အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁) ညီမကို ကိုယ်ကျိုးအတွက်ရောင်းစား
ယွီးရှောင်ရှောင်က ဓားပြခေါင်းဆောင်ကြီးကို ထူးထူးဆန်းဆန်း အကြည့်တွေနဲ့ ကြည့်လိုက်လေရဲ့။ ယောက်ျားကြီးတန်မဲ့ နာမည်က ရှုံးရှုံး (ဝက်ဝံလေး) တဲ့လား။ ဟိုခွေးကောင်က သူမကို ရှောင်ရှောင် (သေးသေးလေး) လို့ နာမည်ပေးတုန်းကတောင် ဒီနာမည်က သိပ်ပြီး ခံ့ညားထည်ဝါမှု မရှိဘူးဆိုပြီး သူမက အပြစ်တင်ခဲ့သေးတာလေ။ အခု ရှုံးရှုံးဆိုတဲ့ နာမည်ကို ကြားလိုက်ရတော့မှပဲ ဟိုခွေးကောင်က တော်တော်လေး ပညာတတ်သေးတာပဲလို့ ယွီးရှောင်ရှောင် ချက်ချင်း ခံစားလိုက်ရတော့တာပေါ့။
မင်းသမီးလေး ခေါင်းထဲမှာ အခု ဘာတွေ တွေးနေသလဲဆိုတာကို ဓားပြခေါင်းဆောင်ကြီး မသိနိုင်တာကတော့ ရှင်းနေတာပဲလေ။ ခေါင်းဆောင်ကြီးက လီယွမ်လဲ့ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့အဖေကို သတ်သွားတဲ့ ရန်သူကြီးကို မြင်လိုက်ရသလိုဖြစ်သွားပြီး လှောင်တော့တာပဲ။
"ယို့ ဘယ်သူများလဲလို့၊ ညီမအရင်းကို ကိုယ်ကျိုးအတွက်ရောင်းစားတဲ့ လီသခင်လေး မဟုတ်လား"
လီယွမ်လဲ့လည်း ဓားပြခေါင်းဆောင်ရဲ့ စကားကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ မျက်နှာကြီး မည်းမှောင်သွားတော့တာပေါ့။
"ခွေးသူတောင်းစား... ဒီတစ်ခါ မင်း ဘယ်ကို ပြေးနိုင်ဦးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ခေါင်းဆောင်ကြီးကတော့ ရယ်ရင်းမောရင်းပါပဲ။
"ငါ ရှုံး ဆိုတဲ့ကောင်ကလေ အမြဲတမ်း ဓားသွားပေါ်မှာ လမ်းလျှောက်ပြီး ထမင်းရှာစားနေတဲ့ ကောင်ကွ။ ဒီတစ်သက် အသက်ရာချီ ရှည်ဖို့လည်း ငါ ဘယ်တုန်းကမှ မတွေးဖူးဘူး။ လီယွမ်လဲ့... ငါက မင်းတို့ရဲ့ အကြင်နာတရားခေါင်းပါးပြီး ကျေးဇူးတရားမသိတတ်တဲ့ မိသားစု နောက်ဆုံးမှာ ဘယ်လို ဇာတ်သိမ်းသွားမလဲဆိုတာကိုပဲ ကြည့်ချင်တာကွ"
ဒီအချိန်မှာတော့ ရထားလုံးထဲရှိနေတဲ့ ကုရှင်းလန်က အမိန့်ပေးလိုက်တော့တာပေါ့။ "ဘာ ကြောင်ကြည့်နေကြတာလဲ၊ သူ့ပါးစပ်ကိုသာ ပိတ်လိုက်ကြစမ်း"
ရှောင်ဝေက ချက်ချင်း ရှေ့တိုးပြီး ဓားပြခေါင်းဆောင်ရဲ့ ပါးစပ်ကို ပိတ်ဖို့ လုပ်လေရဲ့။
