အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း (၁၇၃) ရှောင်ကျွမ်းက အမွေးပွလေးတွေကို အရမ်းရူးသွပ်
ရှုံးရှုံးတို့တစ်သိုက် သတ္တမမင်းသားကို ပြန်ပေးဆွဲထားမှန်း သိသွားတဲ့နောက်မှာတော့ လီယွမ်လဲ့က ကုရှင်းလန်ကို တိုးတိုးလေး ကပ်ပြောလိုက်လေရဲ့။
"ဒီလူတွေကို သတ်လို့လည်း မဖြစ်သလို ရုံးတော်ကို ပို့လို့လည်း မဖြစ်ဘူးနော်"
ကုရှင်းလန်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်တာပေါ့။
"ခယ်မလေး..." သစ်ပင်ထိပ်မှာ ထိုင်နေတဲ့ ကုရှင်းယန်က ယွီးရှောင်ရှောင်ကို လှမ်းအော်လိုက်လေတယ်။
"ငါ့ကို အောက်ချပေးပါဦး"
"အစ်ကိုလတ် ဒဏ်ရာရသွားလို့လား" ကုရှင်းလန်က ယွီးရှောင်ရှောင်ကို မေးလိုက်လေရဲ့။ သူ့အစ်ကိုလတ်ရဲ့ သိုင်းပညာနဲ့ဆိုရင် ဒီသစ်ပင်ကောက်ကြီးပေါ်ကနေ ခုန်မဆင်းနိုင်စရာ အကြောင်းမှ မရှိတာကိုး။
"အစ်ကိုလတ်က ထုံဆေးမိထားတာလေ" ယွီးရှောင်ရှောင်က ဖြေလိုက်လေတယ်။
ရှောင်ဝေကလည်း ဘေးနားကနေ သူ့မင်းသမီးရဲ့ စကားကို ရှင်းပြပေးလိုက်တာပေါ့။
"ဒုတိယသခင်လေးက အရိုးပျော့ဆေး မိထားတာပါ"
အရိုးပျော့ဆေးဆိုတာက လူကို အရိုးအဆစ်တွေ ပျော့ခွေပြီး အားမရှိဖြစ်သွားစေတာကလွဲရင် ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ အဆိပ်မျိုးတော့ မဟုတ်ဘူး။ အဲဒီတော့မှပဲ ကုရှင်းလန်လည်း စိတ်အေးသွားပြီး ရှောင်ကျွမ်းဘက်ကို လှည့်ကြည့်လိုက်တော့တယ်။
ကုတတိယသခင်လေး နှုတ်ကနေ ထုတ်ပြောစရာတောင် မလိုလိုက်ပါဘူး။ ရှောင်ကျွမ်းက သစ်ပင်ထိပ်ကို ခုန်တက်သွားပြီး ကုဒုတိယသခင်လေးကို တွဲချပေးလိုက်လေရဲ့။
အာ့ကော်ဇီခမျာ သစ်ပင်ထိပ်ပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့ပြီဆိုတာ မြင်တော့ ယွီးရှောင်ရှောင်ကို လှမ်းအော်တော့တာပဲ။
"ညီ... ညီမလေး..."
