← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) စိမ်းလန်းစိုပြည်နေတဲ့ တောင်တန်းနှင့် တောအုပ်ကြီး

ကုရှင်းယန်ကို ခေါင်းဆောင်ကြီးက တောင်ကြားထဲက သစ်ပင်ခွကြားမှာ ကြိုးနဲ့ တုပ်ထားတယ်။ ဒီပင်လယ်ဓားပြတွေက နေ့တိုင်း အရိုးပျော့ဆေး တစ်ခွက် အတင်းတိုက်နေတာကြောင့် ကုဒုတိယသခင်လေးရဲ့ သိုင်းပညာက ဘယ်လောက်ပဲ ကောင်းနေပါစေ အခုချိန်မှာတော့ ဘာမှ ပြန်မခုခံနိုင်တော့ဘူး။ တကယ်လို့ ခပ်လုံးလုံး ကြိုးနဲ့သာ တုပ်မထားဘူး၊ ကျောနောက်မှာလည်း မှီစရာ သစ်ပင်သာ မရှိဘူးဆိုရင် ကုရှင်းယန်က အခုချိန် မတ်တတ်တောင် ရပ်နိုင်မှာ မဟုတ်ဘူး။

ခေါင်းဆောင်ကြီးကတော့ ခေါင်းတွေကိုက်ပြီး ကုရှင်းယန်ကို တစ်ပတ်ပတ်ကြည့်နေတယ်။ သူက မြို့ထဲကို ကုမိသားစုရဲ့ သတင်းသွားစုံစမ်းဖို့ လူလွှတ်ထားပြီးပြီလေ။ အခုတော့ သတင်းထောက်လှမ်းတဲ့လူ ပြန်လာပြီး အခြေအနေ ဘယ်လိုရှိလဲဆိုတာကို စောင့်နေရုံပဲ။

ကုရှင်းယန်က မေးလိုက်တယ်။

"မင်းက တကယ်တော့ ဘာလိုချင်နေတာလဲ"

ခေါင်းဆောင်ကြီးကိုယ်တိုင်လည်း သူ ဘာလိုချင်နေတာလဲဆိုတာကို သိချင်နေတာပါပဲ။

ကုရှင်းယန်က ခေါင်းဆောင်ကြီးရဲ့ ပုံစံကို မြင်တော့ ဒေါသထွက်သွားတယ်။ ဒီကောင်ကများ မကျေမနပ် ဖြစ်နေသေးတယ်ပေါ့။ သူက ဒီတစ်ခေါက် မြင်းပြေးရင်း ခြေချော်သလိုမျိုး၊ ဘယ်ကောင်တွေမှန်းမသိတဲ့ ဒီလူတွေရဲ့ ထောင်ချောက်ထဲကို ကျသွားရတာမို့ ကုဒုတိယသခင်လေး ကိုယ်တိုင်ကတောင် မခံမရပ်နိုင် ဖြစ်နေရတာကို။

ခေါင်းဆောင်ကြီးက မေးတယ်။ "မင်းက တကယ်ပဲ ကုရှင်းယန်လား"

ကုရှင်းယန်က ပြန်ဖြေတယ်။ "ငါ ပြောတာ မင်းမှ မယုံတာ၊ အဲဒါကို ဘာလို့ လာမေးနေသေးလဲ"

ခေါင်းဆောင်ကြီးက ပြောတာပေါ့။ "ကုဒုတိယသခင်လေးဆိုတာ စစ်တိုက်တဲ့ စစ်သူကြီးလေ၊ ဒီလို အလွယ်လေးနဲ့ ငါတို့ ဖမ်းတာ ခံလိုက်ရတယ်ပေါ့"