ယွီးရှောင်ရှောင်က လက်မြှောက်ပြီး ရှောင်ဝေကို တားလိုက်တယ်။ ဒီကိစ္စက နားထောင်လေ ပိုပြီး တစ်လွဲကြီး ဖြစ်နေလေပါလား။ ညီအစ်ကိုလီက လူဆိုးကြီးလား။
"ဒါက ဘယ်လို အခြေအနေကြီးလဲ" ယွီးရှောင်ရှောင်က သူမရှေ့ ရောက်လာတဲ့ ရထားလုံးထဲက ကုရှင်းလန်ကို လှမ်းမေးလိုက်လေရဲ့။
ကုရှင်းလန်က ပြန်ဖြေတယ်။ "မင်းသမီး၊ ဒီကိစ္စက အိမ်ပြန်ရောက်မှပဲ ပြောကြတာပေါ့"
ခေါင်းဆောင်ကြီးကတော့ အေးစက်စက်နဲ့ ဆက်တိုက် ရယ်မောနေလေရဲ့။ အရင်က ကြည့်ရတာ အတော်လေး အချိုးမပြေတဲ့သူက ရုတ်တရက်ကြီး မှောင်မိုက်အုံ့မှိုင်းတဲ့ပုံစံမျိုး ပြောင်းသွားတော့တာပေါ့။
"သာမန် သူခိုးဂျပိုး တစ်ကောင်ပါပဲ" လီယွမ်လဲ့က အေးစက်စက် ပြောလိုက်လေတယ်။
ခေါင်းဆောင်ကြီးက ပြန်ပက်တယ်။
"ဟုတ်တယ်၊ ငါက သူခိုးဂျပိုးပဲ၊ အဲဒါကို ငါ ဝန်ခံတယ်။ ငါ မိန်းမတစ်ယောက်ကို သဘောကျရင် တစ်လောကလုံး သိအောင် ချပြရဲတယ်။ မင်းတို့ လီမိသားစုလို ဖာသည်ဖြစ်နေတဲ့အချိန်မှာ သီလရှင်ယောင်ဆောင်နေတာထက်စာရင် အများကြီး သာသေးတယ်ကွ"
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို တိုးတိုးလေး ကပ်ပြောလိုက်လေရဲ့။ "ဇာတ်လမ်းပဲ"
ရှောင်ကျွမ်းက ခေါင်းညိတ်တာပေါ့။ "ဟုတ်တယ်နော်၊ အချစ်ဇာတ်လမ်းကြီးလိုပဲ"
ရှောင်ဝေတစ်ယောက် မျက်မှောင်ကြုတ်သွားလေရဲ့။ လီမိသားစုရဲ့ မယားကြီးကမွေးတဲ့ သမီးအကြီးဆုံးက နန်းတော်ထဲမှာ မိဖုရားအဖြစ် ရောက်နေတာလေ။ ဒီဓားပြစကားအရဆို သူနဲ့ မိဖုရားလီတို့ကြားမှာ ဇာတ်လမ်းရှိခဲ့ဖူးတယ်ပေါ့။
"မင်းသမီး" ရှောင်ဝေက ယွီးရှောင်ရှောင်ကို ပြောလိုက်လေတယ်။
"ဒီကိစ္စကို မင်းသမီး ဝင်မပါတာ ကောင်းမယ်" နန်းတွင်းမိဖုရားရယ်၊ တောပုန်းဓားပြရယ်ရဲ့ကြားမှာ သူမက ဘယ်လိုလုပ် သွားပတ်သက်ရမှာလဲ။
"ငါ့ကိုသာ သတ်လိုက်စမ်းပါ" ဓားပြခေါင်းဆောင်က ခေါင်းမော့ပြီး လီယွမ်လဲ့ကို ပြောလိုက်လေတယ်။
လီယွမ်လဲ့က ကုရှင်းလန်ကို တစ်ချက်လှမ်းကြည့်တော့ ကုရှင်းလန်က ခေါင်းတစ်ချက် ညိတ်ပြတယ်။ ဓားပြခေါင်းဆောင် ပြောတဲ့ကိစ္စကို ကုတတိယသခင်လေး ကြားဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲလေ။ ဓားပြခေါင်းဆောင်ရဲ့ စကားတွေသာ အပြင်ပေါက်ကြားသွားရင် နန်းတော်ထဲမှာ မိဖုရားလုပ်နေတဲ့ လီယွမ်လဲ့ရဲ့ ညီမလေး ဘဝက ရပ်တည်ရ ခက်သွားတော့မယ်ဆိုတာ သူ သိနေတာကိုး။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ တောင်ကြားထဲမှာ နေကြတဲ့ ဒီလူတွေကို ကြည့်ပြီး လီယွမ်လဲ့စိတ်ထဲမှာလည်း ဒီလူတွေကို အစကတည်းက အသက်ရှင်ရက် ထားပေးဖို့ စိတ်ကူးမရှိခဲ့တာ ဖြစ်မယ်လို့ ကုရှင်းလန် တွေးလိုက်မိတယ်။
