အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) ခေါင်းဆောင်ကြီးရဲ့ ရင်ကွဲနာကျမှု
ခေါင်းဆောင်ကြီးက အရပ်ရှည်ရှည်၊ တောင့်တောင့်တင်းတင်းနဲ့ ဒုတိယခေါင်းဆောင်လို မုတ်ဆိတ်မွေးတွေ ထားမထားဘူး။ ဓားပြဆိုပေမဲ့ ရုပ်ကတော့ ဖြောင့်တယ်။ သူ့ရဲ့ နှာဘူးရုပ်လေးသာ မပေါက်နေရင် ကောင်မလေးတွေ ကြွေလောက်တဲ့ ရုပ်မျိုးပေါ့။ ဒုတိယခေါင်းဆောင်ရဲ့ အမေးကို ကြားတော့ ခေါင်းဆောင်ကြီးက မျက်ခွံတောင် မလှုပ်ဘဲ ပြန်ဖြေလိုက်တယ်။
"ကုရှင်းယန် အသက်ပေးပြီး ကာကွယ်နေတဲ့ ကလေးက ဘယ်သူလဲ မင်းသိလို့လား"
ဒုတိယခေါင်းဆောင်က ပြန်ပြောတာပေါ့။
"သူကတော့ သူ့သားလို့ ပြောတာပဲလေ"
ခေါင်းဆောင်ကြီးခမျာ သူ့တပည့်တွေရဲ့ ဉာဏ်ရည်အတွက် ရင်လေးသွားရတယ်။
"သား ဟုတ်လား။ ဟိုအဒေါ်ကြီးက သူ့မိန်းမလို့ရော မင်းက ဘာလို့ မပြောလိုက်သေးလဲ။ ဦးနှောက်လေး ဘာလေး သုံးစမ်းပါဦး"
ဒုတိယခေါင်းဆောင်နဲ့ အခန်းထဲက လူတွေ အကုန်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ အဲဒီထဲက တစ်ယောက်က မေးလာတယ်။
"သူ့သား မဟုတ်ရင် ကုရှင်းယန်က ဘာလို့ အဲဒီလောက်တောင် အသေအလဲ ကာကွယ်နေရတာလဲ"
ခေါင်းဆောင်ကြီးလည်း စိတ်တိုတိုနဲ့ ဘေးနားက ပန်းကန်လုံးကို ယူပြီး စကားပြောတဲ့ကောင်ကို ပေါက်ထည့်လိုက်တော့တာပဲ။
အကုန်လုံးက ပြိုင်တူ ဝိုင်းအုံပြီး အဲဒီ ပန်းကန်လုံးကို ဖမ်းကြတယ်။
ဒုတိယခေါင်းဆောင်က ခေါင်းဆောင်ကြီးကို ပျာပျာသလဲ လှမ်းပြောတယ်။
"အစ်ကိုကြီး၊ ဒါလည်း ပိုက်ဆံပဲလေ"
ခေါင်းဆောင်ကြီးက သူ့ညီအစ်ကိုတွေ မြေအိုးပန်းကန်ကွဲလေး တစ်လုံးကို ဒီလောက်တောင် တန်ဖိုးထားနေကြတာ မြင်တော့ ရုတ်တရက် ရင်ထဲမှာ ဆို့နင့်သွားရတယ်။ အရင်တုန်းက အရှေ့ပင်လယ်မှာ လေကိုခွင်း၊ လှိုင်းကိုစီးပြီး ဂုဏ်ယူဝင့်ကြွားခဲ့ကြတဲ့ သူတို့ ညီအစ်ကိုတွေက အခုတော့ မြေအိုးပန်းကန်လုံးလေး တစ်လုံးအတွက်နဲ့ နှမြောတသ ဖြစ်နေရလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။
"အဲဒီလူကို ကျွန်တော်တို့ သတ်ရမလား၊ မသတ်ရဘူးလား" ဒုတိယခေါင်းဆောင်က မြေအိုးပန်းကန်လုံးလေးကို စားပွဲပေါ် သေသေချာချာ ပြန်တင်ထားရင်း ခေါင်းဆောင်ကြီးကို မေးလိုက်တယ်။
"ငါတို့ အထက်ကလူလေ..." ခေါင်းဆောင်ကြီးက အပေါ်ကို လက်ညှိုးထိုးပြရင်း ပြောတယ်။