ကုရှင်းယန် သွေးအန်မတတ် ဖြစ်သွားတယ်။ သူ ပေါ့ဆသွားတယ်ဆိုတာကိုတော့ သူ ဝန်ခံပါတယ်။ မြို့တော်အပြင်ဘက်မှာတင် သူ့ကိုနဲ့ သတ္တမမင်းသားကို လုပ်ကြံရဲတဲ့သူ ရှိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။ ဒါပေမဲ့ ဒီကောင်တွေက အရမ်းကို အောက်တန်းကျလွန်းတယ်။ ညသန်းခေါင်ယံမှာ လမ်းဘေးကနေ ပုန်းပြီး ဗျောက်အိုးတွေ ဖောက်၊ မြင်းတွေကို လန့်အောင်လုပ်ပြီး ရထားလုံးကို မီးရှို့ကြတယ်။ သူက သတ္တမမင်းသားကို ခေါ်ပြီး လက်တစ်ဖက်ကလည်း ဝေ့မောမောကို ဆွဲပြီး ပြေးတဲ့အချိန်မှာ ဒီကောင်တွေ လမ်းမြှောင်လေးမှာ တူးထားတဲ့ တွင်းထဲကို ကျသွားခဲ့တာ။ သာမန်တွင်းဆိုရင် ကုဒုတိယသခင်လေးက ကြောက်စရာမလိုပေမဲ့ ဒီအရှက်မရှိတဲ့ကောင်တွေက တွင်းထဲမှာ ထုံးဖြူတွေ တစ်ဝက်လောက် ထည့်ထားတာလေ။ မျက်လုံးကလည်း မမြင်ရ၊ ကိုယ်တိုင်ကလည်း လူအိုနဲ့ ကလေးကို ခေါ်ထားရသေးတော့ ကုရှင်းယန်က ဘယ်လောက်ပဲ တော်တော် ဖမ်းချုပ်ခံရမဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ဘူးပေါ့။

ခေါင်းဆောင်ကြီးက တီးတိုးရေရွတ်လိုက်တယ်။ "ငါက ညီအစ်ကိုတွေကို လမ်းမြှောင်လေးမှာ တွင်းဆယ်တွင်းလောက်ပဲ တူးခိုင်းခဲ့တာကို"

ကုရှင်းယန်က အေးစက်စက် ရယ်လိုက်ပြီး ပြောတယ်။

"အေးပါ... သိုး အစာအိမ်လို ကွေ့ကောက်ကျဉ်းမြောင်းနေတဲ့ လမ်းလေးပေါ်မှာ ထုံးတွင်းတွေ ဆယ်တွင်းလောက် တူးထားရတာ မင်းတို့ တော်တော် ပင်ပန်းသွားမှာပဲ"

ခေါင်းဆောင်ကြီးက ကုဒုတိယသခင်လေးရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး ပြောတယ်။ "မင်းကရော ဘာလို့ အဲဒီ လမ်းမြှောင်လေးကိုမှ ရွေးလျှောက်ရတာလဲ"

ကုရှင်းယန်က ဒီငတုံးကို မျက်ထောင့်နီနဲ့ ကြည့်လိုက်တယ်။ သူက ထွက်ပြေးနေတာလေ၊ လမ်းမြှောင်လေးတွေက မသွားဘဲ လမ်းမကြီးကနေ သွားနေရင် နောက်ကလူတွေ လိုက်မိဖို့ စောင့်နေသလို ဖြစ်မနေဘူးလား။

ခေါင်းဆောင်ကြီးကတော့ သူ့ဆံပင်တွေကို ဆွဲဖွနေတော့တာပဲ။ ဒီလူသုံးယောက်က သူ့ကို ခေါင်းကိုက်ပြီး သေအောင် လုပ်နေတာ။

ကုရှင်းယန်က မေးလိုက်တယ်။

"မင်းတို့က တကယ်တော့ ဘယ်သူတွေလဲ"

ခေါင်းဆောင်ကြီးက မေးပြန်တယ်။ "မင်း တကယ်ပဲ ကုရှင်းယန်လား"

ချီးတဲ့မှပဲ... ခေါင်းစဉ်က ပြန်လှည့်လာပြန်ပြီ။ ကုရှင်းယန်က ခေါင်းဆောင်ကြီးကို တံတွေးနဲ့ ထွေးလိုက်ပြီး ပြောတယ်။ "သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်း"

ခေါင်းဆောင်ကြီးက ပြောတယ်။ "ငါက မင်းကို မသတ်ရဲဘူး ထင်နေလား"

ကုရှင်းယန်က အေးစက်စက် ရယ်လိုက်တယ်။ ဒီလူတွေ သတ်ချင်ရင် သူ့ကို စောစောကတည်းက သတ်ပြီးပြီပေါ့၊ ဒီနေ့အထိ စောင့်နေပါ့မလား။

