← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) မိန်းမရသွားတော့ ညီအစ်ကိုတွေကို မေ့သွားပြီ

အရိုးပျော့ဆေးဆိုတာ ဘာလဲတော့ ယွီးရှောင်ရှောင် နားမလည်ဘူး။ ဒါပေမဲ့ ကုဒုတိယအစ်ကို လမ်းမလျှောက်နိုင်တာ၊ မတ်တတ်တောင် မရပ်နိုင်တာကို ကြည့်ပြီး ဒီအရိုးပျော့ဆေးဆိုတာ ထုံဆေး တစ်မျိုးမျိုး ဖြစ်မယ်လို့ ယွီးရှောင်ရှောင် ခန့်မှန်းလိုက်တယ်။

"ဒီလူတွေက လူဆိုးတွေလား" ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်လိုက်ပြီး ဝက်ဝံကြီးနဲ့ အသေအလဲ တိုက်ခိုက်နေရတဲ့ ပင်လယ်ဓားပြဟောင်းတွေကို လှည့်ကြည့်ကာ အေးစက်စက် လေသံနဲ့ မေးလိုက်တယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ယွီးရှောင်ရှောင်ကို ခေါင်းညိတ်ပြလိုက်တယ်။ ဒုတိယသခင်လေးကိုတောင် ဖမ်းချုပ်ထားတာပဲ၊ ဒီလူတွေက လူကောင်း ဖြစ်နိုင်ပါဦးမလား။

ရှောင်ဝေက ကုရှင်းယန်ကို အလောတကြီး မေးလိုက်တယ်။

"ဒုတိယသခင်လေး... သတ္တမမင်းသားရော"

ကုရှင်းယန်က ယွီးရှောင်ရှောင်ကို ကြည့်လိုက်တယ်။ 'ဒီစကားက ဘယ်လိုစဉ်းစားစဉ်းစား ငါ့ညီမလေး အရင် မေးသင့်တဲ့ စကား မဟုတ်ဘူးလား'

ရှောင်ဝေက ပြောတယ်။

"ဒုတိယသခင်လေး၊ မင်းသမီးကို မကြည့်ပါနဲ့တော့။ သတ္တမမင်းသားရော ဘယ်မှာလဲ" 'သူ့မင်းသမီးကသာ အခုချိန်မှာ သတ္တမမင်းသားကို သတိရနိုင်ရင် ရှောင်ဝေက နန်းတော်ထဲ ဝင်ပြီး မိန်းမစိုး သွားလုပ်ရဲတယ်။'

ကုရှင်းယန်က တောင်ကြားထဲက အခြေအနေ မဆိုးလှတဲ့ သစ်သားအိမ်လေး တစ်လုံးကို လက်ညှိုးထိုးပြပြီး ပြောတယ်။ "သတ္တမမင်းသားနဲ့ ဝေ့မောမော အဲဒီမှာ ရှိတယ်"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်သား ကုရှင်းယန် လက်ညှိုးထိုးပြတဲ့ သစ်သားအိမ်ဆီကို ပြေးသွားကြတယ်။ မင်းသမီး ရှိနေမှတော့ ကုဒုတိယသခင်လေး သေချာပေါက် လုံခြုံပါတယ်။ သူတို့ သတ္တမမင်းသားကို အရင် သွားကယ်ထုတ်ရမယ်လေ။

ပင်လယ်ဓားပြဟောင်းတွေ အကုန်လုံးက ဝက်ဝံအမကြီး လိုက်ကိုက်နေတဲ့ သူတို့ရဲ့ ခေါင်းဆောင်ကြီးကို ကယ်ဖို့ အလုပ်ရှုပ်နေကြတာမို့ သစ်သားအိမ်ရှေ့မှာ စောင့်နေတဲ့သူလည်း မရှိဘူး။ ရှောင်ကျွမ်းက သော့ခတ်ထားတဲ့ သစ်သားတံခါးကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်ပြီး ရှောင်ဝေနဲ့အတူ ရှေ့ဆင့်နောက်ဆင့် အိမ်ထဲကို ဝင်သွားကြတယ်။

သစ်သားအိမ်က အသံမလုံဘူးလေ။ ဝေ့မောမောက ယွီးကျစ်ရီကို ဖက်ပြီး အပြင်က အသံတွေကို နားထောင်နေတာ ကြာပြီ။ ကြားလေ ပိုကြောက်လေပဲ။ သူမရဲ့ သခင်လေးကို ဖက်ပြီး တဆတ်ဆတ် တုန်နေတဲ့ အချိန်မှာ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ဝေ့မောမောအတွက်တော့ နတ်ဒေဝါတွေလိုပဲ ပေါ်လာတာပေါ့။

