အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) ဇာတ်လမ်းက တအားကို အလှည့်အပြောင်း ကြီးလွန်းတယ်
ကုရှင်းလန်ရဲ့ ညီအစ်ကိုတွေကတော့ အရက်သောက်ရတာ အရှိန်ရနေကြပြီ။ ဒီနေ့ ကုတတိယသခင်လေး သူတို့နဲ့အတူ အရက်မသောက်နိုင်တာကိုတော့ အားလုံးက နှမြောနေကြတာပေါ့။ လူတစ်ယောက် လျော့နေတော့ အရက်ဝိုင်းမှာ တစ်ခုခု လိုနေသလိုပဲလို့ ညီအစ်ကိုတွေက ခံစားနေရတယ်။
လူယုံအစေခံလေးက အခန်းပြင်ကနေ ပြေးဝင်လာပြီး ကုရှင်းလန်ရဲ့ နားနားကပ်ကာ "တတိယသခင်လေး... ဝမ်မောမောက အရေးတကြီး ကိစ္စရှိလို့ တွေ့ချင်တယ်လို့ ပြောနေပါတယ်" လို့ တိုးတိုးလေး လျှောက်တင်လိုက်တယ်။
ကုရှင်းလန်က ဘယ်ဘက်မှာ ထိုင်နေတဲ့ လီယွမ်လဲ့ဆီ ကိုယ်ကိုကိုင်းပြီး တိုးတိုးလေး ပြောလိုက်တယ်။
"ငါ ကိစ္စလေးရှိလို့ ခဏသွားလိုက်ဦးမယ်၊ ငါ့အစား ညီအစ်ကိုတွေကို ဧည့်ခံပေးထားပါဦး"
လီယွမ်လဲ့က ခေါင်းညိတ်ပြလိုက်တယ်။
အစေခံနှစ်ယောက်က ကုရှင်းလန်ကို ထမ်းပြီး ဧည့်ခန်းဆောင်ထဲကနေ ထွက်လာခဲ့ကြတယ်။
ဝမ်မောမောက စင်္ကြံလမ်းမှာ ရပ်နေပြီး နန်းတွင်းအပျိုတော်ကြီးပီပီ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသေးတယ်။
ဝမ်မောမော သူ့ဆီကို ဒီလောက် အလောတကြီး လာရှာတာ ယွီးရှောင်ရှောင်ကြောင့်ပဲ ဖြစ်မယ်ဆိုတာ ကုရှင်းလန် သိတာပေါ့။ အစေခံတွေကို အဝေးသွားနေဖို့ လက်ဟန်ပြလိုက်ပြီး ကုတတိယသခင်လေးက ဝမ်မောမောကို တိုးတိုးလေး မေးလိုက်တယ်။
"မောမော ဘာကိစ္စရှိလို့လဲ။ မင်းသမီး ဘာဖြစ်လို့လဲ"
ဝမ်မောမောက ကုရှင်းလန်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ သမက်တော်က မင်းသမီးကို အပြည့်အဝ ထိန်းချုပ်နိုင်တယ်ဆိုရင် သူမ စိတ်ညစ်ရမှာပေမဲ့ အခုလို သမက်တော်က မင်းသမီးကို လုံးဝ မနိုင်ဘူးဆိုတာ သိလိုက်ရတော့လည်း ဝမ်မောမော တစ်ယောက် အတော်လေး ခေါင်းခဲသွားရပြန်တယ်။
"မင်းသမီး အပြင်ထွက်သွားပြန်ပြီလား" ကုရှင်းလန်က ချက်ချင်းပဲ လွှတ်ခနဲ မေးလိုက်မိတယ်။
ဝမ်မောမောက "မင်းသမီးက ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ခေါ်ပြီး ကျောင်းအိမ်တော်မှာ သွားခိုးနားထောင်ချင်နေတယ်" လို့ ပြန်ဖြေတယ်။
ကုရှင်းလန် တစ်ယောက် အကြားအာရုံပဲ မှားသွားသလား ထင်လိုက်မိတယ်။
"မောမော ဘာပြောလိုက်တာလဲ"
