← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇) တောင်ကြားထဲက ဝက်ဝံ

ဝက်ဝံ၊ ကျား စတဲ့ သားရဲတွေက ယေဘုယျအားဖြင့် လူတွေ စုဝေးနေထိုင်တဲ့ နေရာတွေကို ရှောင်ရှားလေ့ရှိတယ်။ ဒါက သားရဲတွေရဲ့ အလိုအလျောက် သိစိတ်ပဲလေ။ ဒါကြောင့် ခေါင်းဆောင်ကြီးတို့အဖွဲ့ တောင်ကြားထဲမှာ အချိန်အတော်ကြာ နေလာခဲ့ပေမဲ့လည်း ဝံပုလွေအုပ်လောက်ပဲ သူတို့ကို လာနှောင့်ယှက်ဖူးတယ်။ ဝက်ဝံတို့၊ ကျားတို့လို သားရဲတွေ တစ်ခါမှ လာမရှုပ်ဖူးပါဘူး။

ခေါင်းဆောင်ကြီး နောက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့နဲ့ သူ့ညီအစ်ကိုတွေဆီကို ဟိန်းဟောက်ရင်း တဟုန်ထိုး ပြေးဝင်လာတဲ့ ဝက်ဝံနက်ကြီး တစ်ကောင်ကို တွေ့လိုက်ရတယ်။

"အမလေး... တကယ့် ဝက်ဝံကြီးဟ”

"ချကြဟေ့”

"ဘုရားရေ... ငါ့ဓား ဘယ်ရောက်သွားတာလဲ”

"ငါ့လက်နက်ကောဟ”

"ကယ်ကြပါဦး...”

တောင်ကြားလေးက ချက်ချင်းဆိုသလို ဆူပွက်နေတဲ့ ရေနွေးအိုးကြီးလို ပွက်လောညံသွားတော့တယ်။ ပင်လယ်ဓားပြဟောင်းတွေထဲမှာ ဝက်ဝံနက်ကြီးကို ပြေးပြီး တိုက်ခိုက်မဲ့လူတွေ ရှိသလို၊ ခေါင်းပိုက်ပြီး ထွက်ပြေးမဲ့လူတွေလည်း ရှိတယ်။ အရှေ့ပင်လယ်မှာ အစိုးရစစ်တပ်က လိုက်ဖမ်းတုန်းကထက်တောင် ပိုပြီး ကသောင်းကနင်း နိုင်နေသေးတယ်။

ကုရှင်းယန်က အထင်သေးသလို ရယ်လိုက်ပြီး ခေါင်းဆောင်ကြီးကို ပြောတယ်။ "ဓားပြက ဓားပြပဲလေ။ ဘယ်တော့မှ အဆင့်အတန်း မြင့်မလာဘူး"

ခေါင်းဆောင်ကြီးက အခုတော့ ကုဒုတိယသခင်လေးကို အာရုံမစိုက်အားတော့ဘူး။ မျက်နှာတွေ နီရဲပြီး လည်ပင်းကြောတွေ ထောင်လာတဲ့အထိ အော်ဟစ်လိုက်တယ်။

"ဘာလို့ ပြေးနေကြတာလဲ။ လက်နက်တွေ ယူကြစမ်း”

ခေါင်းဆောင်ကြီးရဲ့ ဒေါသတကြီး အော်သံကြောင့် ဝက်ဝံကို မြင်တာနဲ့ ကြောက်လန့်နေတဲ့ အာ့ကော်ဇီတို့လည်း အသိစိတ်ပြန်ဝင်လာတယ်။ တည်ငြိမ်သွားကြပြီး သူတို့တွေကလည်း သင်္ဘောတွေ လုယက်ဖူး၊ သွေးတွေ မြင်ဖူးတဲ့ ပင်လယ်ဓားပြတွေပဲလေ။ အားလုံးက လက်နက်တွေကိုင်ပြီး ဝက်ဝံနက်ကြီးကို ဝိုင်းလိုက်ကြတယ်။

"ဒီညတော့ ဝက်ဝံလက်ဝါး စားရတော့မယ်ဟေ့” ခေါင်းဆောင်ကြီးက ဓားကြီးကို ဝှေ့ယမ်းပြီး ဝင်ချတော့တယ်။