"ကုရှင်းယန်နဲ့ အဲဒီလူက ဘယ်လောက်တောင် ရန်ငြိုးတွေ ရှိနေလို့လဲ။ သတ်ပစ်ရမယ် ဟုတ်လား။ တကယ်လို့ အဲဒီကလေးက သာမန်ကလေး မဟုတ်ဘဲ တစ်ခုခု ဖြစ်သွားခဲ့ရင် အဲဒီလူက ငါတို့ကို ဆက်ပြီး ကာကွယ်ပေးနိုင်ပါဦးမလား"
ဒုတိယခေါင်းဆောင်က မေးတာပေါ့။ "ဒီကလေးက ဘယ်သူများ ဖြစ်နေလို့လဲ"
မင်းသမီးကြီး ကုအိမ်တော်က တတိယသခင်လေးနဲ့ လက်ထပ်လိုက်တဲ့ ကိစ္စကို တောင်ပေါ်မှာ ပုန်းနေတဲ့ ခေါင်းဆောင်ကြီးတောင် သိထားတယ်လေ။ သူ့တပည့်တွေကသာ ဉာဏ်ရည်နည်းနေတာ၊ ခေါင်းဆောင်ကြီးကတော့ ဦးနှောက်မရှိတဲ့သူ မဟုတ်ဘူး။ မဟုတ်ရင် လီသားအဖရဲ့ လက်အောက်ကနေ သူတို့ကို ခေါ်ပြီး ဘယ်လိုလုပ် ထွက်ပြေးလွတ်မြောက်လာနိုင်ပါ့မလဲ။ ပြီးတော့ ကျောင်းချိုးမင်ဆိုတဲ့ နောက်ခံကိုလည်း ရထားသေးတယ်။ အခုဆို နန်းတော်ထဲက လူတွေနဲ့ပါ ပတ်သက်နေပြီ။ တကယ်လို့များ ကုရှင်းယန် အသေအလဲ ကာကွယ်ပေးနေတဲ့သူက မင်းသမီးကြီး ကုအိမ်တော်ကို ခေါ်လာတဲ့ သတ္တမမင်းသား ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ မင်းသားကို သတ်မယ် ဟုတ်လား။ ဒီလောက် ကြီးလေးတဲ့ ပြစ်မှုမျိုးကိုတော့ သူ မကျူးလွန်ချင်ပါဘူး။
"ဒုတိယခေါင်းဆောင်..." အဲဒီအချိန်မှာ အာ့ကော်ဇီက အပြင်ဘက်ကနေ အော်ပြောလိုက်တယ်။
"ကျွန်တော်တို့ ဝက်ခေါင်းဝယ်ထားတဲ့ ပိုက်ဆံ ဟိုကောင်မလေးကို မပေးရသေးဘူးနော်"
ကောင်မလေးက သူတို့ရဲ့ ပြန်ပေးဆွဲစာကို ကုအိမ်တော်ဆီ သွားပို့ပေးတာလေ။ သူတို့ဘက်ကသာ ကုဒုတိယသခင်လေးကို သတ်လိုက်ရင် ကုမိသားစုက အဲဒီကောင်မလေးကို ဒေါသပုံချလိုက်ရင် ဘယ်လိုလုပ်မလဲ။ ကောင်မလေးက နည်းနည်း အနေအေးပြီး တုံးအအပုံစံလေးကို။ ဒုတိယခေါင်းဆောင်က သူ့ဆီက ဝက်ခေါင်းဖိုး လိမ်စားသွားတာတောင် မသိဘူး။ အခု သူ့အစ်ကိုကြီးတွေက အဲဒီကောင်မလေးရဲ့ အသက်ကိုပါ ထပ်ပြီး ဒုက္ခပေးတော့မှာလား။ အာ့ကော်ဇီကတော့ လုံးဝ သဘောမတူနိုင်ဘူး။
"ပါးစပ်ပိတ်ထားစမ်း" ဒုတိယခေါင်းဆောင်ကလည်း တံခါးပြင်ကို လှမ်းအော်လိုက်တယ်။ သူက ဟိုငတုံးမလေးဆီက ပိုက်ဆံ လိမ်စားချင်နေတယ် ထင်နေလား။ သူရဲကောင်းတစ်ယောက် ပိုက်ဆံတစ်ပြားကြောင့် ဒုက္ခရောက်ရတယ်ဆိုသလိုပဲ၊ သူ့မှာသာ ပိုက်ဆံရှိရင် အဲဒီငတုံးမလေးဆီက ပိုက်ဆံကို လိမ်စားပါ့မလား။
"ခဏ စောင့်ကြည့်ရအောင်" ခေါင်းဆောင်ကြီးက ပြောလိုက်တယ်။
