အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ဟိုဟာကြီး ပေါ်သွားတဲ့ ခေါင်းဆောင်ကြီး
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဝက်ဝံနက်ကြီးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့ လူသားတစ်ယောက်အပေါ်မှာတော့ ယွီးရှောင်ရှောင်ရဲ့ ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရတယ်။ အာ့ကော်ဇီကို ဆွဲမပြီး ယွီးရှောင်ရှောင်က အာ့ကော်ဇီကိုလည်း သစ်ပင်ခွပေါ် ပစ်တင်လိုက်တော့တယ်။
အာ့ကော်ဇီက အားခနဲ အော်လိုက်ပြီး သစ်ပင်ထိပ်မှာ ထိုင်လျက်သားနဲ့ ကုဒုတိယသခင်လေးနဲ့ မျက်လုံးချင်း ပြူးကြည့်နေကြတော့တယ်။
ဝက်ဝံအမကြီး ယွီးရှောင်ရှောင်ဆီ ပြေးလာတဲ့အချိန်မှာတော့ အားအင်တွေ ကုန်ခမ်းနေပြီမို့ ဟိန်းဟောက်သံကအစ အားနည်းနေတာကို လူတွေ ကြားသိနိုင်တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ယွီးကျစ်ရီနဲ့ ဝေ့မောမောတို့ကို ခေါ်ပြီး ယွီးရှောင်ရှောင်အနားကို ရောက်လာကြတယ်။ ယွီးရှောင်ရှောင်နဲ့အတူ တယိမ်းတယိုင်နဲ့ အသက်ကို ပြင်းပြင်းရှူရင်း သူတို့ဆီ ပြေးလာနေတဲ့ ဝက်ဝံအမကြီးကို ကြည့်နေကြတယ်။
"သေ... သေချင်နေကြတာလား" ကုရှင်းယန်က သစ်ပင်ထိပ်မှာ ထိုင်နေရင်း စိုးရိမ်တကြီး အော်ဟစ်လိုက်တယ်။ ဝက်ဝံအမကြီး ဒီဘက်ကို ပြေးလာနေတာ မြင်ရက်သားနဲ့ ဒီသုံးယောက်က လူအိုတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို ခေါ်ပြီး ရှုခင်းထိုင်ကြည့်နေကြတာလားပေါ့။
ဝေ့မောမောကတော့ မျက်လုံးတွေ သွေးရောင်လွှမ်းပြီး အစွယ်တွေပေါ်အောင် ဟိန်းဟောက်ကာ သူတို့ဆီ ပြေးလာနေတဲ့ ဝက်ဝံနက်ကြီးကို ကြည့်ရင်း အာရုံကြောတွေက ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ အသံတစ်ချက်တောင် မထွက်နိုင်ဘဲ သတိလစ်မေ့မြောသွားတော့တယ်။
ရှောင်ဝေက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။ "ဒီဝက်ဝံက အရင်ကတည်းက ဒဏ်ရာရထားပုံပဲ"
ယွီးရှောင်ရှောင်က "အင်း" လို့ ထောက်ခံလိုက်တယ်။ ဒီဝက်ဝံအမကြီးက ကိုယ်လုံးကိုယ်ထည် ကြီးမားပေမဲ့ အမွေးအရောင်က သိပ်မတောက်ပဘူးလေ။ ဒါကိုကြည့်ရင် ဒီဝက်ဝံအမကြီးရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူးဆိုတာ သိသာတယ်။
ရှောင်ကျွမ်းက ဆိုတယ်။
"ဒီလောက် လူအများကြီးနဲ့ အသေအလဲ တိုက်ခိုက်ထားရတာ၊ ဒီဝက်ဝံက ဒဏ်ရာမရဘဲ နေပါ့မလား"
ရှောင်ဝေက ရှောင်ကျွမ်းကို ဝက်ဝံအမကြီးရဲ့ ဘယ်ဘက် ရှေ့လက်ဝါးကို ကြည့်ဖို့ မျက်ရိပ်ပြလိုက်တယ်။
