဟု မေးရာ ချန်မူက သူ့ဆရာပေးလိုက်တာဟု အကြောင်းပြကာ ရှောင်လွှဲသွားခဲ့သည်။
ထို့အပြင် ဆေးအဆီအနှစ်က ဝယ်ပြီးနေပြီဖြစ်ရာ ပြန်အမ်း၍လည်း မရတော့ချေ။
ညအမှောင်ကျလာသည်အထိ စောင့်ဆိုင်းလိုက်၏။
ထို့နောက် ချန်မူက ညဝတ်စုံကို လဲဝတ်ကာ ပစ္စည်းကိရိယာအချို့ကို ယူဆောင်ပြီး မြွေစိမ်းဂိုဏ်း၏ နယ်မြေဆီသို့ ထွက်လာလိုက်သည်။
ပထမဆုံးအနေဖြင့် ရွှီချုံ ကြီးကြပ်ရသော လမ်းဆီသို့ သွားလိုက်လေသည်။
ထိုနေရာသို့ ရောက်သောအခါ ချန်မူက မြွေစိမ်းဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးကာ ရွှီချုံ၏ လိပ်စာနှင့် လက်ရှိ ဘယ်နေရာမှာရှိနေလဲဆိုသည်ကို မေးမြန်းပြီး လမ်းကြားငယ်လေးတစ်ခုဆီသို့ အမြန်သွားလိုက်သည်။
ဤရွှီချုံမှာ ဦးနှောက်မရှိဘဲ သွေးပူလွယ်သူဖြစ်ရုံသာမက နှာဘူးတစ်ယောက်လည်း ဖြစ်ချေသည်။
သူက ညတိုင်း အမျိုးသမီးတစ်ယောက်နှင့် မဖြစ်မနေ အိပ်လေ့ရှိသည်။
သူ မျက်စိကျသွားသော မည်သည့် မိန်းမကောင်းတစ်ယောက်မျှ သူ့လက်မှ လွတ်မြောက်နိုင်လေ့ မရှိချေ။
ဒီညလည်း အတူတူပင်။
မှောင်သွားသည်နှင့် ရွှီချုံက နေ့ခင်းဘက်တွင် သူ မျက်စိကျထားသော အမျိုးသမီးတစ်ယောက်၏ အိမ်သို့ သွားခဲ့သည်။
ချန်မူ ရောက်သွားချိန်တွင် ရွှီချုံက သူ၏ကိစ္စများ ပြီးစီးသွားပြီဖြစ်ရာ သာမန်မိသားစုတစ်စု၏ အိမ်ထဲမှ ထွက်လာချေသည်။
"ခွေးမ... ငါ မင်းနဲ့အိပ်တာ မင်းအတွက် အကြီးမားဆုံး ကောင်းချီးပဲကွ... "
သူက ခါးပတ်ကို တင်းတင်းစည်းရင်း ဆဲရေးတိုင်းထွာကာ လမ်းကြားထဲမှ လျှောက်ထွက်လာခဲ့သည်။
ဂိုဏ်းသားတစ်ယောက်ကိုမျှ ခေါ်ဆောင်မလာခဲ့သော ရွှီချုံ၏ မျက်နှာပေါ်တွင် မောက်မာသော အမူအရာများ ရှိနေခဲ့သည်။
သာမန်အားဖြင့် ဂိုဏ်းခွဲမှူး ခေါင်းဆောင်ငယ်တစ်ဦးတွင် ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား အနည်းဆုံး အနည်းငယ်ခန့် ရှိသင့်ချေသည်။
သို့သော် ရွှီချုံမှာတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူက ဒေါသထွက်ပါက သူ၏ လက်အောက်ငယ်သားများကိုပါ ရိုက်နှက်တတ်သောကြောင့်ပင်။
ထို့ကြောင့် သူ၏နောက်လိုက် အရေအတွက်မှာ အနည်းဆုံးဖြစ်ပြီး ထိုလူများကလည်း အခြားခေါင်းဆောင်များထံသို့ ပြောင်းရွှေ့နိုင်ရန် တိတ်တဆိတ် ကြိုးပမ်းနေကြသည်။
သို့သော် ရွှီချုံကတော့ အဲဒါကို ဂရုမစိုက်ချေ။
သူက ပုံမှန်အားဖြင့် ရန်ဖြစ်တာ၊ လူသတ်တာတွေ မလုပ်ဘဲ သိုင်းပညာကိုပဲ ကျင့်ကြံလေ့ရှိကာ တစ်နည်းအားဖြင့် ပြောရရင် ဒီလူက တော်တော်လေး ဖြူစင်တယ်လို့ ဆိုရမည်။
ဒါပေမဲ့ ဖြူစင်တယ်ဆိုရင်တောင် ချန်မူနဲ့တော့ ဘာမှ မသက်ဆိုင်ချေ။
...
ရွှစ်... ရွှစ်... ရွှစ်...