"ကုမိသားစုဘက်က ဘာတွေ တုံ့ပြန်လာမလဲဆိုတာ စောင့်ကြည့်တာပေါ့။ ကုရှင်းယန် ရုပ်က ဘယ်လိုလဲဆိုတာကိုလည်း ငါတို့ သိတာမှ မဟုတ်တာ။ သူက ကုရှင်းယန်ပါလို့ ပြောတိုင်း ငါတို့က ယုံရမှာလား"
"စကားနားမထောင်ရင် အထက်ကလူက ငါတို့ရဲ့ ရှင်သန်ရာလမ်းကို ဖြတ်ပစ်လိုက်မှာလား"
ဒုတိယခေါင်းဆောင်က စိုးရိမ်တကြီး မေးလိုက်တယ်။
"လူက ငါ့ဆီမှာ အချုပ်ခံထားရတာပဲ" ခေါင်းဆောင်ကြီးက စားပွဲကို ရိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
"သတ်ဖို့ မသတ်ဖို့ဆိုတာ ငါ့ကိစ္စပဲ။ နောက်တစ်ခါ ချွေ့ယွီ ထပ်လာရင် လူကို သတ်လိုက်ပြီလို့သာ ပြောလိုက်"
ခေါင်းဆောင်ကြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချလိုက်ပြီမို့ ဘယ်သူမှ ဆက်မပြောရဲတော့ဘူး။
အာ့ကော်ဇီက ဒုတိယခေါင်းဆောင် အပြင်ထွက်လာတာကို စောင့်နေပြီး အနောက်ကနေ ကောက်ကောက်ပါအောင် လိုက်ရင်း မေးတာပေါ့။
"ဒုတိယခေါင်းဆောင်၊ အဲဒီကောင်မလေး ကျွန်တော်တို့ကို ဘယ်တော့လာရှာမှာလဲဟင်"
"လစ်စမ်း" ဒုတိယခေါင်းဆောင်က ဒီကောင့်ကို မြင်တာနဲ့တင် စိတ်ရှုပ်နေပြီ။ 'မင်းက ကောင်မလေးကို သဘောကျနေပေမဲ့ ကောင်မလေးကရော မင်းကို သဘောကျမယ် ထင်နေလား'
အဲဒီအချိန် ယွီးရှောင်ရှောင်ကတော့ အိပ်ရာပေါ် မှောက်ပြီး ကုရှင်းလန်အတွက် မြေပုံဆွဲပေးနေတယ်။
"ဒါက ဒုတိယခေါင်းဆောင် ကျွန်မကို ပေးလိုက်တဲ့ မြေပုံပဲ။ တောင်ပေါ်တက်ရင် ဒီမြေပုံအတိုင်း သွားရမယ်တဲ့"
ကုရှင်းလန်လည်း ယွီးရှောင်ရှောင် ဆွဲပေးနေတဲ့ မြေပုံကို သေသေချာချာ ကြည့်နေတယ်။ သူ့ဇနီးလေး စုတ်တံကိုင်တဲ့ပုံက အရမ်းကို ထူးဆန်းနေပေမဲ့ (မင်းသမီးလေးက ခဲတံ ကိုင်သလို ကိုင်နေတာကိုး) မြေပုံဆွဲတာကတော့ တကယ့်ကို တော်တယ်ဆိုတာ ဝန်ခံရမယ်။ ဘယ်လိုသွားရမယ်၊ မြေမျက်နှာသွင်ပြင်က ဘယ်လိုရှိတယ်ဆိုတာကို တစ်ချက်ကြည့်လိုက်တာနဲ့ ရှင်းရှင်းလင်းလင်း သိနိုင်တယ်။
"ဒုတိယခေါင်းဆောင်က သူတို့တွေ ဘယ်သူတွေလဲဆိုတာ ပြောပြသေးလား" လို့ ကုရှင်းလန်က မေးလိုက်တယ်။
"ဒုတိယခေါင်းဆောင်က လယ်သမားတဲ့" လို့ ယွီးရှောင်ရှောင်က ပြန်ဖြေလေရဲ့။
ကုရှင်းလန် တစ်ယောက် ဖွီခနဲ ဖြစ်သွားတာပေါ့။ 'လယ်သမားက ဒုတိယခေါင်းဆောင်ဆိုတဲ့ နာမည်မျိုး သုံးလို့လား'
ယွီးရှောင်ရှောင်ကတော့ မျှော်လင့်ချက်အပြည့်နဲ့ ပြောနေတယ်။
