← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) မောမောကိုခေါ်ပြီး ဆောင်းဦးအမဲလိုက်ပွဲ သွားခြင်း

ဒီညမှာ ဘယ်သူတွေ ဘယ်လိုပဲ အလုပ်ရှုပ်နေကြပါစေ၊ ဥပမာ ရှန်းကျုံးဘုရင် ပို့လိုက်တဲ့ ဆေးဝါးတွေကို မြင်ပြီး မျက်နှာက တည်ငြိမ်နေပေမဲ့ ရင်ထဲမှာတော့ လှိုင်းထန်နေလို့ တစ်ညလုံး အိပ်မပျော်တဲ့ ဆရာတော် ဖုန်းလင်တို့လိုပေါ့လေ။ ယွီးရှောင်ရှောင်ကတော့ ကုရှင်းလန်နဲ့ တစ်ခုတင်တည်း အတူအိပ်ပြီး မိုးလင်းတဲ့အထိ တစ်ရေးတည်း အိပ်ပျော်သွားခဲ့တယ်။

ဒုတိယနေ့ မနက်စောစောမှာတော့ တစ်ညလုံး ရွာနေတဲ့ မိုးလည်း တိတ်သွားပြီး မြို့တော်က လူတွေအတွက် ဆောင်းဦးရာသီရဲ့ သာယာတဲ့ ရာသီဥတုလေးကို ပြန်ရလိုက်တယ်။

ကုရှင်းလန် စောစောထပြီး အစေခံတွေကို သူ့ကို မကာ အဘိုးဖြစ်သူဆီ ခေါ်သွားခိုင်းလိုက်တယ်။

အဘိုးကြီးလည်း ဆရာတော် ဖုန်းလင်လိုပဲ တစ်ညလုံး မျက်စိမမှိတ်ခဲ့ရဘူးလေ။ ကုရှင်းလန်ကို ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ သွေးကြောလေးတွေတောင် နီရဲနေတယ်။

ကုရှင်းလန်က အမြန်မေးလိုက်တာပေါ့။

"အဘိုး... တစ်ခုခု ပြဿနာ ပေါ်လာလို့လား"

အဘိုးကြီးက ကုရှင်းလန်ကို လက်ကာပြလိုက်တယ်။ ဒီကောင်လေးကို မင်းအစ်ကိုလတ်နဲ့ သတ္တမမင်းသား ပျောက်သွားပြီလို့ ဘယ်လိုလုပ် သွားပြောရမှာလဲ။ ဒီကောင်လေး သိသွားရင် မင်းသမီးလည်း သိသွားမှာပေါ့။ အဲဒီလို ဖြစ်လို့ ဘယ်ရမလဲ။ အဘိုးကြီးက ပြောလိုက်တယ်။

"မနေ့က အရက်နည်းနည်း များသွားလို့ပါ။ ဘာမှမဖြစ်ပါဘူး။ မင်းက ဘာလို့ ဒီလောက် စောစောစီးစီး ရောက်လာတာလဲ"

ကုရှင်းလန်က ယွီးရှောင်ရှောင်နဲ့အတူ ရူယွင်တောင်ကို သွားမဲ့ကိစ္စကို အဘိုးကြီးကို ပြောပြလိုက်တယ်။

အဘိုးကြီးက ခေါင်းသာ ညိတ်ပြပြီး တစ်ခွန်းပဲ ပြောလိုက်တယ်။

"မင်းသမီးကို သေချာ ဂရုစိုက်နော်။ စောစော အိမ်ပြန်လာခဲ့"

"ဟုတ်ကဲ့ပါ" ကုရှင်းလန်က အဘိုးကြီးကို နှုတ်ဆက်ပြီး အစေခံနှစ်ယောက် မလာတဲ့ အတိုင်း အဘိုးကြီးရဲ့ စာကြည့်ဆောင်ထဲကနေ ထွက်လာခဲ့တယ်။

"အကြီးဆုံးသခင်လေး" အရှေ့ကနေ လျှောက်လာတဲ့ အစေခံက စာကြည့်ဆောင် အပြင်ရောက်တော့ စင်္ကြံလမ်းမှာ ရပ်နေတဲ့ ကုရှင်းနော့ကို မြင်ပြီး လှမ်းခေါ်လိုက်တယ်။

ကုရှင်းနော့က အဘိုးကြီးရဲ့ စာကြည့်ဆောင်နဲ့ နည်းနည်းလှမ်းတဲ့ နေရာမှာ ရပ်နေပြီး ကုရှင်းလန်ကို လက်ယပ်ခေါ်လိုက်တယ်။

