← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း (၁၇၄) ကျွန်အဖြစ် အစေခံမဲ့ ညီအစ်ကိုတွေ

ယွီးရှောင်ရှောင်က သွက်လက်မြန်ဆန်စွာနဲ့ပဲ ဝက်ဝံမကြီးကို အဲဒီနေရာမှာတင် အပိုင်းပိုင်း ဖြတ်ပစ်လိုက်တယ်။ အရေခွံက တစ်ပုံ၊ အသားက တစ်ပုံ၊ အရိုးက တစ်ပုံနဲ့ ကလီစာတွေကိုပါ တစ်ပုံတည်း စုပုံထားလိုက်လေရဲ့။ မြင်ကွင်းကြီးက အမှန်တိုင်းပြောရရင် အရမ်းကို သွေးသံတရဲရဲနဲ့ ကြောက်စရာကောင်းလွန်းနေတာပေါ့။ ယောက်ျားကြီးတွေကို ထည့်မပြောနဲ့ဦး။ သတိလစ်နေရာကနေ နိုးလာတဲ့ ဝေ့မောမောခမျာ မျက်စိရှေ့က သွေးသံတရဲရဲနဲ့ အမဲဖျက်နေတဲ့ မြင်ကွင်းကြီးကိုလည်း မြင်လိုက်ရော အသက်ရှူမှားသွားပြီး ချက်ချင်း ပြန်မေ့လဲသွားတော့တာပဲ။

ရှောင်ကျွမ်းကတော့ ဝက်ဝံပေါက်လေး နှစ်ကောင်ကို ပွေ့ချီပြီး ဘေးတစ်ဖက်ကို ပုန်းရှောင်သွားလေရဲ့။ ကိုယ့်ရဲ့မွေးသမိခင်ကြီး အသားတုံးတွေအဖြစ် ပြောင်းသွားတဲ့ မြင်ကွင်းကို ဝက်ဝံပေါက်လေးတွေ ကြည့်နေရတာက သိပ်မဟုတ်သေးဘူး။ သူတို့လေးတွေက ဘာမှနားမလည်သေးဘူးဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် ရှောင်ကျွမ်းကတော့ မကြည့်ရက်ဘူးလေ။

"အမေကောင်း တစ်ယောက်ပါပဲ" ယွီးရှောင်ရှောင်က အလောင်းကို အပိုင်းပိုင်းဖြတ်ပြီးတဲ့နောက် မြေကြီးပေါ်က မြေမည်းမည်းတွေနဲ့ သူမလက်ကို ပွတ်သပ်သန့်စင်လိုက်ရင်း ပြောလိုက်လေရဲ့။

"ဗိုက်ထဲမှာ အစာ ဘာတစ်ခုမှ မရှိဘူး၊ ဒဏ်ရာတွေကြောင့် အစားမစားရတာ အတော်ကြာနေပြီ ထင်တယ်"

ဟုတ်သားပဲ။ အားလုံးက ဝက်ဝံပေါက်လေးတွေကို ပြိုင်တူ လှမ်းကြည့်လိုက်ကြတယ်။ ဒီအကောင်ပေါက်လေး နှစ်ကောင်က ဒီလောက်တောင် ဝဖြိုးနေတာဆိုတော့ မိခင်ဝက်ဝံမကြီးက သူတို့ကို ဘယ်လောက်တောင် ဂရုစိုက် စောင့်ရှောက်ပေးခဲ့သလဲဆိုတာ သိသာနေတာပေါ့။

"ငါတို့နဲ့ တွေ့တာလည်း ကံကောင်းတာ တစ်မျိုးပါပဲ" ယွီးရှောင်ရှောင်က ရှောင်ဝေကို ပြောလိုက်တယ်။

"အနည်းဆုံးတော့ သူ့သားတွေ အသက်ရှင်နိုင်သွားပြီလေ"

ရှောင်ဝေက ခေါင်းညိတ်လိုက်ပြီး ယွီးရှောင်ရှောင် အနားကို တိုးလာရင်း ယုန်ဖက်တီးလေးတွေ ထည့်ဖို့ ယူလာတဲ့ ခြင်းတောင်းထဲကို ဝက်ဝံသားတွေ ဝိုင်းထည့်ပေးဖို့ ကူညီလိုက်တော့တယ်။