လူတစ်ယောက်တည်းက လူအများကြီးကို မယှဉ်နိုင်ဘူးဆိုပေမဲ့၊ ခေါင်းဆောင်ကြီးနဲ့ ညီအစ်ကိုတွေကတော့ သူတို့ လူအင်အား ဆယ်ဂဏန်းလောက်နဲ့ ဝက်ဝံတစ်ကောင်ကို သတ်ဖို့ဆိုတာ အသာလေးပဲလို့ ထင်ထားတာလေ။ ဒါပေမဲ့ ပင်လယ်ဓားပြတွေက သားသမီးကို ကာကွယ်ချင်တဲ့ မိခင်သားရဲရဲ့ သဘာဝကို လျှော့တွက်မိသွားကြတယ်။ ဝက်ဝံအမကြီးက ဒဏ်ရာရသွားပြီးတဲ့နောက်မှာ ထွက်မပြေးတဲ့အပြင် ပိုပြီးတောင် ရူးသွပ်ကြမ်းတမ်းလာသေးတယ်။

"ဒီဝက်ဝံကြီးက တစ်ခုခုတော့ မှားနေပြီ” ဒုတိယခေါင်းဆောင်က ခေါင်းဆောင်ကြီးကို လှမ်းအော်တယ်။

ခေါင်းဆောင်ကြီးရဲ့ လက်မောင်းကို ဝက်ဝံအမကြီးက တစ်ချက် ပုတ်လိုက်တာကြောင့် အသားတစ်လွှာ ကွာကျသွားပြီး သွေးတွေ ပန်းထွက်လာတယ်။

"ဒီဝက်ဝံရဲ့ မျက်လုံးတွေက ဘာလို့ သွေးရောင်တွေ လွှမ်းနေတာလဲ" နောက်ထပ် ညီအစ်ကိုတစ်ယောက်က ခေါင်းဆောင်ကြီးကို လှမ်းအော်ပြန်တယ်။

ခေါင်းဆောင်ကြီးက သူ့လက်မောင်းက ဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ဝက်ဝံအမကြီးရဲ့ မျက်လုံးတွေကို သေသေချာချာ ကြည့်လိုက်တယ်။ ကြည့်လိုက်တာနဲ့တင် ခေါင်းဆောင်ကြီး တုန်လှုပ်သွားတယ်။ ဝက်ဝံအမကြီးရဲ့ မျက်လုံးတွေက သွေးရောင်တွေ လွှမ်းနေပြီး မျက်ရည်တွေတောင် ကျနေတယ်။ အဲဒီမျက်လုံးထဲက ကြမ်းကြုတ်တဲ့ အရိပ်အယောင်တွေက ခေါင်းဆောင်ကြီးလို လူဆိုးကြီးကိုတောင် ကြောက်လန့်သွားစေတယ်။

"ဒီဝက်ဝံက ရူးနေတာပဲ” ဒုတိယခေါင်းဆောင်က ညီအစ်ကိုတွေ အတုံးအရုန်း လဲကျနေတာကို မြင်တော့ ဒေါသထွက်ပြီး အော်ဟစ်ကာ ဝက်ဝံအမကြီးရဲ့ အပေါ်ကို ခုန်တက်လိုက်တယ်။

"မင်း သေချင်နေတာလား” ခေါင်းဆောင်ကြီးက အလန့်တကြား အော်လိုက်တယ်။ ဝက်ဝံကြီးရဲ့ ခြေလက်တွေက လှုပ်ရှားနိုင်သေးတဲ့ အချိန်မှာ သူ့အပေါ်ကို ခုန်တက်တာက သေချင်လို့လား၊ သေချင်လို့လားပေါ့။

ဒုတိယခေါင်းဆောင်က ဝက်ဝံအမကြီးရဲ့ ခေါင်းကို ဖက်ပြီး ထုဖို့ ကြိုးစားပေမဲ့ ဝက်ဝံကြီးရဲ့ လည်ပင်းကို မြဲအောင် မဖက်နိုင်ခင်မှာပဲ ဝက်ဝံလက်ဝါးနဲ့ အပုတ်ခံလိုက်ရပြီး မြေကြီးပေါ် လိမ့်ကျသွားတယ်။ အာ့ကော်ဇီကသာ အသက်စွန့်ပြီး ပြေးဝင်လာကာ ဒုတိယခေါင်းဆောင်ကို ဆွဲမပြေးဘူးဆိုရင် ဒုတိယခေါင်းဆောင်က ဝက်ဝံလက်ဝါး တစ်ချက်တည်းနဲ့တင် အသေပုတ်ခံလိုက်ရနိုင်တယ်။

ခေါင်းဆောင်ကြီးက ရူးသွပ်နေတဲ့ ဝက်ဝံအမကြီးကို ကြည့်လိုက်၊ မြေပြင်ပေါ်မှာ လဲကျနေတဲ့ ညီအစ်ကိုတွေကို ကြည့်လိုက်နဲ့ သူ့ရင်ထဲမှာ သွေးတွေ ယိုဆင်းနေသလိုပဲ။ ဆေးဖိုးနဲ့တင် သူ အတွင်းခံဘောင်းဘီလေးပဲ ကျန်တော့မှာ။