"အစ်ကိုကြီးဆီ သွားမယ်" ကုရှင်းလန်က အစေခံနှစ်ယောက်ကို အမိန့်ပေးလိုက်တယ်။

အစေခံနှစ်ယောက် ကုရှင်းလန်ကို ကုအစ်ကိုကြီး ရှေ့ချပေးပြီးတာနဲ့ စင်္ကြံလမ်းအပြင်ဘက်မှာ သွားစောင့်နေကြတယ်။

ကုရှင်းနော့က စင်္ကြံလမ်းက လက်ရန်းပေါ် ထိုင်ချလိုက်ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။

"ဘာလို့ ရုတ်တရက်ကြီး ရူယွင်တောင်ကို သွားချင်ရတာလဲ"

ကုရှင်းလန်ခမျာ အစ်ကိုကြီးရဲ့ အမေးကို ကြားတော့ ခေါင်းကိုက်သွားရတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက အရမ်းကို မယုံနိုင်စရာ ကောင်းနေတာလေ။ သူ ပြောပြရင်လည်း ယုံတဲ့သူ ရှိမှရမှာပေါ့။

"အစ်ကိုကြီးကို ပြောပြလို့ မရဘူးလား" ကုရှင်းနော့က မေးလိုက်တယ်။

ကုရှင်းလန် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ယွီးရှောင်ရှောင် တောင်ပိုင်းလမ်းသွယ်ထိပ်မှာ ဝက်ခေါင်းထိုင်စားရင်း ဒုတိယခေါင်းဆောင်နဲ့ အာ့ကော်ဇီတို့ကို တွေ့ခဲ့တဲ့အကြောင်း၊ ဝက်ခေါင်းတစ်ဝက် ခွဲကျွေးလိုက်ပြီး ဒုတိယခေါင်းဆောင်က ရူယွင်တောင်ကို အလည်လာဖို့ ဖိတ်ခေါ်လိုက်တဲ့ အကြောင်းတွေကို ကုရှင်းနော့ကို အကုန်ပြောပြလိုက်တယ်။

ကုရှင်းနော့လည်း သူ့ညီအငယ်ဆုံးရဲ့ စကားကို ကြားပြီး အတော်ကြာတဲ့အထိ စကားမပြောနိုင် ဖြစ်သွားတယ်။

ကုရှင်းလန်က ပြောလိုက်တယ်။

"အစ်ကိုကြီး ယုံမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်"

ကုရှင်းနော့က စင်္ကြံတိုင်ကို လက်နဲ့ နှစ်ချက်လောက် ထုလိုက်ပြီး ပြောတယ်။

"မင်းသမီး တွေ့ကြုံရတဲ့ ကိစ္စတွေက အကုန်လုံး..." ကုအစ်ကိုကြီးခမျာ သူ့ရဲ့ ခယ်မလေးကို ဘယ်လိုစကားလုံးနဲ့ သုံးနှုန်းရမလဲဆိုတာတောင် မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ပုံမှန်လူတွေကတော့ ဒီလိုကိစ္စမျိုးတွေ ကြုံရမှာ မဟုတ်ဘူးလေ။

ကုရှင်းလန်က မေးလိုက်တယ်။ "အစ်ကိုကြီး၊ ဒုတိယအစ်ကို မပြန်လာသေးဘူးလား"

ကုရှင်းနော့က ခြံဝင်းထဲကို လှည့်ကြည့်လိုက်တယ်။ 'အခုမှ ဒီကောင်က ဒုတိယကောင်အကြောင်း သတိရပြီး မေးဖော်ရတော့တယ်၊ အသိတရား ပြန်ဝင်လာပြီပေါ့လေ'

"ဒုတိယအစ်ကို ဘယ်ရောက်သွားတာလဲ" ကုရှင်းလန်က ထပ်မေးတယ်။

ကုရှင်းနော့က ပြန်မေးလိုက်တယ်။

"မင်းသမီးက သတ္တမမင်းသားအကြောင်း မေးနေလို့လား"

"အာ... မဟုတ်ပါဘူး" ကုရှင်းလန်က ခေါင်းခါပြလိုက်တယ်။

"သွားတော့... စောစော အိမ်ပြန်လာခဲ့" ကုရှင်းနော့လည်း ဘာမှ ဆက်မပြောချင်တော့ဘဲ ကုရှင်းလန်ကို လက်ကာပြလိုက်တယ်။ ဒီအိမ်တော်ရဲ့ ပြဿနာတွေကို သူနဲ့ အဘိုးကြီး ဖြေရှင်းနေရင် လုံလောက်ပါပြီလေ။

