← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) မင်းသမီးလေးက အချစ်ကို နားမလည်ဘူးလို့ ဘယ်သူပြောလဲ

ဝမ်မောမောခမျာ မင်းသမီး လူမသတ်ရင်ပြီးရော ကျန်တဲ့ သက်ရှိသတ္တဝါတွေကိုတော့ သတ်ချင်သလောက်သတ်ဆိုတဲ့ ဘဝခံယူချက်မျိုး ရှိလာအောင် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ထားနိုင်ခဲ့ပြီ ဆိုပေမဲ့လည်း... ကိုယ့်မင်းသမီးလေးက တောထဲကနေ ခြင်းတောင်းတွေနဲ့ အပြည့် သွေးသံရဲရဲ အသားတုံးတွေ၊ အကြောတွေ အသားတွေ ခြစ်ထုတ်ခံထားရတဲ့ ဖြူဖျော့ဖျော့ အရိုးစုတွေနဲ့ ဝက်ဝံအရေခွံ တစ်ချပ်ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ အကြီးအကျယ် လန့်သွားရပြန်တယ်။ မင်းသမီးက သားသတ်သမားနဲ့ အတူတူပဲဆိုတဲ့ အသိက ဒီလောက် ခံနိုင်ရည်ရှိပါတယ်ဆိုတဲ့ ဝမ်မောမောလို မိန်းမကြီးကိုတောင် နေရာမှာတင် အသံထွက်အောင် ငိုချပစ်စေခဲ့လေရဲ့။ သူ မိဖုရားကြီးကို မျက်နှာပြစရာ မရှိတော့ဘူးလေ။

ယွီးရှောင်ရှောင်လေးကတော့ အစက သူမရဲ့ရတနာတွေကို ကြွားပြီး သွေးဆုံးကိုင်နေတဲ့ ဝမ်မောမောကို ပျော်သွားအောင် လုပ်ပေးမလို့ စိတ်ကူးထားတာ။ ဒါပေမဲ့ သူမ စကားတောင် မဟရသေးခင်မှာပဲ ဒီအဒေါ်ကြီးက ငိုချလိုက်တော့မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။ ယွီးရှောင်ရှောင်က မေးလိုက်တာပေါ့။

"မောမော... အသားတွေ၊ အရိုးတွေ ဒီလောက်အများကြီးကို မြင်လိုက်ရလို့ အရမ်းဝမ်းသာသွားတာလား"

ဝမ်မောမောက ငိုယိုပြီး ညည်းရှာတယ်။ "ဒါကြီးကို ဘယ်လိုလုပ်ရပါ့မလဲ"

ယွီးရှောင်ရှောင်က ပြန်ဖြေတာပေါ့။ "မောမော ဘာမှ စိတ်မပူနဲ့။ ငါရှိနေသရွေ့ ဘယ်သူမှ ဒီဝက်ဝံကို လာမလုရဲဘူး"

"မိဖုရားကြီး... ကျွန်တော်မျိုးမ သေသင့်ပါတယ်" ဝမ်မောမောတစ်ယောက် မိဖုရားကြီးကို တမ်းတငိုယိုရင်း ရထားလုံးရှိရာဘက်ကို လျှောက်သွားတော့တာပဲ။ သူမရှေ့က ဒီကောင်မလေးဟာ မင်းသမီး လုံးဝ မဖြစ်နိုင်ဘူး။ ဟုတ်တယ်... သေချာပေါက်ကို မဟုတ်တာ။ အခု သူမ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်။

ငိုယိုပြီး ထွက်သွားတဲ့ ဝမ်မောမောကို ကြည့်ရင်း ယွီးရှောင်ရှောင်ကတော့ ဘာမှမသိနားမလည်တဲ့ ရုပ်လေးနဲ့ ကုရှင်းလန်ဘက် ခေါင်းလှည့်ရင်း မေးရှာတယ်။ "မောမောကို တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့လားဟင်"

ကုရှင်းလန်ကတော့ ကိုယ့်မိန်းမ ကိုယ်ကြည့်ပြီး အတော်လေးကို ခက်ခက်ခဲခဲ ပြုံးပြလိုက်ရတယ်။