"သတ်" စစ်သူကြီးလေးလီက အမိန့်ပေးလိုက်လေရဲ့။
"နေဦး" ယွီးရှောင်ရှောင်က လက်မြှောက်ပြီးတားလိုက်တယ်။
လီယွမ်လဲ့က နည်းနည်းအံ့အားသင့်သွားပြီး ယွီးရှောင်ရှောင်ကို ကြည့်ရင်း ပြောတာပေါ့။
"မင်းသမီး၊ သူတို့က ပင်လယ်ဓားပြတွေလေ၊ ဟိုးအရင် အရှေ့ပင်လယ်မှာတုန်းက ယုတ်မာရိုင်းစိုင်းတာတွေ အကုန်လုပ်ခဲ့တာ၊ မသတ်လို့ မရဘူး"
ဒုတိယခေါင်းဆောင်က ဒေါသတကြီးနဲ့ အော်ပြောလိုက်လေရဲ့။
"ဘယ်သူက ယုတ်မာရိုင်းစိုင်းတာတွေ အကုန်လုပ်ခဲ့တာလဲ။ လီယွမ်လဲ့... မင်း မဟုတ်ကဟုတ်ကတွေ လျှောက်မစွပ်စွဲနဲ့။ မင်းတို့ ရုံးတော်ဖက်က ကိုယ်တိုင်က လူလိုကျင့်ခဲ့ကြလို့လား။ ငါတို့ကို အသက်ရှင်ဖို့ လမ်းစလေးတောင် ရှာခွင့်မပေးတော့ဘူးလား"
"ဟုတ်တယ်"
"ငါတို့က ချမ်းသာတဲ့သူဆီကယူပြီး ဆင်းရဲတဲ့သူကို ကူညီတာကွ"
"မင်းတို့ လီမိသားစုကမှ လူယုတ်မာတွေ"
"ပြည်သူလူထုကို အနိုင်ကျင့်တဲ့ ကောင်တွေ"
...
ပင်လယ်ဓားပြဟောင်းတစ်သိုက်က သံပြိုင်ဟစ်အော်လိုက်ကြတော့တာပေါ့။
"ပါးစပ်ပိတ်ထားစမ်း" ကုရှင်းလန်ဆီကနေ ရုတ်တရက် အသံထွက်လာတယ်။
"ရုံးတော်ဖက်က ကောင်တွေအကုန် ဘယ်ကောင်မှ လူကောင်းတွေ မဟုတ်ဘူး" ပင်လယ်ဓားပြဟောင်း တစ်ယောက်ကတော့ အသေခံမယ်ဆိုတဲ့ စိတ်နဲ့ ကုရှင်းလန်ကို လှမ်းဆဲတော့တာပဲ။
ကုရှင်းလန်က ပြောတာပေါ့။ "ဟိုးအရင်ကတည်းက လီမိသားစုဆိုတာ အရှေ့ပင်လယ်မှာ တပ်စွဲထားရုံ သက်သက်ပဲလေ။ နယ်ခြားစောင့်တပ်က တိုင်းပြည်ရေးကိစ္စတွေမှာ ဝင်မစွက်ဖက်ဘူး။ အရှေ့ပင်လယ်ရဲ့ အုပ်ချုပ်ရေးကိစ္စတွေက လီမိသားစုနဲ့ ဘာဆိုင်လို့လဲ။ မင်းတို့ဖာသာ သူခိုးလုပ်တာကို သူများအပြစ် လာတင်နေသေးတယ်"
ဒီအချိန်မှာပဲ ဓားပြခေါင်းဆောင်က ဝင်ပြောတော့တယ်။
"ရုံးတော်က ဖိနှိပ်လွန်းလို့ ပြည်သူတွေ ပုန်ကန်ရတာပဲ"