ခေါင်းဆောင်ကြီးက ကုဒုတိယသခင်လေးကို ဆက်ပြီး ရစ်နေတယ်။ တကယ်လို့များ ကြိုးတုပ်ခံထားရတဲ့ ဒီကောင်က တကယ်ပဲ ကုရှင်းယန်ဆိုရင်၊ ပြီးတော့ ကုမိသားစုက ကျောင်းအမတ်ချုပ်ကြီးက သူတို့ကို ခိုင်းပြီး ကုဒုတိယသခင်လေးကို ဖမ်းခိုင်းတာဆိုတာကို သိသွားရင်... ကုမိသားစုက ကျောင်းအမတ်ချုပ်ကြီးဆီကို အသေအလဲ သွားချမှာပဲ။ အဲဒီမိသားစုနှစ်ခု အနိုင်အရှုံးပေါ်လာတဲ့အထိ စောင့်ကြည့်မယ်။ တကယ်လို့ ကုမိသားစုက နိုင်သွားရင် သူတို့အဖွဲ့က မတတ်သာလို့ ဖမ်းခဲ့ရတာပါ၊ ပြီးတော့ သတင်းကြိုပေးပြီး အပြစ်ကို ကုစားခဲ့ပါတယ်ဆိုပြီး ပြောမယ်။ အဲဒီကျေးဇူးကြောင့် သူတို့ ကုမိသားစုရဲ့ လှေပေါ်ကို တက်လို့ရနိုင်တယ်။ တကယ်လို့ ကျောင်းအမတ်ချုပ်ကြီးက နိုင်သွားရင်လည်း ခေါင်းဆောင်ကြီးက နည်းလမ်းစဉ်းစားထားပြီးပြီ။ သူတို့ဆီမှာ သစ္စာဖောက် ရှိနေလို့ပါဆိုပြီး အလောင်းတစ်လောင်းကို သစ္စာဖောက်အလောင်းအဖြစ် ဟန်ဆောင်ပြလိုက်ပြီး ဒီကိစ္စကို အသာလေး လှည့်စားကျော်ဖြတ်သွားလို့ ရတယ်။

အာ့ကော်ဇီက တောင်ကြားအပြင်ဘက်ကနေ ပြေးဝင်လာတယ်။ ပြေးလာရင်းနဲ့ လေတိုက်လို့ ထွက်လာတဲ့ နှပ်တွေကို အင်္ကျီလက်နဲ့ သုတ်လာတယ်။

ခေါင်းဆောင်ကြီးက အာ့ကော်ဇီကို လှမ်းအော်လိုက်တယ်။ "ဒီကိုလာခဲ့"

အာ့ကော်ဇီက ခေါင်းဆောင်ကြီးရှေ့ကို ပြေးသွားပြီး ရပ်လိုက်တယ်။

ခေါင်းဆောင်ကြီးက မေးတယ်။ "မင်း ဘာသွားလုပ်တာလဲ"

အာ့ကော်ဇီက စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။ "ကျွန်တော့် နှမလေး မလာဘူးဗျ"

ခေါင်းဆောင်ကြီးက လက်ကိုမြှောက်ပြီး အာ့ကော်ဇီရဲ့ ခေါင်းကို ရိုက်ချလိုက်တယ်။ ဒီတောင်ပေါ်မှာ ပုန်းနေကတည်းက ခေါင်းဆောင်ကြီးက မိန်းမဆိုတာ ဘာအရသာမှန်းတောင် မသိရတော့ဘူး။ အာ့ကော်ဇီက မြို့ထဲကို စာပြန်ပို့တဲ့ အချိန်လေးအတွင်းမှာတင် ကောင်မလေး တစ်ယောက်ကို ရလာတယ်ပေါ့။ ဒီကိစ္စကို ခေါင်းဆောင်ကြီးက လုံးဝ လက်မခံနိုင်ဘူးလေ။

အာ့ကော်ဇီက ခေါင်းဆောင်ကြီး အရိုက်ခံရလို့ ခေါင်းကိုပိုက်ပြီး ဟိုဒီ ပြေးလွှားရှောင်တိမ်းနေရတယ်။ သူ နားမလည်နိုင်အောင် ဖြစ်နေတာက သူ ကောင်မလေးအကြောင်း ပြောလိုက်တာနဲ့ ခေါင်းဆောင်ကြီးဖြစ်ဖြစ်၊ ဒုတိယခေါင်းဆောင်ဖြစ်ဖြစ် ဒီအစ်ကိုကြီးတွေ အကုန်လုံးက သူ့ကို ဘာလို့ မျက်နှာကောင်း မပြရတာလဲဆိုတာပဲ။

ကုဒုတိယသခင်လေးကတော့ ဘေးကနေ အေးတိအေးစက် ကြည့်နေတယ်။ သူသာ အသက်ရှင်လျက် ပြန်သွားနိုင်ရင် ဓားပြကို အစ်ကိုလို့ သတ်မှတ်နေတဲ့ အဲဒီအစေခံမလေးကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။