ဝက်ဝံအမကြီးက တောင်ကြားထဲက ရိုးရှင်းတဲ့ စခန်းလေးထဲမှာ ဟိုဒီ လျှောက်သွားပြီး လူတွေကိုလည်း တိုက်ခိုက်ရင်း သူ့ရဲ့ သားပေါက်လေးတွေကို လိုက်ရှာနေတယ်။

ကုရှင်းယန်ကတော့ အရမ်းကို ပျော်နေတာပေါ့။ ဖမ်းဆီးခံထားရတဲ့ ဒီရက်တွေအတွင်းမှာ သူ့ရင်ထဲက အောင့်အည်းနေရတာတွေကို နောက်ဆုံးတော့ ဖြေဖျောက်ခွင့် ရသွားပြီလေ။ ဒီဝက်ဝံကြီးက သူ့အစား လက်စားချေပေးနေတာမို့ ဒီကောင်တွေကို အကုန် ရှင်းပစ်လိုက်စမ်းပါလို့ ကုဒုတိယသခင်လေးက ရယ်မောရင်း ပွဲကြည့်နေတယ်။ စိတ်ထဲကနေလည်း အားပေးနေသေးတယ်။ တကယ်လို့များ ဝက်ဝံကြီးက သူ့ဘက်ကို လှည့်လာရင် ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ တစ်စက်ကလေးမှ မတွေးမိဘူး။

အဲဒီအချိန် တောင်ကြားရဲ့ ဘယ်ဘက်တောင်ကုန်းပေါ်ကနေ ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ခေါ်ပြီး ခုန်ချလာတယ်။ မြေပုံက ခေါင်းထဲမှာ ရှိနေတော့ မင်းသမီးလေးက ပုံမှန်လူတွေ မသွားပေမဲ့ အနီးဆုံးဖြစ်မဲ့ လမ်းကြောင်းကို တိုက်ရိုက် ရွေးချယ်လာခဲ့တာလေ။

တောင်ကုန်းပေါ်မှာ သစ်ပင်တွေ၊ ခြုံနွယ်တွေက လေတောင် မတိုးနိုင်လောက်အောင် ထူထပ်လွန်းလို့ ယွီးရှောင်ရှောင်တို့ သုံးယောက်က တောင်ကုန်းပေါ်ကနေ အောက်ကို ကြည့်တာတောင် တောင်ကြားထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သေချာ မမြင်ခဲ့ရဘူး။ သူတို့ သုံးယောက် မြေပြင်ပေါ် ခြေချလိုက်ပြီးတဲ့နောက် ဟိုဒီ ပြန့်ကျဲလဲကျနေတဲ့ လူတွေကို မြင်တော့ သုံးယောက်လုံး ကြောင်သွားကြတယ်။

"ဒါ ဘာဖြစ်တာလဲ။ မြေကြီးပေါ်မှာ ဘာလို့ သွေးတွေ ရှိနေတာလဲ" ယွီးရှောင်ရှောင်က မေးလိုက်တယ်။

ရှောင်ဝေက ပြောတယ်။ "သူတို့က လယ်လုပ်တဲ့ တောင်သူတွေ မဟုတ်ဘူးမလား" 'လယ်သမားက ဒီလိုနေရာမှာ နေပါ့မလား။ လယ်တွေကော။ လယ်တစ်ကွက်မှတောင် မမြင်ရပါဘူး' လို့ ရှောင်ဝေက တွေးမိတယ်။

ခေါင်းဆောင်ကြီးက အဲဒီအချိန် ရှောင်ကျွမ်းရဲ့ လက်ထဲက အမွေးမည်းမည်း အလုံးလေး နှစ်လုံးကို မြင်လိုက်တော့ ဝက်ဝံကြီးက ဘာလို့ ဒီလောက်တောင် ရူးသွပ်ပြီး သူတို့ကို လာသတ်နေတာလဲဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။ သားသမီး ပျောက်သွားတဲ့ တိရစ္ဆာန်အမေကြီးက မရူးဘဲ နေမလား။

"ညီမလေး” အာ့ကော်ဇီကလည်း အဲဒီအချိန် ယွီးရှောင်ရှောင်ကို မြင်သွားပြီး အော်ဟစ်ကာ ယွီးရှောင်ရှောင်တို့ဆီ ပြေးလာတယ်။ သူ့ညီမလေးက လာတာ အချိန်မကိုက်လိုက်တာ။ ဒီမှာ ဝက်ဝံကြီး ရှိနေတာကို။