ကိုယ်ရံတော်တွေကတော့ လေထဲက သွေးနံ့ကို ရှူမိပြီး အန်ချင်ချင်တောင် ဖြစ်နေကြပြီ။ သူတို့က အရိပ်ကိုယ်ရံတော် မဖြစ်ခင်ကတည်းက လေ့ကျင့်ရေးတွေမှာ သေမင်းနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတာလေ၊ သေရေးရှင်ရေးဆိုတာကို မျက်မှန်းတန်းမိနေတဲ့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့လိုမှ မဟုတ်တာ။ အသက်ရှူကျပ်မတတ် ပြင်းထန်လှတဲ့ ဒီသွေးနံ့ကြီးကို ကိုယ်ရံတော်တွေကတော့ ဘယ်လိုမှ ခံနိုင်ရည် မရှိကြဘူးလေ။

ကုရှင်းလန်ရဲ့ ရထားလုံးက ယွီးရှောင်ရှောင်ကို စောင့်နေရတာမို့လို့ ဖြည်းဖြည်းချင်းပဲ သွားနေတာပေါ့။ ရထားလုံးပြတင်းပေါက် အပြင်ဘက်ဆီကနေ လီယွမ်လဲ့ရဲ့ စကားပြောသံကို ကြားလိုက်ရတော့ ကုရှင်းလန်က ပြတင်းပေါက်ခန်းဆီးကို လှန်ကြည့်လိုက်တယ်။

လီယွမ်လဲ့က ရထားလုံးထဲကို တစ်ချက် လှမ်းကြည့်ပြီး "အစ်ကိုလတ် အိပ်ပျော်သွားပြီလား" လို့ မေးလိုက်လေရဲ့။

ကုရှင်းလန်က ပြန်ဖြေတယ်။ "သူ အရမ်းပင်ပန်းသွားလို့လေ"

လီယွမ်လဲ့က ဆက်ပြောလေတယ်။ "ချင်ဟွေ့... ဒီကိစ္စကို ငါ မင်းဆီ အကူအညီတောင်း..."

စစ်သူကြီးလေးလီ စကားတောင် ဆုံးအောင် မပြောရသေးခင်ဘူး။ ကုရှင်းလန်က တိုးတိုးလေး ဖြတ်ပြောလိုက်တော့တယ်။

"စိတ်ချပါ၊ ဒီကိစ္စကို လုံးဝ မပေါက်ကြားစေရဘူး"

လီယွမ်လဲ့က ကုရှင်းလန်ကို လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးရင်း ပြောလိုက်လေရဲ့။

"ကျေးဇူးပဲ ညီအစ်ကိုရာ" ကုမိသားစုဝင်တွေဆိုတာက စကားတစ်ခွန်းပြောရင် ပြောတဲ့အတိုင်း တည်တဲ့လူတွေဆိုတော့ ကုရှင်းလန် ကတိပေးရင် ပေးတဲ့အတိုင်း လုပ်ပေးမယ်ဆိုတာကို လီယွမ်လဲ့ ယုံကြည်တာပေါ့။

ကုရှင်းလန်က ရထားလုံး ပြတင်းပေါက်ကို လက်နဲ့ကိုင်ထားရင်း တောင်လမ်းဘေးက ခြုံပုတ်တွေကို တစ်ချက်ကြည့်ပြီး လီယွမ်လဲ့ကို မေးလိုက်လေရဲ့။

"ခုနက မင်းသမီးနဲ့ စကားပြောနေတဲ့ လူ... သူပြောတာတွေက တကယ်ပဲလား"

လီယွမ်လဲ့က "ဘာစကားလဲ" လို့ ပြန်မေးတယ်။

"ရုံးတော်က ဖိနှိပ်လွန်းလို့ ပြည်သူတွေ ပုန်ကန်ရတယ်၊ ချမ်းသာတဲ့သူဆီကယူပြီး ဆင်းရဲတဲ့သူကို ကူညီတယ်ဆိုတာလေ"

လီယွမ်လဲ့ တစ်ခဏလောက် တိတ်ဆိတ်သွားတယ်။ တောင်လမ်းက ကျောက်စရစ်ခဲတွေပေါ်ကို နင်းမိသွားတဲ့ မြင်းခွာသံတွေကလည်း လေးလံထိုင်းမှိုင်းနေတာပေါ့။ စစ်သူကြီးလေး လီက သက်ပြင်းကို ရှည်ရှည်ကြီးချလိုက်ပြီး ကုရှင်းလန်ကို ပြောပြတော့တယ်။