ကုရှင်းလန်က သစ်ပင်ထိပ်ပေါ်တင်နေတဲ့ ကောင်လေးကို မော့ကြည့်လိုက်တယ်။ မျက်နှာတစ်ခုလုံးလည်း သွေးတွေပေကျံနေလို့ ရုပ်တောင် သေသေချာချာ မပီပြင်တော့ဘူး။
"သူက ဘယ်သူ့ကို ညီမလေးလို့ ခေါ်နေတာလဲ" ကုတတိယသခင်လေး မေးလိုက်တာပေါ့။ ဒီကောင်လေးက သူ့မိန်းမကို ညီမလေးလို့ ခေါ်နေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ။
"ငါ့ကို ခေါ်နေတာလေ" ယွီးရှောင်ရှောင်က ပြောလိုက်လေတယ်။
"ရှောင်ကု... သူက အာ့ကော်ဇီဆိုတာလေ"
ဒီကောင်လေးကိုတော့ သစ်ပင်ပေါ်မှာပဲ ဆက်ထားလိုက်တာ အကောင်းဆုံးပဲလို့ ကုရှင်းလန် ချက်ချင်း တွေးလိုက်မိတော့တာပေါ့။
"ခဏစောင့်... နင့်ကို ငါ လာခေါ်မယ်" ယွီးရှောင်ရှောင်က အာ့ကော်ဇီကို လှမ်းအော်ရင်း သစ်ပင်ပေါ် ခုန်တက်ဖို့ ဟန်ပြင်လိုက်လေရဲ့။
ရှောင်ကျွမ်းက ကိုယ့်မင်းသမီးကို သစ်ပင်ပေါ် အတက်ခံလို့မှ မဖြစ်တာ။ ဒါနဲ့ပဲ သူ နောက်တစ်ခေါက် သစ်ပင်ပေါ် ထပ်တက်ပြီး အာ့ကော်ဇီကို တွဲချလာရတော့တယ်။
"မင်း.. မင်းက မင်းသမီးလား" အာ့ကော်ဇီ သစ်ပင်အောက် ရောက်ရောက်ချင်းပဲ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ဒီစကားကို စမေးတော့တာလေ။
ယွီးရှောင်ရှောင်က ပြန်မေးလိုက်လေရဲ့။
"ငါ မင်းသမီးဖြစ်တာကို နင်က သဘောမကျလို့လား" တကယ်တော့ ဒါက ကံစီမံရာပဲလေ၊ သူမကိုယ်တိုင်လည်း မင်းသမီး မလုပ်ချင်ပါဘူး။
အာ့ကော်ဇီခမျာ ငိုချလိုက်တော့တာပဲ။
ယွီးရှောင်ရှောင်က ရှောင်ဝေကို လှမ်းမေးလိုက်လေရဲ့။
"ငါ မင်းသမီးဖြစ်နေတာက သူ့ကို အရမ်းဝမ်းနည်းသွားစေလို့လား"
ရှောင်ဝေက အာ့ကော်ဇီကို ဖြန်းခနဲ တစ်ချက်ရိုက်ပြီး ဓားပြအုပ်ထဲကို တွန်းပို့လိုက်လေရဲ့။ မြင်မြင်ချင်း ချစ်မိသွားတဲ့ အလှလေးက လေထဲလွင့်သွားပြီဆိုတော့ ဒီကောင်လေး မငိုဘဲ နေနိုင်ပါ့မလားလေ။
"အိမ်ပြန်ကြမယ်လေ" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြောလိုက်တော့တယ်။
"ဒါဆို ဒီလူတွေကရော" ကုရှင်းလန်တစ်ယောက် ဓားပြခေါင်းဆောင်တို့ တစ်သိုက်ကို ကြည့်ပြီး အတော်လေး ခေါင်းကိုက်သွားတာပေါ့။
"အိမ်ကို ခေါ်သွားမှာပေါ့" ယွီးရှောင်ရှောင်ကတော့ ဒီကိစ္စကို အရမ်းလွယ်တယ်လို့ ထင်နေတာ။ ပြီးတော့ ကုရှင်းလန်ကို ပြောလိုက်တယ်။
"အဘိုးကိုပဲ စစ်ဆေးခိုင်းလိုက်လေ"
"ကုအိမ်တော်ကို သွားတာက ရုံးတော်ကို သွားတာထက်တော့ ပိုကောင်းတာပေါ့" လီယွမ်လဲ့ကလည်း ကုရှင်းလန်ကို ဝင်ပြောလိုက်လေရဲ့။