"ဝေ့မောမော" ရှောင်ကျွမ်းက အိမ်ထဲဝင်တာနဲ့ အော်မေးလိုက်တယ်။

"သတ္တမမင်းသား အခြေအနေ ဘယ်လိုရှိလဲ"

ခပ်တိုးတိုး ဟောက်သံလေးက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ရဲ့ နားထဲကို ဝင်လာတယ်။ ညီအစ်ကို နှစ်ယောက် ချက်ချင်း တိတ်ဆိတ်သွားကြတယ်။

ယွီးကျစ်ရီက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ။ ကုရှင်းယန်နဲ့ ဝေ့မောမောက သူတို့ကိုယ်တိုင် ဒုက္ခခံရရင်ခံရမယ်၊ ဒီသခင်လေးကိုတော့ သေချာ ဂရုစိုက်ခဲ့တာလေ။ ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှာ ကုဒုတိယသခင်လေးနဲ့ ဝေ့မောမောတို့က ပိန်သွားပေမဲ့ သတ္တမမင်းသား ယွီးကျစ်ရီကတော့ ဖြူဖြူဖွေးဖွေး ဖက်တီးလေး ဖြစ်နေတုန်းပဲ။

"အိပ်... အိပ်ပျော်နေတာလား" ရှောင်ကျွမ်းရဲ့ နှုတ်ခမ်းထောင့်တွေ ထိန်းမရအောင် တွန့်သွားတယ်။ အပြင်မှာ သတ်ကြဖြတ်ကြနဲ့ ဒီလောက် ဆူညံနေတာကို၊ သတ္တမမင်းသားက အိပ်နေတယ်ပေါ့။ မိဖုရားခေါင်ကြီး မွေးထားတဲ့ ကလေးတွေက မွေးရာပါ ထူးခြားနေဖို့ ဖန်လာတာလားပဲ။

ဝေ့မောမောကတော့ တစ်ကိုယ်လုံး အားပျော့သွားပြီး မြေကြီးပေါ် ခွေကျသွားကာ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ကြည့်ပြီး ငိုယိုအော်ဟစ်တော့တယ်။ "မင်းတို့တွေ ဘာလို့ အခုမှ လာကြတာလဲ"

ရှောင်ဝေက ဝေ့မောမော လဲကျသွားလို့ ယွီးကျစ်ရီကို ထိခိုက်မိမှာစိုးတာနဲ့ အမြန် လက်လှမ်းပြီး ဝေ့မောမော ရင်ခွင်ထဲက ယွီးကျစ်ရီကို သူ့လက်ထဲ ပြောင်းပွေ့လိုက်တယ်။ "သတ္တမမင်းသား ဘယ်လိုနေသေးလဲ"

ဝေ့မောမောက ရှောင်ကျွမ်းရဲ့ အကူအညီနဲ့ ထရပ်လိုက်ပြီး ငိုယိုကာ ပြောတယ်။

"သတ္တမမင်းသား တစ်ခုခု ဖြစ်သွားမှာကို တကယ် ကြောက်နေခဲ့တာ” ဒီရက်ပိုင်း ဝေ့မောမောက အချိန်တိုင်း စိတ်ပူနေခဲ့ရတာ။ အိပ်ရင်တောင် မျက်လုံးတစ်ဖက် ဖွင့်အိပ်ရတယ်။ အခုလို အချိန်ရောက်တော့ ဝေ့မောမောလည်း စိတ်ရောကိုယ်ပါ အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီလေ။

ရှောင်ဝေက သတ္တမမင်းသား အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကြည့်ဖို့ ငုံ့ကြည့်လိုက်တယ်။ ဘယ်သူ ထင်မှာလဲ၊ သူ ငုံ့ကြည့်လိုက်တာနဲ့ ယွီးကျစ်ရီက ဟောက်သံလေး ပေးရင်း သွားရည်ပူပေါင်းလေး မှုတ်နေတာကို မြင်လိုက်ရတယ်။