ရှောင်ဝေက အာ့ကော်ဇီက သူ့မင်းသမီးကို 'ညီမလေး' လို့ ခေါ်တာကို ကြားတော့ မျက်နှာထား တင်းမာသွားတယ်။ မင်းသမီးလေးကို ညီမလေးလို့ ခေါ်တယ်ပေါ့။ ဒီကောင် သေချင်နေတာလား။ ရှောင်ဝေက အာ့ကော်ဇီ ယွီးရှောင်ရှောင် အနားကိုတောင် မရောက်သေးခင် လှစ်ခနဲ အာ့ကော်ဇီရဲ့ ရှေ့ကို ရောက်သွားပြီး ခြေထောက်ကို မြှောက်ကာ တစ်ချက် ကန်ချလိုက်တယ်။

"ညီမလေး သတိထား"

အာ့ကော်ဇီက ညီမလေး သတိထားလို့ အော်နေရင်းနဲ့ ရှောင်ဝေရဲ့ ကန်ချက်ကြောင့် လွင့်ထွက်သွားတော့တယ်။

ဝက်ဝံအမကြီးက နောက်ဆုံးတော့ သူ့သားပေါက်လေး နှစ်ကောင်ရဲ့ အနံ့ကို တိတိကျကျ ရသွားပြီး လားရာပြောင်းကာ ရှောင်ကျွမ်းဆီကို ပြေးဝင်လာတယ်။ အဲဒီအချိန်မှာ ဝက်ဝံအမကြီးက သွေးထွက်လွန်နေပြီမို့ အစကလောက်တော့ လေလို မြန်တဲ့ အမြန်နှုန်း မရှိတော့ဘူး။

"မင်းသမီး” ကုရှင်းယန်က အဲဒီအချိန် သစ်ပင်ခွဆီကနေ လှမ်းအော်လိုက်တယ်။ ကုဒုတိယသခင်လေးခမျာ မျက်ရည်တွေတောင် လည်လာတယ်။ နောက်ဆုံးတော့ အိမ်က လူတွေ ရောက်လာပြီ။

ယွီးရှောင်ရှောင်က သစ်ပင်ခွဆီကို ကြည့်လိုက်ပြီး အံ့သြစွာနဲ့ ပြောတယ်။

"ဟင် ဒုတိယအစ်ကို"

ရှောင်ဝေကလည်း အဲဒီအချိန် သစ်ပင်ခွမှာ အတုပ်ခံထားရတာ ကုရှင်းယန်မှန်း သေချာ မြင်သွားပြီ။ စိတ်ချရတဲ့ လူငယ်လေး ရှောင်ဝေက ချက်ချင်း တွေးမိလိုက်တာက... ဒုတိယသခင်လေးက သတ္တမမင်းသားကို ခေါ်ပြီး မြို့တော်က ထွက်သွားတာလေ။ အခု ဒုတိယသခင်လေးက ဒီမှာဆိုတော့ သတ္တမမင်းသားရော ဘယ်မှာလဲ။ ရှောင်ဝေက ချက်ချင်း နောက်လှည့်ပြီး ရှောင်ကျွမ်းကို အော်ပြောလိုက်တယ်။

"မြန်မြန်... ဒုတိယသခင်လေးကို သွားကယ်”

ရှောင်ကျွမ်းက ရှောင်ဝေ ကုရှင်းယန်ဆီ ပြေးသွားတာကို မြင်တော့ သူ့လက်ထဲက ဝက်ဝံနက်လေး နှစ်ကောင်ကို ယွီးရှောင်ရှောင်ဆီ ပစ်ပေးလိုက်ပြီး ပြောတယ်။

"မင်းသမီး... ကျွန်တော် ဒုတိယသခင်လေးကို သွားကယ်လိုက်ဦးမယ်”

ယွီးရှောင်ရှောင်က ဝက်ဝံနက်လေး နှစ်ကောင်ကို သိပ်ပြီး စိတ်မဝင်စားတာမို့ အမွေးမည်းမည်း အလုံးလေး နှစ်လုံးကို ဘေးကို အသာလေး ပစ်ချလိုက်ပြီး ကုရှင်းယန်ဆီကိုပဲ ပြေးသွားတယ်။ မင်းသမီးလေး စိတ်ထဲမှာတော့ မေးခွန်းတွေ ပြည့်နေတယ်။ ဒုတိယအစ်ကိုက ဝူကျိုးက မိဖုရားခေါင်ကြီးရဲ့ ဆွေမျိုးတွေဆီ သွားတာလို့ ပြောတယ် မဟုတ်လား။ ဘာလို့ ဒီကို ရောက်နေတာလဲ။