ကုရှင်းလန်က သူ့အစ်ကိုလတ်ကို ပြန်ကြည့်လိုက်ပြန်တယ်။ သူ့အကြည့်တွေရဲ့ အဓိပ္ပာယ်က 'ဒီကိစ္စကို အစ်ကိုလတ်ရော ဘယ်လိုမြင်လဲ' ဆိုတာမျိုးပေါ့။
ကုရှင်းယန်က လောလောဆယ်မှာ ဓားပြခေါင်းဆောင်ကြီးကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတာလေ။ ပြီးတော့ ဒေါသတကြီးနဲ့ အံကြိတ်ပြောတော့တာပဲ။
"မင်းတို့ကောင်တွေ စောင့်သာနေလိုက်၊ ငါ မင်းတို့ အရေခွံကို ဆုတ်ပစ်မယ်"
ကုရှင်းလန်လည်း သက်ပြင်းတစ်ချက်ချလိုက်မိတော့တယ်။
"အိမ်တော်ကိုပဲ ခေါ်သွားကြတာပေါ့" အခုလောလောဆယ် ဒီလူတွေကို အိမ်ခေါ်သွားတာကလွဲလို့ တခြားနည်းလမ်းလည်း မရှိတော့ဘူးကိုး။
ပိုင်ကျောက်တို့ လူတစ်စုက ကိုယ်ရံတော်တွေကို ခေါ်ပြီး တောင်ကြားအဝင်ဝမှာ စောင့်နေခဲ့ကြတာလေ၊ ရှေ့ကိုလည်း ထွက်မလာကြဘူး။ အခု ဓားပြခေါင်းဆောင်တို့ တစ်သိုက် လိမ္မာရေးခြားရှိစွာနဲ့ တန်းစီပြီး ထွက်လာတာကို မြင်တော့မှပဲ ပိုင်ကျောက်က မြင်းကို ဒုန်းစိုင်းနှင်လာပြီး လီယွမ်လဲ့နဲ့ ကုရှင်းလန်တို့ရှေ့ကို ရောက်လာတော့တာပေါ့။ "သူတို့ အညံ့ခံလိုက်ပြီလား" လို့လည်း မေးလိုက်လေရဲ့။
ကုရှင်းလန်က ခါးသက်သက် ပြုံးလိုက်ပြီး ပြန်ဖြေတယ်။ "အိမ်ခေါ်သွားပြီး စစ်ဆေးရမှာ"
"ရုံးတော်ကိုလား" ပိုင်ကျောက်က ထပ်မေးပြန်တယ်။
"ကုအိမ်တော်ကို" လီယွမ်လဲ့က မြင်းကြာပွတ်ကို တစ်ချက်ရိုက်လိုက်ပြီး ရှေ့ကနေ အရင် ထွက်သွားတော့တာပဲ။
ဒီလူတွေကို ရုံးတော်ကို မပို့ဘဲ ကုအိမ်တော်ကို ခေါ်သွားမယ်ဆိုတာကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ပိုင်ကျောက်က ဘာမှ ဆက်မမေးတော့ဘဲ ပါးပါးနပ်နပ် နေလိုက်တော့တာပေါ့။
"ဝက်ဝံတွေကိုပါ သယ်ခဲ့ကြ" ရထားလုံး အနောက်ဘက်ဆီကနေ ယွီးရှောင်ရှောင်ရဲ့ အသံ ထွက်လာလေရဲ့။
ကုရှင်းလန် ရထားလုံးအပြင်ကို ခေါင်းပြူကြည့်လိုက်တော့ သူ့မိန်းမက ကုအိမ်တော်ရဲ့ ကိုယ်ရံတော်တချို့ကို ဦးဆောင်ပြီး ဝက်ဝံတွေ ဝိုင်းထမ်းနေတာကို တွေ့လိုက်ရတာပေါ့။
ရထားလုံးထဲမှာ လှဲနေတဲ့ ကုရှင်းယန်က တိုးတိုးလေး ပြောလိုက်လေတယ်။
"မင်းမိန်းမက ဘာများဖြစ်နိုင်မှာမို့လို့လဲ။ ဟိုဓားပြခေါင်းဆောင် ပြောတဲ့စကားတွေကို ငါ အကုန်ကြားတယ်"
"အစ်ကိုလတ်... အရင်က ယွမ်လဲ့တို့ မိသားစုကိစ္စကို ကျွန်တော်မှ မသိခဲ့တာ" ကုရှင်းလန်ကလည်း အမြန်ပြန်ပြီး တိုးတိုးလေး ဖြေလိုက်လေရဲ့။