"ဘာမှမဖြစ်ပါဘူး၊ မောမောက စိတ်အခြေအနေ သိပ်မကောင်းလို့ နေမှာပါ"

"ဘယ်သူက သူ့ကို စိတ်မချမ်းသာအောင် လုပ်လိုက်တာလဲ" ယွီးရှောင်ရှောင်က မေးတာပေါ့။

"မသိဘူး မင်းသမီးရဲ့။ ကိုယ်လည်း တောင်ပေါ်ကနေ အခုလေးတင်မှ ထွက်လာတာလေ"

ရှောင်ဝေကတော့ ခေါင်းငုံ့ပြီး ခြေဖျားလေးနဲ့ မြေကြီးပေါ်မှာ စက်ဝိုင်းတွေပဲ ဆွဲနေတော့တယ်။ ဝမ်မောမောကို ဒီလိုအခြေအနေမျိုးရောက်အောင် ငိုစေနိုင်တဲ့သူက မင်းသမီးကလွဲပြီး ဘယ်သူများ ရှိဦးမှာတဲ့လဲ။ အတည်ပေါက်ကြီး ဖြစ်နေတဲ့ ကုရှင်းလန်ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးတာနဲ့ ရှောင်ဝေလည်း ထားလိုက်ပါတော့လေလို့ပဲ တွေးလိုက်မိတော့တယ်။ သမက်တော်ကိုယ်တိုင်က မသိဘူးလို့ ပြောနေမှတော့ သူကရော ဘာသွားသိနိုင်မှာလဲလေ။

ကုရှင်းလန်က ရှောင်ကျွမ်း ပွေ့ချီထားတဲ့ ဝက်ဝံပေါက်လေးတွေကို ကြည့်ပြီး မေးလိုက်တာပေါ့။

"မင်းသမီး မွေးမလို့လား"

ရှောင်ကျွမ်းတစ်ယောက် ချက်ချင်းပဲ ဝက်ဝံပေါက်လေး နှစ်ကောင်ကို တင်းကျပ်နေအောင် ဖက်ထားလိုက်လေရဲ့။ သမက်တော်က လုယူချင်နေတာလားပေါ့။

ကုရှင်းလန်ကတော့ ဒါကို သူ့မိန်းမ မွေးချင်နေတာလို့ တကယ်ကြီး ထင်နေတာလေ။ မိန်းကလေးတွေဆိုတာ ဒီလို အမွေးပွပွ သတ္တဝါလေးတွေကို သဘောကျတတ်ကြတာ မဟုတ်ဘူးလား။ အမည်းရောင် အမွေးလုံးလေး နှစ်လုံးကို ကြည့်ရင်း ကုတတိယသခင်လေးက "တော်တော် ချစ်စရာကောင်းတာပဲ" လို့ ထပ်ပြီး ချီးကျူးလိုက်သေးတာကိုး။

ယွီးရှောင်ရှောင်က မေးလေတယ်။

"ရှင် သဘောကျလို့လား"

ကုရှင်းလန်က ဒီအရွယ်ရောက်တဲ့အထိ ခွေးတစ်ကောင်တောင် မမွေးဖူးဘူးလေ။ ဒါပေမဲ့ ကိုယ့်မိန်းမက သဘောကျနေတယ်ဆိုတော့လည်း ကုတတိယသခင်လေးက ခေါင်းညိတ်ပြီး "သဘောကျတယ်" လို့ ဖြေလိုက်တာပေါ့။

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းလက်ထဲကနေ ဝက်ဝံပေါက်လေး တစ်ကောင်ကို ကောက်မ လိုက်ပြီး ကုရှင်းလန်ရဲ့ ရင်ခွင်ထဲကို ထိုးထည့်ပေးလိုက်လေရဲ့။

"ဒါဆို နောက်ကျရင် ရှင်အတွက် တစ်ကောင် ထပ်ဖမ်းပေးမယ်လေ။ ဒီနှစ်ကောင်က ရှောင်ကျွမ်းဟာမို့လို့ အခု ခဏပဲ ချီပြီး ဆော့လိုက်ဦး"