ရှောင်ကျွမ်းက ဝက်ဝံအမကြီးရဲ့ ဘယ်ဘက် ရှေ့လက်ဝါးကို သေသေချာချာ ကြည့်လိုက်တော့မှ ဝက်ဝံအမကြီးရဲ့ ဘယ်ဘက်လက်ဝါးမှာ သံကြိုးမျှင်လေးတစ်ခုက တင်းတင်းကြပ်ကြပ် စွပ်မိနေပြီး အသားထဲအထိတောင် နစ်ဝင်နေတာကို တွေ့လိုက်ရတယ်။
"ဒီဝက်ဝံက ထောင်ချောက်မိဖူးတာပဲ" ရှောင်ဝေက ပြောလိုက်တယ်။ "မင်းသမီး... ကျွန်တော် သွားပြီး ဒီဝက်ဝံကို ရှင်းလိုက်ရမလား"
ဝက်ဝံအမကြီးက ယွီးရှောင်ရှောင်ရှေ့ကိုတောင် မရောက်နိုင်တော့ဘဲ လမ်းမှာတင် လဲကျသွားတယ်။ ပါးစပ်ကနေ အသက်ကို ပြင်းပြင်းရှူရင်း ပြန်ထဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ ပြန်မထနိုင်တော့ဘူး။
ပင်လယ်ဓားပြဟောင်းတွေက ဝက်ဝံအမကြီး လဲကျသွားတာကို မြင်တော့ အကုန်လုံး ရှေ့ကို ပြေးထွက်ဖို့ ပြင်ကြတယ်။ ဒီဝက်ဝံက သူတို့ညီအစ်ကိုတွေ အများကြီးကို ဒဏ်ရာရစေခဲ့ပြီး သူတို့စခန်းလေးကိုလည်း ဖျက်ဆီးပစ်ခဲ့တာလေ။ ဒီရန်ကြွေးကို သူတို့ ဆပ်ရမယ်မဟုတ်လား။
ခေါင်းဆောင်ကြီးကတော့ နေရာကနေ မရွေ့ဘဲ လက်ကိုမြှောက်ပြီး သူ့ညီအစ်ကိုတွေကို ရပ်နေဖို့ တားလိုက်တယ်။ သစ်ပင်အောက်က အဲဒီသုံးယောက်က ဘယ်ကလာမှန်း သူတို့မှ မသိတာ။ သူတို့က ခုလေးတင် သားကိုကာကွယ်တဲ့ ဝက်ဝံအမကြီးနဲ့ အသက်လုတိုက်ခိုက်ထားရတာဆိုတော့ ဒီအချိန်မှာ မဆင်မခြင် မလုပ်တာ အကောင်းဆုံးပဲလေ။
ယွီးရှောင်ရှောင်က ဝက်ဝံနက်ပေါက်စလေး နှစ်ကောင်ကို ဆွဲပြီး ဝက်ဝံအမကြီးရှေ့ကို သွားလိုက်တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကလည်း သူတို့မင်းသမီးကို ဘယ်ညာ တစ်ဖက်စီကနေ ကာကွယ်ပေးထားကြတယ်။
ယွီးရှောင်ရှောင်က ဝက်ဝံအမကြီးရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
ဝက်ဝံအမကြီးက မျက်လုံးတွေ နီရဲလျက် ရုတ်တရက် ထပ်ဟိန်းဟောက်လိုက်ပြီး ယွီးရှောင်ရှောင်ဆီကို လက်ဝါးနဲ့ လှမ်းပုတ်လိုက်တယ်။
ဝက်ဝံလက်ဝါးကြီးက သူ့ညီမလေးရဲ့ ခေါင်းပေါ်ကို ကျရောက်လာတော့မှာကို မြင်လိုက်ရတော့ ကုဒုတိယသခင်လေးရဲ့ နှလုံးသားက တကယ်ကို တောင့်မခံနိုင်တော့ဘဲ အလိုအလျောက် မျက်စိမှိတ်ပစ်လိုက်မိတော့တယ်။
အာ့ကော်ဇီကတော့ လိပ်ပြာလွင့်မတတ် လန့်သွားပြီး လူသေထက် အသက်ရှူနေတာလေးပဲ ပိုကာ တစ်ကိုယ်လုံး တောင့်တင်းလျက် သစ်ပင်ထိပ်မှာ ငြိမ်နေတော့တယ်။
ယွီးရှောင်ရှောင်က ဝက်ဝံအမကြီးရဲ့ လက်ဝါးကို မြေကြီးပေါ် ဖိချလိုက်ပြီး ဝက်ဝံခေါင်းကို တစ်ချက် ပုတ်လိုက်ကာ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ပြောလိုက်တယ်။