ယွီးရှောင်ရှောင်တို့ဘက်မှာတော့ ဝမ်မောမောက ဒီနေ့ သူမရဲ့ မင်းသမီးနဲ့အတူ ရူယွင်တောင်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဝမ်မောမောကတော့ ယွီးရှောင်ရှောင်ကို နေရာတိုင်း ဖက်တွယ်ပြီး အချိန်မရွေး ပညာပေး ဆုံးမဖို့ ဆုံးဖြတ်ထားတာလေ။

ရှောင်ကျွမ်းက ရှောင်ဝေကို တိုးတိုးလေး ပြောလိုက်တယ်။

"မောမောက ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာပဲ။ မင်းသမီး ပြေးရင် ငါတို့တောင် မီအောင် မလိုက်နိုင်တာ၊ သူကများ မီအောင် လိုက်နိုင်မှာလား"

ရှောင်ဝေက မျက်စောင်းထိုးပြီး ပြန်ပြောလိုက်တယ်။ "မင်းက ဘာကိစ္စ ဝင်ပူနေရတာလဲ"

"မောမော မြင်းစီးမလား၊ ရထားလုံး စီးမလား" ယွီးရှောင်ရှောင်က စင်္ကြံလမ်းမှာ ရပ်နေတဲ့ ဝမ်မောမောကို မေးလိုက်တယ်။

ဝမ်မောမောရဲ့ နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ နန်းတွင်းအထိန်းတော်ကြီး တစ်ယောက်က မြင်းစီးစရာလား။

"ကျွန်တော်မျိုးမ ရထားလုံးပဲ စီးပါ့မယ်" လို့ ဝမ်မောမောက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"အိုကေလေ" ယွီးရှောင်ရှောင်က ချက်ချင်း ပြန်ပြောတယ်။

"ဒါဆို မောမောက ကျွန်မနဲ့ ရှောင်ကုတို့နဲ့ အတူတူ စီးပေါ့"

ဝမ်မောမောရဲ့ နှုတ်ခမ်းထောင့်က နောက်တစ်ခါ ထပ်တွန့်သွားပြန်တယ်။ သူမကတော့ ကိစ္စမရှိပေမဲ့ သမက်တော်က သဘောမကျမှာ စိုးရတယ်။

"မင်းသမီးလေး" ဝမ်မောမောက ပြောတယ်။

"ကျွန်တော်မျိုးမက လူထမ်းစင်လေး စီးသွားရင်လည်း ရပါတယ်။ ဒါမှမဟုတ် ရထားလုံးနောက်ကနေ လိုက်ခဲ့မယ်လေ"

"ဟင်" ယွီးရှောင်ရှောင်က အံ့သြသွားတယ်။ "လမ်းလျှောက်တာက မြင်းပြေးတာထက် မြန်လို့လား"

ရှောင်ဝေက ယွီးရှောင်ရှောင် အဓိကအချက်ကို သဘောမပေါက်သေးဘူးဆိုတာ သိတော့ ဝင်ပြောလိုက်ရတယ်။

"မင်းသမီး၊ မောမောအတွက် သီးသန့် ရထားလုံးတစ်စီး စီစဉ်ပေးလိုက်ရင် ရပါပြီ"

ယွီးရှောင်ရှောင် ဝမ်မောမောရဲ့ ခန္ဓာကိုယ်ကို တစ်ချက် ကြည့်လိုက်တယ်။ လူသုံးယောက် ရထားလုံး တစ်စီးတည်း စီးရင် ဝမ်မောမောရဲ့ ခန္ဓာကိုယ် ကြီးလွန်းလို့ မဆန့်မှာစိုးလို့ ပြောတာများလား။ (မင်းသမီးလေးကတော့ ဘယ်တော့မှ အဓိကအချက်ကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူးလေ)

အဲဒီအချိန်မှာ ကုရှင်းလန်က အဘိုးကြီးရဲ့ စာကြည့်ဆောင် ခြံဝင်းဘက်ကနေ ပြန်ရောက်လာတယ်။ ယွီးရှောင်ရှောင်နဲ့ ဝမ်မောမောတို့ ရပ်စကားပြောနေတာကို မြင်တော့ ဝမ်မောမောရဲ့ မျက်နှာထားကို တစ်ချက် အကဲခတ်လိုက်ပြီး သူတို့ ဘာတွေ ပြောနေလဲဆိုတာကို ကုတတိယသခင်လေးက ပါးနပ်စွာနဲ့ ဝင်မမေးတော့ဘူး။ အဲဒီအစား ပြောလိုက်တာက...