ကုတတိယသခင်လေးတစ်ယောက် ချက်ချင်းကို ကြောင်တောင်တောင်ကြီး ဖြစ်သွားတော့တာပဲ။

ရှောင်ကျွမ်းကတော့ သက်ပြင်းချလိုက်နိုင်တယ်။ ဝက်ဝံပေါက်လေး နှစ်ကောင်လုံး သူ့ဟာဖြစ်နေရင် ရပြီလေ။

ယွီးရှောင်ရှောင်ကတော့ တကယ့်ကို အတည်ပေါက်နဲ့ ကုရှင်းလန်ကို သေချာမှာနေသေးတာ။

"ခဏဆော့ပြီးရင် ရှောင်ကျွမ်းကို ပြန်ပေးလိုက်နော်"

ကုရှင်းလန်ခမျာ သူ့လက်ထဲမှာ လှုပ်စိလှုပ်စိ လုပ်နေတဲ့ ဝက်ဝံပေါက်လေးကို လက်လှမ်းပြီး ရှောင်ကျွမ်း ရင်ခွင်ထဲကို ချက်ချင်း ပြန်ထိုးထည့်ပေးလိုက်လေရဲ့။

"လူကြီးလူကောင်းဆိုတာ သူများမြတ်နိုးတဲ့အရာကို မလုယူကောင်းပါဘူးလေ။ ဝက်ဝံလေး ကိစ္စကတော့ နောက်မှပဲ ထပ်ပြောကြတာပေါ့"

ရှောင်ဝေကတော့ ဘေးကနေ အေးစက်စက် အကြည့်နဲ့ ကြည့်နေတာပေါ့။ သမက်တော်... ခင်ဗျားက တိရစ္ဆာန်ပေါက်စလေးတွေကို အစကတည်းက သဘောမှမကျတာ မဟုတ်ဘူးလား။

"ရထားလုံးပေါ်တက်၊ အိမ်ပြန်ကြမယ်" ယွီးရှောင်ရှောင်တစ်ယောက် ကုရှင်းလန်ဘေးက နေရာလွတ်မှာ ဝင်ထိုင်လိုပြီး ကြေညာလိုက်တော့တာပေါ့။ "ဒီညတော့ ဝက်ဝံလက် စားကြမယ်ဟေ့"

ရှောင်ဝေက ယွီးကျစ်ရီကို ယွီးရှောင်ရှောင်ရှေ့ တိုးပေးလိုက်ပြီး "မင်းသမီး... သတ္တမမင်းသားလေ" လို့ ပြောလိုက်တယ်။

ကိုယ့်လက်ချောင်းလေးတွေ ကိုယ်ပြန်ဆော့နေတဲ့ အသားလုံးလေးကို တစ်ချက်ကြည့်ပြီး ယွီးရှောင်ရှောင်က ပြောလိုက်လေရဲ့။

"ရှောင်ဝေ... နင်ပဲ ချီထားလိုက်ပါ"

အစ်မဖြစ်သူကို နှစ်ပေါင်းနှစ်ဆယ်လောက် ပညာသားပါပါ ဒုက္ခပေးမဲ့ ကောင်လေးဆိုတဲ့ အသိဝင်လာတာနဲ့တင် မင်းသမီးလေးခမျာ ရင်ကျပ်ချင်လာတော့တာကိုး။

ရှောင်ဝေတစ်ယောက် သူ့မြင်းကိုကြည့်ပြီး အတော်လေး အခက်တွေ့သွားလေရဲ့။ သူ မြင်းစီးရင်း သတ္တမမင်းသားကို ချီထားဖို့ကတော့ ပြဿနာမရှိပေမဲ့ ရာသီဥတုကအေးပြီး လေကလည်း ကြမ်းနေတာဆိုတော့ သတ္တမမင်းသားလေး လေမိပြီး အအေးပတ်သွားရင် ဘယ်လိုလုပ်မလဲ။