"တောင်ပေါ်မှာ ယုန်တွေ ဘယ်လောက်တောင် များမလဲ မသိဘူးနော်။ မနက်ဖြန်ကျရင် ငါတို့ ခြင်းတောင်းတွေ အများကြီး ယူသွားရမယ်၊ ဒါမှ ယုန်တွေ အများကြီး ထည့်လို့ရမှာ"
ဇနီးဖြစ်သူဆီက ယုန်ဆိုတဲ့ စကားကို ကြားတော့ ကုရှင်းလန်လည်း သေသေချာချာ စဉ်းစားကြည့်မိတယ်။ ရူယွင်တောင်ပေါ်မှာ တကယ်ပဲ ယုန်ဖက်တီးလေးတွေ နေရာတိုင်းမှာ ရှိနေတာလားပေါ့။ သူ ရူယွင်တောင်ကို ဆောင်းဦးအမဲလိုက်ပွဲ သွားတာ သိပ်မများပေမဲ့ သူသွားဖူးတဲ့ အကြိမ်တွေတုန်းက ယုန်တွေ အများကြီး ရှိတာမျိုး မတွေ့ခဲ့ဖူးပါဘူး။ အနက်ရောင် ဝက်ဝံလို သားရဲတွေတောင် တွေ့ခဲ့ဖူးသေးတယ်။
"ရှင် မြေပုံကို ဆက်ကြည့်နေ၊ ကျွန်မ ရှင့်ခြေထောက်ကို ကြည့်ပေးမယ်" ယွီးရှောင်ရှောင်က ထထိုင်လိုက်ပြီး ကုရှင်းလန်ကို ပင်နီဆီလင် ဆေးတစ်လုံး သွက်သွက်လက်လက် ထိုးပေးလိုက်တယ်။ ပြီးတော့ ကုရှင်းလန်ရဲ့ ခြေချင်းဝတ်မှာ ပတ်ထားတဲ့ ပတ်တီးတွေကို ဖြည်ပြီး ရှောင်ကုရဲ့ ဒဏ်ရာကို ကြည့်ပေးနေတယ်။
ကုရှင်းလန်လည်း မြေပုံကို ကိုင်ပြီး လမ်းကြောင်းတွေကို မှတ်နေရင်း ယွီးရှောင်ရှောင် သူ့ဒဏ်ရာကို စိတ်ကြိုက် ကုသပေးနေတာကို ငြိမ်ငြိမ်လေး ခံနေလိုက်တော့တယ်။
အဲဒီအချိန် စာကြည့်ဆောင်ထဲမှာတော့ ကုသခင်ကြီးက ထိုင်နေရင်း ကုရှင်းနော့ကို လှမ်းအော်နေတယ်။
"မင်း နောက်ထပ် လူလွှတ်ပြီး ထပ်ရှာခိုင်းလိုက်စမ်း။ ဒုတိယကောင်ကို တွေ့အောင် ရှာရမယ်။ သတ္တမမင်းသားသာ ပျောက်သွားရင် မင်းသမီးတော့ စိတ်ပူလို့ သေတော့မှာပဲ"
ပုံမှန်ဆိုရင် အဘိုးဖြစ်သူက ဆူလိုက်ရင် ကုရှင်းနော့က ကြားပါတယ်၊ မှတ်သားထားပါတယ်ဆိုတဲ့ သဘောနဲ့ ခေါင်းညိတ်ပြလေ့ရှိတယ်။ ဒါပေမဲ့ အဘိုးရဲ့ ဒီစကားကို ကြားတော့ ကုအစ်ကိုကြီးခမျာ ရုတ်တရက် အကြပ်ရိုက်သွားတယ်။ မင်းသမီးက စိတ်ပူလို့ သေမယ် ဟုတ်လား။ သူ့ညီမလေးက သတ္တမမင်းသားကို မေ့တောင်မေ့နေလောက်ပြီလို့ သူ ထင်နေတာကိုး။
"ကျောင်းချိုးမင်ကများ အကွက်ဆင်လိုက်တာလား" အဘိုးကြီးက ဒေါသတစ်ဝကြီး ထွက်ပြီးနောက် ကုရှင်းနော့ကို ရုတ်တရက် လှမ်းမေးလိုက်တယ်။
"ဒုတိယကောင် လမ်းတစ်ဝက်မှာများ ကျောင်းချိုးမင်ရဲ့ အကွက်ထဲ ဝင်သွားတာလား"
ကုရှင်းနော့က ဖြေတယ်။
"ရှင်းယန်နဲ့ သတ္တမမင်းသားသာ ကျောင်းချိုးမင် လက်ထဲ ရောက်သွားရင် ကျောင်းချိုးမင်က ဒီလောက်တောင် အေးအေးဆေးဆေး နေနိုင်ပါ့မလား။ ဒီရက်ပိုင်း သူတို့ ကျောင်းမိသားစုရဲ့ အခြေအနေက သိပ်ကောင်းနေတာမှ မဟုတ်တာ"