"ကြည့်ရတာ အဆင်ပြေပုံပါပဲ" ရှောင်ကျွမ်းက ဘေးကနေ နှုတ်ခမ်းလေးတွန့်ကာ ပြောလိုက်တယ်။

ရှောင်ဝေက ယွီးကျစ်ရီကို အပေါ်နည်းနည်း ပင့်ပွေ့လိုက်ပြီး စောင်လေးကို ဆွဲတင်ကာ ယွီးကျစ်ရီရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဖုံးပေးလိုက်တယ်။ ပြီးတော့ ရှောင်ကျွမ်းကို ပြောလိုက်တယ်။ "ငါတို့ အပြင်ထွက်ရအောင်"

ယွီးရှောင်ရှောင်က အဲဒီအချိန်မှာ ကုရှင်းယန်နဲ့ အတူတူ ရှိနေတယ်။ ကုဒုတိယသခင်လေးက ထိုင်လျက် မင်းသမီးလေးက ဆောင့်ကြောင့်ထိုင်လျက်နဲ့ မလှမ်းမကမ်းက လူနဲ့ သားရဲ တိုက်ပွဲကို ထိုင်ကြည့်နေကြတယ်။

ကုရှင်းယန်က မေးတယ်။

"ညီမလေး... ဘာလို့ မင်းက ရောက်လာရတာလဲ" ကုဒုတိယသခင်လေး ထင်ထားတာက သူနဲ့ သတ္တမမင်းသား အဖမ်းခံရတာကို အိမ်က သိသွားရင် အစ်ကိုကြီးက လူခေါ်ပြီး လာကယ်မယ်လို့ ထင်ထားတာလေ။ ဘာလို့ ညီမလေးဖြစ်သူ မင်းသမီးက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ခေါ်ပြီး လာရတာလဲ။

"အော်" ယွီးရှောင်ရှောင်က ဖြေတယ်။

"ကျွန်မက တောင်ပေါ်မှာ ယုန်ဖက်တီးလေးတွေ လာဖမ်းတာ။ ဒုတိယအစ်ကို ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"

ကုဒုတိယသခင်လေး ရုတ်တရက် ရင်ထဲ ဆို့နင့်သွားတယ်။

ယွီးရှောင်ရှောင်က ခဏလောက် စဉ်းစားပြီးမှ နောက်ဆုံးတော့ ကုရှင်းယန်ကို မေးလိုက်တယ်။

"ဒုတိယအစ်ကို... အစ်ကိုက စစ်သူကြီး မဟုတ်ဘူးလား။ ဘယ်လိုလုပ် လယ်သမားတစ်စုရဲ့ ဖမ်းတာကို ခံလိုက်ရတာလဲ" စစ်သားတွေရဲ့ မျက်နှာကို တော်တော် အိုးမည်းသုတ်လိုက်တာပဲ မဟုတ်ဘူးလား။

ကုဒုတိယသခင်လေးက ရင်ဆို့ရုံတင် မကတော့ဘူး၊ သွေးပါ အန်ချင်လာပြီ။

ယွီးရှောင်ရှောင်က ဝက်ဝံအမကြီးရဲ့ ကိုက်ခဲကုတ်ခြစ်တာ ခံရပြီး သွေးရဲရဲသံရဲရဲ ဖြစ်နေတဲ့ ခေါင်းဆောင်ကြီးကို လှမ်းကြည့်ပြီး ပြောတယ်။

"ဒုတိယအစ်ကို... အဲဒီလူ ငတုံးမကျဘူးလား။ ဝက်ဝံပေါက်လေးတွေကို သူ့အမေဆီ ပြန်ပေးလိုက်ရင် ရပြီကို။ ဘာလို့ ဝက်ဝံလေးတွေကို မလွှတ်ဘဲ ဖက်ထားရတာလဲ။ ဝက်ဝံပေါက်လေး နှစ်ကောင်က အသား ဘယ်နှကျပ်သား ပါလို့လဲ"

ကုရှင်းယန်က မျက်စောင်းထိုးပြီး ပြောတယ်။ "အဲဒီလူက ငတုံးပဲလေ"

"ကျစ်" ယွီးရှောင်ရှောင်က နှုတ်ခမ်းစုပ်သပ်လိုက်ပြီး ကုရှင်းယန်ကို ကြည့်ကာ ပြောတယ်။

"ဒုတိယအစ်ကို... အစ်ကိုက ဘယ်လိုလုပ် အဲဒီလို ငတုံးမျိုးရဲ့ ဖမ်းတာကို ခံရတာလဲ"

ကုဒုတိယသခင်လေး ...