ကုရှင်းလန်က လက်လှမ်းပေးလိုက်ပြီး "ငါ့ဆီသာ ပေးလိုက်ပါ" လို့ ပြောရှာတယ်။

ရှောင်ဝေကလည်း ယွီးကျစ်ရီကို ကုရှင်းလန်ရဲ့ လက်ထဲ ထည့်ပေးလိုက်တာပေါ့။

ကိုယ့်ယောက်ဖလေး ကိုယ့်လက်ထဲရောက်လာတော့မှပဲ ကုရှင်းလန်တစ်ယောက် အခြေအနေမဟန်မှန်း သတိထားမိသွားတော့တာ။ ဒီယောက်ဖလေးရဲ့ ခန္ဓာကိုယ်က အရိုးတောင် မပါသလိုမျိုး ပျော့ခွေနေတာဆိုတော့ ကုတတိယသခင်လေးခမျာ ချက်ချင်းကို လက်တွေ တုန်လာတော့တာပေါ့။ ဒီလည်ပင်းသေးသေးလေးက ဒီလောက်တောင် ပျော့ခွေနေတာဆိုတော့ ကျိုးများသွားမလားဆိုပြီး။

သူမရဲ့ရှောင်ကု လက်တွေတုန်နေတာကို ယွီးရှောင်ရှောင် မြင်လိုက်ရတော့ ရှောင်ဝေ သူ့သခင်လေးကို ဝင်မကယ်ခင်လေးမှာတင် သူမရဲ့ မောင်အရင်းခေါက်ခေါက်လေးကို လက်ကနေ ဇောက်ထိုးကြီး ဆွဲမလိုက်လေရဲ့။ ပြီးတော့ သရုပ်က ပြလိုက်သေးတာ။

"သေချာ မချီတတ်ရင်လည်း ဒီလိုလေး တွဲလောင်းဆွဲထားလိုက်လေ၊ ကြည့်စမ်းပါဦး"

ပြောပြောဆိုဆိုနဲ့ပဲ ယွီးရှောင်ရှောင်က ယွီးကျစ်ရီလေးကို ဟိုဘက်ဒီဘက် လွှဲပြရင်း ကုရှင်းလန်ကို လှမ်းမေးလိုက်တာပေါ့။

"ဆော့လို့ကောင်းတယ် မလား" တဲ့လေ။

"မကောင်းဘူး မကောင်းဘူး..." ကုရှင်းလန်ခမျာ အလန့်တကြား ထအော်ရတော့တယ်။ "မလွှဲနဲ့လေ၊ ကလေး တစ်ခုခု ဖြစ်သွားဦးမယ်"

ယွီးရှောင်ရှောင်က ပြန်ပြောတာပေါ့။ "ဘယ်လိုလုပ် တစ်ခုခုဖြစ်ရမှာလဲ၊ ကြည့်လေ သူတောင် ရယ်နေသေးတာကို"

ယွီးကျစ်ရီလေးကတော့ တကယ် ရယ်နေတာပါ။ ရယ်လိုက်တာများ ပါးစပ်ကနေ သွားရည်တွေတောင် တမြားမြား ကျလာတဲ့အထိပဲ။

"အမြင့်ကြီး ပျံတမ်း ဆော့မလား" ယွီးရှောင်ရှောင်က ယွီးကျစ်ရီလေးကို မေးလိုက်ပြန်တယ်။

ယွီးကျစ်ရီလေးကတော့ ယွီးရှောင်ရှောင်ကို သွားရည်ပူစီဖောင်းလေးတွေသာ မှုတ်ပြနေလေရဲ့။

ယွီးရှောင်ရှောင်က လက်ကောက်ဝတ်ကနေ အားယူလိုက်ပြီး ယွီးကျစ်ရီလေးကို ကောင်းကင်ပေါ် မြှောက်ပြစ်တင်လိုက်ဖို့ ဟန်ပြင်လိုက်တော့တာပေါ့။

ကုရှင်းလန်နဲ့ ရှောင်ဝေတို့ နှစ်ယောက်လုံးက အမြင့်ကြီးပျံတမ်းဆိုတာ ဘာကြီးမှန်း မသိကြပေမဲ့ ဒီစကားလုံးကို ကြားလိုက်တာနဲ့တင် နိမိတ်မကောင်းဘူးလို့ အလိုလို သိလိုက်ကြတယ်။ ယွီးရှောင်ရှောင်ရဲ့ လှုပ်ရှားမှုကိုလည်း မြင်လိုက်ရော နှစ်ယောက်သား ပြိုင်တူကို လှမ်းအော်ကြတော့တာပဲ။