ရွှီချုံ ထောင့်ကွေ့လိုက်သည်နှင့် တစ်ပြိုင်နက် လေကို ခွင်းသွားသောအသံ မပါရှိဘဲ ထူးဆန်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ခဏ၌ အပ်ဆယ်ချောင်းက ရွှီချုံ၏ အပေါ်သို့ မိုးရွာချသကဲ့သို့ ကျရောက်လာချေသည်။
တိုက်ခိုက်မှုက သတိပေးချက်မရှိဘဲ ရောက်ရှိလာခဲ့သည်။ ရွှီချုံက အပ်များ ရောက်မလာမီ သူ၏ မျက်နှာကို ကာကွယ်ရန် လက်ကိုမြှောက်လိုက်နိုင်ရုံသာ အချိန်ရလိုက်၏။
'ဖောက်...'
အပ်များက လက်မောင်းကို ဖောက်ဝင်သွားပြီး လုံးဝ ပျောက်ကွယ်သွားကြသည်။
ရွှီချုံ စကားမပြောနိုင်မီမှာပင် ....
ရွှစ်...
ဓားအလင်းရောင်တစ်ချက်က ရွှီချုံ၏ မျက်လုံးထဲသို့ ရုတ်တရက် ဖြတ်ပြေးသွားသည်။
ထက်မြက်သော ဓားသွားက လည်ပင်းကို တိကျစွာ ထိုးဖောက်သွားပြီး လေပြွန်ကိုပါ ဖောက်ထွက်သွားချေသည်။
လက်မောင်းများဖြင့် မိမိကိုယ်ကို ကာကွယ်ထားသော ရွှီချုံမှာ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုနေရာတွင်ပင် တောင့်တင်းသွားကာ မျက်လုံးထဲရှိ အလင်းရောင်များက တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်ရသည်။
[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]
'လုပ်မယ်...'
ချန်မူက သူ၏ ဓားရှည်ကို အိမ်ထဲသို့ ပြန်သွင်းကာ သွေးများကို သုတ်လိုက်ပြီးနောက် လှည့်ထွက်လာလိုက်သည်။
ရွှီချုံ၏ အလောင်းက မြေပြင်ပေါ်သို့ ဘုတ် ခနဲ လဲကျသွားလေသည်။
အလောင်းကို ရှင်းလင်းစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ညတွင် ချန်မူသည် ရွှီချုံတစ်ယောက်တည်းကိုသာ သတ်မည်မဟုတ်ဘဲ ရွှီချုံ၏ အထက်ခေါင်းဆောင် လျန်ဖုန်းကိုပါ သတ်ပစ်မည်ဖြစ်သောကြောင့်ပင်။
အချိန်ရမည်ဆိုပါက မြွေစိမ်းဂိုဏ်းမှ အခြား ခေါင်းဆောင်များမှာလည်း သူ၏ ပစ်မှတ်များပင် ဖြစ်သည်။
...
သူက လမ်းလျှောက်သွားရင်း ကတ်ပြားအသစ်ကို စစ်ဆေးရန် အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်၏။
'ကျင့်ကြံမှုကတ်ပြား'
အချိန်ကာလက နှစ်နှစ် ဖြစ်နေတုန်းပင်။
"ဒီရွှီချုံက ကြည့်ရတာ သိပ်မဆိုးလှပါဘူး..."
ချန်မူက ပြုံးလိုက်ပြီး လမ်းပေါ်တွင်ပင် ကတ်ပြားကို အသုံးပြုလိုက်သည်။
ဤကျင့်ကြံမှုကတ်ပြားကို ဝိညာဉ်မြွေခြေလှမ်းအတွက် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
နေ့ရောညပါ အလုပ်လုပ်ကာ နှစ်နှစ်စာ ကျင့်ကြံမှု။
အသက်နှစ်ကြိမ်ရှူစာ အချိန်အတွင်းမှာပင် ချန်မူ၏ ဝိညာဉ်မြွေခြေလှမ်း ကျွမ်းကျင်မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားချေသည်။
သူ၏ သိုင်းပညာတစ်ခုကို ဤမျှမြင့်မားသော ကျွမ်းကျင်မှုအဆင့်အထိ ပထမဆုံးအကြိမ် ရောက်ရှိသွားခြင်းပင်။
ရွှစ်...