"လက်ရှိ ခေတ်ပျက်ကြီးအကြောင်းကို ငါပြောပြစရာ မလိုပါဘူး။ မင်းလည်း အသိပဲလေ။ ငါတို့သားအဖ ဘာလို့ အရှေ့ပင်လယ်ကနေ ထွက်လာခဲ့ရတာလဲ။ အရှေ့ပင်လယ်က ချန်ကျိုးဆိုတာ ငါတို့ လီမိသားစုရဲ့ မွေးရပ်မြေပဲဟာကို။ တကယ်လို့များ မလွှဲသာမရှောင်သာ အခြေအနေမျိုးသာ မဟုတ်ခဲ့ရင် ဘယ်သူကများ ကိုယ့်မွေးရပ်မြေကနေ စွန့်ခွာသွားချင်ပါ့မလဲ"

ကုရှင်းလန် ပါးစပ်ဟလိုက်ပြီး တစ်ခုခုကို ပြောချင်သွားပေမဲ့ သူဝင်ပြောရမဲ့ အနေအထားမျိုး မဟုတ်ဘူးလို့ ခံစားလိုက်ရတာမို့ "ရှောင်လဲ့ဇီ" လို့ပဲ လှမ်းခေါ်လိုက်နိုင်တော့တယ်။

"စစ်တပ်က တိုင်းပြည်ရေးမှာ ဝင်မပါရဘူး" လီယွမ်လဲ့က အေးစက်စက် လေသံနဲ့ ဆက်ပြောလေရဲ့။

"ငါ့အဖေက အဲဒီ ရုံးတော်လူကြီးတွေ အတင်းအဓမ္မ အခွန်ကောက်နေတာကို ကြည့်မရလို့ တပည့်တွေကိုခိုင်းပြီး သောင်းကျန်းနေတဲ့ အခွန်အရာရှိတွေကို ဖမ်းခိုင်းလိုက်တယ်။ နောက်ဆုံးတော့ ဘာဖြစ်သွားလဲ။ စစ်တပ်က တိုင်းပြည်ရေးမှာ ဝင်မပါရဘူးဆိုတဲ့ နန်းတော်ရဲ့ သံမဏိစည်းမျဉ်းကြီးကြောင့်ပဲ ငါတို့ လီမိသားစုလည်း မွေးရပ်မြေကနေ ထွက်ပြေးခဲ့ရတာလေ။ ချင်ဟွေ့... ငါတို့ လီမိသားစုကတော့ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်တယ်လို့ ခံယူထားပေမဲ့ ဒီလိုခေတ်ကြီးထဲမှာ သာမန် ချန်ကျိုးက လီမိသားစုလေး တစ်ခုအနေနဲ့ ဘာများ တတ်နိုင်မှာလဲကွာ။ ငါတို့ လီမိသားစုက ငါ့ညီမလေးအပေါ် အားနာစရာ ဖြစ်ခဲ့ရပေမဲ့လည်း... ဟူး" စစ်သူကြီးလေး လီက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ခါးသီးစွာ ပြုံးရင်း ခေါင်းယမ်းလိုက်တော့တယ်။ ဘာမှ ဆက်မပြောတော့ဘူး။

လီယွမ်လဲ့ပြောလိုက်တဲ့ 'ငါ့ညီမကို အားနာတယ်' ဆိုတဲ့ စကားကို ကြားလိုက်ရတာနဲ့တင် ရှုံးရှုံးနဲ့ လီမိသားစုရဲ့ သခင်မလေးကြားက ဇာတ်လမ်းဟာ ဓားပြတစ်ယောက်ရဲ့ တစ်ဖက်သတ်အချစ်ဆိုတာလောက် ရိုးရှင်းတဲ့ကိစ္စ မဟုတ်လောက်တော့ဘူးဆိုတာကို ကုရှင်းလန်တစ်ယောက် ရိပ်မိသွားတော့တာပေါ့။

"မင်းသမီးကရော" လီယွမ်လဲ့က မည်းမှောင်အုံ့မှိုင်းနေတဲ့ မျက်နှာကို နည်းနည်းလေး ပြန်လျှော့ချလိုက်ပြီး ကုရှင်းလန်ကို လှမ်းမေးလိုက်လေရဲ့။