ဝမ်မောမောက ယွီးရှောင်ရှောင် ပြောခဲ့တဲ့ အားချိုးဆိုတဲ့ မိန်းကလေးက အမတ်ချုပ်ကြီးကျောင်းရဲ့ သမီးမဟုတ်ဘူးဆိုတာရယ်၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ခေါ်ပြီး ကျောင်းအိမ်တော်ကို သွားကာ ကျောင်းချိုးမင် ဧကရာဇ်ကို လှည့်စားတဲ့ကိစ္စ ဖော်ထုတ်မယ်ဆိုတာရယ်ကို ကုရှင်းလန်ကို မြန်မြန်ဆန်ဆန်ပဲ ပြောပြလိုက်တယ်။
ဝမ်မောမော ပြောပြတာကို ကြားတော့မှ ကုရှင်းလန်လည်း သတိရသွားတယ်။ ဟူကော်ကျောင်းတော်မှာတုန်းက သူ့ဇနီးလေးက ကျောင်းမိသားစုရဲ့ တတိယသခင်မလေးကို လက်ညှိုးထိုးပြီး 'ဒါ မင်း သမီးလား' လို့ ကျောင်းချိုးမင်ကို မေးခဲ့တာလေ။
ဝမ်မောမောက ကုရှင်းလန်ကို မေးလိုက်တယ်။ "သမက်တော်... အားချိုးဆိုတာ ဘယ်သူလဲ"
ကုရှင်းလန်က ခေါင်းခါပြလိုက်ပြီး ဝမ်မောမောကို ပြန်မေးတယ်။ "မင်းသမီးက ကျောင်းချိုးမင်ရဲ့ သမီးနှစ်ယောက်ကို နန်းတော်ထဲမှာ တွေ့ခဲ့ဖူးလို့လား"
ဝမ်မောမောက ချက်ချင်းပဲ "အဲဒီနှစ်ယောက်က သာမန်ကိုယ်လုပ်တော်က မွေးတဲ့ သမီးတွေလေ၊ နန်းတော်ထဲ ဝင်ခွင့် ဘယ်ရပါ့မလဲ။ သမက်တော်... အခု ဘယ်လိုလုပ်ကြမလဲ" လို့ ပြန်ဖြေတယ်။
"ရပါတယ်"
ကုရှင်းလန်က ပြောလိုက်တယ်။ "မောမော... ကျွန်တော့်အစား မင်းသမီးကို အရင်တားထားပေးပါ။ ကျွန်တော် အခန်းထဲ အခုလိုက်လာခဲ့မယ်"
ကျောင်းချိုးမင်က ဧကရာဇ်ကို တကယ်လိမ်ခဲ့တယ်ဆိုရင်တောင် ဒီကိစ္စကို ဖြေရှင်းဖို့ သူ့ဇနီးက ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ခေါ်ပြီး ကျောင်းအိမ်တော်မှာ ခိုးနားထောင်စရာ မလိုပါဘူးလေ။ ရှန်းကျုံးဘုရင်ကို သွားပြောလိုက်ရင် ဘုရင်ကိုယ်တိုင် လူလွှတ်ပြီး စုံစမ်းခိုင်းမှာပဲ။ မိန်းမလှလေးတွေနဲ့ ပတ်သက်လာရင် သူ့ယောက္ခမက ရေဆုံးမြေဆုံး စုံစမ်းမဲ့လူဆိုတာ ကုရှင်းလန် အပြည့်အဝ ယုံကြည်တယ်လေ။
ဝမ်မောမောလည်း ကုရှင်းလန်ရဲ့ အဖြေကို ရတော့ ကုရှင်းလန်ကို အရိုအသေပေးပြီး အခန်းဘက်ကို ပြန်သွားတော့တယ်။
"လူလာကြစမ်း..." ကုရှင်းလန်က ခဏလောက် စဉ်းစားပြီးနောက် အစေခံလေးကို အမိန့်ပေးလိုက်တယ်။
"အိမ်တော်ထိန်းကို သွားပြော၊ မင်းသမီးဆီ သစ်ကြားသီးတွေ ပို့ပေးလိုက်လို့" ဝမ်မောမောက သူ့ဇနီးကို တားထားနိုင်စွမ်း မရှိဘူးဆိုတာ သိတော့ အစားအသောက်နဲ့ မြှူထားမှ ရမယ်လေ။ တောင်သစ်ကြားသီးတွေက အရသာရှိပေမဲ့ အခွံခွာရ ခက်တာမို့ ဒါတွေက သူ့ဇနီးကို အာရုံလွှဲထားနိုင်လိမ့်မယ်လို့ ကုတတိယသခင်လေး မျှော်လင့်လိုက်တယ်။
