အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇) လွမ်းဆွေးနေပေမဲ့ တောက်ပနေတဲ့ လူပျိုပေါက်လေး
စားဖိုမှူးကြီးဟွမ်ဆို လက်ကိုတောင် ချော်ခုတ်မိသွားလို့ စဉ်းတီတုံးပေါ်မှာ သွေးတွေ အိုင်ထွန်းသွားပြီ။
ရှောင်ဝေခမျာ စကားပြောချင်လို့ ခဏခဏ ဟန်ပြင်ပေမဲ့ အာစေးမိနေတဲ့အတိုင်း ပြောမထွက်ဘဲ ဖြစ်ဖြစ်သွားရှာတယ်။ နောက်ဆုံးတော့ သူ အသိတရားတစ်ခု ရသွားပြီ။ မင်းသမီးနဲ့ အတူထိုင်ပြီး စကားပြောနေမိတဲ့ သူကိုယ်တိုင်ကိုက ငတုံးဖြစ်နေတာကိုး။ တကယ်ဆို ဒီလိုစိတ်ညစ်စရာ ဒုက္ခမျိုးက သမက်တော် ခံစားရမဲ့ ဒဏ်တွေလေ။ သူက ဘာကိစ္စ အလုပ်မရှိ အလုပ်ရှာပြီး မင်းသမီးဆီကနေ အနှိပ်စက်ခံနေရတာလဲပေါ့။ အစကတော့ ရင်ထဲမှာ တော်တော်လေး ကြည်နူးနေမိသေးတာ။ ဒါပေမဲ့ မင်းသမီး စကားနည်းနည်းလောက် ပြောလိုက်တဲ့ အချိန်လေးအတွင်းမှာပဲ အဲဒီကြည်နူးမှုတွေက အရိပ်အယောင်တောင် မကျန်ဘဲ ပြောင်စင်သွားလေရဲ့။ သူ တကယ်ကို ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာပါလား။
ယွီးရှောင်ရှောင်ကတော့ အရာရာကို သူပဲ တာဝန်ယူ ဖြေရှင်းပေးတော့မဲ့ဟန်နဲ့ ရှောင်ဝေကို အကြီးအကျယ် အာမခံလိုက်လေရဲ့။
"နောင်ဆို နင် ဘယ်မိန်းကလေးကို သဘောကျကျ ငါ့ကိုသာပြော၊ ငါ နင့်ကို ဝိုင်းပြီး လိုက်ပေးမယ်"
ရှောင်ဝေတစ်ယောက် ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်မိတော့တယ်။ မိန်းမရှာတဲ့ကိစ္စမှာသာ မင်းသမီး ဝင်ပါမယ်ဆိုရင်တော့ သူ့တစ်သက် လူပျိုသိုးကြီးဘဝနဲ့ပဲ ဇာတ်သိမ်းရတော့မှာ ကျိန်းသေနေပြီလေ။
"နင်က ဘာလို့ ကောင်းကင်ကိုချည်း မော့ကြည့်နေရတာလဲ" ယွီးရှောင်ရှောင်လည်း ကောင်းကင်ကို မော့ကြည့်လိုက်လေရဲ့။ ဒီနေ့ ရာသီဥတုက သာယာနေတာပဲဟာ။ နေရောင်ခြည်လည်း ကောင်းကောင်းရနေပြီး ကောင်းကင်ပေါ်မှာ ငါးကြေးခွံပုံ တိမ်တိုက်ကြီးတွေက လွင့်မျောနေတာပေါ့။ ယွီးရှောင်ရှောင်က ပြောလေတယ်။
"နင်က ၄၅ ဒီဂရီ ထောင့်ချိုးကနေ တောက်ပပြီး လွမ်းဆွေးနေတဲ့ပုံစံနဲ့ ကောင်းကင်ကို ကြည့်နေတာလား။ ငါပြောမယ် ရှောင်ဝေ၊ နင်က အခုမှ ဆယ်ကျော်သက်လေးပဲရှိသေးတာ၊ ဘာလို့ လွမ်းမောနေတဲ့ လူပျိုပေါက်လေး လုပ်နေရတာလဲ။ နင်ကလေ..."