"သူ့ဒီလက်ဝါးက ပုပ်နေပြီဟ"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့လည်း အတူတူ ဆောင့်ကြောင့်ထိုင်ချပြီး ဝက်ဝံလက်ဝါးကို ကြည့်လိုက်ကြတယ်။ ဒီတစ်ခါ အနီးကပ် ကြည့်လိုက်တော့မှပဲ ထောင်ချောက်ကြိုး တင်းတင်းကြပ်ကြပ် စွပ်ခံထားရတဲ့ ဝက်ဝံအမကြီးရဲ့ ဘယ်ဘက် ရှေ့လက်က ပုပ်ဟက်ပြီး ပြည်တည်နေရုံတင်မကဘဲ ဒဏ်ရာက ဘယ်ဘက် ရှေ့လက်တစ်ချောင်းလုံးအထိတောင် ပြန့်နှံ့နေတာကို တွေ့လိုက်ရတယ်။
"ဒီဝက်ဝံက ဒီဆောင်းဦးကိုတောင် ကျော်နိုင်ပါ့မလား" လို့ ရှောင်ကျွမ်းက တိုးတိုးလေး ပြောလိုက်တယ်။
ရှောင်ဝေက ပြောတယ်။ "ဒီဆောင်းဦးကို ကျော်လွန်နိုင်ရင်တောင် နောက်လာမဲ့ ဆောင်းရာသီကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"
ယွီးရှောင်ရှောင်က ပြောလိုက်တယ်။
"ရှောင်ဝေ ပြောတာ မှန်တယ်။ ဒီဝက်ဝံ သက်တမ်းမရှည်တော့ဘူး" ဝက်ဝံတွေက ဆောင်းရာသီရောက်ရင် ဆောင်းခိုရတာလေ။ ဒီဝက်ဝံအမကြီးက ဒဏ်ရာပုပ်ပြီး မသေရင်တောင် ဆောင်းဦးမှာ အစာမရှာနိုင်လို့ ဆောင်းရာသီရောက်ရင် ငတ်သေမှာပဲ။
ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ "မင်းသမီး... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
ယွီးရှောင်ရှောင်က ဝက်ဝံပေါက်လေး နှစ်ကောင်ကို ဝက်ဝံအမကြီးရဲ့ ကိုယ်ပေါ် တင်ပေးလိုက်ပြီး ပြောလိုက်တယ်။
"သူတို့ကို သံယောဇဉ် ဖြတ်ဖို့ အချိန်ပေးလိုက်ကြရအောင်။ ငါတို့ ဟိုလူတွေနဲ့ သွားစကားပြောကြမယ်"
ဝက်ဝံပေါက်လေး နှစ်ကောင်က ဝက်ဝံအမကြီး ကိုယ်ပေါ်ရောက်တာနဲ့ အလိုလိုနေရင်း အမေ့နို့ကို လိုက်ရှာကြတယ်။ ဝက်ဝံအမကြီးကလည်း သူမအချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိပုံရပါတယ်။ သားပေါက်လေး နှစ်ကောင် သူမရှေ့ ရောက်လာတော့ ငြိမ်သက်သွားပြီး ယွီးရှောင်ရှောင်တို့ သုံးယောက်ကို တစ်ချက်တောင် လှည့်မကြည့်တော့ဘဲ သူမရဲ့ သားပေါက်လေး နှစ်ကောင်ကိုပဲ ငုံ့ကြည့်နေတော့တယ်။
ခေါင်းဆောင်ကြီးက သူ့နဲ့ ခြေဆယ်လှမ်းအကွာမှာ ရပ်လိုက်တဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားလာတယ်။ ဒီကောင်မလေးက သားကိုကာကွယ်တဲ့ ဝက်ဝံကြီးထက်တောင် ပိုပြီး ကြမ်းကြုတ်မဲ့ပုံပေါ်နေတာကိုး။
ယွီးရှောင်ရှောင်က ခေါင်းဆောင်ကြီးကို ကြည့်လိုက်တယ်။ ဒီကောင်က တစ်ကိုယ်လုံး သွေးတွေနဲ့ဖြစ်နေပြီး အင်္ကျီတွေကလည်း ဝက်ဝံအမကြီး ကုတ်ခြစ်ထားလို့ အစအနတွေ ဖြစ်နေကာ ကြွက်သားအပြည့်နဲ့ ကိုယ်လုံးကြီး ပေါ်နေတယ်။ ယွီးရှောင်ရှောင်က နှုတ်ခမ်းမဲ့ပြီး ပြောလိုက်တယ်။
"ရှင့် ငှက်ကလေး ပေါ်နေတယ်ဆိုတာ ရှင်သိလား"
ငှက်ကလေး ပေါ်နေတယ်။
အဲဒီနေရာမှာ ရှိနေတဲ့ ဒေသခံတွေ အားလုံးက ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်ကြဘူး။