"မလုပ်နဲ့" ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဖမ်းပြီး၊ ရှောင်ဝေက ကလေးကို အတင်းဝင်လုတော့တာပေါ့။

ယွီးရှောင်ရှောင်က ကုရှင်းလန်နဲ့ ရှောင်ဝေကို ကြည့်ပြီး မေးလိုက်လေတယ်။

"နင်တို့တွေ ဘာဖြစ်သွားတာလဲ"

အဲဒီအချိန်မှာပဲ ဝမ်မောမောက လေဆင်နှာမောင်းကြီးလို ယွီးရှောင်ရှောင်ရှေ့ကို ဝှီးခနဲ ရောက်ချလာပြီး ယွီးကျစ်ရီကို ရင်ခွင်ထဲ ဆွဲပွေ့ရင်း လေလိုပဲ ပြန်ထွက်သွားလေရဲ့။ ဝမ်မောမောက အခုလောလောဆယ် ဘာစကားမှ မပြောချင်သေးဘူးလေ။

ယွီးရှောင်ရှောင်က ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်းဖြစ်သွားတဲ့ သူမရဲ့ လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်မိတယ်။ တကယ်ကြီး ဘာတွေ ဖြစ်သွားတာလဲပေါ့။

"သွားကြမယ်" ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ရထားလုံးပေါ် ဆွဲတင်ပြီး အမိန့်ပေးလိုက်တော့တယ်။

"သွားမယ်လေ" ရှောင်ဝေက အခုလောလောဆယ် မျက်လုံးထဲမှာ ဝက်ဝံပေါက်လေး နှစ်ကောင်ပဲ မြင်တော့တဲ့ ရှောင်ကျွမ်းကို ဖြန်းခနဲ တစ်ချက်ရိုက်ပြီး ပြောလိုက်တာပေါ့။

"မင်းက မင်းရဲ့ဝက်ဝံတွေကိုခေါ်ပြီး တောထဲမှာပဲ နေခဲ့ချင်လို့လား"

လူအုပ်ကြီးက ရူယွင်တောင်ကနေ ထွက်ခွာပြီး မြို့ထဲကို ပြန်လာကြတယ်။ အစကတည်းက စစ်သူကြီးလေးတွေနဲ့ ကိုယ်ရံတော်တွေပါတဲ့ ဒီမြင်းတန်းကြီးကို ဘယ်သူမှ အနားမကပ်ရဲကြတာလေ။ အခုဆို ဓားပြခေါင်းဆောင်တို့ တစ်သိုက်လုံးကလည်း တစ်ကိုယ်လုံး သွေးတွေသံတွေနဲ့ ဖြစ်နေတဲ့အပြင်၊ အရေခွံခွာပြီး အပိုင်းပိုင်း ခုတ်ထစ်ခံထားရတဲ့ ဝက်ဝံကြီးကလည်း ပါသေးတယ်ဆိုတော့ သူတို့တစ်သိုက် ဖြတ်လျှောက်သွားတဲ့ လမ်းတစ်လျှောက် သုံးမီတာပတ်လည်အတွင်းမှာ လူရိပ်တောင် မရှိတော့ဘူးပေါ့။

ကုအိမ်တော်ကို ရောက်တာနဲ့ တစ်ပြိုင်တည်း ကုရှင်းလန်က သူ့ညီအစ်ကိုတွေကို အိမ်တော်ထဲဝင်ဖို့ ဖိတ်ခေါ်နေတုန်းမှာပဲ ယွီးရှောင်ရှောင်က အဘိုးဖြစ်သူရဲ့ စာကြည့်ဆောင်ဆီ ပြေးသွားပြီး သတင်းကောင်းပါးလေရဲ့။

"အဘိုး... ကျွန်မ ပြန်ရောက်ပြီ၊ ဒီတစ်ခေါက် ကျွန်မ ဝက်ဝံတစ်ကောင် ခေါ်လာတယ်"

ရူယွင်တောင်မှာ အရင်ကတည်းက သားရဲတိရစ္ဆာန်တွေ ရှိနေကျဆိုတော့ သူ့ရဲ့မြေးချွေးမလေး ဝက်ဝံတစ်ကောင် ဖမ်းမိလာတယ်လို့ ကြားလိုက်ရတော့လည်း အဘိုးဖြစ်သူက သိပ်မအံ့သြပါဘူး။