"မင်းသမီး... အဆင်သင့်ဖြစ်ပြီလား။ ကျွန်တော် အဘိုးကို ပြောပြီးပြီ၊ အခု ထွက်လို့ရပြီ"

"ဒါဆို သွားကြမယ်" ယွီးရှောင်ရှောင်က အသံကျယ်ကျယ်နဲ့ ကြေညာလိုက်တယ်။

သူတို့အုပ်စုက တောင်ပေါ်တက်မဲ့ ပစ္စည်းတွေ ယူပြီး ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်က ရထားလုံး တစ်စီး၊ ဝမ်မောမောက သီးသန့် ရထားလုံး တစ်စီးနဲ့ ထွက်လာခဲ့ကြတယ်။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေက ကိုယ်ရံတော်အုပ်စုကို ဦးဆောင်ပြီး မြင်းတွေနဲ့ ကုအိမ်တော်ကနေ အနောက်ဘက် မြို့တံခါးဆီ ထွက်လာခဲ့ကြတယ်။

အနောက်ဘက် မြို့ပြင်မှာတော့ ကုရှင်းလန်ရဲ့ ညီအစ်ကိုတွေက သူတို့ရဲ့ ကိုယ်ရံတော် အသီးသီးကို ခေါ်ပြီး တဖြည်းဖြည်း ရောက်လာကြပြီ။ လမ်းသွားလမ်းလာတွေက ဒီလူစုကို ကြည့်ပြီး ကြောက်လန့်နေကြရုံတင်မကဘူး၊ အနောက်ဘက် မြို့တံခါးကို စောင့်ရတဲ့ စစ်သားတွေတောင် ခွေးတွေဆွဲ၊ သိမ်းငှက်တွေ တင်လာတဲ့ ဒီစစ်သူကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေကို သွားမရှုပ်ရဲကြဘူးလေ။

ကုရှင်းလန်နဲ့ ယွီးရှောင်ရှောင်တို့ အနောက်ဘက် မြို့တံခါးကနေ ထွက်လာပြီး အားလုံး ဆုံမိသွားတဲ့အခါ စစ်သူကြီးလီက အသံကျယ်ကြီးနဲ့ အော်ဟစ်လိုက်တယ်။

"သွားကြစို့"

ယွီးရှောင်ရှောင်က ရထားလုံးထဲမှာ ကုရှင်းလန်ကို စိတ်လှုပ်ရှားစွာနဲ့ ပြောနေတယ်။

"ယုန်ဖက်တီးလေးတွေ... ယုန်ဖက်တီးလေးတွေ"

ကုရှင်းလန်လည်း ဇနီးလေးကို ရင်ခွင်ထဲ ဆွဲဖက်ထားပြီး ချော့ရတာပေါ့။

"အင်းပါ... ကိုယ်တို့ ယုန်သွားဖမ်းကြတာပေါ့"

အပြင်ဘက်က စစ်သူကြီး တစ်ယောက်က ရယ်ရင်း လှမ်းပြောတယ်။

"မင်းသမီးလေး၊ ဒီတစ်ခေါက် ကျွန်တော်တို့ ယုန်လေးတွေချည်းပဲ အမဲလိုက်မှာ မဟုတ်ဘူးနော်"

"ဟင်" ယွီးရှောင်ရှောင်က စိတ်ဝင်တစားနဲ့ ပြန်မေးလိုက်တယ်။

"ရူယွင်တောင်ပေါ်မှာ တခြား ဘာတွေ ရှိသေးလို့လဲ"

"ယုန်ပဲ အမဲလိုက်မှာပါ" ကုရှင်းလန်က အမြန် ဝင်ပြောလိုက်တယ်။ ရူယွင်တောင်ပေါ်မှာ ဝက်ဝံ၊ ကျား စတဲ့ သားရဲတွေ ရှိတယ်ဆိုတာ သူ သိပေမဲ့ သူ့ဇနီးလေး သွားပြီး တိုက်ခိုက်မှာကို သူ မလိုလားဘူးလေ။ သူ့ဇနီးလေးရဲ့ သိုင်းပညာက ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းနေပါစေ၊ အန္တရာယ် ဆိုတာက ကြိုပြောလို့ရတာ မဟုတ်ဘူးလေ။