ခေါင်းဆောင်ကြီးက သူ့ညီအစ်ကိုတွေကို အော်ခေါ်ပြီး တောင်ကုန်းပေါ်ကနေ ခုန်ချလာတဲ့ ဒီသုံးယောက်ကို ဖမ်းဖို့ လုပ်နေတုန်းမှာပဲ သူ့မျက်စိရှေ့ကို အနက်ရောင် အရိပ်နှစ်ခု လွင့်လာတယ်။ ခေါင်းဆောင်ကြီးက အလိုအလျောက် လက်ကိုဆန့်ပြီး ဖမ်းလိုက်တဲ့အခါ ဝက်ဝံနက်ပေါက်စလေး နှစ်ကောင်က ခေါင်းဆောင်ကြီးရဲ့ လက်ထဲ ရောက်လာတယ်။ ကောင်လေး နှစ်ကောင်က ခေါင်းဆောင်ကြီးရဲ့ လက်ချောင်းတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လျက်နေကြတယ်။

"အစ်ကိုကြီး” ညီအစ်ကိုတစ်ယောက်က အသံကုန် အော်ဟစ်လိုက်တယ်။

ခေါင်းဆောင်ကြီး မော့ကြည့်လိုက်တဲ့ အချိန်မှာတော့... အို ဘုရားသခင်။ ဝက်ဝံအမကြီးက သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေနဲ့ သူ့ဆီကို တဟုန်ထိုး ပြေးလာနေပြီ။ ပါးစပ်ထဲက အစွယ်တွေ အကုန်ပေါ်နေပြီး သူမဘဝရဲ့ နောက်ဆုံး ထွက်သက်အထိ ခေါင်းဆောင်ကြီးနဲ့ အသေခံ တိုက်ခိုက်တော့မဲ့ ပုံစံမျိုးပဲ။

"ပြေးတော့” ညီအစ်ကိုတစ်ယောက်က ခေါင်းဆောင်ကြီးကို လှမ်းအော်တယ်။

ခေါင်းဆောင်ကြီးလည်း လန့်သွားပြီး ဦးနှောက်က မစဉ်းစားရသေးခင် ခန္ဓာကိုယ်က အရင် လှုပ်ရှားသွားကာ ဝက်ဝံနက်လေး နှစ်ကောင်ကို ဆွဲပြီး နောက်လှည့် ပြေးတော့တယ်။

ဝက်ဝံအမကြီးက သူမ အိမ်တိုင်ရာရောက် လိုက်လာတာတောင် ဒီလူသားက သူမရဲ့ သားပေါက်လေးတွေကို ယူပြီး ထွက်ပြေးရဲတယ်ဆိုတော့... ဒီကောင်ကို သေချာပေါက် ကိုက်သတ်ပစ်ရမယ်။ ဝက်ဝံအမကြီးက ဟိန်းဟောက်ရင်း ခေါင်းဆောင်ကြီးကို အရူးအမူး လိုက်ဆွဲတော့တာပဲ။

ရှောင်ဝေက အဲဒီအချိန်မှာ ကုရှင်းယန်ကို သစ်ပင်ခွကနေ ကြိုးဖြည်ပေးလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

"ဒုတိယသခင်လေး... အဆင်ပြေရဲ့လား"

ကြိုးနဲ့ သစ်ပင်ရဲ့ အထောက်အပံ့ မရှိတော့တာနဲ့ ကုရှင်းယန်က တစ်ကိုယ်လုံး အားပျော့သွားပြီး မတ်တတ်မရပ်နိုင်တော့ဘူး။ မတ်တတ်ရပ်ဖို့ ရုန်းကန်ကြည့်ပေမဲ့လည်း မြေကြီးပေါ်ကိုပဲ ထိုင်ရက်သား လဲကျသွားတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့လည်း ကုဒုတိယသခင်လေးကြောင့် လန့်သွားပြီး ကုရှင်းယန်ကို တွဲဖို့ ပြိုင်တူ လက်လှမ်းလိုက်ကြတယ်။

ကုရှင်းယန်က ညီအစ်ကို နှစ်ယောက်ကို လက်ကာပြလိုက်ပြီး ပြောတယ်။ "ငါ ဘာမှမဖြစ်ပါဘူး။ အရိုးပျော့ဆေး မိထားလို့ပါ"

…

All Chapters