"မင်းသမီး၊ မင်းသမီး..." ရှောင်ဝေ ကောင်းကင်ကို ဆက်မကြည့်တော့ဘဲ ယွီးရှောင်ရှောင်ကို အကြံပေးလိုက်လေရဲ့။ "ကျွန်တော်တို့ ဟို ဓားပြခေါင်းဆောင်ကို သွားကြည့်ရအောင်လား"
ဘောကို… လွမ်းဆွေးပြီး တောက်ပတဲ့အကြည့်နဲ့ကြည့်! ရှောင်ဝေတစ်ယောက် မင်းသမီးကို ကြည့်ရင်း အတော်လေးကို နာကျင်နေရပြီ။ ကျေးဇူးပြုပြီး လွှတ်ပေးပါတော့လို့ပဲ အော်ချင်တော့တာပေါ့။
ယွီးရှောင်ရှောင်က မေးလာတယ်။ "နင်က ရှုံးရှုံး (ဝက်ဝံလေး) ကို ပြောတာလား"
ရှောင်ဝေက ရှင်းပြရှာပါတယ်။
"မင်းသမီး၊ ကျွန်တော် မေးကြည့်ပြီးပြီ၊ သူ့မျိုးရိုးနာမည်က ရှုံး၊ နာမည်ကလည်း ရှုံး တစ်လုံးတည်းပဲ"
ယွီးရှောင်ရှောင်က ပြန်ပြောလေတယ်။ "အဲလိုဆိုလည်း ရှုံးရှုံးပဲလေ။ မဟုတ်ဘူးလား"
ရှောင်ဝေက မြေကြီးပေါ်မှာ လက်ညှိုးနဲ့ စာရေးပြရတာပေါ့။ "သူရဲကောင်းဆိုတဲ့ စာလုံးက 'ရှုံး' လေ"
ယွီးရှောင်ရှောင်လည်း ရှောင်ဝေရေးပြတဲ့ အဲဒီ 'ရှုံး' ဆိုတဲ့ စာလုံးကို တိတ်တိတ်လေး မှတ်ထားလိုက်ပြီးမှ "အသံထွက်ဖတ်လိုက်ရင်တော့ ရှုံးရှုံးပဲလေ" လို့ ပွစိပွစိ ပြောနေသေးတာ။
ရှောင်ဝေခမျာ ဒီ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ ဓားပြခေါင်းဆောင်ကြီးအတွက် ဘာမှ ထပ်ကူညီမပေးနိုင်တော့ဘူးလို့ ခံစားလိုက်ရပြီ။ ရှုံးရှုံးဆိုလည်း ရှုံးရှုံးပေါ့။ မင်းသမီး ပြောတာလည်း ဟုတ်တာပဲ၊ စကားလုံး အသံထွက်ကို သိပ်အရေးမလုပ်ရင် သူရဲကောင်း 'ရှုံး' ရယ်၊ ဝက်ဝံ 'ရှုံး' ရယ်က ဖတ်လိုက်ရင် အတူတူပဲကိုး။
"စားဖိုမှူးကြီး" ယွီးရှောင်ရှောင် ခေါင်းလှည့်ပြီး စားဖိုမှူးကြီးဟွမ်ကို မေးလိုက်လေတယ်။
"ဝက်ဝံလက်က ရပြီလား"
စားဖိုမှူးကြီးဟွမ်ကတော့ မီးဖိုချောင်ထဲမှာ ခေါင်းခါပြနေလေရဲ့။ သူက တန်ခိုးရှင်မှ မဟုတ်တာ၊ လေတစ်ချက် မှုတ်လိုက်ရုံနဲ့ ဒီဝက်ဝံလက်ကြီးက ချက်ချင်း ကျက်သွားပါ့မလားလို့။
"မင်းသမီး" စားဖိုမှူးကြီးဟွမ်က ဓားရှထားတဲ့ သူ့လက်ကို ဟူးခနဲ မှုတ်လိုက်ရင်း ယွီးရှောင်ရှောင်ကို ပြန်ဖြေလိုက်တယ်။
"ဒီဟာက နောက်ထပ် စစ်ချန်အချိန်လောက်တော့ ကြာဦးမှာ"