"မင်းသမီးလေး စိတ်ချပါ" နောက်ထပ် စစ်သူကြီး တစ်ယောက်က ဝင်ပြောတယ်။

"ကျွန်တော်တို့ ရှိနေမှတော့ ဘယ်လို သားကောင်မျိုးကိုမဆို ရအောင် ဖမ်းပေးနိုင်ပါတယ်"

နောက်ရထားလုံးထဲကနေ လိုက်လာတဲ့ ဝမ်မောမောက ဒါတွေကို ရှင်းရှင်းလင်းလင်း ကြားနေရတယ်။ ဝမ်မောမော အကြားမှာတော့ ဒီလူတွေက သူမရဲ့ မင်းသမီးလေးကို တောင်ပေါ်မှာ သွားသောင်းကျန်းဖို့ မြှောက်ပေးနေသလိုပဲ။

"အဟမ်း..." ဝမ်မောမောက အသံကျယ်ကျယ်နဲ့ ချောင်းဟန့်လိုက်တယ်။

စစ်သူကြီးတွေ ဝမ်မောမောရဲ့ ချောင်းဟန့်သံကို ကြားတော့ အားလုံး ကြောင်သွားကြတယ်။ ကုအငယ်ဆုံးကောင်က သူ့မိန်းမကိုခေါ်ပြီး တောင်ပေါ်မှာ အမဲလိုက်၊ အရှေ့ပင်လယ် ဓားပြတွေကို ဖမ်းဖို့ သွားတာကို ဘာလို့ အဒေါ်ကြီး တစ်ယောက်ကိုပါ ခေါ်လာရတာလဲ။

ကုရှင်းလန်က ရထားလုံးထဲကနေ လှမ်းပြောလိုက်တယ်။

"မင်းသမီးရဲ့ အထိန်းတော်ကြီးလည်း ဒီတစ်ခေါက် တောင်ပေါ်ကို လိုက်လာတယ်လေ"

ကုရှင်းလန်ရဲ့ စကားကို ကြားတော့ ညီအစ်ကိုတွေ အားလုံး ဘာမှ ဆက်မပြောရဲကြတော့ဘူး။ နန်းတော်ထဲက အထိန်းတော်ကြီးတွေဆိုတာ အသက်ကြီးလာရင် တော်ဝင်မိသားစုက တာဝန်ယူ စောင့်ရှောက်ပေးရတဲ့ သူတွေဆိုတော့ ဘယ်သူက သွားရှုပ်ရဲမှာလဲ။

လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကုန်သည်တွေ၊ ခရီးသွားတွေကတော့ ကုရှင်းလန်တို့ အုပ်စုကို မြင်တာနဲ့ ဘေးကို ဖယ်ပေးပြီး အရင် သွားခွင့်ပြုလိုက်ကြတယ်။

အဲဒီအချိန် ကုအိမ်တော် ရှေ့မှာတော့ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ မြို့ပြင်ထွက်သွားပြီဆိုတဲ့ စကားကို ကျော်ယို့ ကြားလိုက်ရတော့ ချက်ချင်း မျက်နှာပျက်သွားတော့တယ်။ မနေ့က သူ ပစ္စည်းတွေ သိမ်းနေတာနဲ့ အချိန်နှောင့်နှေးသွားလို့ ချက်ချင်း မထွက်ခွာဖြစ်ခဲ့ဘူး။ ဒီနေ့ ထွက်ခွာရင်းနဲ့ မင်းသမီးကို နှုတ်ဆက်သွားမယ်လို့ တွေးထားပေမဲ့ ယွီးရှောင်ရှောင် အိမ်မှာ မရှိဘူးတဲ့လေ။

ကုရှင်းနော့က ကျော်ယို့ကို တိုးတိုးလေး ပြောလိုက်တယ်။

"ကျော်စစ်သေနာပတိချုပ်... ပိုင်ဟူတိုင်းကို ပြန်ရောက်ရင် အရာရာ သတိထားပါ"

ကျော်ယို့က ကျန်းကော်အိမ်တော်ဆိုတဲ့ ဆိုင်းဘုတ် ပြန်ချိတ်ထားတဲ့ ကုအိမ်တော်ရဲ့ တံခါးကို မော့ကြည့်ရင်း စိတ်မပါ့တပါနဲ့ ပြန်ဖြေလိုက်တယ်။

"ဒါကတော့ သေချာတာပေါ့။ ကုသခင်ကြီး စိတ်ပူပေးစရာ မလိုပါဘူး"

…

All Chapters