ကုရှင်းယန်က ပြန်ပြောတာပေါ့။
"မင်းကလည်း အပိုတွေ ပြောနေပြန်ပြီ။ ဒီလိုကိစ္စမျိုးကို ရှောင်လဲ့ဇီတို့ မိသားစုက အပြင်ကို ထုတ်ပြောရဲပါ့မလား။ မင်း သတိမထားမိဘူးလား၊ ဒီတစ်ခေါက် ရှောင်လဲ့ဇီ တောင်ပေါ် ခေါ်လာတဲ့လူတွေက ကိုယ်ရံတော်တွေနဲ့ မတူဘူးဆိုတာကို"
ကုရှင်းလန်က ခေါင်းခါပြလိုက်တယ်။ ရထားလုံးထဲမှာ ထိုင်နေတဲ့ သူက ညီအစ်ကိုတွေ ခေါ်လာတဲ့ ကိုယ်ရံတော်တွေကို သေသေချာချာမှ မကြည့်မိခဲ့တာလေ။
"ငါကြည့်ရတာ စစ်တပ်ထဲက စစ်သည်တွေနဲ့ တူတယ်" ကုရှင်းယန်က ဆက်ပြောလေတယ်။
"ဒီကောင် အစကတည်းက လူသတ်ဖို့ ရည်ရွယ်ချက်နဲ့ လာတာ ဖြစ်မယ်"
ကုရှင်းလန် ဘာမှ ဆက်မပြောတော့ဘူး။ မိသားစုအတွက် လီယွမ်လဲ့ လူမသတ်ဘူးဆိုမှပဲ သူက ပိုပြီး အံ့သြနေမိမှာ။
ကုရှင်းယန်လည်း ဘာမှ ထပ်မပြောတော့ဘူး။ ဒီရက်ပိုင်းတွေမှာ ကုဒုတိယသခင်လေးက ဝေ့မောမောလိုပဲ အာရုံကြောတွေ တင်းမာပြီး အကြီးအကျယ် စိုးရိမ်ပူပန်နေခဲ့ရတာလေ။ အခု ဘေးကင်းသွားပြီဆိုတော့ စိတ်တွေလည်း လျော့ကျသွားပြီး စကားနည်းနည်းလောက် ပြောလိုက်တဲ့ အချိန်လေးအတွင်းမှာပဲ အိပ်မောကျသွားတော့တာပေါ့။
တစ်ချိန်တည်းမှာပဲ ရှောင်ကျွမ်းက ဝက်ဝံပေါက်လေး နှစ်ကောင်ကို ပွေ့ချီထားရင်း ယွီးရှောင်ရှောင်ကို လှမ်းမေးလိုက်လေရဲ့။ "မင်းသမီး... ဒီကောင်လေးတွေကို ဘယ်လိုလုပ်မလဲ"
ယွီးရှောင်ရှောင် ငုံ့ကြည့်လိုက်တော့ မိခင်ဝက်ဝံမကြီး ဘယ်အချိန်ကတည်းက သေသွားမှန်း မသိတော့ဘူးလေ။ မိခင်မဲ့သွားတဲ့ ဒီဝက်ဝံပေါက်လေး နှစ်ကောင်ကို တောထဲမှာ ဒီအတိုင်း ပစ်ထားခဲ့မယ်ဆိုရင် သူတို့လေးတွေ သေချာပေါက် အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူးပေါ့။
ရှောင်ကျွမ်းကလည်း ဒီအခြေအနေကို နားလည်တယ်။ ဒါကြောင့် ယွီးရှောင်ရှောင်ကို မေးလိုက်လေရဲ့။
"မင်းသမီး... ကျွန်တော် သူတို့ကို မွေးထားလို့ ရမလား"
ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်သွားလေရဲ့။
"သူတို့က ဝက်ဝံတွေလေ၊ တအားစားနိုင်တာနော်၊ အဲဒါကို နင်က မွေးချင်လို့လား"
ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို ခေါင်းညိတ်ပြရင်း ပြောလိုက်တယ်။
"ကျွန်တော့်မှာ လစာရှိတယ်လေ။ ကျွန်တော့်လစာနဲ့ သူတို့ကို ကျွေးမွေးထားမယ်"
ရှောင်ကျွမ်းရဲ့ ဆိုလိုရင်းကတော့ 'မင်းသမီး... ကျွန်တော့်လစာနဲ့ပဲ ဝက်ဝံလေးတွေကို မွေးထားမယ်၊ မင်းသမီးဆီက ပိုက်ဆံတစ်ပြားမှ အကုန်မခံစေရဘူး' ဆိုတဲ့ သဘောပေါ့လေ။