အဲဒီတော့မှပဲ ကုရှင်းလန်ရဲ့ မျက်လုံးတွေထဲမှာ အပြုံးရိပ်လေးတွေ သန်းလာတော့တယ်။

"သူက ဖမ်းမိထားတဲ့ ဝက်ဝံကို လက်မလွှတ်နိုင်ဖြစ်နေတာလေ၊ အနောက်မှာ ကိုယ်ရံတော်တချို့ကိုခေါ်ပြီး ရှင်းလင်းနေတယ်"

စစ်သူကြီးလေး လီလည်း အဲဒီတော့မှ ပြုံးလိုက်ပြီး တိုးတိုးလေး ကပ်ပြောလေရဲ့။

"အရင်က အမြဲကြားဖူးနေတာတော့ မင်းသမီးလေးက မိဖုရားကြီးလိုပဲ အေးချမ်းယဉ်ကျေးတဲ့ မိန်းမမြတ်လေးပေါ့လေ။ စစ်တပ်ထဲမှာနေတုန်းက မင်းသမီးကိုယ်တိုင် ဆန္ဒအလျောက် လက်ထပ်ဖို့ တောင်းဆိုခဲ့တယ်ဆိုတာကို ကြားရတော့ ငါ မင်းသမီးလေးကို အတော်လေး ကျေးဇူးတင်နေခဲ့တာ။ ဒီတစ်ခေါက် မင်းသမီးလေးရဲ့ အစစ်အမှန်ကိုလည်း မြင်လိုက်ရရော ဒီလောက်တောင် စိတ်ဝင်စားစရာကောင်းတဲ့ မိန်းကလေး ဖြစ်နေလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး"

ဒီစကားက သူ့မိန်းမကို ချီးကျူးနေတာပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ တခြားအဓိပ္ပာယ်တစ်ခုခုများ ပါနေသေးသလားလို့ တွေးလိုက်မိပြီး ကုရှင်းလန်က ပြန်မေးလိုက်တာပေါ့။

"ဘာ စိတ်ဝင်စားစရာကောင်းတာလဲ၊ မင်းက ဘာသဘောနဲ့ ပြောတာလဲ"

"ရောင့်ရဲလိုက်စမ်းပါ ကုရှောင်စန်း (ကုတတိယသခင်လေး) ရာ" လီယွမ်လဲ့က ကုရှင်းလန်ကို မျက်စိတစ်ဖက် မှိတ်ပြရင်း ရယ်မောလိုက်လေရဲ့။

"ဒီဘဝမှာ မင်းသမီးလို မိန်းကလေးမျိုးက မင်းဘေးနားမှာ အဖော်ပြုပေးနေမှတော့ မင်းလို စကားနည်းပြီး အအေးပတ်နေတဲ့ ကောင်မျိုးကို တစ်သက်လုံး ပျင်းစရာကောင်းအောင် ထားမှာ မဟုတ်တာ သေချာတယ်ကွ"

"ငါက ဘာများ မရောင့်ရဲနိုင်စရာ ရှိနေလို့လဲ" ကုရှင်းလန်က ပွစိပွစိ ရေရွတ်ပြီး လီယွမ်လဲ့ကို ဆက်ပြောလေတယ်။

"ခဏနေ ငါတို့ ကုအိမ်တော်ကို ပြန်ရောက်ရင် အဲဒီ ရှုံးဆိုတဲ့ကောင်က မင်းကို ခုနကကိစ္စနဲ့ပတ်သက်ပြီး သေချာပေါက် ထပ်ပြဿနာရှာဦးမှာပဲ။ ငါ့အဘိုးကို ဘယ်လိုရှင်းပြရမလဲဆိုတာသာ သေချာ စဉ်းစားထားပေတော့"

"အခုလောလောဆယ် သူ့ကို သတ်လို့မရသလို၊ အသွားအောင် လုပ်ပစ်လို့လည်း မရဘူးဆိုတာ ငါသိတာပေါ့" လီယွမ်လဲ့က တိုးတိုးလေး ပြောလိုက်လေရဲ့။