စစ်ချန် တဲ့လား။ တစ်ချန်ကို အချိန်နှစ်နာရီနဲ့ ညီမျှတာဆိုတော့၊ အဲဒီအချိန်ကြီးက အရမ်းကို ကြာလွန်းတယ်ဆိုတာ ယွီးရှောင်ရှောင် ချက်ချင်းကို ခံစားလိုက်ရတော့တာပေါ့။ သူမရဲ့ စွမ်းအင်တွေရှိတဲ့ အပေါင်းအသင်းတွေကို တကယ်ကြီး သတိရသွားမိတယ်။ မီးတစ်ချက် မှုတ်လိုက်တာနဲ့ ဘယ်လောက်ပဲ ကြီးတဲ့ အသားတုံးဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်း ကျက်သွားတာလေ။
ရှောင်ဝေက ပြောရှာပါတယ်။
"ဒါမှမဟုတ် ရှောင်ကျွမ်းဆီက ဝက်ဝံပေါက်လေးကို သွားကြည့်ရအောင်လား"
"အဲဒီဝက်ဝံက သေးလွန်းတယ်"
"သူတို့လည်း တစ်နေ့ ကြီးလာမှာပဲလေ"
"အင်း အဲဒါလည်း ဟုတ်တာပဲ" ယွီးရှောင်ရှောင်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ရင်း ပြောလိုက်လေရဲ့။
"သိုလှောင်ထားလို့ရမဲ့ ရိက္ခာကောင်းလေးပါလား"
ရိက္ခာတဲ့လား။ ရှောင်ဝေတစ်ယောက် နှုတ်ခမ်း တွန့်သွားလေရဲ့။ ဒီစကားကိုသာ ရှောင်ကျွမ်း ကြားသွားရင် အဲဒီငတုံး သေချာပေါက် ဝမ်းနည်းသွားမှာပဲ။
"ငါ အဘွားကို သွားကြည့်လိုက်ဦးမယ်" ယွီးရှောင်ရှောင်က မတ်တတ်ရပ်ပြီး သွားဖို့လုပ်လေရဲ့။ သူမ အဘွားကြီးကို မတွေ့ရတာ အတော်လေး ကြာနေပြီ မဟုတ်လား။
ရှောင်ဝေက အမြန်မတ်တတ်ရပ်ပြီး ယွီးရှောင်ရှောင်ရဲ့ လမ်းကို ပိတ်တားလိုက်တော့တာပေါ့။ အဘွားကြီးက ပြဿနာမရှာရဲလို့ ရှောင်ပုန်းနေတာ ကျိန်းသေတယ်။ သူ့မင်းသမီးက အဘွားကြီးဆီ ထပ်သွားနေဦးမယ်ဆိုရင် ဒါ အဘွားကြီးကို အသက်ရှင်ခွင့် မပေးတာနဲ့ အတူတူပဲလေ။ ဒါကြောင့် ရှောင်ဝေက ဝင်ပြောတော့တယ်။
"မင်းသမီး၊ ကုသခင်မကြီးက နားနေလောက်တယ်။ ကျွန်တော်တို့ ရှုံးရှုံးတို့ကိုပဲ သွားကြည့်ရအောင်လား။ သူတို့မှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ အိမ်တော်ကနေ သူတို့အတွက် သမားတော်များ ခေါ်ပေးထားလား မသိဘူး"
ယွီးရှောင်ရှောင်က မေးပြန်တယ်။
"နင်တို့ဆီမှာ မေးခိုင်ကာကွယ်ဆေးနဲ့ ခွေးရူးပြန်ကာကွယ်ဆေးတွေ ရှိလား" တောရိုင်းတိရစ္ဆာန် ကိုက်ခံရရင် နှစ်ဆယ့်လေးနာရီအတွင်း ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပဲ။
ရှောင်ဝေက ပြန်မေးလေရဲ့။
"ဘာ….ဘာကို မေးခိုင်ရမှာလဲ။ မင်းသမီး၊ မင်းသမီးက ခွေးလွှတ်ပြီး ရှုံးရှုံးတို့ကို ထပ်ကိုက်ခိုင်းချင်သေးလို့လား"