ကုသခင်ကြီးလည်း အတော်ကြာအောင် စဉ်းစားနေပြီးမှ ပြောလိုက်တယ်။
"ရှာတဲ့လူတွေ ထပ်တိုးလိုက်။ ကျောင်းအိမ်တော်ကိုလည်း လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထား"
"ဟုတ်ကဲ့ နားလည်ပါပြီ" ကုရှင်းနော့က ခေါင်းညိတ်ပြီး ပြန်ဖြေတယ်။
"အဘိုးလည်း သိပ်ပြီး စိတ်မပူပါနဲ့။ ရှင်းယန်ရဲ့ သိုင်းပညာနဲ့ဆိုရင် သာမန်လူတွေက သူ့ကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်မှာလဲ"
အဘိုးကြီးက "အင်း" လို့ ခေါင်းညိတ်ပြပြီး ကုရှင်းနော့ကို ထွက်သွားဖို့ လက်ကာပြလိုက်တယ်။ ပြီးတော့မှ တစ်ခွန်း ထပ်မှာလိုက်သေးတယ်။
"ဒီကိစ္စကို မင်းသမီးကို မပြောနဲ့ဦးနော်၊ သူ စိတ်ပူနေလိမ့်မယ်"
"ဟုတ်ကဲ့ပါ" ကုရှင်းနော့လည်း ခေါင်းညိတ်ပြပြီး အဘိုးကြီးရဲ့ စာကြည့်ဆောင်ထဲကနေ ထွက်လာခဲ့တယ်။
ကုသခင်ကြီး စာကြည့်ဆောင်ထဲမှာ စိတ်ညစ်ပြီး သက်ပြင်းတွေချနေတာကိုတော့ ထားလိုက်ပါတော့။ ကုရှင်းနော့ကတော့ အဘိုးကြီးရဲ့ စာကြည့်ဆောင်ထဲက ထွက်လာပြီးတာနဲ့ သူ့ရဲ့ ကိုယ်ရံတော်တချို့ကို ခေါ်ပြီး သူ့စာကြည့်ဆောင်ဆီ သွားလိုက်တယ်။
ကိုယ်ရံတော်တွေ စာကြည့်ဆောင်ထဲ ရောက်တာနဲ့ တံခါးပိတ်ဖို့ ကုအစ်ကိုကြီးက ပြောလိုက်တော့ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာ သူတို့ ချက်ချင်း သိလိုက်ကြတယ်။
ကိုယ်ရံတော်တစ်ယောက် တံခါးပိတ်လိုက်တာကို မြင်တော့ ကုရှင်းနော့က ကိုယ်ရံတော်တွေကို အနားခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
"ကျောင်းချိုးမင်ရဲ့ လူယုံတစ်ယောက်လောက်ကို ဖမ်းလာဖို့ နည်းလမ်းရှာကြစမ်း"
ကိုယ်ရံတော်တွေ ကြားလိုက်ရတော့... အို... အစ်ကိုကြီးက နောက်ဆုံးတော့ ကျောင်းချိုးမင်နဲ့ ထိပ်တိုက်တွေ့တော့မှာပဲ။
"သခင်ကြီး" ကိုယ်ရံတော်တစ်ယောက်က ကုရှင်းနော့ကို မေးလိုက်တယ်။
"ကျောင်းချိုးမင်ရဲ့ လူယုံတွေကို ဖမ်းဖို့က သိပ်မလွယ်ဘူးနော်"
"သူတို့ တစ်ယောက်တည်း အပြင်ထွက်တဲ့ အချိန်တော့ ရှိမှာပဲလေ" ကုရှင်းနော့က အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
"ကျောင်းချိုးမင်က ငါတို့ ကုမိသားစုကို အလွတ်မပေးမှတော့ ငါကလည်း သူ့ကို နေ့တိုင်း အေးအေးဆေးဆေး နေရအောင် လွှတ်ထားပေးမှာ မဟုတ်ဘူး"
…