"သူတို့က အစ်ကိုလတ်နဲ့ သတ္တမမင်းသားကိုတောင် ဖမ်းရဲတာ။ ဒါမျိုးကို ရှုံးရှုံးတစ်ယောက်တည်းတော့ လုပ်မှာမဟုတ်ဘူး။ သူ့နောက်က ခိုင်းစေတဲ့သူကို မရရအောင် စစ်ဆေးဖော်ထုတ်ရမယ်"

ကုရှင်းလန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။

လီယွမ်လဲ့က မြင်းကို ဒုန်းစိုင်းနှင်ပြီး ရှေ့ကို ဆက်ထွက်သွားတော့တာပေါ့။

ကုရှင်းလန်ကတော့ နောက်မှီအုံးပေါ်ကို မှီချလိုက်ပြီး လီယွမ်လဲ့ ခုနကပြောသွားတဲ့ စကားတွေကြောင့် ခေါင်းယမ်းရင်း ပြုံးလိုက်မိလေရဲ့။ ဟုတ်သားပဲ၊ သူ့ရဲ့ မိန်းမနဲ့ တွေ့ပြီးကတည်းက ပျင်းဖို့ဆိုမထားနဲ့။ သူ့ရဲ့နေ့ရက်တွေက သိပ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းနေခဲ့တာလေ။

ဝမ်မောမောကတော့ တောင်အဝင်ဝကနေ စောင့်နေခဲ့တာ။ သမက်တော်နဲ့ သူ့အပေါင်းအပါတွေ ထွက်လာတာကို မြင်ပေမဲ့ ကိုယ့်မင်းသမီးကို မတွေ့ရတော့ ဝမ်မောမောလည်း အမြန်လှမ်းမေးလိုက်လေရဲ့။

"သမက်တော်... မင်းသမီးရော" ဝမ်မောမောကတော့ မင်းသမီးကို သမက်တော် ပစ်ထားခဲ့တယ်လို့ တွေးမနေပါဘူး။ သူမရဲ့ သမက်တော်က မင်းသမီးကို ဂရုမစိုက်တဲ့ လူစားမျိုးမှ မဟုတ်တာလေ။

ဝမ်မောမောသာ အဲဒီ ဝက်ဝံမည်းကြီးကို မြင်လိုက်ရရင် ဘယ်လိုများ တုံ့ပြန်လေမလဲလို့ ကုရှင်းလန် တွေးလိုက်မိပြီး ရုတ်တရက် ခေါင်းကိုက်သွားတော့တာပေါ့။ ဒါနဲ့ "မောမော... မင်းသမီးက ဝက်ဝံတစ်ကောင် ဖမ်းမိထားတယ်" လို့ ပြောလိုက်တော့တယ်။

ပင်လယ်ဓားပြဟောင်းတွေက သမက်တော်ရဲ့ ဒီစကားကို ကြားလိုက်ရတော့ မကျေမနပ် ဖြစ်သွားကြတာပေါ့။ အဲဒီဝက်ဝံက သူတို့ ညီအစ်ကိုတွေ အသွေးအသားနဲ့ ရင်းပြီး သေအောင်သတ်ထားရတာ အသိသာကြီးကို။

"ဝက်ဝံ" လို့ ဝမ်မောမောက ပြန်မေးလေရဲ့။

"ဟုတ်တယ် ဝက်ဝံ။ မောမော... မင်းသမီးက ခဏနေရင် သူဖမ်းမိထားတဲ့ ဝက်ဝံကို သယ်ပြီး ထွက်လာလိမ့်မယ်"

ကုတတိယသခင်လေးက ဝမ်မောမောကို အရင်ဆုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားစေချင်လို့ ကြိုပြောလိုက်တာပါ။ ဒါပေမဲ့ ဝမ်မောမောက "မင်းသမီး လူမသတ်ရင် ပြီးတာပဲ။ ကျန်တဲ့အကောင်တွေဆိုရင်တော့ မင်းသမီး သတ်ချင်သလောက်သာ သတ်ပါစေတော့" လို့ ပြန်ပြောလိုက်တော့တာပဲ။

ဒီအချိန်မှာပဲ ဝမ်မောမောက ဓားပြခေါင်းဆောင်တို့ကို မြင်သွားပြီး လန့်ဖျန့်သွားလေရဲ့။ ဒီလူတွေက ဘယ်သူတွေလဲဆိုတာတောင် အရင်မမေးဘဲ ပါးစပ်ကနေ အလန့်တကြား ထွက်လာတဲ့ အမေးက "ဒါ မင်းသမီး လုပ်ထားတာလား" တဲ့လေ။ ဘုရား ဘုရား…. ဝမ်မောမော ရင်ထဲမှာ အော်ဟစ်လိုက်မိတယ်။ ဒါက လူသတ်တာနဲ့ ဘာများကွာတော့လို့လဲ။