ဒီတစ်ခါကျတော့ ယွီးရှောင်ရှောင်ရဲ့ နှုတ်ခမ်းထောင့် တွန့်ရမဲ့အလှည့်။ ဒီကမ္ဘာမှာလည်း စိတ်ညစ်စရာကောင်းတဲ့ နေရာတွေ ရှိနေတာပဲကိုး။ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေက အရမ်းကို ညံ့ဖျင်းလွန်းနေတာလေ။ ထားလိုက်ပါတော့၊ တကယ်လို့မှ အဆင်မပြေဘူးဆိုရင်လည်း ပင်နီဆီလင်ဆေးကိုပဲ အရင်ဦးစားပေး သုံးလိုက်တော့မယ်။
"ရှုံးရှုံးနဲ့ အာ့ကော်ဇီတို့ကို သွားကြည့်မယ်" ယွီးရှောင်ရှောင်က ရှောင်ဝေကို ပြောလိုက်လေရဲ့။
ရှောင်ဝေက ယွီးရှောင်ရှောင်ကိုခေါ်ပြီး အိမ်တော်ထဲက မြင်းဇောင်းဘက်ကို ထွက်လာတယ်။ ဓားပြခေါင်းဆောင်နဲ့ သူ့လူတွေကို ပန်းခြံလမ်းလျှောက်လမ်းမှာ ထားလိုက်ရင် မျက်စိနောက်စရာ ဖြစ်နေမှာမို့လို့ မြင်းဇောင်းမှာပဲ နေရာချပေးထားလိုက်ရတာလေ။
ယွီးရှောင်ရှောင်နဲ့ ရှောင်ဝေ မြင်းဇောင်းကိုရောက်လို့ မေးကြည့်လိုက်တော့မှပဲ ဓားပြခေါင်းဆောင်ကို ကုသခင်ကြီးရဲ့ စာကြည့်ခန်းဆီ ခေါ်သွားပြီဆိုတာ သိလိုက်ရတော့တာပေါ့။
ယွီးရှောင်ရှောင်က သူမရှေ့မှာရှိနေတဲ့ အာ့ကော်ဇီတို့ကို ကြည့်ပြီး အစောင့်လုပ်နေတဲ့ ကိုယ်ရံတော်ကို လှမ်းမေးလိုက်လေရဲ့။
"ဘာလို့ သမားတော် မခေါ်ပေးတာလဲ"
ကိုယ်ရံတော်ကလည်း အမြန်ပြောရှာတယ်။ "ကျွန်တော်မျိုး အခုပဲ သမားတော် သွားပင့်လိုက်ပါ့မယ်"
"သွား" ယွီးရှောင်ရှောင်က ဆက်ပြီး မှာနေသေးတာ။
"သမားတော်ကို သူတို့တွေ ဝက်ဝံကိုက်ခံထားရတာလို့ သေချာပြောလိုက်ဦး။ ဆေးစုံစုံလင်လင် ယူလာခဲ့ဖို့လည်း ပြောလိုက်နော်"
"အမိန့်အတိုင်းပါ" ကိုယ်ရံတော်လေးလည်း အမိန့်ရတာနဲ့ ချက်ချင်း ပြေးထွက်သွားတော့တာပေါ့။
အာ့ကော်ဇီခမျာ ယွီးရှောင်ရှောင်ကို မျက်ရည်လည်ရွဲနဲ့ ကြည့်ရင်း ပြောရှာလေရဲ့။
"မင်းသမီးက တကယ့် လူကောင်းပါပဲ"
ယွီးရှောင်ရှောင်က အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ခြေထောက်ကျိုးနေတဲ့ ယောက်ျားကြီးတစ်ယောက်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်လေရဲ့။ ပြီးတော့ အဲဒီလူရဲ့ ကျိုးနေတဲ့ ခြေထောက်ကို တစ်ချက်ကြည့်ပြီး အာ့ကော်ဇီကို ပြောလိုက်တယ်။
"ငါက အမြဲတမ်း လူကောင်းတစ်ယောက် ဖြစ်ခဲ့တာလေ"
အာ့ကော်ဇီကတော့ ရှောင်ဝေရဲ့မျက်လုံးထဲက စူးရဲနေတဲ့ အကြည့်တွေကို လှည့်တောင်မကြည့်ဘဲ ယွီးရှောင်ရှောင်အနားကို တိုးဝှေ့ဝင်သွားပြီး မြေကြီးပေါ် ဆောင့်ကြောင့်ဝင်ထိုင်လိုက်လေရဲ့။ ပြီးတာနဲ့ စပ်စုတော့တယ်။