"မင်းသမီး ကိုယ်တိုင် ဖမ်းမိခဲ့တာလား" လို့တောင် မေးလိုက်သေး။

ယွီးရှောင်ရှောင်ဆိုတဲ့သူက ကြွားကြွားဝါဝါ လုပ်တတ်တဲ့သူမှ မဟုတ်တာ။ ဒါကြောင့် ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။

"သူ အစကတည်းက ဒဏ်ရာရနေခဲ့တာပါ။ သမီးတောင် လက်မပါလိုက်ရဘူး၊ အဲဒီဝက်ဝံကြီးက သေခါနီး ဖြစ်နေပြီလေ"

အဘိုးအိုက မေးပြန်တယ်။ "ဒါဆို ဒီဝက်ဝံကို ဘယ်သူက ဖမ်းမိခဲ့တာလဲ"

"အော်... သူဘာသာသူ သေသွားတာပါ"

"ပြီးတော့ သမီးက ကောက်လာခဲ့တာပေါ့"

"ဟုတ်တယ်လေ" ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြတယ်။

တောင်ပေါ်ကို အမဲလိုက်ထွက်သွားတာ ဝက်ဝံတစ်ကောင် ကောက်ရလာခဲ့တယ်တဲ့။ ဒါက ဘယ်လိုကံတရားမျိုးပါလိမ့်။ အဘိုးအိုက သူ့မြေးချွေးမလေးကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားတော့တာပေါ့။

ယွီးရှောင်ရှောင်က ဆက်ပြောသေးတယ်။

"အော် ဟုတ်သားပဲ အဘိုး။ သမီး အစ်ကိုလတ်နဲ့ ရှောင်ချီလေးကိုလည်း ခေါ်လာခဲ့တယ်။ တကယ်တော့ သူတို့က ဦးလေးအိမ်ကို သွားကြတာ မဟုတ်ဘူး၊ သူတို့ကို ရှုံးရှုံးတို့တစ်သိုက်က ပြန်ပေးဆွဲထားတာ။ ဟူး... ရှုံးရှုံးနဲ့ လီမိသားစုက သခင်လေးတို့ကို ကြည့်ရတာ ရန်ငြိုးရန်စ ရှိနေတဲ့ပုံပဲ။ လီမိသားစုက သခင်လေးရဲ့ ညီမနဲ့ ရှုံးရှုံးတို့က တကယ့်အချစ်စစ်တွေ ထင်တယ်၊ အဲဒါကို လီမိသားစုအိမ်က အတင်းဝင်ခွဲပစ်လိုက်ကြတာနေမယ်" မင်းသမီးလေးက စာမတတ်ပေမတတ်နဲ့ ဘာမှနားမလည်ဘူးလို့ မပြောနဲ့နော်။ မင်းသမီးလေးက အချစ်ဆိုတဲ့ အရာကိုတော့ ကောင်းကောင်းကြီး နားလည်ပါတယ်။

ကုသခင်ကြီးက မြေးချွေးမလေးကို စိုက်ကြည့်နေတာလေ။ စောစောကလို အကြည့်တွေအတိုင်းပါပဲ။ အလွန်ဆုံးမှ မျက်တောင်လေး တစ်ချက်လောက် ခတ်သွားတာပဲ ရှိတယ်။

"အဘိုး" ယွီးရှောင်ရှောင်က မေးလိုက်လေတယ်။

"ရှုံးရှုံးတို့က နောက်ကျရင် သမီးရဲ့ တပည့်တွေ လုပ်ကြတော့မှာ။ ဒီကိစ္စကို အဘိုး ဘယ်လိုမြင်လဲ"

"နေဦး... ခဏလေး နေပါဦး" ကုသခင်ကြီးက ယွီးရှောင်ရှောင်ကို လက်ကာပြလိုက်တယ်။ ဝင်လာတဲ့ သတင်းအချက်အလက်တွေက တအားများလွန်းနေလို့ သူ့ကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ထပ်ပေးပါဦးပေါ့။

…

All Chapters