ကုရှင်းလန်က ချက်ချင်းပဲ ခေါင်းခါပြပြီး ဖြေလိုက်တယ်။

"သူတို့က ဝက်ဝံ ကိုက်ခံရလို့ ဒဏ်ရာရသွားတာ"

အဲဒီဝက်ဝံက မင်းမိန်းမ ခေါ်လာတာလေကွာ။ ပင်လယ်ဓားပြဟောင်းတွေခမျာ အကျယ်ကြီး ဟစ်အော်ပစ်လိုက်ချင်ကြတော့တာပေါ့။

ဝမ်မောမောရဲ့ အကြည့်တွေက ချက်ချင်းပဲ သနားကြင်နာတဲ့ အကြည့်တွေအဖြစ် ပြောင်းသွားပြီး မေးတော့တယ်။

"ကြည့်ရတာ ဒီဝက်ဝံက တော်တော်ဆိုးပုံရတယ်။ သမက်တော်... သူတို့က ဘယ်သူတွေလဲ"

ကုရှင်းလန်က မျက်နှာအမူအရာ နည်းနည်းလေးမှ မပြောင်းလဲဘဲ ပြောလိုက်တာပေါ့။ "သူတို့က မင်းသမီးဆီမှာ ကျွန်အဖြစ် အစေခံဖို့ ကိုယ့်သဘောနဲ့ကိုယ် ရောင်းစားထားကြတာလေ။ ငါ သူတို့ကို အိမ်တော်ခေါ်သွားပြီး အရင်စစ်ဆေးမလို့"

ဒုတိယခေါင်းဆောင်က ညီအစ်ကိုတွေ တွဲခေါ်လာတာကို ခံနေရတဲ့ ဓားပြခေါင်းဆောင်ကြီးကို လှည့်ကြည့်လိုက်လေရဲ့။ သူတို့တစ်သိုက်ရဲ့ သွေးမျက်ရည် သမိုင်းကြောင်းမှာ နောက်ထပ် တစ်ကြောင်း ထပ်တိုးလို့ ရသွားပြန်ပြီပေါ့။ ကုရှင်းလန်ရဲ့ အထက်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း တစ်ချက်ပွင့်သွားရုံလေးနဲ့တင် သူတို့တစ်သိုက်လုံးက ကျွန်တွေ ဖြစ်သွားကြပြီလေ။ အဲဒါတောင် ကိုယ့်သဘောနဲ့ကိုယ် ရောင်းစားတယ်ဆိုတဲ့ အမျိုးအစားထဲကပေါ့။ ဒီလို သွေးမျက်ရည်တွေက မြင်ရသူအပေါင်း မျက်ရည်ကျ၊ ကြားရသူအပေါင်း ရင်ကွဲရမဲ့ ကိစ္စကြီး မဟုတ်လား။

ဓားပြခေါင်းဆောင်ကတော့ ကြိတ်မှိတ်သည်းခံနေတာပေါ့။ လီယွမ်လဲ့ဆိုတဲ့ ဒီခွေးကောင်လက်ထဲမှာ အသေမခံရဖို့အတွက် ကျွန်ဖြစ်ရတော့လည်း ဘာအရေးလဲ။ လူဆိုတာ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာ ရှိလာနိုင်မှာကိုး။

"ဒါဆိုလည်း သေချာ စစ်ဆေးရမှာပေါ့" ဒီလူတွေက သူမရဲ့ မင်းသမီးဆီမှာ ကျွန်ခံဖို့ ရောင်းစားထားတာလို့ ဝမ်မောမော ကြားလိုက်ရတော့ မျက်နှာကို ချက်ချင်း တင်းထားလိုက်ပြီး ကုရှင်းလန်ကို ပြောလိုက်လေရဲ့။

"မင်းသမီးရဲ့ ကျွန်ဆိုတာ အဲဒီလောက် အလွယ်တကူ လုပ်လို့ရတဲ့ အလုပ်မျိုးမှ မဟုတ်တာ"

…

All Chapters