"တော်ကြတော့" ယွီးရှောင်ရှောင်က ဓားပြခေါင်းဆောင်ရဲ့ ပခုံးကို နင်းထားတဲ့ သူမရဲ့ခြေထောက်ကို ရုပ်သိမ်းလိုက်ပြီး ခါးကိုင်းရင်း ဓားပြခေါင်းဆောင်ကို မြေကြီးထဲကနေ ဆွဲထုတ်လိုက်လေရဲ့။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အချိန်အကြာကြီး ဖိနှိပ်ခံထားရရင် အသက်အန္တရာယ် ရှိနိုင်တယ်လေ။ ယွီးရှောင်ရှောင်က ဒီအချိန်အဆနဲ့ ပတ်သက်ပြီး အင်မတန်ကို တိကျတာပေါ့။
ဓားပြခေါင်းဆောင်ခမျာ မြေကြီးပေါ်မှာ ပက်လက်လန်ပြီး အမောတကောနဲ့ အသက်ရှူနေရတယ်။
"သူ့ကို အဝတ်တစ်ထည်လောက် ပေးလိုက်" ကုရှင်းလန်က အလောတကြီး အမိန့်ပေးလိုက်တာပေါ့။ ဒီလူ မြေကြီးထဲ မြုပ်နေတုန်းက ကုတတိယသခင်လေး သတိမထားမိခဲ့ဘူးလေ။ အခု သူ့မိန်းမက ဒီလူကို မြေကြီးထဲကနေ ဆွဲထုတ်လိုက်တော့မှ ဒီလူမှာ ရှေ့ရောနောက်ရော အကုန်ဗလာကျင်းနေပါလားဆိုတာကို ကုတတိယသခင်လေး သတိထားမိသွားတော့တာ။
ကိုယ်ရံတော်တစ်ယောက်က ဓားပြခေါင်းဆောင်ကြီးရဲ့ကိုယ်ပေါ်ကို ဝတ်ရုံတစ်ထည် လှမ်းပစ်တင်ပေးလိုက်ပြီး သူ့ရဲ့ ပေါ်လွင်နေတဲ့ အဖော်အချွတ်တွေကို ဖုံးအုပ်ပေးလိုက်လေရဲ့။
ရှောင်ဝေတစ်ယောက် အချိန်မီ မဆွဲလိုက်နိုင်ခင်မှာပဲ ယွီးရှောင်ရှောင်က ဓားပြခေါင်းဆောင်ဘေးမှာ ဆောင့်ကြောင့်ဝင်ထိုင်ပြီး စပ်စုတော့တယ်။
"ရှင့်ကိစ္စထဲမှာ အချစ်ရေး အရှုပ်အရှင်းတွေ ပါနေသေးသလို ခံစားနေရပါလား"
ဓားပြခေါင်းဆောင်ကြီးက မင်းသမီးလေးကို မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ကြည့်နေမိတော့တာပေါ့။ ဒီတစ်ယောက်က တကယ်ကို ငတုံးလေးပဲ ဖြစ်ရမယ်။ လီမိသားစုက သမီးဖြစ်သူကို နန်းတော်ထဲ အတင်းအဓမ္မ သွင်းခဲ့တာရယ်၊ လက်ရှိ ဧကရာဇ်ကြီးက သူများချစ်သူကို အတင်းလုယူခဲ့တာရယ်ဆိုတဲ့ ကိစ္စတွေကို သူ့ပါးစပ်ကနေ ထုတ်ပြောခိုင်းနေတာများလား။
"ထားလိုက်ပါလေ... တကယ်တော့ ငါက အချစ်ဇာတ်လမ်းတွေကို သိပ်ပြီး စိတ်မဝင်စားလှပါဘူး"
ယွီးရှောင်ရှောင်က ဆက်ပြောပြန်တယ်။
"ရှင် ကျွန်မကို အရင်ပြောပြစမ်းပါဦး၊ တစ်တောင်လုံး အပြည့်ရှိနေတဲ့ ယုန်ဖက်တီးလေးတွေဆိုတာက ပုံပြင်လား၊ ဒါမှမဟုတ် တကယ်ကြီးလား"
ဒူးသာ ထောက်ချလိုက်ချင်တော့တာပဲ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်သား ပြိုင်တူ ခေါင်းငုံ့လိုက်ကြရတယ်။ ခြေထောက်တွေတောင် တုန်တယ်လေ။ သူတို့ရဲ့ မင်းသမီးဆီကနေ ဘာမျှော်လင့်ချက်မှကို ထားလို့မရတာပါလား။ ဒီအခြေအနေကြီးမှာတောင် ဒီကောင်မလေးက ယုန်ဖက်တီးလေးတွေကိုပဲ ခေါင်းထဲ ရောက်နေတုန်းကိုး။
ဒီစကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ဒုတိယခေါင်းဆောင်စိတ်ထဲမှာ သူတို့ အသက်မသေနိုင်တော့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရပြီး ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ရှေ့ကို ပြေးထွက်လာရင်း ယွီးရှောင်ရှောင်ကို ပြောလိုက်လေရဲ့။
"မင်းသမီး... ကျွန်တော်တို့ဆီမှာ တကယ်ပဲ ယုန်တွေ ရှိတယ်ဗျ"
"ဘယ်မှာလဲ" ယွီးရှောင်ရှောင်က ခေါင်းမော့ပြီး ဒုတိယခေါင်းဆောင်ကို မေးလိုက်တာပေါ့။
"မင်းသမီးကို ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
"မင်းသမီး" ကုရှင်းလန်က ပြောလိုက်လေတယ်။ "သူတို့က ဓားပြတွေလေ၊ အသက်ချမ်းသာပေးထားလို့ မဖြစ်ဘူး"
ယွီးရှောင်ရှောင်က ဒုတိယခေါင်းဆောင်ကို ကြည့်ပြီး မေးလိုက်လေရဲ့။
"ရှင်တို့ တကယ်ပဲ လူသတ်ပြီး ပစ္စည်းလုဖူးတာလား"
တကယ်တော့ ဒုတိယခေါင်းဆောင်က ပုံမှန်ဆို စကားသိပ်များတတ်တဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုအချိန်မျိုး ရောက်လာတော့လည်း ခေါင်းဆောင်ကြီးက ဟိုမှာ အချစ်ရေး စိတ်ဒဏ်ရာတွေကို တွေးပြီး ကျန်တဲ့ ညီအစ်ကိုတွေကလည်း ဒဏ်ရာကိုယ်စီနဲ့ဆိုတော့ ဒီကိစ္စကို ဖြေရှင်းဖို့ သူပဲ ဝင်ပါရတော့မှာပေါ့။ ဒုတိယခေါင်းဆောင်က စိတ်ထဲကနေ သူ့ကိုယ်သူ ခွန်အားတွေ အပြည့်ပေးလိုက်တော့တယ်။ မနေ့ကတောင် မင်းသမီးဆီကနေ ဝက်ခေါင်းတစ်ခြမ်းရအောင် လီဆယ်ပြီး ညာစားနိုင်ခဲ့သေးတာပဲ။ ဒါဆို ဒီနေ့လည်း သူတို့အသက်ကို ချမ်းသာပေးဖို့ မင်းသမီးကို ဆက်ပြီး လိမ်လို့ရနိုင်တာပေါ့။
ကုရှင်းလန်က ဓားရိုးပေါ်ကို ဖိကိုင်ထားတဲ့ လီယွမ်လဲ့ရဲ့ လက်ကို တစ်ချက်ကြည့်လိုက်ပြီး စစ်သူကြီးလေးလီကို တိုးတိုးလေး တိုင်ပင်လိုက်လေရဲ့။
"ဒါမှမဟုတ် သူတို့ကို ရုံးတော်ကိုပဲ ပို့လိုက်ကြမလား"
လီယွမ်လဲ့က ခါးသီးစွာ ပြုံးလိုက်ပြီး တိုးတိုးလေး ပြန်ပြောရှာတယ်။
"ရုံးတော် ဟုတ်လား။ ကျောင်းချိုးမင်သာ ငါ့ညီမကိစ္စကို သိသွားရင် ငါတို့ လီမိသားစု တစ်ဆွေလုံး တစ်မျိုးလုံး ပြုတ်သွားနိုင်တယ်လေ"
"သူပြောတဲ့ကိစ္စက..."