အိမ်တော်ထိန်း လာပို့တဲ့ သစ်ကြားသီးတွေကို ယွီးရှောင်ရှောင် တွေ့သွားတဲ့အခါ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ခေါ်ပြီး ထွက်သွားတော့မဲ့သူက ချက်ချင်း ရပ်သွားပြီး ရှောင်ကျွမ်းကို မေးလိုက်တယ်။
"ဒါ သစ်ကြားသီးတွေ မဟုတ်လား"
ရှောင်ကျွမ်းက ခေါင်းညိတ်ပြလိုက်တယ်။ သူ့မင်းသမီးက သစ်ကြားသီးတွေကို မြင်တာနဲ့ ဘာလို့ ဒီလောက် ပျော်သွားမှန်းတော့ သူလည်း နားမလည်ဘူးလေ။
လီယွမ်လဲ့တို့ စစ်မြေပြင်က ညီအစ်ကိုတွေကလည်း ကုရှင်းလန် ဒဏ်ရာရထားတာဆိုတော့ အရင်တုန်းကလို တစ်ညလုံး သောက်စားပျော်ပါးနေလို့ မဖြစ်ဘူးလေ။ အရက်သောက်ပြီးတဲ့နောက် ကုရှင်းလန်နဲ့ မနက်ဖြန် မြို့တံခါးမှာ ဆုံဖို့ ချိန်းလိုက်ကြပြီး အားလုံး ပြန်သွားကြတော့တယ်။
ကုရှင်းလန် အခန်းထဲ ပြန်ရောက်တဲ့အခါ ယွီးရှောင်ရှောင်က သစ်ကြားသီးတွေကို အာရုံစိုက်ပြီး ခွာနေတာ ခေါင်းတောင် မမော့ဘူးလေ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေက ကုရှင်းလန် ပြန်လာတာကို မြင်တော့ အမြန် မတ်တတ်ရပ်လိုက်ကြတယ်။
ကုရှင်းလန်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို လေသံတိုးတိုးနဲ့ "သွားနားကြတော့" လို့ ပြောလိုက်တယ်။
ရှောင်ကျွမ်းက သူတို့ မင်းသမီးနဲ့ ကျောင်းအိမ်တော်ကို သွားရဦးမယ်လို့ ပြောချင်ပေမဲ့ စကားမထွက်ခင်မှာတင် ရှောင်ဝေက ဆွဲခေါ်သွားတော့တယ်။
ယွီးရှောင်ရှောင်က သူမဘေးမှာ ဝင်ထိုင်လိုက်တဲ့သူကို မော့ကြည့်လိုက်ပြီး သစ်ကြားသီး အဆန်တစ်ဝက်ကို ကုရှင်းလန်ရဲ့ ပါးစပ်ထဲ ခွံ့ပေးလိုက်တယ်။ ပြီးတော့ ကုရှင်းလန်ကို ညည်းတွားလိုက်တယ်။
"ဒါက စားလို့တော့ ကောင်းတယ်၊ ဒါပေမဲ့ ခွာရတာ တအားခက်တာပဲ"
မင်းသမီးမှာ ခွန်အားတွေ အများကြီးရှိတယ်ဆိုတာ မှန်ပေမဲ့ သစ်ကြားသီးအခွံကို ညှစ်လိုက်တာနဲ့ အမှုန့်တွေ ဖြစ်သွားသလို အထဲက အဆန်တွေကလည်း အမှုန့်ဖြစ်သွားတာပဲလေ။ ယွီးရှောင်ရှောင်ရဲ့ သစ်ကြားသီးခွာတဲ့ အရည်အချင်းကတော့ ဒီလောကက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို လုံးဝ မမီပါဘူး။
ကုရှင်းလန်က သစ်ကြားသီးတစ်လုံးကို ယူပြီး သူ့ဇနီးအတွက် ခွာပေးရင်း မေးလိုက်တယ်။
"အဲဒီမိန်းကလေးက ကျောင်းချိုးမင်ရဲ့ သမီး အစစ် မဟုတ်ဘူးဆိုတာ သေချာလို့လား"
"သေချာပေါက် မဟုတ်ဘူး" လို့ ယွီးရှောင်ရှောင်က ဆိုတယ်။ "သူ့နာမည်က အားချိုးလေ"
"မင်း သူ့ကို မြင်ဖူးလို့လား" ကုရှင်းလန်က မေးတယ်။