ခန္ဓာကိုယ်ကို တစ်ချက် ယိမ်းလိုက်သည်နှင့် ချန်မူသည် ပထမဆုံး ညာဘက်သို့ ထို့နောက် အနောက်ဘက်သို့ ထို့နောက် ဘယ်ဘက်သို့ ထို့နောက် ရှေ့သို့ မီတာဆယ်ခန့် ရွေ့လျားသွားခဲ့သည်။
အသက်တစ်ကြိမ်ရှူစာ အချိန်အတွင်းမှာပင် ဦးတည်ရာလေးခု ပြောင်းလဲသွားပြီး မီတာဆယ်ကျော် အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။
သူ ရပ်တန့်လိုက်သောအခါ ချန်မူ၏ နောက်တွင် ရှည်လျားသော အရိပ်တစ်ခု ကျန်ရစ်ခဲ့ချေသည်။
အမြင့်ဆုံးအဆင့်၏ ပြိုင်ဘက်ကင်းသော ပေါ့ပါးမှုနှင့် သွက်လက်မှုမှာ ခန္ဓာသွန်းလောင်းခြင်းနယ်ပယ်၏ သာမန်သိုင်းကွက်များထဲတွင်ပင် ထူးခြားသော လက္ခဏာရပ်အချို့ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ဤမျှ ကျွမ်းကျင်သော ကိုယ်ဖော့ပညာဖြင့် လျန်ဖုန်းကို သတ်ရသည်မှာ ပို၍ပင် လွယ်ကူသွားချေမည်။
လျန်ဖုန်းရှိနေသော လမ်းသို့ ရောက်သောအခါ ချန်မူက မြွေစိမ်းဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးကာ လျန်ဖုန်း ဘယ်မှာရှိသလဲဟု မေးမြန်းလိုက်သည်။ ထို့နောက် ချက်ချင်း လှုပ်ရှားမည့်အစား ချန်မူသည် လူ့အရေခွံမျက်နှာဖုံးကို ထုတ်ယူကာ မျက်နှာပေါ်တွင် စွပ်လိုက်၏။
ချက်ချင်းပင် မျက်နှာကို အနည်းငယ် ပွတ်သပ်လိုက်ရာ မျက်နှာအသစ်တစ်ခု ဖြစ်သွားခဲ့သည်။
...
စားသောက်ဆိုင်တစ်ဆိုင်၏ အပေါက်ဝတွင်။
ဂိုဏ်းသားလေးယောက် ခြံရံထားသော လျန်ဖုန်းသည် အရက်သောက်ထားသဖြင့် လေချဉ်တက်ရင်း ပင်မတံခါးဝမှ ထွက်လာလေသည်။
သူက သွားကြားထိုးရင်း လမ်းလျှောက်လာကာ "ဓားမကြီးဂိုဏ်းဘက်က ဘာလှုပ်ရှားမှုများ ရှိသေးလဲ..." ဟု မေးလိုက်သည်။
"ဘာမှမရှိသေးပါဘူး ခေါင်းဆောင်..." ဂိုဏ်းသားတစ်ယောက်က ပြန်ဖြေလိုက်သည်။
"မရှိဘူး..."
လျန်ဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
'တိတ်ဆိတ်နေတာက ထိန်းချုပ်ထားတဲ့ လက္ခဏာလား...'
'ဒါမှမဟုတ်...'
ရွှစ်...
ရုတ်တရက် လေပြင်းတစ်ချက်က မျက်နှာပေါ်သို့ တိုက်ခတ်လာခဲ့သည်။
တွေးတောနေစဉ် လျန်ဖုန်း၏ နှလုံးသားက တစ်ချက်ခုန်သွားရသည်။ ချက်ချင်းပင် သူက အလိုအလျောက် ဘေးသို့ ရှောင်လိုက်ပြီး သူ၏နောက်မှ ဂိုဏ်းသားတစ်ယောက်ကို ဆွဲကာ ရှေ့သို့ တွန်းပို့လိုက်၏။
နောက်ခဏ၌ ထက်မြက်သော ဓားသွားက ဂိုဏ်းသား၏ လည်ပင်းကို ဖြတ်တောက်သွားပြီး အော်ပင်မအော်နိုင်လိုက်မီမှာပင် ခေါင်းပြတ်ကျသွားရသည်။
ရွှစ်...
ဓားအလင်းရောင် တစ်ချက် လက်ကနဲ ဖြစ်သွား၏။
ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့် အရှိန်အဝါများက ပျောက်ကွယ်မသွားချေ။ ဂိုဏ်းသား၏ လည်ပင်းကို ဖြတ်တောက်ပြီးနောက် ထိုဓားက မျက်စိပါသကဲ့သို့ တစ်ဝက်လောက် လှည့်ပတ်သွားပြီး လျန်ဖုန်းဆီသို့ ထိုးစိုက်လာချေသည်။
လျန်ဖုန်းက ထပ်မံ ရှောင်တိမ်းလိုက်သော်လည်း ဤတစ်ကြိမ်တွင် တစ်ဝက်ခန့်သာ ရှောင်လွှဲနိုင်ခဲ့ပြီး သူ၏ ပါးပြင်တစ်ဝက်ခန့်ကို ထက်မြက်သော ဓားသွားက ဖောက်ထွင်းသွားခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
လျင်မြန်သော ဓားအလှည့်တစ်ခုနှင့်အတူ လျန်ဖုန်း၏ လည်ပင်းကို ဖြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာမှုနှင့်အတူ ခေါင်းတစ်လုံး လေထဲသို့ လွင့်စင်သွားလေတော့သည်။
အခန်း ၂၀ပြီး၏။