"လူသတ်ပြီး နှုတ်ပိတ်လိုက်ရင် ကောင်းမလား" ယွီးရှောင်ရှောင်က ပြောတယ်။

"ဒီကိစ္စသာ သတင်းထွက်သွားရင် ဒုတိယအစ်ကိုက သတ္တိကြောင်တဲ့ကောင် ဖြစ်သွားလိမ့်မယ်"

ကုဒုတိယသခင်လေး အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"ညီမလေး... ငါတို့ စကားဆက်မပြောဘဲ နေလို့ ရမလား" ဆက်ပြောနေရင် ကုဒုတိယသခင်လေး တကယ်ပဲ အသက်ရှင်ရတာ အဓိပ္ပာယ် မရှိတော့ဘူးလို့ ခံစားလာရလိမ့်မယ်။

ယွီးရှောင်ရှောင်က ပြောတယ်။ "ဒုတိယအစ်ကို စိတ်ချပါ။ ဒီနေ့ ကျွန်မ ဘာမှ မမြင်ခဲ့ဘူး" ပြောရင်းနဲ့ မင်းသမီးလေးက ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်တဲ့ ပုံစံလေး လုပ်ပြတယ်။

"ကျေးဇူးပါပဲ ညီမလေး" ကုဒုတိယသခင်လေး မျက်ရည်ကျချင်သွားတယ်။ သူ တကယ်ပဲ သတ္တိကြောင်တဲ့ကောင်များ ဖြစ်နေပြီလား။

ခေါင်းဆောင်ကြီးက သေရေးရှင်ရေး အန္တရာယ်ကြုံနေရတဲ့ အချိန်မှာ သစ်ပင်ခွအောက်မှာ စကားထိုင်ပြောနေတဲ့ အဲဒီနှစ်ယောက်ကို မြင်သွားတယ်။ ခေါင်းဆောင်ကြီးလည်း မျက်လုံးတွေ နီရဲသွားတယ်။ သူနဲ့ သူ့ညီအစ်ကိုတွေက ဒီမှာ အသက်လုနေရတာကို၊ အဲဒီနှစ်ယောက်က ဟိုမှာ စကားထိုင်ပြောနေတယ်ပေါ့။ ဒါ တရားသလား။ ခေါင်းဆောင်ကြီးက ဝက်ဝံနက်လေး နှစ်ကောင်ကို ပွေ့ပြီး သစ်ပင်ခွဆီကို ပြေးလာတော့တယ်။

ကုရှင်းယန်က ခေါင်းဆောင်ကြီးက ဝက်ဝံလေးတွေ ခေါ်ပြီး သူနဲ့ ယွီးရှောင်ရှောင်ဆီ လာနေတာကို မြင်တော့ မျက်နှာပျက်သွားပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။ "ညီမလေး... အရင် ပြေး”

ယွီးရှောင်ရှောင်က နှာခေါင်းကို ပွတ်လိုက်ပြီး ပြောတယ်။

"ဒုတိယအစ်ကို... ကျွန်မတို့ လူသတ်ပြီး နှုတ်ပိတ်လိုက်တာပဲ ကောင်းမယ် ထင်တယ်"

ကုရှင်းယန်က အလောတကြီး အော်တယ်။ "အဲဒါ ဝက်ဝံကြီးဟ”

ယွီးရှောင်ရှောင်က မတ်တတ်ရပ်လိုက်တယ်။ ခဏနေ တိုက်ပွဲဖြစ်ရင် ထုံဆေးမိနေတဲ့ ကုဒုတိယအစ်ကိုကို မတော်တဆ ထိခိုက်မိမှာစိုးလို့ ယွီးရှောင်ရှောင်က လက်ကို မြှောက်ပြီး ကုဒုတိယသခင်လေးကို သစ်ပင်ခွပေါ်ကို ပစ်တင်ပေးလိုက်တယ်။ ပြီးတော့ ပြောတယ်။

"ဒုတိယအစ်ကို... ခဏနေမှ အစ်ကို့ကို ပြန်ခေါ်ချပေးမယ်"

"မ... မဟုတ်ဘူး"

ကုဒုတိယသခင်လေးက စကားတစ်ခွန်းတောင် ဆုံးအောင် မအော်လိုက်ရဘူး။ လူက သစ်ပင်ထိပ်ကို ရောက်သွားပြီလေ။