"မင်းသမီး၊ ဒါက ဘာလုပ်မလို့လဲ"
ခြေထောက်ကျိုးနေတဲ့ လူကြီးက တအားကို စိုးရိမ်နေတာမို့ ကြွက်သားတွေ အကုန် တောင့်တင်းနေတာပေါ့။ ဒီလိုဆို အရိုးဆက်ရတာ အဆင်မပြေဘူးလေ။ ဒါနဲ့ပဲ မင်းသမီးလေးက ကောင်းကင်ကို မော့ကြည့်ပြီး အော်လိုက်တယ်။
"ဟယ်... ကောင်းကင်ပေါ်မှာ နွားကြီးတစ်ကောင် ပျံနေတယ်"
လူတော်တော်များများက ကောင်းကင်ကို မော့ကြည့်လိုက်ကြပေမဲ့ ယွီးရှောင်ရှောင် စိုက်ကြည့်နေတဲ့ ယောက်ျားကြီးကတော့ ကောင်းကင်ကို မကြည့်ဘူးလေ။ မင်းသမီးလေးက သူ့ခြေထောက်ကို ဆွဲဖြုတ်ပစ်ချင်နေတာလားလို့ပဲ စိတ်ထဲမှာ တွေးပူနေတာကိုး။
အာ့ကော်ဇီက ကောင်းကင်ကို မော့ကြည့်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီး၊ ကောင်းကင်ပေါ်မှာ နွားမှမရှိတာ"
ယွီးရှောင်ရှောင်လည်း ဒီလူကြီး အလိမ်မခံရဘူးဆိုတာ တွေ့သွားတော့ နှုတ်ခမ်းလေးစူလိုက်ပြီး ရှောင်ဝေကို ရုတ်တရက် လက်ညှိုးထိုးရင်း အော်ပြောလိုက်လေရဲ့။
"တကယ်တော့ သူက မိန်းကလေးဟ"
ဒီစကားက ကောင်းကင်ပေါ် နွားပျံနေတယ်ဆိုတာထက် ယောက်ျားတွေရဲ့ စပ်စုချင်စိတ်ကို ပိုပြီး ဆွပေးလိုက်သလို ဖြစ်သွားတာပေါ့။ အားလုံးက ဝုန်းခနဲဆိုသလို ရှောင်ဝေဆီကို ပြိုင်တူ လှည့်ကြည့်လိုက်ကြတယ်။
ရှောင်ဝေဆို မျက်လုံးတွေဘာတွေပြာပြီး အဲဒီနေရာမှာတင် တောင့်တောင့်ကြီး။
ရှောင်ကျွမ်းနဲ့ ယှဉ်လိုက်ရင် ရှောင်ဝေရဲ့ အသားအရေက အများကြီး ပိုဖြူတယ်လေ။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ အချိုးကျတဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိတဲ့အပြင် ရုပ်ရည်ကလည်း နုနုနယ်နယ်ဆိုတော့ အာ့ကော်ဇီတို့တစ်သိုက် ရှောင်ဝေကိုကြည့်ရင်း ပါးစပ်ကြီးတွေ ဟသွားကြတော့တာပဲ။ ဒီအေးစက်စက်နဲ့ ကောင်က ယောက်ျားလေးအဝတ်အစား ဝတ်ထားတဲ့ မိန်းကလေးတဲ့လား။
ခြေထောက်ကျိုးနေတဲ့ လူကြီးက ရှောင်ဝေကိုကြည့်ရင်း ငေးမောသွားတာကို ယွီးရှောင်ရှောင် မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း လက်လှမ်းပြီး ဒီလူကြီးရဲ့ ခြေထောက်ကို မ တင်လိုက်တယ်။ ပြီးတော့ ဂျွတ်ခနဲ မြည်သံနဲ့အတူ ကျိုးနေတဲ့ အရိုးကို ဆက်ပေးလိုက်လေရဲ့။