အဲဒီအချိန်မှာ ကုရှင်းလန်တို့အဖွဲ့က ရူယွင်တောင်ရဲ့ တောင်ခြေအဝင်ဝမှာ ရပ်နေကြပြီ။

ရူယွင်တောင်ရဲ့ အမြင့်ဆုံးတောင်ထွတ်က တိမ်တွေထဲအထိ မြင့်မားနေတာမို့ ဒီတောင်ကို ရူယွင်တောင် (တိမ်ဝင်တောင်) လို့ ခေါ်ကြတာပေါ့။ ဆောင်းဦးရာသီ ဖြစ်ပေမဲ့ တောင်တစ်တောင်လုံးက သစ်ပင်တွေ၊ အပင်တွေက စိမ်းလန်းစိုပြည်နေတုန်းပဲ။ ဆောင်းဦးလေဖြတ်တိုက်သွားတာနဲ့ တောင်နက်ထဲကနေ သစ်တောတွေရဲ့ လှိုင်းသံတွေက ကြည်လင်နက်ရှိုင်းစွာ ထွက်ပေါ်လာတယ်။

ယွီးရှောင်ရှောင်က ရထားလုံးထဲမှာ ထိုင်ရင်း ရှေ့က တောင်ကြီးကို ငေးကြည့်နေတယ်။ ညစ်ညမ်းမှုမရှိတဲ့ တောင်ကြီးက ဒီလိုပုံစံမျိုးကိုး။ နေရောင်ကိုတောင် ကွယ်ထားနိုင်တဲ့ ဒီလို မြင့်မားတဲ့ သစ်ပင်ကြီးတွေကို ကြည့်ပြီး ယွီးရှောင်ရှောင် ငိုတောင် ငိုချင်လာတယ်။

ကုရှင်းလန်ကတော့ သူ့ဇနီးလေးက နန်းတော်ထဲမှာ ကြီးပြင်းလာတာမို့ တကယ့် တောင်တောအုပ်တွေကို မမြင်ဖူးဘူးလို့ပဲ ထင်ပြီး ယွီးရှောင်ရှောင်ကို တိုးတိုးလေး ပြောလိုက်တယ်။

"ရှောင်ရှောင်... ဒါက ရူယွင်တောင်ပဲ"

"ကျွန်မ ဒီနေရာကို သဘောကျတယ်" ယွီးရှောင်ရှောင်က နောက်မှာထိုင်နေတဲ့ ကုရှင်းလန်ကို လှည့်ပြောလိုက်တယ်။

ကုရှင်းလန်က ပြုံးနေလို့ ကွေးသွားတဲ့ ယွီးရှောင်ရှောင်ရဲ့ မျက်လုံးလေးတွေကို လက်ချောင်းလေးနဲ့ ပွတ်သပ်ရင်း ပြောလိုက်တယ်။

"ကိုယ်လည်း သဘောကျတယ်"

"ရှင့်အတွက် ယုန်ဖက်တီးလေးတွေ သွားဖမ်းပေးမယ်" ယွီးရှောင်ရှောင်က ပြောပြောဆိုဆိုနဲ့ ရထားလုံးထဲကနေ ဝုန်းခနဲ ခုန်ထွက်သွားတော့တယ်။

စစ်သူကြီးတွေက သူတို့ရှေ့ကနေ ပန်းနုရောင် အရိပ်လေးတစ်ခု ဖြတ်ခနဲ ပြေးထွက်သွားတာကိုပဲ မြင်လိုက်ရတယ်။ ယွီးရှောင်ရှောင်ရဲ့ လူရိပ်ကိုတောင် သေချာ မမြင်လိုက်ရဘူး။ သူတို့ အသိဆုံးကတော့ ဒီနေ့ မင်းသမီးလေး ပန်းနုရောင် ဂါဝန်လေး ဝတ်ထားတယ်ဆိုတာလောက်ပဲ။

"ရှောင်ကျွမ်း၊ ရှောင်ဝေ" ကုရှင်းလန်က ရထားလုံး တံခါးခန်းဆီးကို မပြီး လှမ်းခေါ်လိုက်တယ်။

"ဟုတ်ကဲ့ပါ" ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန် အများကြီး ပြောစရာမလိုဘဲ မြင်းပေါ်ကနေ ခုန်ဆင်းပြီး ယွီးရှောင်ရှောင် ပြေးထွက်သွားတဲ့ဘက်ကို အလွန်ပေါ့ပါးတဲ့ ကိုယ်နေဟန်ထားနဲ့ လိုက်သွားကြတော့တယ်။