ရှောင်ဝေက ယွီးရှောင်ရှောင်ရဲ့ အကြည့်နောက်ကို လိုက်ကြည့်လိုက်ပြီးတော့ သူ့ကိုယ်သူ မေ့လဲကျတော့မလို ခံစားလိုက်ရတယ်။ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လက်ကိုမြှောက်ပြီး သူ့မင်းသမီးရဲ့ မျက်လုံးရှေ့မှာ ကွယ်ပေးလိုက်ကာ ခေါင်းဆောင်ကြီးကို ဒေါသတကြီး အော်လိုက်တယ်။
"အရှက်မရှိတဲ့ကောင်"
ခေါင်းဆောင်ကြီးက အရမ်းကို ဒေါသထွက်သွားတယ်။ ဒီသုံးယောက်က ဝက်ဝံအမကြီးကို သူ့ဆီ ခေါ်လာပြီး သူ့ညီအစ်ကိုတွေ အများကြီးကို ဒဏ်ရာရစေခဲ့တာကို၊ အခု သူ့ကို အရှက်မရှိဘူးလို့ လာဆဲနေတယ်ပေါ့။
ရှောင်ကျွမ်းကလည်း အဲဒီအချိန်မှာ ခေါင်းဆောင်ကြီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်မိပြီး ကပျာကသီ လက်မြှောက်ကာ သူ့မင်းသမီးရဲ့ မျက်လုံးကို ကွယ်ပေးလိုက်တယ်။
ခေါင်းဆောင်ကြီးလည်း အဲဒီတော့မှ ကိစ္စက တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရပြီး ငုံ့ကြည့်လိုက်တော့တယ်။ ခေါင်းဆောင်ကြီး တစ်ကိုယ်လုံး ရှက်သွေးဖြာသွားတော့တယ်။ သူ့ရဲ့ ဘောင်းဘီခွကြားက ဝက်ဝံအမကြီး ကုတ်ခြစ်ထားလို့ အဝတ်စုတ်တွေ ဖြစ်နေပြီလေ။ သူ့အောက်ပိုင်းက ဘာလို့ အရမ်းအေးမြနေသလဲလို့ သူတောင် စဉ်းစားနေသေးတာ။ သူ့ရဲ့ အဲဒီပစ္စည်းကို ညီအစ်ကိုတွေ မြင်ရင် ကိစ္စမရှိပေမဲ့ ခုနက မျက်နှာချင်းဆိုင်က ကောင်မလေးက ဘာပြောလိုက်တာလဲ။ ငှက်ကလေး ပေါ်နေတယ် ဟုတ်လား ဒီကောင်မလေးက သူ့ရဲ့ အဲဒီပစ္စည်းကို မြင်သွားတာပဲ။
"မင်း..." ခေါင်းဆောင်ကြီးက သူ့အောက်ပိုင်းကို လက်နှစ်ဖက်နဲ့ အုပ်ထားရင်း ယွီးရှောင်ရှောင်ကို အော်ဟစ်လိုက်တယ်။
"မင်းက ငါ့ကို ကြည့်ရဲတယ်ပေါ့လေ"
ယွီးရှောင်ရှောင်က ရှောင်ဝေနဲ့ ရှောင်ကျွမ်းတို့ရဲ့ လက်တွေကို ဘေးကို တွန်းဖယ်လိုက်ပြီး သူမရဲ့ အကြည့်က ခေါင်းဆောင်ကြီးရဲ့ အောက်ပိုင်းကိုပဲ ကြည့်နေတုန်းပဲ။
"မင်း ဆက်ကြည့်နေတုန်းပဲလား" ခေါင်းဆောင်ကြီးက ဒေါသတကြီး ခုန်ဆွခုန်ဆွ ဖြစ်နေပြီ။
ယွီးရှောင်ရှောင်က အထင်သေးတဲ့ လေသံနဲ့ ပြောလိုက်တယ်။
"ဘာများ ဆန်းနေလို့လဲ ရှင်က ရှင့်ဟာကြီးကို အကြီးကြီးလို့ ထင်နေတာလား"
"အရှက်မရှိလိုက်တာ"
"ငါ တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းရဲ့ အဲဒီပစ္စည်းက ပြုတ်ကျသွားမှာမှ မဟုတ်တာ"
"လူယုတ်မာ... မင်း ကြည့်နေတုန်းပဲလား"
"ဘာများ ဖုံးကွယ်စရာ ရှိလို့လဲ။ ရှင့်ဟာက သာမန်အရွယ်အစားလောက်ပဲ ရှိတာကို၊ ကျစ်... ဒီလောက် အရပ်အမောင်းကြီး ကြီးထားတာ အလကားပဲ"