အဲဒီလူ အကျယ်ကြီး အော်ဟစ်လိုက်ပေမဲ့ ခဏအကြာမှာတင် နာကျင်မှုတွေက တဖြည်းဖြည်း သက်သာသွားတော့တယ်။ ခြေထောက်ကို အရိုးဆက်ပြီးသွားပြီလို့ မင်းသမီးလေး စကားပြောလိုက်တဲ့ထိ အဲ့လူကြီးခမျာ သတိမကပ်နိုင်သေးဘဲ ကြောင်တောင်တောင် ဖြစ်နေရှာတယ်။
"ရှောင်ဝေ၊ သစ်သားပြားလေးတွေ နည်းနည်း သွားရှာပေးစမ်းပါ" ယွီးရှောင်ရှောင်က အဲဒီလူရဲ့ ကျိုးနေတဲ့ ခြေထောက်ကို ထိန်းကိုင်ထားရင်း ပြောလာတယ်။
"ငါ သူ့ကို သစ်သားချပ်နဲ့ ကျပ်စည်းပေးမလို့"
ကုရှင်းလန်ကို ယွီးရှောင်ရှောင် ဆေးကုပေးတုန်းက ရှောင်ဝေ မြင်ဖူးထားတော့ သစ်သားချပ်နဲ့ ကျပ်စည်းတယ်ဆိုတာ ဘာမှန်း သူ သိတာပေါ့။
"မင်းသမီး ခဏလေးစောင့်၊ ကျွန်တော် သွားယူပြီး အခုပဲ ပြန်လာခဲ့မယ်"
ရှက်ကိုးရှက်ကန်း မျက်နှာကြီးနဲ့ ပြေးထွက်သွားတဲ့ ရှောင်ဝေကို ကြည့်ရင်း အာ့ကော်ဇီတစ်ယောက် ပြင်းပြလွန်းတဲ့ စပ်စုချင်စိတ်တွေနဲ့အတူ ယွီးရှောင်ရှောင်ကို လှမ်းမေးလိုက်လေရဲ့။
"မင်းသမီး၊ ရှောင်ဝေက တကယ် မိန်းကလေးလား"
"မဟုတ်ဘူးလေ"
ဘာခံစားချက်မှ မရှိတဲ့ မင်းသမီးလေးရဲ့ မျက်နှာကိုကြည့်ရင်း အာ့ကော်ဇီဆိုတဲ့ လူပျိုပေါက်လေးခမျာ ထပ်ပြီး စိတ်ဒဏ်ရာ ရသွားပြန်ပြီလေ။ မင်းသမီးလေးက သူ့ကို နောက်တစ်ကြိမ် လိမ်လိုက်ပြန်ပြီကိုး။
ရှောင်ဝေတစ်ယောက် သစ်သားပြားတွေ အများကြီး ပိုက်လာပြီး ပင်လယ်ဓားပြဟောင်းတွေရဲ့ အရိုးတွေကို ဆက်ပေး၊ ဒဏ်ရာတွေကို ကုပေးနေတဲ့ ယွီးရှောင်ရှောင်ကို ဝင်ကူပေးလိုက်တယ်။ ယွီးရှောင်ရှောင်က လူနာတွေ အာရုံလွှဲသွားအောင် နောက်ထပ် အော်ပြောမလို့ ဟန်ပြင်လိုက်တဲ့အချိန်မှာတင် ရှောင်ဝေက လက်လှမ်းပြီး လူတွေရဲ့ အိပ်မွေ့ကျစေတဲ့ သွေးကြောတွေကို တိုက်ရိုက် ဖိနှိပ်ပစ်လိုက်တော့တာပေါ့။ သူ့မင်းသမီးကိုသာ ဒီလို ဆက်ပြီး ပေါက်ကရတွေ လုပ်ခွင့်ပေးထားမယ်ဆိုရင် သူတင်မကဘူး၊ သမက်တော်ပါ မိန်းကလေး ဖြစ်သွားနိုင်တယ်။
ဒီအချိန် စာကြည့်ခန်းထဲမှာတော့ ဓားပြခေါင်းဆောင် ပြောတာတွေကို နားထောင်ပြီးသွားတဲ့ ကုသခင်ကြီးက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တော့တယ်။
"ကျောင်းချိုးမင်က ငါ့အပေါ် အနိုင်ကျင့်လွန်းနေပြီ"
…