"သူတို့ နှစ်ယောက်တည်းလား" လီယွမ်လဲ့က အဲဒီသုံးယောက်လုံး မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်သွားတာကို မြင်တော့ စိတ်မချစွာနဲ့ ကုရှင်းလန်ကို မေးလိုက်တယ်။

ကုရှင်းလန်က ရထားလုံး ပြတင်းပေါက်ကနေ ခေါင်းထွက်ပြီး နောက်က ရထားလုံးသမားကို လက်ယပ်ခေါ်လိုက်ရင်း လီယွမ်လဲ့ကို ပြောတယ်။

"ရှောင်ကျွမ်းနဲ့ ရှောင်ဝေက အရင်က အရှင်မင်းကြီးနားက အရိပ်ကိုယ်ရံတော်တွေလေ။ သူတို့ ရှိနေရင် မင်းသမီး ဘာမှ မဖြစ်ပါဘူး"

လီယွမ်လဲ့က တိတ်တိတ်လေး အံ့သြသွားတယ်။ ဧကရာဇ်က အရိပ်ကိုယ်ရံတော်တွေကို ခန်းဝင်ပစ္စည်းအဖြစ် ထည့်ပေးလိုက်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူးလေ။ အရိပ်ကိုယ်ရံတော်တွေဆိုတာ ဧကရာဇ်နားမှာ အမြဲရှိနေပြီး တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို အများကြီး သိထားတာမို့ ဧကရာဇ်နဲ့အတူ အသက်ရှင်၊ ဧကရာဇ်နဲ့အတူ သေရမဲ့ သူတွေလေ။ အခု ဧကရာဇ်က ဒီလောက်တောင် ထူးခြားနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

အဲဒီအချိန် ဝမ်မောမောရဲ့ ရထားလုံးက ကုရှင်းလန်ရဲ့ ဘေးကို ရောက်လာတယ်။

ကုရှင်းလန်က ဝမ်မောမောကို ပြောတယ်။

"မောမော၊ မင်းသမီးက တောင်ပေါ်တက်သွားပြီ။ ကျွန်တော်တို့လည်း တောင်ပေါ်မှာ လုပ်စရာလေး တစ်ခု ရှိသေးလို့၊ မောမော ဒီကနေပဲ ခဏလောက် စောင့်နေပေးပါနော်" ဒီလိုပြောပြီးတာနဲ့ ကုတတိယသခင်လေးက ဝမ်မောမောကို စောင့်ရှောက်ဖို့ ကိုယ်ရံတော် တချို့ကို ချန်ထားခဲ့ပြီး လီယွမ်လဲ့တို့ကို "တောင်ပေါ်တက်ကြမယ်" လို့ ပြောလိုက်တယ်။

ဝမ်မောမော ခမျာ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ ကုရှင်းလန်တို့အဖွဲ့က တောင်ပေါ်တက်သွားကြပြီ။ ဝမ်မောမောကတော့ ဒေါသထွက်သွားတာပေါ့။ ဒီလူတွေက သူမကို ဒီတိုင်းကြီး ပြတ်ပြတ်သားသား ပစ်ထားခဲ့ကြတာလား။

ယွီးရှောင်ရှောင်က တောင်ကြီးထဲကို ပြေးဝင်သွားပြီး သဘာဝရဲ့ အစိမ်းရောင်ကို အဝကြည့်ပြီးတဲ့နောက်မှာတော့... မင်းသမီးလေး သတိထားမိလိုက်တာက သူမ စိတ်ကူးထဲကလို တောင်တစ်တောင်လုံး ယုန်ဖက်တီးလေးတွေ ပြေးလွှားနေတဲ့ မြင်ကွင်းမျိုး ပေါ်မလာဘူးဆိုတာပဲ။ တောင်ပေါ်က အပင်တွေက အရမ်းမြင့်နေတော့ သူမ လှမ်းကြည့်လိုက်ရင် ပိုးကောင်အော်သံကိုပဲ ကြားရပြီး ယုန်တစ်ကောင်မှကို မမြင်ရဘူး။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က သူတို့ မင်းသမီးရဲ့ အနောက်ကို အမီလိုက်လာနိုင်တော့မှ စုစည်းထားတဲ့ သိုင်းအားတွေကို နည်းနည်း ပြန်လျှော့ချလိုက်ပြီး ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"မင်းသမီး... နောက်ထပ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်ပြီး ရှောင်ကျွမ်းကို ပြောတယ်။

"ပြောထားတဲ့ ယုန်တွေကရော။ ငါ ဘာလို့ တစ်ကောင်မှ မမြင်ရတာလဲ"

…

All Chapters