ယွီးရှောင်ရှောင်က ခေါင်းယမ်းလိုက်လေရဲ့။ ဝက်ဝံနှစ်ကောင်ကို အသက်ရှင်အောင် မွေးရမယ်ဆိုရင် တစ်နေ့ကို အစားအသောက်တွေ ဘယ်လောက်တောင် ကျွေးရမလဲ။ "လောက်မယ် မထင်ဘူး" လို့ ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို ပြောလိုက်တာပေါ့။
ရှောင်ကျွမ်းက ရှောင်ဝေကို လက်ညှိုးထိုးပြတော့တယ်။
"ရှောင်ဝေရဲ့ ပိုက်ဆံလည်း ရှိသေးတယ်လေ"
ရှောင်ဝေဆီက ဘာသံမှ ထွက်မလာဘူးလေ။ ရှောင်ကျွမ်းက မိန်းမတစ်ယောက်လို စိတ်ထားနူးညံ့တဲ့ ငတုံးလေးဖြစ်နေပေမဲ့ ဒီလိုအချိန်မှာ ကိုယ့်ညီအစ်ကိုကို မထောက်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်း ပွေ့ချီထားတဲ့ အမည်းရောင် အမွေးလုံးလေး နှစ်လုံးကို ကြည့်လိုက်တော့မှပဲ ရှောင်ကျွမ်းက အမွေးပွလေးတွေဆို အရူးအမူးဖြစ်တတ်တဲ့သူမှန်း သဘောပေါက်သွားတော့တာပေါ့။
ဒီအချိန်မှာ ကုအိမ်တော်က ကိုယ်ရံတော်ခေါင်းဆောင် တစ်ယောက်ကလည်း သတ္တိမွေးပြီး ဝင်ပြောလေရဲ့။
"ဝက်ဝံဆိုတဲ့ အကောင်က ယဉ်ပါးအောင် မွေးလို့ရတာမှ မဟုတ်တာ" ကုအိမ်တော်ထဲမှာ အမျိုးသမီးတွေကလည်း အများကြီးရှိတာလေ၊ ဝက်ဝံနှစ်ကောင် မွေးထားမယ်ဆိုတာက ဘယ်လိုတွေးတွေး အဆင်မပြေဘူး မဟုတ်လား။
ရှောင်ကျွမ်းက ပြောလိုက်လေတယ်။
"မင်းသမီး ရှိနေတာပဲလေ"
ကိုယ်ရံတော်ခေါင်းဆောင်က မျက်စောင်းထိုးလိုက်မိတော့တာပေါ့။ မင်းသမီးက ဝက်ဝံ မကြောက်တာတော့ ဟုတ်ပါရဲ့။ ဘယ်လောက်ပဲ ကြီးမားတဲ့ ဝက်ဝံဖြစ်ဖြစ် မင်းသမီးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုပေမဲ့ မင်းသမီးက အိမ်တော်ထဲမှာ နေ့တိုင်း ရှိနေမှာတဲ့လား။ တတိယသခင်လေးနဲ့ လက်ထပ်ပြီးကတည်းက မင်းသမီးဆိုတာ တစ်ရက်လောက်ပဲ အိမ်မှာ ငြိမ်ငြိမ်လေးနေပြီး အပြင်မထွက်ဘဲ နေဖူးလို့လား။
"ငါတို့က သူတို့အမေကို စားပစ်ပြီးမှ နင်က သူတို့ကို ပြန်မွေးထားမယ်ဆိုတာ သိပ်မကောင်းဘူးထင်တယ်" ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို ဖျောင်းဖျရှာတယ်။
ရှောင်ကျွမ်းကတော့ အမည်းရောင် ဝက်ဝံပေါက်လေးကို ပွေ့ချီထားရင်း လွှတ်မပေးချင်ဘူး။
"အဲဒီလောက်တောင် မွေးချင်နေတာလား" လို့ ယွီးရှောင်ရှောင်က မေးလိုက်တာပေါ့။
ရှောင်ကျွမ်းက ခေါင်းညိတ်ပြတယ်။ သူ့အကြည့်တွေက ပြတ်သားခိုင်မာနေတာလေ။