ခေါင်းဆောင်ကြီးကတော့ ဝမ်းနည်းဒေါသထွက်လွန်းလို့ သေချင်စိတ်တောင် ပေါက်သွားတယ်။ ဘယ်သူများ သူ့ကို ဘောင်းဘီတစ်ထည်လောက် အရင်ပေးလို့ရမလဲ။
ရှောင်ကျွမ်း၊ ရှောင်ဝေနဲ့ ပင်လယ်ဓားပြဟောင်းတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ ဒီကိစ္စက တစ်နေရာရာမှာတော့ လွဲနေသလိုပဲနော်။
"အဲဒီကောင်မလေး ငိုရမှာ မဟုတ်ဘူးလား" ညီအစ်ကိုတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ငါတို့ အစ်ကိုကြီးက ဘာလို့ ငိုတော့မဲ့ပုံ ပေါက်နေရတာလဲ"
ခေါင်းဆောင်ကြီးက အဲဒီညီအစ်ကိုရဲ့ ရေရွတ်သံကို ကြားတော့ စဉ်းစားကြည့်လိုက်တယ်။
'ဟုတ်သားပဲ... ငါက ဘာကိစ္စ ရှက်နေရမှာလဲ'
ရှောင်ဝေက ယွီးရှောင်ရှောင်ကို မျက်စိ မျက်နှာ အပြင်းအထန် ပြပြီး တိုးတိုးလေး ပြောလိုက်တယ်။
"ဒုတိယသခင်လေးက အနောက်မှာ ရှိနေတယ်နော်" ဒုတိယသခင်လေးက မင်းသမီး တခြားယောက်ျားရဲ့ အဲဒီပစ္စည်းကို ကြည့်နေတဲ့ကိစ္စကို တတိယသခင်လေးဆီ သွားပြောပြလိုက်ရင်... မင်းသမီးက သမက်တော်ကို သေစေချင်နေတာလား။
ခေါင်းဆောင်ကြီးက ရင်ကော့လိုက်ပြီး လက်နှစ်ဖက်ကို လွှတ်ချလိုက်တယ်။ 'ပေါ်ချင်လည်း ပေါ်ပါစေပေါ့။ ကောင်မလေးက ကြည့်ရမှာ မကြောက်ရင် သူကလည်း အကြည့်ခံရမှာ ကြောက်စရာမလိုဘူးလေ။ တစ်ကိုယ်လုံး သွေးတွေ ပေကျံနေတာက ယောက်ျားကောင်းတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေပဲ'
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ရှေ့ကို ပြေးထွက်ပြီး သူတို့မင်းသမီးကို စော်ကားရဲတဲ့ ဒီလူယုတ်မာကို သတ်ပစ်ဖို့ လုပ်ကြတယ်။ ဒါပေမဲ့ ညီအစ်ကို နှစ်ယောက်လုံး နာကျင်စွာ တွေ့ရှိလိုက်ရတာကတော့... မင်းသမီးလေးရဲ့ လှုပ်ရှားမှုက သူတို့နှစ်ယောက်ထက် အမြဲတမ်း ပိုမြန်နေတယ်ဆိုတာပဲ။ အခုဆို သူတို့ရဲ့ မင်းသမီးလေးက အဲဒီလူယုတ်မာရဲ့ ရှေ့ကို ရောက်နေပြီလေ။
ခေါင်းဆောင်ကြီးက ယွီးရှောင်ရှောင်ရဲ့ လှုပ်ရှားမှုအမြန်နှုန်းကြောင့် လန့်သွားပြီး ခြေနှစ်ဖက်ကို စေ့ကာ လက်နှစ်ဖက်နဲ့ သူ့ရဲ့ အသက်သွေးကြောကို အုပ်ထားရင်း မေးလိုက်တယ်။
"မင်း ဘာလုပ်မလို့လဲ"
ယွီးရှောင်ရှောင်က လက်လှမ်းပြီး ခေါင်းဆောင်ကြီးရဲ့ လည်ပင်းကို ဆွဲကိုင်ကာ မလိုက်ပြီး မြေကြီးပေါ်ကို ဆောင့်ချလိုက်တယ်။
ခေါင်းဆောင်ကြီးက ဒီကောင်မလေး ဘယ်လို လက်သံပြောင်သွားလဲဆိုတာကိုတောင် မမြင်လိုက်ရဘူး။ သူ ခံစားလိုက်ရတာကတော့ အပေါ်ရောက်သွားပြီး အောက်ကို ပြန်ကျလာတယ်ဆိုတာပဲ။ သူ့ခန္ဓာကိုယ်က ညှပ်ရိုးအထက်ပိုင်းကလွဲရင် ကျန်တာအကုန်လုံးက မြေကြီးထဲမှာ ရောက်နေပြီ။
…