ပန်းချီကားထဲမှာ မြင်ဖူးတာကရော လူအစစ်ကို မြင်ဖူးတယ်လို့ သတ်မှတ်လို့ရလား။ ယွီးရှောင်ရှောင် ခဏလောက် တွေးလိုက်ပြီး "ငါ သူ့ကို အတော်လေး မှတ်မိနေတာ" လို့ ဖြေလိုက်တယ်။
ကုရှင်းလန်က အခွံခွာထားတဲ့ သစ်ကြားသီးဆန်ကို ယွီးရှောင်ရှောင်ရဲ့ လက်ထဲ ထည့်ပေးရင်း ပြောလိုက်တယ်။
"အဲဒီညီအစ်မ နှစ်ယောက်က ကျောင်းချိုးမင် အရှင်မင်းကြီးကို ဆက်သမဲ့သူတွေလေ"
ကျစ်
ယွီးရှောင်ရှောင် ပါးစပ်ထဲက သစ်ကြားသီးတွေတောင် မထွေးထုတ်နိုင်တော့ဘူး။ ဇာတ်လမ်းက တအားကို အလှည့်အပြောင်း ကြီးလွန်းတော့ သူမတောင် ဆက်ပြီး မကစားနိုင်တော့ဘူးလို့ ခံစားလိုက်ရတယ်။ အားချိုးက သူမအဖေရဲ့ မိန်းမဖြစ်သွားပြီဆိုရင် ဝမ်ဖုန်းလင်က ဘာကို အချစ်စစ်ဆိုပြီး လုပ်နေတာလဲ။
ကုရှင်းလန်က ပြောတယ်။
"ဒါပေမဲ့ ဒီနေ့ အဲဒီညီအစ်မနှစ်ယောက် ပုံစံက တအားကို စုတ်ပြတ်နေတော့ အရှင်မင်းကြီးက သူတို့ကို တစ်ချက်လေးတောင် ပိုမကြည့်ချင်ခဲ့ဘူး"
ယွီးရှောင်ရှောင်က စကားကို ခက်ခက်ခဲခဲနဲ့ ပြန်ပြောတယ်။
"သူတို့နှစ်ယောက်နဲ့ ငါ့အဖေနဲ့က အသက်ကွာဟမှု တအားကြီးလွန်းတယ် မဟုတ်ဘူးလား။ ငါ့အဖေမှာ မိဖုရားတွေ အများကြီး ရှိနေတာပဲ၊ သူတို့နှစ်ယောက်တောင် မလိုပါဘူး"
ဒါက အဓိကအချက် မဟုတ်ဘူးလေ။ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ခေါင်းခါပြကာ ပြောလိုက်တယ်။
"မင်းသမီး... ကျောင်းချိုးမင်က ဧကရာဇ်ကို လှည့်စားနေတာ"
ယွီးရှောင်ရှောင်က နောက်ထပ် သစ်ကြားသီးတစ်လုံးကို အခွံရော အဆန်ပါ မှုန့်သွားအောင် ထပ်ညှစ်လိုက်ပြန်တယ်။ "ချီး" လို့ နှာခေါင်းရှုံ့လိုက်ပြီး "လိမ်ရင်လည်း လိမ်ပါစေပေါ့။ ဘာပဲဖြစ်ဖြစ် ငါ့အဖေရဲ့ ဉာဏ်ရည်နဲ့ကတော့ အသက်ရှင်နေတာက လူလိမ်ခံရဖို့ သက်သက်ပဲလေ" လို့ ပြောလိုက်တယ်။
ဧကရာဇ်ကို ဒီလို ဆဲဆိုတဲ့ စကားမျိုးကို ကုရှင်းလန်က လုံးဝ မကြားချင်ပေမဲ့ သူ့ဇနီးက ပြောနေပြီဆိုတော့ကာ ယောက္ခမဖြစ်သူဆီ သွားပြီး ဇနီးသည်ကို တိုင်လို့မှ မရတာလေ။ ကုတတိယသခင်လေးက ယွီးရှောင်ရှောင်ရဲ့ ပါးစပ်ဘေးက သစ်ကြားသီး အမှုန့်လေးတွေကို လက်နဲ့ သုတ်ပေးရင်း ပြောလိုက်တယ်။ "ဒီည ကျောင်းအိမ်တော်ကို မသွားပါနဲ့တော့။ အရှင်မင်းကြီး ကိုယ်တိုင်ပဲ ဒီကိစ္စကို စုံစမ်းပါစေ"
"သူ စုံစမ်းလို့ သိမှာ မဟုတ်ပါဘူး" လို့ ယွီးရှောင်ရှောင်က ပြောတယ်။