"ဒါဆိုလည်း ရပါပြီ" ပိုက်ဆံနဲ့ ရှောင်ကျွမ်းရဲ့ ဆန္ဒကြားမှာ ယွီးရှောင်ရှောင်က ရှောင်ကျွမ်းရဲ့ ဆန္ဒကိုပဲ ဖြည့်ဆည်းပေးဖို့ ရွေးချယ်လိုက်လေရဲ့။
"အရင်မွေးထားလိုက်ပေါ့၊ ဝက်ဝံတွေ ကြီးလာမှပဲ ထပ်စဉ်းစားကြတာပေါ့"
"ဟုတ်ကဲ့ပါ" ရှောင်ကျွမ်းတစ်ယောက် ချက်ချင်း ဝမ်းသာသွားပြီး "ကျေးဇူးတင်ပါတယ် မင်းသမီး" လို့ ပြန်ပြောလိုက်တာပေါ့။
ယွီးရှောင်ရှောင် ခေါင်းယမ်းလိုက်မိတော့တယ်။ ရှောင်ကျွမ်းဆိုတဲ့ လူပျိုပေါက်လေးကို သူမလည်း သိပ်နားမလည်တော့ဘူး။ ပိုက်ဆံစုပြီး မိန်းမရအောင် မရှာဘဲ ဝက်ဝံနှစ်ကောင်ကို ပိုက်ဆံအကုန်ခံပြီး မွေးချင်နေတယ်တဲ့။ ဝက်ဝံတွေကလည်း အထီးတွေဆိုတော့ သိပ္ပံနည်း မကျနေဘူး။
ကိုယ်ရံတော် ငါးယောက်က သေနေတဲ့ ဝက်ဝံမကြီးကို အစမ်း မ,ကြည့်ကြတယ်။ နှစ်ချက်သုံးချက်လောက် မ ကြည့်ပေမဲ့ ပိစိလေးတောင် ရွေ့မလာဘူးလေ။
ယွီးရှောင်ရှောင်က "မ မနိုင်ဘူးလား" လို့ မေးလိုက်တာပေါ့။
ကိုယ်ရံတော် ငါးယောက်လုံး မျက်နှာတွေ နီရဲသွားပြီး ထပ် မ ကြည့်ဖို့ ကြိုးစားကြပြန်တယ်။
ယွီးရှောင်ရှောင်က ဒီကိုယ်ရံတော် ငါးယောက်ကို လက်ခါပြပြီး ပြောလိုက်လေရဲ့။
"ထားလိုက်ပါတော့၊ ဒီဝက်ဝံကို ဒီနေရာမှာပဲ အပိုင်းပိုင်း ခုတ်ပိုင်းလိုက်တော့မယ်"
"ဒီ.. ဒီနေရာမှာတင် အပိုင်းပိုင်း ခုတ်ပိုင်းမယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ" ကိုယ်ရံတော်ခေါင်းဆောင်က ယွီးရှောင်ရှောင်ကို အထစ်ထစ်အငေါ့ငေါ့နဲ့ လှမ်းမေးလိုက်တာပေါ့။
ကိုယ်ရံတော်တွေတင် နားမလည်တာမဟုတ်ဘူး၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့လည်း သိပ်ပြီး သဘောမပေါက်ကြဘူးလေ။
ယွီးရှောင်ရှောင်က လက်လှမ်းပြီး ရှောင်ဝေရဲ့ ခါးဆွဲဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ အလောင်းကို အပိုင်းပိုင်းဖြတ်တဲ့ ပညာရပ်ဆိုတာ သူမ အကျွမ်းကျင်ဆုံး အလုပ်ပဲ။
လူအုပ်ကြီးကတော့ လက်ထဲက ဓားကို မင်းသမီးလေး ဝှေ့ယမ်းနေတာ ကြည့်နေရင်း မျက်စိရှေ့မှာ ဓားရောင် တဖျတ်ဖျတ် လင်းလက်သွားတာပဲ သိလိုက်ကြတယ်။ ဝက်ဝံအရေခွံက မင်းသမီးရဲ့ လက်ချက်နဲ့ အခွံချွတ်ခံလိုက်ရပြီလေ။ အားလုံးလည်း တအားအန်ချင်လာသလို၊ မင်းသမီးလေးကိုလည်း လှမ်းမေးချင်စိတ်တွေ ပေါက်နေကြတော့တာပေါ့။ သားသမီးတွေရဲ့ မျက်စိရှေ့မှာတင် အမေဖြစ်သူရဲ့ အလောင်းကို အခုလို အပိုင်းပိုင်း ခုတ်ထစ်နေတာက တကယ်ပဲ ကောင်းပါ့မလား။
...