"အမှန်တွေပဲ" ဒီလိုအခြေအနေ ရောက်လာမှတော့ လီယွမ်လဲ့လည်း ကုရှင်းလန်ကို ထပ်မဖုံးကွယ်ထားတော့ဘူး။ စစ်သူကြီးလေးလီက အစကတော့ ဒီပင်လယ်ဓားပြတစ်သိုက်ကို ရှာတွေ့တာနဲ့ ချက်ချင်း ဝင်ခုတ်သတ်ပြီး ရှုံးရှုံးကို စကားပြောခွင့် မပေးဖို့ မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ ဖြစ်လာတဲ့ အခြေအနေတွေက သူတွေးထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာကိုး။
ကုရှင်းလန် မျက်မှောင်ကြုတ်သွားမိတယ်။
"ဘယ်လိုလုပ်ကြမလဲ" လီယွမ်လဲ့က ကုရှင်းလန်ကို လှမ်းမေးလေတယ်။
ဒီအချိန်မှာ ဒုတိယခေါင်းဆောင်က ယွီးရှောင်ရှောင်ကို သူ့ရဲ့ သွေးမျက်ရည်တွေနဲ့ ရင်းခဲ့ရတဲ့ ဇာတ်လမ်းကို ပြောပြနေလေရဲ့။ သူမရဲ့ မင်းဆိုးမင်းညစ် အဖေအုပ်ချုပ်တဲ့ လက်အောက်မှာ ပြည်သူပြည်သားတွေ နေရထိုင်ရ ခက်ခဲနေမှန်း ယွီးရှောင်ရှောင် သိထားပေမဲ့ အရှေ့ပင်လယ်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ဒုတိယခေါင်းဆောင်ဆီကနေ ကြားလိုက်ရတဲ့ အခါမှာတော့ တစ်နေ့ကို နှစ်ဆယ့်လေးနာရီလုံး အလုပ်လုပ်တာတောင် ဝမ်းမဝလို့ သားသမီးတွေကိုပါ ရောင်းစားနေရမှတော့ ပုန်မကန်လို့ကို မဖြစ်တော့ဘူးလို့ မင်းသမီးလေးက တွေးလိုက်မိတော့တယ်။
ဒုတိယခေါင်းဆောင်က မျက်လုံးတွေ နီရဲရင်း ယွီးရှောင်ရှောင်ကို မေးရှာတယ်။
"မင်းသမီး... ကျွန်တော်တို့ ဘာလုပ်ရမလဲ"
ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။
"ပုန်ကန်လေ" တဲ့။
မင်းသမီးလေးကို လိမ်ပြီး အသက်ချမ်းသာခွင့် ရချင်နေတာ မှန်ပေမဲ့ မင်းသမီးလေးဆီကနေ ဒီလောက်တောင် ပြတ်သားတဲ့ စကားမျိုး ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့တာမို့ ချက်ချင်းကို ကြောင်တောင်တောင် ဖြစ်သွားတော့တာပဲ။
ရှောင်ဝေက ဒုတိယခေါင်းဆောင်ကို ခြေထောက်နဲ့ တစ်ချက်ကန်ထုတ်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်လေရဲ့။
"မင်းသမီးက ထမင်းစားချင်လို့လား၊ ဒါဆို မြို့ထဲပြန်ပြီး စားကြတာပေါ့"
ပင်လယ်ဓားပြဟောင်း တစ်သိုက်က ရှောင်ဝေကို မျက်လုံးတွေ ပြူးပြီး စိုက်ကြည့်လိုက်ကြတယ်။ သူတို့ကို နားပင်းနေတယ်လို့များ ထင်နေတာလား။ မင်းသမီးလေး ပြောလိုက်တာက ပုန်ကန်မယ်ဆိုတဲ့ စကားလုံးကြီးလေ။ ပုန်ကန်တာနဲ့ ထမင်းချက်စားတာက အသံထွက်ချင်း တူမှ မတူတာ အစ်ကိုလေးရဲ့။
…