"ကိုယ်နဲ့ ခဏလောက် လှဲနေပေးပါ" ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ လက်ကို ဆွဲပြီး လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။ "မနက်ဖြန် ရူယွင်တောင်ကို သွားကြမယ်လေ။ ဒီနေ့ စောစောအိပ်ကြရအောင်။ မင်း တောယုန်တွေ သွားဖမ်းချင်တယ် မဟုတ်လား"
ရူယွင်တောင်ပေါ်က ဖက်တီးယုန်လေးတွေကို တွေးမိတော့ ကျောင်းချိုးမင်နဲ့ ယှဉ်လိုက်တဲ့အခါ ယွီးရှောင်ရှောင်က ကျောင်းအိမ်တော်ကို သွားခိုးနားထောင်မဲ့ ကိစ္စကို နောက်တစ်ရက် ရွှေ့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ယုန်ဖမ်းတယ်ဆိုတာ လူပင်ပန်းတဲ့အလုပ်လေ၊ ဒါကြောင့် ကောင်းကောင်းအနားယူပြီး ခွန်အားအပြည့်နဲ့မှ ရူယွင်တောင်ကို သွားရမယ် မဟုတ်လား။
ရူယွင်တောင်နက်ထဲက ချိုင့်ဝှမ်းတစ်ခုမှာတော့ ချွေ့ယွီက သူမရှေ့က လူသန်ကြီးကို ပြောနေတယ်။
"ငါ ပြောတာတွေကို မင်း သေချာကြားလိုက်တယ် မဟုတ်လား"
လူသန်ကြီးက ခေါင်းညိတ်ပြလိုက်တယ်။ သူ့ရဲ့ အကြည့်တွေက ချွေ့ယွီရဲ့ ရင်ဘတ်ကနေ အောက်ဘက်ကို တဖြည်းဖြည်း ဆင်းသွားတော့တယ်။
ချွေ့ယွီက ချက်ချင်း နောက်လှည့်ပြီး ထွက်လာခဲ့တယ်။ ဒီငရဲလိုနေရာမှာ သူမ တစ်မိနစ်လေးတောင် ဆက်မနေချင်တော့ဘူး။
ချွေ့ယွီ အခန်းထဲကနေ ထွက်သွားတာကို မြင်တော့ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ ယောက်ျားတချို့က အခန်းထဲကို အပြေးအလွှား ဝင်လာပြီး ထိုင်နေတဲ့ လူသန်ကြီးကို မေးလိုက်ကြတယ်။
"ခေါင်းဆောင်ကြီး... ဒီကောင်မလေးကို ဒီအတိုင်း လွှတ်ပေးလိုက်ပြန်ပြီလား"
ခေါင်းဆောင်ကြီးက ချက်ချင်းပဲ ဆဲရေးတိုင်းထွာတော့တယ်။
"ငါ သူ့ကို တစ်ခုခု လုပ်လိုက်ရင် မင်းတို့ကောင်တွေ ထမင်းငတ်သွားမှာပေါ့ကွ။ အဲဒီကောင်မလေးကို သွားထိလို့ရပါ့မလား။ အလုပ်မရှိရင် မိန်းမကိစ္စကို လျှော့တွေးကြစမ်း။ အကုန်လုံး ထွက်သွားကြ"
အဲဒီအချိန်မှာ ဒုတိယခေါင်းဆောင်က အပြင်ကနေ ဝင်လာပြီး မေးလိုက်တယ်။ "အဲဒီ သခင်မက ဘာအမိန့်ပေးသွားပြန်ပြီလဲ"
ခေါင်းဆောင်ကြီးက ပြောတယ်။ "သခင်မက အဲဒီလူတွေကို မလိုချင်တော့ဘူးတဲ့၊ ငါတို့ကို လူသတ်ခိုင်းနေတာ"
အာ့ကော်ဇီက အပြင်ကနေ လှမ်းအော်လိုက်တယ်။
"လူသတ်မယ် ဟုတ်လား အဲဒီယောက်ျားက တကယ်ကြီး ကုရှင်းယန်ဆိုရင် သူ သေသွားရင် ငါ့နှမလေး ဘယ်လိုလုပ်မလဲ"
"လစ်စမ်း" ခေါင်းဆောင်ကြီးက တံခါးအပြင်ဘက်ကို ဒေါသတကြီး အော်လိုက်တယ်။ "ငါ့မှာတောင် နှမမရှိတာ မင်းက နှမရနေပြီပေါ့လေ"
ဒုတိယခေါင်းဆောင်က မေးတယ်။ "ဒါဆို အစ်ကိုကြီး ဘယ်လိုလုပ်မလဲ။ သတ်မှာလား၊ မသတ်ဘူးလား"
…