ခေါင်းဆောင်ကြီးက သစ်ပင်ခွဆီကို တယိမ်းတယိုင် ပြေးလာရင်း သစ်ပင်အောက်က ကောင်မလေးက ကုရှင်းယန်ကို လက်တစ်ဖက်တည်းနဲ့ သစ်ပင်ထိပ်ကို ပစ်တင်လိုက်တာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့ ခေါင်းဆောင်ကြီးရဲ့ တစ်ကိုယ်လုံးက မွေးညင်းတွေ ထောင်ထသွားတော့တယ်။ သူ့ကိုယ်သူ ပြန်မေးကြည့်တယ်။ သူကရော ကုရှင်းယန်လို လူကို လက်တစ်ဖက်တည်းနဲ့ သစ်ပင်ပေါ် ပစ်တင်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူးမလား။

"ညီ... ညီမလေး” အာ့ကော်ဇီက အဲဒီအချိန်မှာ နောက်ဆုံးတော့ သူ့ညီမလေးရဲ့ ရှေ့ကို နောက်တစ်ကြိမ် ရောက်လာပြန်ပြီ။

ယွီးရှောင်ရှောင်က ရှောင်ဝေ ခြေနဲ့ကန်ထုတ်လိုက်တဲ့ ဒီကောင်ကို လှည့်ကြည့်ပြီး မျက်နှာသေနဲ့ ပြောလိုက်တယ်။ "အာ့ကော်ဇီ"

အာ့ကော်ဇီက လက်နှစ်ဖက်ကို ဆန့်တန်းပြီး ယွီးရှောင်ရှောင်ရဲ့ ရှေ့မှာ ကာရပ်လိုက်ကာ ပြောတယ်။

"ညီမလေး မကြောက်နဲ့။ အစ်ကို ရှိတယ်။ ညီမလေး မြန်မြန်ပြေး”

ခေါင်းဆောင်ကြီး သွေးအန်ချင်သွားတယ်။ သူ့ညီအစ်ကိုက မျက်လုံးကန်းနေတာလား။ အဲဒီကောင်မလေးက ကြောက်နေတာကို ဘယ်မျက်လုံးနဲ့ မြင်လို့လဲ။ ခေါင်းဆောင်ကြီးက ဘာမှ ထပ်မစဉ်းစားတော့ဘဲ ဝက်ဝံနက်လေး နှစ်ကောင်ကို ယွီးရှောင်ရှောင်ဆီ ပစ်ပေးလိုက်တယ်။ ဝက်ဝံလေးတွေကို ဘယ်သူ ခေါ်လာတာလဲ၊ အဲဒီလူက ဝက်ဝံအမကြီးရဲ့ ဒေါသကို ခံယူရမှာပေါ့။

"မဖမ်းနဲ့” ကုရှင်းယန်က သစ်ပင်ထိပ်ကနေ ထိုင်လျက် ယွီးရှောင်ရှောင်ကို လှမ်းအော်တယ်။

ယွီးရှောင်ရှောင်က မကြိုက်ပေမဲ့လည်း အမွေးမည်းမည်း အလုံးလေး နှစ်လုံး အောက်ကျပြီး သေသွားမှာကိုတော့ ဒီတိုင်း ကြည့်မနေနိုင်ဘူး။ ခြေဖျားထောက်ပြီး ဖမ်းလိုက်တာ လက်တစ်ဖက်ကို တစ်ကောင်စီနဲ့ အမွေးမည်းမည်း အလုံးလေး နှစ်လုံးကို လက်ထဲ ဆွဲကိုင်ထားလိုက်တယ်။

"ခေါင်းဆောင်ကြီး” အာ့ကော်ဇီက သူ့အစ်ကိုကြီးက ဝက်ဝံလေးတွေကို သူ့ညီမလေးဆီ ပစ်ပေးလိုက်တာကို မြင်တော့ ဝမ်းနည်းပက်လက်နဲ့ ဒေါသတကြီး အော်ပြောလိုက်တယ်။

"ဒီကနေ့ကစပြီး ခင်ဗျားက ကျွန်တော့်အစ်ကိုကြီး မဟုတ်တော့ဘူး”

ခေါင်းဆောင်ကြီးကတော့ တကယ်ကို မြေကြီးပေါ် သွေးအန်ချလိုက်တော့တယ်။ ဒါကို မိန်းမရသွားတော့ ညီအစ်ကိုတွေကို မေ့သွားပြီလို့ ခေါ်တာ မဟုတ်လား။

…

All Chapters